ဗမာဘုရင်များ၏ အမူအကျင့်နှင့် အပြုအမူများကို ယေဘုယျခြုံကြည့်လျှင်၊ ၎င်းတို့သည် အလုပ် (၄) လုပ်ကို အမြဲတမ်းလုပ်ကြသည်ကို တွေ့ရသည်။

၁) စစ်တိုက်ခြင်း
၂) ဘုရားတည်ခြင်း
၃) မိန်းမမြောက်များစွာ ယူခြင်း နှင့်
၄) နန်းတွင်း အာဏာလုပွဲများတွင် ရုန်းကန်ရခြင်း…။

စစ်တိုက်ခြင်း

ဗမာဘုရင်များ၌၊ အမြဲတမ်း စစ်တပ် ဟူ၍ မရှိ။ ပရော်ဖက်ရှင်နယ် စစ်တပ်ဟူ၍လည်း မရှိ။ သက်တော်စောင့် တပ်လောက်သာ ရှိသည်။ သူပုန်သကန်ကို တိုက်ထုတ်စစ်ပြုချင်လျှင်၊ ရွာများ၊ မြို့များထံမှ စစ်သားခွဲတမ်း တောင်း၍ စစ်ချီလေ့ရှိသည်။ သာမန်ကြံ့ခိုင်၍ အရွယ်ရောက်ပြီးသော ပြည်သားများသည်၊ အိုးစားဖက်ကို လိုက် ၍ ရှာပြီး စစ်ချီရာသို့ လိုက်ပါကြရသည်။


ဘုရင်များနှင့်အတူ ထင်ရှားသော သူရဲကောင်းများ၊ စစ်သူကြီးများ၊ အမတ်ကြီးများ ယှဉ်တွဲတည်ရှိလေ့ ရှိကြ သည်။ ကိုယ်စွမ်းကိုယ်စ ရှိ၍ စစ်သည်ကောင်းများကို ကွပ်ကဲနိုင်သော ဘုရင်က နယ်မြေများများ ပိုင်စိုးချဲ့ထွင် နိုင်သည်။ ဗမာဘုရင်အများစုကို ကြည့်လျှင် သံခင်းတမန်ခင်းဘက် အားသန်သူ အားနည်းသည်။ ဘုရင်များ သည် တစ်ထီးတည်း အဆက်အဆံနည်းစွာ နေလေ့ရှိကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကြငှန်းနှင့်၊ ကိုယ့် နယ်မှာ ကိုယ် ဘုရင်လုပ်နေကြတာများသည်။

အာဏာတည်မြဲရေးအတွက် အမြဲတမ်း ကြံဆနေလေ့ရှိသည်။ သူပုန်သကန် ထူပြောလို့၊ ရာဇပုလ္လင်လှုပ်လာ လျှင် စစ်ချီလေ့ရှိသည်။ သို့သော် ဘုရင်တိုင်းက ကိုယ်တိုင် စစ်ချီလေ့ မရှိ။ ဗမာဘုရင်များထဲတွင် ကိုယ်တိုင် စစ်ချီ တိုက်ခိုက်သည့် စစ်ပွဲကြီးများမှာ အနည်းငယ်သာ ရှိသည်။ ယုံကြည် ကိုးစားရသော သစ္စာရှိ စစ်သူကြီး ၊ အမတ်ကြီးများကိုသာ ရှေ့တန်းသို့ စေလွှတ်လေ့ရှိသည်။ ဗမာဘုရင်များ၌ ‘ဖအေသေလို့ သား မင်းဖြစ်လာ သည့် ဘုရင်များ’ ရှိသည်။ ကိုယ်စွမ်းကိုယ်စဖြင့် ၊ ရာဇပုလ္လင်ထူနိုင်သော ‘ငါတစ်ပါး မင်း’ များလည်း ရှိသည်။ သို့သော် ရှားသည်။ အင်အားချိနဲ့နေသော ဘုရင်ကို တော်လှန်ပုန်ကန်၍ ရာဇပုလ္လင် ရလာသော ဘုရင်များ လည်း ရှိသည်။ နန်းတွင်း အာဏာလုပွဲများတွင် ၊ အာဏာအသာစီးရ၍ ဘုရင်ဖြစ်လာသော မင်းများလည်း ရှိ သည်။

ဘုရားတည်ခြင်း

ဘုရင်များသည် ၊ ဘုရားတည်ခြင်း အလုပ်ကို အခြေခံ ရည်ရွယ်ချက် (၂) မျိုးကြောင့် လုပ်သည်ဟု ယူဆရ သည်။ နံပါတ် (၁) ရည်ရွယ်ချက်မှာ၊ ပြည်သူ့ထောက်ခံမှု နှင့် ပြည်သူ့ယုံကြည်မှုကို ရရှိရန် ဘာသာရေးဖြင့် စည်းရုံးခြင်းသဘောဖြစ်သည်။ ဘုရားတည်ခြင်းကြောင့် ပြည်သူက ဘုရင်အပေါ် တိမ်းညွှတ်လာသည်။ ထောက်ခံလာသည်။ ဘာသာ သာသနာကို ကိုးကွယ်စောင့်ရှောက် ချီးမြှောက်သည်ဟု ထင်မြင်လာ၍ ဘုရင့် ပုလ္လင်မှာ ပို၍ ခိုင်မြဲလာသည်။ အုပ်ချုပ်မင်းလုပ်နေသော ဘုရင်အပေါ် ‘တရားဝင်မှု’ မြင့်ပေးသလိုဖြစ်သည်။ တစ်ဖက်မှာလည်း ၊ ဘုရားကျောင်းကန် များပြားစွာ တည်နိုင်လျှင် တိုင်းပြည် သာယာကြီးပွားနေကြောင်း ပြည် သူ မြင်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

နံပါတ် (၂) ရည်ရွယ်ချက်မှာ၊ ဘုရင်၏ ဘာသာရေးအပေါ် ယုံကြည်သက်ဝင်မှုကြောင့် ဘုရားတည်သလို၊ ဘုရင့် အတ္တကြောင့်လည်း ဖြစ်မည်ဟု ယူဆ၍ ရသည်။ စစ်မက်ဖြစ်ပွားနေရသော အခြေအနေသည် ညစ်ညူးရသော အခြေအနေဖြစ်သည်။ ထို့ကြောင့် အေးချမ်း၍ တည်ငြိမ်သော ဘာသာသာသနာ အဆောက်အအုံများ တည် ဆောက်၍ စိတ်အေးချမ်းမှု၊ စိတ်သာယာမှုကို တည်ဆောက်ခြင်းဖြစ်သည်။ တစ်ဖက်မှာလည်း ဘုရင်ကိုယ်တိုင် “ငါ့လက်ထက်မှာ ဒီလိုဘုရားမျိုးကို တည်နိုင်ခဲ့တယ်” ဆိုသည့် အတ္တအာသာ ဖြေဖျောက်ရန် ဘုရားတည်ခြင်း ဖြစ်သည်။

အာဏာနှင့် သာသနာသည် ဆက်စပ်နေသည်။ မြန်မာပြည်တွင်မှ အာဏာနှင့် သာသနာအကြား အပြန်အလှန် အမှီသဟဲ ပြုနေကြသည် မဟုတ်။ အနောက်နိုင်ငံများ၊ ဥရောပ၊ ဂရိ / ရောမ နိုင်ငံများတွင်လည်း ကျောင်းတော် နှင့် နန်းတော်အကြား အာဏာအပြန်အလှန် အမှီသဟဲပြုနေမှု ရှိသည်။ အာဏာစက်၊ ဓမ္မစက်ဟူသော စကား လုံး ရှိသည်။ လူ့အဖွဲ့အစည်းကို လွှမ်းမိုးပြုပြင်စီရင်နိုင်ရန် အာဏာစက်ကိုလည်း သုံးရသလို၊ ရံဖန်ရံခါ ဓမ္မစက် ကိုလည်း သုံးရသည်။


ဘုရင်နှင့် ဘုန်းကြီးတို့အကြား ဆက်ဆံရေးသည် ပဒေသရာဇ်ခေတ်၊ ဘုရင်စနစ်၌ အရေးကြီးသော အခင်း အကျင်းဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး အခြေ အနေကို အကဲခတ် စောင့်ကြည့်ရသလို၊ ပဒေသရာဇ်ခေတ်မှာလည်း အာဏာ နှင့် သာသနာ အကြား ဆက်ဆံ ရေးသည် အရေးကြီးသော အခင်းအကျင်းဖြစ်သည်။ ဘုရင်နှင့် ဘုန်းကြီးအကြား ဆက်ဆံရေးသည် အရေးကြီး သော အခင်းအကျင်းဖြစ်သည်။

ဘုရင်များသည်၊ တိုင်းပြည်ကို စည်းရုံးလှုံ့ဆော်ရန် ဘုန်းကြီးသံဃာများကို အသုံးချရသလို၊ ဘုန်းကြီးသံဃာ များကလည်း ‘မင်းချီးမြှောက်သော သာသနာ’ ဖြစ်ရန် အားထုတ်လေ့ရှိသည်။ သာသနာ အဓွန့်ရှည်ရေးသည်၊ သာသနာတည်ရှိနေသော ဒေသတွင်းက ဘုရင်မင်းမြတ်၏ အားပေးကူညီမှု ရှိရေးသည် အရေးကြီးသည်။ ထို့ ကြောင့် ဘုန်းကြီးများသည်၊ လောကုတ္တရာ တာဝန်များကို ထမ်းဆောင်သလို လောကီဝန်ဆောင်မှုများကိုလည်း တိုက်ရိုက်သော်လည်းကောင်း / သွယ်ဝိုက်၍သော်လည်းကောင်း ထမ်းဆောင်လေ့ရှိကြသည်။

ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး၊ ပြောင်းလဲလာသော လူ့အဖွဲ့အစည်း၏ ဓလေ့ သဘာဝကြောင့် ပြောင်း လဲလာသော ‘သံဃာ့ဝန်ဆောင်မှု’ များရှိသည်။ အချို့ကလည်း ပိဋကတ် ဝိနည်းနှင့် အပ်စပ်သည်။ တချို့လည်း ဝိနည်းနှင့် ဝိရောဓိသဘော ဆန့်ကျင်နေသည်။ သို့သော် လူ့အဖွဲ့အစည်းကို ဘုရင်အပြင် ၊ သာသနာတွင်းက ဘုန်းကြီးများကလည်း ထိန်းကွပ်ကြောင်း သမိုင်းမှတ်တမ်းများမှာ အထင်အရှားရှိသည်။

ပဒေသရာဇ်ခေတ်၌၊ ဘုန်းကြီးများသည် ‘မင်းဆရာ သူဌေးဘုန်းကြီး’ များဖြစ်ကြသည်။ မင်း၏ ချီးမြှောက်ကိုး ကွယ်ခြင်း ခံရလျှင် မင်းဆရာ ဘွဲ့ကို ရရှိသည်။ သဒ္ဓါတရား ထက်သန်သော ဘုရင်၊ သူကြွယ်၊ ပြည်သူတို့က ဘုရားတည်၊ ကျောင်းဆောက်၊ မြေလှူ၊ ကျွန်လှူပြီး ဒါနပြုကြသောအခါ သူဌေးဘုန်းကြီးဖြစ်လာသည်။ ဘုန်းကြီးများသည် မြေပိုင်ရှင်အကြီးစား ဖြစ်သည်ဟု အမည်မတပ်သော်လည်း၊ မြေပိုင်ရှင်အကြီးစားဖြစ်သည် ကိုတွေ့ရသည်။ ဤအချက်ကို ၊ လက်ရှိမြန်မာပြည်၌ တွေ့နိုင်သေးသည်။ မြို့ကြီးနှင့် ရွာကြီးများတွင် မြေဧရိယာအများဆုံးကို လိုအပ်သည်ထက် ပို၍ ပိုင်ဆိုင်ထားသည်မှာ ဘုန်းကြီးကျောင်းများနှင့် တပ်ပိုင်မြေများ သာဖြစ်ကြောင်း တွေ့ရသည်။

မိန်းမများစွာ ယူခြင်း

ဗမာဘုရင်များ၌ မိဖုရား မြောက်များစွာရှိသော ဘုရင်များ များစွာ ရှိသည်။ ပဒေသရာဇ်စနစ်၌ ဘုရင်များ မိန်းမ များစွာ ယူခြင်းသည်၊ မထူးဆန်း။ မြန်မာပြည်မှ မဟုတ်။ တစ်ကမ္ဘာလုံး ဤသို့သဘောဖြစ်ပါသည်။ မိန်းမများ အလွန်အကျွံများပြားစွာ ယူခြင်းနှင့်၊ တော်ရုံသင့်ရုံ နိုင်သလောက် ယူခြင်းသာ ကွာခြားသည်။ ဘုရင်မှန်လျှင် မိန်းမကြိုက်သည်မှာ ဗမာဘုရင်သမိုင်း၌ အထင်အရှားရှိသည်။ ရာဇပုလ္လင်နှင့် ဘုရင် မဟုတ်သော်လည်း၊ အစိုးရ ခေါင်းဆောင်ဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် မိန်းမများစွာ ယူခဲ့သည်ကို ထောက်ချင့်၍ ကြည့် နိုင်သည်။


သမိုင်းမှတ်တမ်းအချို့ကို လေ့လာရာတွင်၊ ‘ငါတစ်ပါးမင်း’ ဟု ခေါ်သည့် ကျန်စစ်သား ကိုပင် မိန်းမများစွာ ယူခြင်း အကြောင်းကို သက်ညှာစွာ ရေးသားမှတ်တမ်းတင်ထားသည်များ တွေ့ရသည်။ မျိုးချစ်စိတ်ဖြင့် ရေး သော သမိုင်းများ ဖြစ်ပါလိမ့်မည်။

“ထီးလှိုင်ရှင် ကျန်စစ်သား၏ ဘဝတွင် ဘဝအစကတည်းက မိကွဲ၊ ဖကွဲ၊ ချစ်သောသူနှင့် ကွေ့ကွင်းရသော ဆင်းရဲတို့ကို ကြုံတွေ့ခဲ့ရသည်။ မဏိစန္ဒာ ၊ ခင်ဦး ၊ အပယ်ရတနာ တို့နှင့်လည်း မဖြစ်သာလို့ ပစ်ခွာဝေးဝေး နေရသဖြစ်သည်။ ဘဝပေး အချစ်ဒဿနတို့ဖြင့် ပြည့်ဝရင့်ကျက်နေသော ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံ မွန်ကျောက်စာထိုးရာ၌ ‘သားတကွဲ၊ မယားတကွဲ ချစ်သူနျင့် ကွေ့ကွင်း၍ ဆင်းရဲသောက ရောက်ရသူများ၏ မျက်ရည်ကို မေတ္တာတည်းဟူသော လက်ဖြင့် သုတ်ပေးပါအံ့၊ အညစ်အကြေးတည်းဟူသော နှပ်ကို ကရုဏာတည်း ဟူသော ရေဖြင့် ဆေးကြောပါအံ့’ ဟု စစ်ဘေးစစ်ဒဏ်ခံရသော ပြည်သူများကို ကျန်စစ်သား မင်းကြီးက ရဲရဲကြီး အာမခံ ကြေညာစာတန်းကြီး ရေးထိုးခဲ့သည်။ ချစ်သောသူနှင့် ကွေ့ကွင်းရသော ဆင်းရဲကို ဘဝနှင့် ရင်းပြီး ခံစားနားလည်လွန်း၍များ ထိုသို့ လှလှပပ ကျောက်စာရေးထိုးနိုင်ခဲ့လေသလားဟု တွေးတော မိပါသည်…..”

ကောက်နုတ်ချက်

မခင်နူ့ (ဒဿန) ၊ ပုဂံဘုရား ပုဂံစကား ပုဂံသား ၊ စာ – ၂၈၃ ၊ ၂၀၁၈

ဘုရင်များ မိန်းမများစွာ ယူခြင်းကို ပြည်သူများ စောဒက မတက်ရဲကြ။ ပဒေသရာဇ်ခေတ်၌ ဘုရင်ကို ထိန်းထေ သော မဏ္ဍိုင်မရှိ။ မိန်းမယူခြင်းသည် ဘုရင်က သူ့အလုပ်သူ လုပ်ခြင်းဟု ယူဆသည့် သဘောဖြစ်သည်။ ဝင် ရောက် မစွက်ဖက်၊ စွက်ဖက်ရန်လည်း အကြောင်း မရှိ။ ဘုရင်က သိမ်းပိုက်ခံထားရသည့် မိန်းမကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားသည့် သဘောကို တွေ့ရသည်။ စကားလုံးမှာ ‘တော်ကောက်သည်’ ဆိုသည့် ဝေါဟာရဖြစ် သည်။ ဘုရင်က မိန်းမအဖြစ် ယူခြင်းသည်ပင် ချီးမြှောက်ခြင်း သဘောဟု ယူဆကြသည်။ ဝမ်းသာကြသည်။ ဂုဏ်ယူကြသည်။ မိန်းမများသည် ဘုရင်က တော်ကောက်ခံရရေးကို သဲသဲလှုပ် အူမြူးအောင် လိုချင်တပ်မက် ကြသည်။

မိန်းမ အများကြီး ယူခြင်းနှင့် ပတ်သက်၍၊ မင်းတုန်းမင်းကြီးကို သူ့ဆရာဖြစ်သူ ဗန်းမော်ဆရာတော်ကြီးက မိန့် သည့်စကားကို ဖတ်မှတ်ရသည်။ ‘မောင်လွင်….၊ အထက်လျှာကိုလည်း အလိုမလိုက်နဲ့ … အောက်လျှာကို လည်း အလိုမလိုက်နဲ့…’ ဟူ၍ ။

နန်းတွင်း အာဏာလုပွဲများတွင် ရုန်းကန်ရခြင်း

ဗမာဘုရင်များသည် ရာဇပုလ္လင်အရေးကို အမြဲတမ်း ထည့်တွက်နေကြသည်။ ဘုရင်များမှ မဟုတ်၊ အစိုးရဖြစ် လာသူ မည်သူမဆို အာဏာအရေးကို ထည့်သွင်း အစဉ်အမြဲ ထည့်သွင်းစဉ်းစားကြသည်မှာ ထုံးစံဖြစ်သည်။ ရာဇပုလ္လင်အရေးနှင့်ပတ်သက်ပြီး အစိုးရိမ်ကြီးသည်။ ကြောင့်ကြမှု ၊ ထိတ်လန့်မှုများ ကြုံနေရတတ်သည်။ ရာဇ ပုလ္လင်တည်မြဲရေးသည် ဘုရင်များအတွက် အရေးကြီးသည်။

ဘုရင်ဖြစ်ရေးသည် ဘုရင်ကို သတ်နိုင်လျှင် ဘုရင် ဖြစ်သည့် သဘောရှိရာ၊ ဘုရင်သည် သူ့အာဏာအတွက် အမြဲတမ်း သံသယစိတ်ဖြင့်ယှဉ်၍ ကြည့်သည်။ စစ်သူကြီးများ ဩဇာကြီးလျှင် ဘုရင်က စိုးရိမ်လာတတ်သည်။ အမျိုးမကင်းသည့် ဦးရည်းတော်၊ တူတော်တို့ အပေါင်းအစုနှင့် အုံလိုက်ကျင်းလိုက် တရုန်းရုန်းဖြစ်နေလျှင် ရာဇပုလ္လင်လှုပ်လာသည်။ နယ်ခြားဘက်မှ ပြည်သူ ထောက်ခံမှု ရလာသည့် ဒေသခေါင်းဆောင် အားကြီးလျှင် လည်း သံသယရှိလာသည်။ ဗေဒင်ကိန်းခန်းများအရ ၊ ပုဏ္ဏားများက ‘မင်းလောင်းပေါ်လာမည်’ ဟုဟောလျှင် လည်း ရှာကြံသတ်ဖြတ်တတ်သည်။ မြန်မာရာဇဝင်၌၊ မမွေးသေးသည့် ကလေးကိုပင် ‘ဘုရင်ဖြစ်နိုင်သည်’ ဟု အဟောရှိ၍ ရှာဖွေသတ်ဖြတ်ရန် ကြိုးစားခဲ့သည့် သာဓကများ များစွာ ရှိသည်။ သို့သော် မြန်မာတို့ ထုံးစံအတိုင်း မင်းလောင်းသည် မသေ။

ဗမာဘုရင်များသည် မြေထု၊ ရေထုကို ပိုင်စိုးလိုကြသည်။ လက်ညှိုးညွှန်ရာ ရေဖြစ်လိုကြသည်။ ဘုန်းကြီး လို သည်။ လက်ရုံးကြီးလိုသည်။ ထို့ကြောင့် ဘုန်းနှင့် လက်ရုံးဟူသော စကားအတွဲအဆက်က ပေါ်လာခြင်း ဖြစ်သည်။ ဗမာဘုရင်များသည် ဘုန်းကြီးရာကြီးကြောင်းဖြစ်သော အလုပ်များကို လုပ်ခဲ့သည်။ စစ်တိုက်ခြင်း၊ ဘုရားတည်ခြင်းတို့သည် ဤသဘောကို သက်ရောက်ပါလိမ့်မည်။ လက်ရုံးအားကောင်းအောင်လည်း ကြိုးစား ကြသည်။ လုပ်ကြံခြင်း၊ သတ်ဖြတ်ခြင်းများကို ဘုရင်အချင်းချင်းလည်း လုပ်သည်။ နန်းတွင်းထဲမှာလည်း အလုပ် ခံကြရသည်။ သားက ဖအေကို သတ်၍ နန်းယူခဲ့သည်များလည်း ရှိသည်။ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံး မင်းဆက်ဖြစ်သော သီပေါမင်း နန်းရရန်အတွက် ဝါးရင်းတုတ်ဖြင့် လည်မြိုကို ရိုက်၍ အသတ်ခံကြရသော မင်းညီမင်းသားများ မြောက်များစွာ ရှိသည်။

သမိုင်းမှတ်တမ်းများကို ပြန်လှန်လေ့လာကြပါကုန်…..

မင်းသေ့
ည ၉ း ၂၆
၁၆ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့ ။

Previous post ချိုင်းနားရီဗျူး
Next post တီယူပရောဒက် (TU Product)