ဒီဆောင်းပါးဟာ သရော်စာဟန် ဆောင်းပါးပုံပေါက်ပါတယ်။
ဒီဆောင်းပါးကို စာမူရွေးချယ်ရေးအဖွဲ့ထဲက ဆရာမ တချို့က မထည့်ဖို့ ၊ ငြင်းဆန်ကြတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ထဲက ၊ ကျောင်းသားတွေက ဒီစာမူကို ထည့်ဖို့ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြတယ်လို့ ကြားရပါတယ်။
စာရေးသူအနေနဲ့ ၊ ဒီဆောင်းပါးဟာ နည်းပညာတက္ကသိုလ်တွေရဲ့ ပညာရေးစနစ်ကို သရော်ထားတယ် ဆိုပေမယ့် ၊ ရေးထားတဲ့အကြောင်းအရာတွေဟာ အမှန်တကယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ စာရေးသူ လက်တွေ့ သိမြင်ခဲ့တာဖြစ်ပါတယ်။
နည်းပညာတက္ကသိုလ်မှာ (၅) နှစ် ကျောင်းတက်ခဲ့တယ်။
ဘွဲ့ရပြီးတော့ အင်ဂျင်နီယာ အလုပ်ကို မလုပ်ပေမယ့် ၊
တက္ကသိုလ်က ဂျူနီယာ ကျောင်းသားတွေနဲ့ မပြတ် ထိတွေ့ ဆက်ဆံဖြစ်ပါတယ်။
အင်ဂျင်နီယာဖြစ်သွားတဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်ရှိပြီး၊ မေးမြန်း ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဒါ့ကြောင့်…ဒီဆောင်းပါးကို ရေးသားဖြစ်ပါတယ်။
ဒီဆောင်းပါးဟာ စာရေးသူ ရေးသမျှထဲမှာ ခပ်တိုတို ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။
စာမူတောင်းတဲ့ ၊ စာပေအသင်းက အယ်ဒီတာကိုလည်း ထည့်ချင်မှ ထည့်ပါ…. ပယ်လိုက ပယ်နိုင်ပါတယ်လို့ ကြိုတင်ပြောထားခဲ့ပါတယ်။
မြတ်ဆရာများကို အဂါရဝ ဖြစ်သွားရင် ၊ အနူးညွှတ်တောင်းပန်အပ်ပါတယ် ခင်ဗျား….

ကျနော်ကိုယ်တိုင်က နည်းပညာတက္ကသိုလ်ကျောင်းထွက်။ အရင်က နည်းပညာတက္ကသိုလ်အဆင့် မရောက် သေးဘူး။ ဂျီတီအိုင်က စတယ်။ နောက်တော့ ဂျီတီစီ။ သည့်နောက်ပိုင်းမှာ ဂျီတီယူလို့ ပြောင်းလာတယ်။ နောက်ပိုင်းကျမှ ရှေ့က ‘ဂျီ’ ကို ဖြုတ်ပြီး၊ ‘တီယူ’ (TU) ဆိုပြီးဖြစ်လာတာ။ တီယူဆိုတာ တက်ခနိုလိုဂျီကယ် ယူနီဗာစီတီပေါ့။ နည်းပညာတက္ကသိုလ်ဆိုပြီးဖြစ်လာတယ်။

သူငယ်နှပ်စားအဆင့်

ဆိုင်းဘုတ်တွေ ပြောင်းလာသလို၊ အရည်အသွေးတွေလည်း ပြောင်းလာတယ်။ အရည်အသွေးတွေ ပြောင်းလာ တယ်လို့ ပြောရမယ့်အစား၊ အရည်အသွေးတွေ ခုန်ဆင်းလာတယ်လို့ ပြောတောင်ရပါတယ်။ ဟိုးယခင်က နည်းပညာကျောင်းတွေဟာ တက္ကသိုလ်အဆင့်မှာ မရှိသေးဘူး။ အင်စတီကျူ့အဆင့်၊ ကောလိပ်အဆင့်မှာပဲ ရှိသေးတယ်။ အင်စတီကျူ့အဆင့်မှာ အတော်ကောင်းသေးတယ်။ ကောလိပ်အဆင့်ရောက်တော့ နည်းနည်း ညံ့လာပြီ။ ဂျီတီယူဖြစ်တော့ ပိုညံ့လာပြီ။ အစိုးရနဲ့ တက္ကသိုလ်ဆိုတာနဲ့ တွဲလို့ ထင်ပါရဲ့။ နာမည်ကိုက ကြည့်လေ။ ဂျီတီယူ တဲ့။ ‘ဂျီ’ ဆိုတာ ဂါးဗားမန့် (GOVERNMENT) ကို ခေါ်တာ။ အစိုးရပေါ့။ ‘ယူ’ ဆိုတာ ယူနီဗာစီတီ (UNIVERSITY) ကိုခေါ်တာ။ တက္ကသိုလ်ပေါ့။ အစိုးရနဲ့ တက္ကသိုလ်ဆိုတာက နည်းပညာကို ပူးပြီး ညပ်ထားသလားမသိ။ နည်းပညာက ကြားထဲ ရောက်လို့။ ပူးလို့ ညပ်လို့။ အခုတော့ အတော်ညှပ်သွားပြီ။

ကလေးတစ်ယောက် အရွယ်ရောက်လာလို့ လူစဉ်မမှီရင် ‘ဒီကလေး ညှပ်တယ်၊ ပိန်တယ်’ လို့ ပြောတယ် မဟုတ်လား။ ဒီတော့ မြန်မာပြည်ရဲ့နည်းပညာကလည်း အစိုးရနဲ့ တက္ကသိုလ်ကြောင့် ညှပ်လို့ ပိန်လို့။ ပေမမှီ၊ ဒေါက်မမှီ။ လူစဉ်မမှီ။ သက်ကြီးပု။

‘တီယူပရောဒက်’ ဆိုတာကို နည်းပညာတက္ကသိုလ်ရဲ့ ထုတ်ကုန်လို့ ဖလှယ်ရမှာပဲ။ နည်းပညာတက္ကသိုလ် ရဲ့ ထွက်ကုန်၊ ထုတ်ကုန်။ ဘယ်လိုဖြစ်ဖြစ် ဒီလိုအဓိပ္ပာယ်မျိုးထွက်တာပါပဲ။ တက္ကသိုလ်တွေက ဘာတွေကို ထုတ်လုပ်တာလဲ။ တက္ကသိုလ်ဆိုတာ လူ့အရင်းအမြစ်ရဲ့ အခရာ။ လူ့စွမ်းအား အရင်းအမြစ်ကို တည်ဆောက်၊ ဖန်တီးပေးရာ နေရာဌာန။ တိုင်းပြည်အတွက် လိုအပ်တဲ့ လူ့စွမ်းအား၊ လူ့ပညာတတ်တွေကို မွေးထုတ်ပေး တယ်။ လေ့ကျင့်ပေးတယ်။ သင်ကြားပေးတယ်။ အသုံးချတန်ဖိုးရှိအောင် လုပ်ပေးတယ်။ ဒါဟာ တက္ကသိုလ်ပေါ့။ တက္ကသိုလ်က အဓိက ထုတ်တာ လူပါ။ ဘွဲ့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာတော့ အဲသည်လို မဟုတ်ဘူး။ ဘွဲ့ကို ထုတ်တယ်။ လူကို မထုတ်ဘူး။ ဘွဲ့က အခရာ။ လူက ဗလာ။ ဗလာဆိုတဲ့နောက်မှာ ဗလာနတ္ထိပါ တွဲပါလာတယ်။ လူ့ဗာလ ဆိုတာ လူဖျင်းလူညံ့ကို ခေါ်တာ။

နည်းပညာတက္ကသိုလ်က ထွက်တဲ့ ဘွဲ့ရလေးတွေကို ကြည့်လိုက်စမ်းပါ။
ပညာရေး ‘ဂျင်း’ အမိမခံဖို့၊ ကျောင်းသားတွေကို လက်တို့ရမှာပဲ။

‘ဘွဲ့’ မဟုတ်ဘူး၊ ‘ဘွတ်အဲ’… ကျွဲ

အရင် ဂျီတီအိုင် အဆင့်မှာ ပေးတာက ဘွဲ့အဆင့် မဟုတ်ဘူး။ ဒီပလိုမာ အဆင့်ပဲ။ AGTI ပေါ့။ ဒါပေမယ့် ဂျီတီအိုင်က ထွက်တဲ့ ဒီပလိုမာ အဆင့်က၊ လက်တွေ့လုပ်ငန်းခွင်မှာ သုံးလို့ရတယ်။ အခု တက္ကသိုလ်အဆင့် ရောက်လာပြီ။ ဒီပလိုမာအဆင့်ကို ခေါင်းထဲ မထည့်တော့ဘူး။ ဘွဲ့၊ ဘွဲ့၊ ဘွဲ့။


ဘွဲ့မှ ရိုးရိုးဘွဲ့ မဟုတ်ဘူး။ ဘီအီး။ သောက်ရင်မူးတဲ့ ဘီအီး။ အင်ဂျင်နီယာဘွဲ့ ခင်ဗျ။ အင်ဂျင်နီယာဘွဲ့သာ ဆိုတယ်။ လုပ်ငန်းခွင်ရောက်ရင် အင်ဂျင်နီယာဘွဲ့ကိုင်ထားတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေက သာမန် အလုပ်ကြပ် အဆင့်သာသာ လောက်။ အလုပ်ကြပ်ဆိုတာ ဖိုမင် အဆင့်တောင် မဟုတ်ဘူး။ ဖိုမင်ဆိုတာ အလုပ်သမားခေါင်း (ဂေါင်း) ကို ပြောတာ။ အလုပ်သမားအဖွဲ့ခေါင်းဆောင်ပေါ့။ အလုပ်ကြပ်ဆိုတာ ကြီးကြပ်တဲ့ အဆင့်။ သို့ပေမယ့် သူတို့ခမြာ ဗျာများရ။

ကိုင်ထားတာက အင်ဂျင်နီယာဘွဲ့။ လုပ်ရတာက အလုပ်ကြပ်အဆင့်။ ဒါတောင် ကောင်းကောင်း စီမံခန့်ခွဲနိုင် သလားဆိုတော့ မသေချာ။ ကျောင်းတော်ကြီးက ဘာတွေကို သင်ကြားပေးလိုက်တာလဲ။ အလွတ်ကျက် အာဂုံရွတ်။ လက်တွေ့မပါ။ သီအိုရီဗလာ။ အားလုံးကို မြေစမ်းခရမ်းပျိုး။ အစီအစဉ်မဲ့။ ကောင်းနိုးရာရာ ထင်ရာ လုပ်ပြီး ထုတ်လုပ်လိုက်တဲ့ လူ့ထုတ်ကုန်တွေ။

တီယူထွက်ကုန်တွေ ဈေးကွက်ဝင်ရဲ့လား

ဒါ့ကြောင့် တီယူက ထွက်တဲ့ ထွက်ကုန်တွေရဲ့ အရည်အသွေးက ဘာလဲ၊ ဘယ်လဲ… ဘယ်လိုလဲ ဆိုတာကို ဆန်းစစ်မှ တော်ကာကျမယ်။ တီယူ ပရောဒက်တွေ ဘယ်လောက် ရောင်းတန်းဝင်သလဲ။ ဈေးကွက်မှာ ဘယ်လို တိုးလို့ ရသလဲ။ ဘယ်လို တိုးနေရသလဲ။ မြန်မာပြည်ရဲ့ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ နည်းပညာ ကဏ္ဍတွေမှာ ဘယ်အဆင့်ကို ရောက်နေကြသလဲ။ ဘယ်လို အရည်အသွေးမျိုးနဲ့ အလုပ်လုပ်နေကြရသလဲ။
အလုပ်လုပ်တယ်ဆိုတာ အလုပ်ရလို့ အလုပ်လုပ်ခွင့်ရတာ။ အင်ဂျင်နီယာဘွဲ့ကို ကိုင်ထားပြီး အလုပ်မရကြ သေးတဲ့ အလုပ်လက်မဲ့တွေ ဘယ်လောက်များနေသလဲ။ ကိုယ်နဲ့ မသက်ဆိုင်တဲ့နယ်ပယ်တွေမှာ ကြုံရာ၊ ကျပန်း တိုးဝင်နေတဲ့ တီယူပရောဒက်လေးတွေ ဘယ်၍ ဘယ်မျှ ရှိနေပါသလဲ။

ပြင်ညာယေး

ပညာရေးနဲ့ ပတ်သက်ရင် မေးခွန်းတွေ နာနာမေးနိုင်မှ တော်ကာကျမယ် ထင်တယ်။ တက္ကသိုလ်ပညာရေးဟာ နို့သက်ခံ စို့ပြီး သင်ယူဖို့ မဟုတ်ပါဘူး။ သို့ပေမယ့် ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်တွေရဲ့ သဘောက ကွဲပါ တယ်။ သိပ္ပံဆိုတာ သင်ယူမှ တတ်မြောက်တာ။ သင်ကြားပေးမှ တတ်မြောက်တာ။ ကိုယ်ပိုင်လေ့လာသင်ယူ ရေးဆိုတာကို ဝိဇ္ဇာဘာသာရပ်တွေမှာ ဆရာ့အကူအညီနည်းနည်းနဲ့ လုပ်လို့ရတယ်။ သိပ္ပံမှာ အဲသည်လို လုပ်လို့ မရဘူး။ သိပ္ပံနဲ့ နည်းပညာတို့အတွက် တက္ကသိုလ်ရဲ့ အပံ့အပိုးလိုတယ်။ တက္ကသိုလ်ရဲ့ အထောက်အပံ့လိုတယ်။ တက္ကသိုလ်ရဲ့သင်ကြား၊ ပြသပေးမှုလိုတယ်။ တက္ကသိုလ်ရဲ့ လေ့ကျင့်ပျိုးထောင်ပေးမှု လိုတယ်။ တက္ကသိုလ်ရဲ့ အပံ့အပိုးမရဘဲနဲ့ တီယူပရောဒက်တွေဟာ ကောင်းလာရိုးထုံးစံ မရှိဘူး။


ဒါတောင် တော်သေးတယ်။ ဒီဘက်ခေတ်က နည်းနည်း ပွင့်လင်းလာတယ်။ ကွန်ပြူတာ၊ အင်တာနက် အပျံ့ကျယ် လာတယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာ စူးစမ်းလေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အလမ်း ပွင့်လာတယ်။ အခုထိ မြန်မာပြည်ရဲ့ နည်းပညာ လူ့ထုတ်ကုန်တွေကို နိုင်ငံတော်က ချုပ်ကိုင်ထားဆဲ။ မြန်မာပြည်မှာ နည်းပညာတက္ကသိုလ်ပေါင်း အမြောက်အမြားရှိပါတယ်။

၂၀၁၁ နောက်ပိုင်းမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိက အင်စတီကျူ့တချို့ပေါ်လာတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ သို့ပေမယ့် ငွေကြေးအင်အားတတ်နိုင်သူတို့ရဲ့ သားသမီးတွေသာ တက်နိုင်ကြတယ်။ သာမန် လူလတ်တန်းစား၊ အခြေခံလူတန်းစားက သင်ယူခွင့်မရနိုင်ဘူး။

အိပဲ့အိပဲ့ ဖင့်လေးနွှဲ့

မြန်မာပြည်ရဲ့ နည်းပညာကဏ္ဍကို နိုင်ငံတော်က ဦးဆောင်မှာလား၊ ပုဂ္ဂလိက,က ဦးဆောင်မှာလား ဆိုတာ အခုထိ မသဲကွဲသေးဘူး။ နိုင်ငံတော်ကလည်း အိပဲ့အိပဲ့။ ပုဂ္ဂလိက,ကလည်း အုံလိုက်ကျင်းလိုက် မဟုတ်သေး။ ဖြစ်နိုင်ရင် နည်းပညာတက္ကသိုလ်တွေကို ပုဂ္ဂလိက တက္ကသိုလ်တွေအဖြစ် ပြောင်းပစ်လိုက်တာ ကောင်းတယ်။ ပြောင်းရင်လည်း နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့၊ မြန်မာပြည်တွင်းက တက္ကသိုလ် (၅) ခုလောက်ကို ပုဂ္ဂလိက ကို ပြောင်းပေးလိုက်။ နိုင်ငံတော်က ချေးငွေ အထောက်အပံ့ပေး။ ပညာရှင်တွေ၊ စက်ပစ္စည်းတွေနဲ့ အားဖြည့်။ လုပ်ပိုင်ခွင့်ကို အပြည့်ပေး။ အရည်အသွေးစံသတ်မှတ်ချက်တစ်ခု ထွက်လာဖို့၊ မူဝါဒကောင်းကောင်းချပြီး ကိုင်ထား။ ဒီလိုဆိုရင် သိပ်ကောင်းလာမယ် ထင်တယ်။

ဒုက္ခနဲ့ လှလှ

အခုဟာက အစိုးရကလည်း တက္ကသိုလ်တွေကို ဆက်လက်ချုပ်ကိုင်ထားဆဲ။ တက္ကသိုလ်တွင်းက ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း မလုပ်၊ မရှုပ်၊ မပြုတ် ဇာတ်လမ်းထဲမှာ စီးမြောလို့ ကောင်းဆဲ။ လူဆိုတာ မကြိုးစားချင်ဘူး။ မျောလိုက်ချင်တယ်။ မှေးလိုက်ချင်တယ်။ ဆရာ၊ ဆရာမ လုပ်တဲ့သူတွေကိုယ်တိုင်မှာလည်း ဒီသဘောကို တွေ့ရတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေရဲ့ လစာက နှစ်ပဲခြောက်ပြား။ ပြောတော့ နည်းပညာ တက္ကသိုလ်က ဆရာ၊ ဆရာမ… တဲ့။ ကွန်ပြူတာ မခေါက်တတ်။ ဂူးဂဲလင်း မလုပ်တတ်။ ဒုက္ခနဲ့ လှလှတော့ တွေ့ကုန်ကြပြီ ထင်ပါရဲ့။

မေးပါရစေအုံး

နည်းပညာ တက္ကသိုလ်မှာ အိုင်တီဘာသာရပ်ကို သင်တယ်။ အိုင်တီသင်တဲ့ဆရာ၊ ဆရာမတွေထက် ကျောင်းသား က အိုင်တီအကြောင်း ပိုတတ်နေတယ်။ ပိုနားလည်နေတယ်။ ပိုလုပ်တတ်နေတယ်။ ကဲ…. ဘယ်လိုလုပ်ကြမလဲ။ လူငယ်တွေက ကွန်ပြူတာနဲ့ နီးစပ်တယ်။ အင်တာနက်ကွန်ယက်ထဲမှာ ကျင်လည်နိုင်တယ်။ သူတို့က ဆယ်ကျော်သက်အရွယ်မှာတင်၊ အင်တာနက်အက်ကျူကေးရှင်းကို နားလည်နေပြီ။ လုပ်တတ်နေပြီ။ တက္ကသိုလ်မှာ သူ့ကို သင်ပေးတဲ့ဆရာ၊ ဆရာမက အီးမေးလ် ကောင်းကောင်း မသုံးတတ်တဲ့အဆင့်။ အီးမေးလ်နဲ့ ဂျီမေးလ်းကို မကွဲပြားတဲ့အဆင့်။ တူသလား မတူသလား မသိဘူး။

ဒါနဲ့ ကြုံလို့ မေးလိုက်ပါအုံးမယ်။ အီးမေးလ် (E.mail) နဲ့ ဂျီမေးလ် (g.mail) က တူသလား….ဗျ
ကျနော်လည်း မသိဘူး….။
ကျနော်ကိုယ်တိုင်က တီယူပရောဒက် မို့ ဖြစ်မယ် ထင်တယ်။

မင်းသေ့
ညနေ ၄ း ၂၉
၈ ဒီဇင်ဘာ ၂၀၁၈ ။

Previous post ဗမာဘုရင်
Next post ပထဝီနိုင်ငံရေး