နိုင်ငံရေးဖတ်စာများ စာအုပ်၌ ၊
ပုံနှိပ်ဖော်ပြပြီး ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ချိုင်းနားက တိန့်လက်ထက်ကစပြီး၊ တံခါးပေါက်ကျယ်ကျယ်ဖွင့်ခဲ့တယ်။ တံခါးဖွင့်ပေါ်လစီကို အရှိန် အဟုန်နဲ့ ပြုလုပ်အပြီး ဆယ်စုနှစ်တစ်ခုကျော်မှာ၊ တရုတ်ရဲ့စီးပွားရေးက တဖြည်းဖြည်း တိုးတက်လာတယ်။ နောက် တော့ ဆက်တိုက် အံ့ခမခန်းတိုးတက်လာခဲ့တယ်။

ဂလိုဘယ်အလားအလာ

ချိုင်းနားက၊ စီးပွားရေးကို အခြေပြုတည်ဆောက်ပြီး၊ ကျန်တဲ့ နေရာ ကဏ္ဍတွေမှာ၊ သူ့ဩဇာကို ချဲ့ထွင်နေ တယ်။ ဟိုးယခင်က၊ ချိုင်းနားဧကရာဇ်တွေက အိမ်နီးချင်းနိုင်ငံတွေကို ပဏ္ဏာတော်ဆက် ပြည်နယ်တွေအဖြစ် သတ်မှတ်ဆက်ဆံတယ်။ အခုလည်း၊ ချိုင်းနားအနေနဲ့ ကိုလိုနီခေတ်ကလို အိမ်နီးချင်းတိုင်းပြည်တွေအပေါ် ကျူးကျော်မှာတော့ မဟုတ်ဘူး။ သို့ပေမယ့်၊ သူ့ဩဇာခံဖြစ်အောင် အဆင် အမြဲ အားထုတ်နေမှာဖြစ်တယ်။ ဒါကို သတိချပ်သင့်တယ်။

ချိုင်းနားအနေနဲ့၊ ဂလိုဘယ်ပါဝါကို ပိုင်ဆိုင်ဖို့ သိပ်မကြာတော့ဘူး။ စွန့်ဦးတီထွင်ကဏ္ဍမှာ၊ အမေရိကန် ကို လိုက်နိုင်ဖို့ ခဲယဉ်းနေဆဲဖြစ်နေပေမယ့်၊ ကျန်တဲ့ ကဏ္ဍတော်တော်များများမှာ၊ အမေရိကန်ကို ပခုံး ချင်းယှဉ်နိုင် အနေအထားကို ရောက်နေပြီ။ မြန်မာအတွက်၊ စစ်ရေးအရ၊ နိုင်ငံရေးအရ စိုးရိမ်ချက်ရှိတယ်။ အထူးသဖြင့်၊ စစ်ဘက်အမြင်အရကြည့်ရင် လုံခြုံရေးအရ စိုးရိမ်ချက် ပြင်းပြင်းထန်ထန်ရှိတယ်။

အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှု

ချိုင်းနားရဲ့ လူဦးရေက သန်း ၁၃၀၀ ကို ကျော်လာနေပြီ။ လူဦးရေအရ၊ ဝါးမြိုခြင်းခံရဖို့ကိစ္စကလည်း စိုးရိမ်ချက် တစ်ခုဖြစ်တယ်။ စစ်ရေး၊ လုံခြုံရေးအရ စိုးရိမ်ချက်ရှိတယ်။ စိုးရိမ်ချက်နဲ့အတူ တရုတ်အပေါ် စစ်ရေးအရ မှီခိုမှု လည်း များခဲ့တယ်။ ချိုင်းနားအတွက်၊ အရင်းအမြစ် လိုအပ်ချက်၊ စားနပ်ရိက္ခာလိုအပ် ချက်ကလည်း တဖြည်း ဖြည်း မြင့်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်း ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ အခါ ချိုင်းနား လူဦးရေက အိမ်နီး ချင်းနိုင်ငံတွေအကြားမှာ၊ စိမ့်ဝင်ပျံ့နှံ့လာတယ်။ ဒါဟာ၊ ချိုင်းနား ရွှေ့ ပြောင်းလူသားတွေနဲ့ ဒေသခံတွေအကြား တဖြည်းဖြည်းနဲ့ ပွတ်ရှမှုတွေ ဖြစ်လာနိုင်တယ်။ လူမျိုးရေး ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ချိုင်းနားအနေနဲ့၊ ပြည်ပတရုတ်လူမျိုးတွေနဲ့ပက်သက်ပြီး သိမ်မွေ့တဲ့ ပေါ်လစီနဲ့ ထောက်ပံ့နေတဲ့ အချက် အလက်တွေ ရှိထားတယ်။ အာရှဒေသတွင်း၊ အမျိုး သားရေးဝါဒီတွေနဲ့ တရုတ်လူမျိုးတွေအကြား အကျိုးစီးပွား ချင်း ထိပ်တိုက်တိုးမှုတွေ ရှိနေတယ်။ ဒါတွေက ချိုင်းနားရဲ့ နိုင်ငံခြားရေးပေါ်လစီကို ပုံစံတစ်မျိုး ပြောင်းလာ စေလိမ့်မယ်။

စိန်ခေါ်ချက်

ဂရင်းအီကော်နော်မီ

ချိုင်းနားအနေနဲ့၊ ဖွံ့ဖြိုးမှုကို ရဖို့ ပေးဆပ်လိုက်ရတာတွေ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးယို ယွင်းမှု၊ မြို့ကြီး ပြကြီးတွေမှာ လေထုအလွန်အကျွံ ညစ်ညမ်းမှု စတဲ့ အရာတွေက ချိုင်းနားရဲ့အဓိက စိုးရိမ်ချက် ဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း၊ ကမ္ဘာလုံးချီ ညစ်ညမ်းမှု အပျံ့ကျယ်လာခြင်းက၊ ချိုင်း နားနဲ့ စက်မှုအင် အားကြီး နိုင်ငံတွေအပေါ် ဖိအားပေးမှု မြင့်လာတယ်။ မြို့တော် ဘေဂျင်းမှာဆိုရင်၊ လေထုညစ်ညမ်းမှုအဆင့် အန္တရာယ် အရှိဆုံးအဆင့်မှာရှိနေတယ်။ ဖွံ့ဖြိုးမှုနဲ့ Green Economy ဟာ ချက်ချင်း အလဲအထပ်လုပ်လို့ မရတဲ့အရာဖြစ်တယ်ဆိုတာ သိလာကြပြီ။

နိုင်ငံပိုင်စက်ရုံများ

ရှုံးမှန်းသိနေလျက်နဲ့ ရပ်ပစ်လို့ မရတဲ့ နိုင်ငံပိုင် စက်ရုံတွေ၊ လုပ်ငန်းတွေ ချိုင်းနားဒေသတွင်းမှာ၊ အများ အပြားရှိ တယ်။ ဒါဟာ စီမံကိန်း စီးပွားရေးစနစ်ရဲ့ အမွေဆိုးလို့ ပြောလို့ ရနိုင်တယ်။ ဈေးကွက်အခြေပြု စီးပွားရေးစနစ် မှာ၊ စီမံကိန်းအခြေပြု စီးပွားရေး စရိုက်လက်ကျန်တွေက နိုင်ငံ့စီးပွားရေးကို ဖင့်နှေးစေ တယ်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုဆိုတာ၊ အမြတ်အစွန်းနဲ့ အကျိုးအမြတ်ကိုကြည့်ပြီး ဝင်လာကြတာ။ ဒေသတည်ငြိမ်မှုနဲ့ အာမခံချက်၊ ဓနဥစ္စာပိုင်ဆိုင်မှု အခွင့်အရေးတွေကို ကြည့်တယ်။ နိုင်ငံပိုင်စက်ရုံ တွေကို၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ တိုက်ရိုက် ဖာထေးလို့ မရဘူး။

နိုင်ငံပိုင်စက်ရုံတွေ အရှုံးပြရခြင်း အကြောင်းတွေကို ထုတ်ကြည့်ရင်….

• မော်စီတုန်းခေတ်မှာ၊ လုံခြုံရေးအမြင်နဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ စက်ရုံတွေတည်ခဲ့တာ ကြောင့်၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတယ်။ ကုန်ကြမ်းပို့၊ ကုန်ချောထုတ် လမ်းကြောင်းတွေ လေးဖင့်တယ်။ လွယ်ကူစွာ မစီးဆင်းခြင်းက အကြောင်းတစ်ချက်ဖြစ်တယ်။

• အစိုးရဝန်ထမ်းတွေကို ချက်ချင်း ဖြုတ်ပစ်လို့မရဘူး။ နိုင်ငံပိုင်စက်ရုံတွေမှာ အသားကျနေပြီး ဖြစ်တဲ့ ဝန်ထမ်းပေါင်း သန်းနဲ့ချီအတွက် လစာ စာရိတ်တွေက၊ နိုင်ငံ့စီးပွားရေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေ တယ်။

• ခေတ်မမှီတော့တဲ့ စက်ရုံနည်းပညာတွေ၊ ထိန်းသိမ်းမှုနဲ့ ပုံမှန်လည်ပတ်မှုအတွက် ကုန်ကျ စာရိတ် တွေ က၊ တဖြည်းဖြည်းနဲ့ နိုင်ငံတော် ဘဏ္ဍာကို တိုက်စားစေတယ်။

• စက်ရုံတွေကို ဖျက်ပစ်လို့ မရဘူး။ အလုပ်လက်မဲ့ဖြစ်လာမယ့် ဝန်ထမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှ ဖြစ်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာလည်း၊ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်တယ်။

• အလုပ်မဖြစ်တော့တဲ့ နိုင်ငံပိုင်စက်ရုံတွေကို၊ ရုတ်တရက်ချက်ချင်း ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်သလို၊ နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှုနဲ့ အစားထိုးလို့လည်း မရနိုင်ဘူး။ အလုပ်ဖြစ်အောင် လုပ်ဖို့ကျတော့လည်း အကန့် အသတ်တွေအများအပြားရှိတယ်။

လောင်စာငတ်မွတ်မှု

ချိုင်းနားခေါင်းဆောင်တွေအနေနဲ့၊ လက်ရှိဖွံ့ဖြိုးမှုကို ဆက်ထိန်းထားချင်တယ်။ အရမ်းကာရော ထိုး မတက်သွား ချင်နေပါစေ၊ လက်ရှိအနေအထားထက် ပြုတ်ကျသွားတာကို မလိုလားဘူး။ စဉ်ဆက်မပြတ် စွမ်းအင် ဖြည့်တင်း မှုကို လုပ်နိုင်ဖို့၊ ခေါင်းဆောင်တွေ ကမ္ဘာအနှံ့ပြေးနေရတယ်။ စက်မှုလည်ပတ်မှုအတွက်၊ အဓိက လိုနေတာက ရုပ်ကြွင်းလောင်စာနဲ့ လျှပ်စစ်ဖြစ်တယ်။ နိုင်ငံအတွင်းမှာရှိတဲ့ မြစ်တွေကိုလည်း ရှိသမျှကို ရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်ပြီးသလောက် ရှိသွားပြီ။ အိမ်နီးချင်း နိုင်ငံတွေ ဆီက ရတတ်သမျှ လိုက်ဝယ်ဖို့ ချိုင်းနားအနေနဲ့ အမြဲကြိုးစားနေတယ်။ ဘယ်နေရာက ရနိုင် သေးသလဲဆိုတာကိုလည်း အမြဲ မျက်စိဖွင့်ကြည့် နေတယ်။ နိုင်ငံတိုးတက်မှုက၊ ကြာလာလေလေ စွမ်းအင်အပေါ် မှီတည်လာလေလေဖြစ်လာတယ်။ စီးပွားရေး ကောင်းချင်ရင်၊ စွမ်းအင်လိုအပ်ချက်ကို ပြည့်အောင် ဖြည့်နိုင်မှ ဖြစ်တော့မယ်။ စွမ်းအင်အတွက်၊ နိုင်ငံရေးကစား ကွက်တွေ ချိုင်းနားအတွက် နိုင်ငံတကာမှာ ပိုသိမ်မွေ့လာရတော့မယ်။ ဘာပဲပြောပြော၊ ကုန်ကြမ်းနဲ့ ရုပ်ကြွင်း လောင်စာအတွက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကို ကောင်းကောင်း ထိုးဖောက်နိုင်တာကိုက ချိုင်းနားရဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေရဲ့ ထူးချွန်ထက်မြက်မှုလို့ ဆိုနိုင်တယ်။

၂၀၁၇ ဩဂုတ်လ ၂၄ ရက်နေ့ ထုတ် နိုင်ငံရေး ဂျာနယ်မှာ ဖော်ပြပါရှိပြီးဆောင်းပါး။

မိတ်အင်ချိုင်းနား

ချိုင်းနားဟာ ကြာလာလေလေ၊ ထုတ်လုပ်ရေးစက်ရုံကြီး ဖြစ်လာလေလေ ဖြစ်လာတယ်။ သွားကြား ထိုးတံက အစ၊ ဆဲလ်ဖုန်း ကွန်ပြူတာ အီလက်ထရောနစ်ပစ္စည်းတွေပါမကျန်၊ အိုင်တီ မိုက်ခရိုချစ်ပ်ပြား တွေအဆုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်လာတယ်။ ဂလိုဘယ်အမှတ်တံဆိပ်ကုမ္ပဏီကြီးတွေ၊ ကော်ပိုရေးရှင်းကြီး တွေက၊ တရုတ်ဆီကို လှိမ့်ဝင်လာတယ်။ တရုတ်တွေ အလုပ်ကောင်းကောင်းရလာ တာနဲ့အမျှ၊ လူနေမှုအဆင့် အတန်းမြင့်လာတယ်။ ကျေးလက်ကနေ မြို့ပြကနေ ပြောင်းရွှေ့တဲ့ လူဦးရေ တရိပ်ရိပ်တက်လာတယ်။ မြို့ပြနေ လူထုရဲ့ အကျပ်အတည်းက များသထက်များလာတယ်။ ဒါဟာ မြို့ပြလူတန်းစားရဲ့ အထွေထွေ အကျပ် အတည်း ဆီကို ဦးတည်နေတယ်။ ဖွံ့ဖြိုးမှုနဲ့ စိန်ခေါ်မှုက တွဲလျက်ပါလာတဲ့သဘောဖြစ်ပါတယ်။

ချိုင်းနားဟာ၊ ကုန်ထုတ်လုပ်ရေးကိုသာ အဓိကထား မှီတည်နေရတယ်။ ဝန်ဆောင်မှု စီးပွားရေးစနစ်ကို မပြောင်းနိုင်ရင်၊ အကျပ်အတည်းတွေ့နိုင်တယ်။ အမေရိကန်က၊ ဝန်ဆောင်မှုနဲ့ သူ့စီးပွားရေးကို အဓိကထား မောင်းနှင်တယ်။ အိန္ဒိယဆိုရင်၊ အိုင်တီကို ဝန်ဆောင်မှုအနေနဲ့ အဆင့်မြှင့်လာနိုင်လာတယ်။ ချိုင်းနားက၊ အိုင်တီမှာ၊ အိန္ဒိယကို မမှီသေးဘူး။ အထွေထွေနည်းပညာရဲ့ ဝန်ဆောင်မှု စနစ်မှာ၊ အမေရိကန်ကို မမှီသေးဘူး။
ချိုင်းနားအနေနဲ့၊ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုနဲ့ ကြုံရတယ်။ နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့် ကြုံရတယ်။ ဂျပန်က၊ စက်မှု နည်းပညာမှာ ထိပ်ဆုံးမှာ ရှိနေတယ်။ ဂျပန်ရဲ့ စွမ်းရည်ကို ချိုင်းနားက အမြဲထည့်တွက်တယ်။ အထူး သဖြင့်၊ ချိုင်းနားကို ဂျပန်က ကိုလိုနီ လုပ်ခဲ့ခြင်းရဲ့ အတိတ်အနာဆွေးရှိတယ်။ ဒါဟာ ချိုင်းနားကို၊ အမြဲတပ်လှန့် နေတဲ့ အမျိုးသားရေးသရုပ်ဖြစ်တယ်။ စီးပွားရေးအရ၊ အားကြီးလာခြင်းက အထွေထွေ ဂုဏ်သိက္ခာကို စဉ်းစားဖို့ တိုက်တွန်းတယ်။ ဒါဟာ ချိုင်းနားအတွက် စဉ်းစားချက်ဖြစ်ပါတယ်။

မဟာဗျူဟာမဟာမိတ်

ချိုင်းနားဆိုတာ မြန်မာအတွက်၊ မဟာဗျူဟာ မဟာမိတ်ဖြစ်တယ်။ အကြောင်းက၊ အိမ်နီးချင်း နိုင်ငံကြီး ဖြစ်နေ လို့ဖြစ်တယ်။ မခေါ်ချင် လို့ ရချင်ရလိမ့်မယ်။ မတော်ချင်လို့ မရဘူး။ ချိုင်းနားကို မကြိုက်လို့ ကိုယ့်နိုင်ငံကြီးကို တစ်ခြားနိုင်ငံတွေကြားမှာ ရွေ့ထားလို့မရဘူး။ ချိုင်းနားကို မနှစ်မြို့လို့ ချိုင်းနားမြေပုံကို ကမ္ဘာပေါ်ကနေ ဖျောက်ပစ် လို့မရဘူး။ မြန်မာအတွက်၊ ချိုင်းနားဟာ သုံးတတ်ရင် ဆေး၊ မသုံးတတ် ရင် ဘေးဖြစ်နိုင်တယ်။ မြန်မာအတွက်၊ ချိုင်းနားအပေါ်ထားတဲ့ နိုင်ငံခြားရေးပေါ်လစီကို သာမန်ကာ လျှံကာ သဘောထားလို့ မရ။ ချိုင်းနားက မြန်မာအပေါ်မှာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု တွေမှာ နောက်ကွယ် လက်မည်းကြီးကို တည်ဆောက်နေတယ်။

အဒမ်စမစ်က ဈေးကွက်ကို မမြင်ရ တဲ့ လက်က အလိုအလျှောက်ထိန်းညှိ သွားလိမ့်မယ်လို့ ဆိုတယ် မဟုတ် လား။ ချိုင်းနားက မြန်မာ အပေါ်မှာ အလိုအလျှောက်ထိန်းချုပ်နိုင်ဖို့၊ နောက်ကွယ်က ကဏ္ဍ အသီးသီးမှာ၊ မမြင်ရတဲ့လက်တံတွေ ကို ဘယ်လို တည်ဆောက်ထားသလဲ၊ တည်ဆောက်နေသလဲ၊ တည်ဆောက်ခဲ့သလဲ ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့ လိုတယ်။ အထူးသဖြင့် ပေါ်လစီ ဆုံးဖြတ်တဲ့ နိုင်ငံရေးသမား တွေက အထူးအရေးပါတယ်။ လွယ်လွယ်တွေးလို့မရဘူး။ မည်ကာမတ္တ အရင်လို အတိုင်း ဆက်သွားလို့ မဖြစ် နိုင်တော့ဘူး။

မြန်မာအတွက်

လွတ်လပ်ပြီး၊ တက်ကြွတဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူကို မြန်မာ ကိုင်စွဲခဲ့တာကြာခဲ့ပြီ။ ဒါက မဟာဗျူဟာ အပိုင်းမှာ ဖြစ်လိမ့်မယ်။ နည်းဗျူဟာအပိုင်းမှာတော့ အဲ့ဒီလောက် မရိုးရှင်းဘူး။ ကိုယ့်နိုင်ငံနဲ့ အဓိက ဆက်ဆံ နေတဲ့ နိုင်ငံတစ်ခုချင်းစီအတွက်၊ နိုင်ငံခြားရေး မူဝါဒ သီးသန့်ရှိထားရမယ်။ မဟာအင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရင်၊ သိမ်မွေ့ဖို့ လိုတယ်။ အရေးအရာတော်တော်များများမှာ၊ အချက်အလက်တွေ၊ သတင်းတွေ၊ စုပြီး ဆောင်းပြီး၊ ပြုစုပြီး ဖြစ်ရမယ်။ ဖြစ်ပျက်နေတဲ့ လက်ရှိဖြစ်စဉ် တွေအတွက် အမြဲတမ်း ရီပို့လုပ်ပေးထားနိုင်တဲ့ အစုအဖွဲ့တွေ ဖန်တီးဖို့ လိုတယ်။ မြန်မာအတွက်၊ တစ် လှမ်းကြိုပြေးမထားရင်၊ အနာဂတ်ရဲ့ ဆုတ်ယုတ်မှုက ကြီးနိုင်တယ်။ ဒါဟာ ပြောင်းလဲရွေးကောက်ခံ သွားမယ့် အစိုးရအဆက်ဆက်အတွက် အရေးကြီးတယ်။ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ အစိုးရတစ်ခုတည်းနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။

မြန်မာအတွက် သတိချပ်စရာ

လက်ရှိ မြန်မာအစိုးရ သတိထားရမှာက၊ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုဖြစ်တယ်။ အမေရိကနဲ့ ချိုင်းနားအကြားမှာ၊ မူဝါဒ ကို မျှခြေမထိန်းနိုင်ရင် မြန်မာအတွက် အန္တရာယ်ရှိတယ်။ ကချင် စစ်ပွဲ၊ ဝ- ကိုးကန့် စစ်ပွဲ၊ ဘင်္ဂ ါလီအရေးကိစ္စ တွေဟာ၊ အမေရိကန်နဲ့ ချိုင်းနားတို့ အကြားက ဂရိတ်ပါဝါ ကစားကွင်းဖြစ်လာနိုင်တယ်။ ဖြစ်လည်းဖြစ်နေတယ်။ တိုက်ရိုက်မဟုတ်ပေမယ့်၊ သွယ်ဝိုက်တဲ့ နည်းတွေနဲ့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်။

အမေရိကန်က နိုင်ငံတကာအဖွဲ့အစည်းတွေ နောက်ခံနဲ့၊ မြန်မာတွင်းအရေးကိစ္စတွေကို ချယ်လှယ်ဖို့ ကြိုးစား တယ်။ နယ်စပ်ဒေသ လက်နက်ကိုင်တွေကို နောက်ခံပြုပြီး၊ ချိုင်းနားက သူ့ဝှက်ဖဲကို ကိုင်ထားတယ်။ ဒီ့အတွက် ချိုင်းနားမူဝါဒကို မြန်မာအနေနဲ့ ပေါ့ပေါ့ မတွက်သင့်ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ ယေဘုယျသဘောထား ကိုပဲ၊ မူဝါဒလို့ သဘောမထားသင့်ဘူး။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းကို သွားနေတဲ့ နိုင်ငံအဖို့၊ လူကို ခွာပြီး မူကို ခိုင်အောင် တည်ဆောက်ရမှာ ဖြစ်တယ်။

မြန်မာက ချိုင်းနားအတွက် နိုင်ငံခြားရေး မူဝါဒကို ဝေဖန်ဆန်းစစ်မှ ကောင်းမယ်။ အသေဆုပ်ကိုင်ထားလို့ မရတဲ့ အရာ မဟုတ်သလို၊ ယေဘုယျသဘောထားထင်မြင်ချက်နဲ့လည်း ပြီးလို့ မဖြစ်ဘူး။ မြန်မာခေါင်းဆောင်သစ်တွေ က၊ ရွေးကောက်ပွဲတွေ ကြုံလာရင်၊ အပြောင်းအလဲဖြစ်မှာပဲ။ ခေါင်းဆောင်အပြောင်းအလဲတိုင်းက၊ ချိုင်းနား မူဝါဒအပေါ်မှာ၊ ရှေ့နောက်မညီတာတွေ အကွာအဟကြီးလာရင်၊ မြန်မာ့ ရှေ့ရေးက မချောင်လည်နိုင်ဘူး။ ပါဝါ ဂိမ်းထဲမှာ၊ ပဲလှော်ကြား ဆားညှပ်သလို ဖြစ်လာနိုင်တယ်။ ဒါကို သတိထားပြီး၊ စဉ်းစားသင့်တယ်။ အမေရိကန် နဲ့ ချိုင်းနားရဲ့ ပါဝါက ဘယ်က လာတယ်ဆိုတာကို လေ့လာသင့်တယ်။ ပါဝါအရင်းအမြစ်ကို သိခြင်းက၊ မူဝါဒ ဖြစ်စဉ်မှာ၊ အသုံးဝင်နိုင်တယ်။

တက္ကသိုလ်တွေဆီက လာတဲ့ ပါဝါ

အမေရိကန်ရဲ့ ပါဝါဟာ တက္ကသိုလ်တွေ ဆီကနေလာတယ်။ ချိုင်းနားရဲ့ ပါဝါက အိုင်ဒီယော်လိုဂျီက နေ တည်ဆောက်မယ်ဆိုတာကို မော်ခေတ်မှာ လုပ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။ တိန့်က ချိုင်းနားရဲ့ ပါဝါကို စီးပွားရေးကနေ စတည်ဆောက်တယ်။ တပြိုက်နက်တည်းမှာပဲ တိန့်ကြုံတွေ့ရတဲ့ အခက်အခဲ က ပညာရေး ပြဿနာဖြစ်တယ်။ စက်မှုခေတ်အတွက် အလုပ်အင်အားစုမှာ ပညာ ခမ်းခြောက်မှုဖြစ် နေရင်၊ ရေရှည် စီးပွား ဖွံ့ဖြိုးမှုကို အာမမခံနိုင်ဘူးလို့ တိန့်က မြင်တယ်။ ဒါ့ကြောင့် စီးပွားရေး ဖြေလျော့မှုတွေကို လုပ်နေတာနဲ့ တပြိုင်နက်တည်းမှာ တရုတ်လူငယ်တွေကို နိုင်ငံခြားတက္ကသိုလ်တွေဆီ အလုံး အရင်းနဲ့ စေလွှတ်တယ်။ အခု ချိုင်းနားကို ပညာ လုပ်သား အင်အားစုနဲ့ မောင်းနှင်နိုင်တာ တိန့် ကျေးဇူးတွေ ဖြစ်တယ်။

ပညာရေးဟာ ဂလိုဘယ်ပါဝါကို အကျိုးပြုတယ်ဆိုတာကို ချိုင်းနားခေါင်းဆောင်တွေ နားလည်တယ်။ ခေတ်သစ် ချိုင်းနားခေါင်းဆောင်တွေမှာ ကျန်ဇီမင်းကစလို့ ကြည့်ရင်၊ အင်ဂျင်နီယာတွေ ချည်းပဲ။ အင်ဂျင်နီယာတို့ရဲ့ သဘောက လက်တွေ့ကျကျ စဉ်းစားတယ်။ လက်တွေ့ကျကျ လုပ်တယ်။ လက် တွေ့ကျကျ ချည်းကပ်တယ်။ တိန့်ရှောက်ဖိန်ကိုယ်တိုင်က လက်တွေ့ကျတဲ့ ကွန်မြူနစ်တစ်ယောက်။ ချိုင်းနား ယူနီဗာစီတီတွေကို အတွေး အခေါ်နဲ့ လူမှုသိပ္ပံ၊ နိုင်ငံရေးသိပ္ပံတွေအပေါ် အခြေမပြုစေဘဲ၊ လက်တွေ့ကျတဲ့ သိပ္ပံနည်းပညာအတွက် အထောက်အပံ့ပြုစေတဲ့ ဘာသာရပ်တွေကို ဇောင်းပေးသင် ကြားစေတယ်။ စီးပွားရေး အတွက် လိုအပ်ချက် ဖြစ်တဲ့ ပညာအင်အားစုကို တက္ကသိုလ်တွေကနေ မပြတ် ဖြည့်တင်းပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ လစ်ဘရယ် အသိုက်အဝန်းထက်၊ လက်တွေ့အလုပ်ဖြစ် ရေးဆီကို ရှေးရှုခဲ့တယ်။

အကန့်အသတ်တွေကြားက “တိန့်”

ချိုင်းနားအနေနဲ့ ဒီလိုလုပ်တာ သူ့အတွက် မှန်ပါတယ်။ အကြောင်းက၊ ချိုင်းနားဟာ အရာရာမှာ နောက်ကျကျန် နေခဲ့ပြီ။ အစဉ်အလာကို ဖောက်ထွက် စဉ်းစားဖို့လိုတယ်။ သမာရိုးကျလမ်းကြောင်း အတိုင်း လိုက်လို့ မဖြစ်နိုင် တော့ဘူး။ စံနှုန်းတွေကို အသာထား၊ လက်တွေ့အလုပ်ဖြစ်ရေးကို ဇောင်း ပေးမှ၊ တော်ကာကျမယ်ဆိုတဲ့အမြင် တိန့်ဆီမှာ ရှိတယ်။ တိန့်ကိုယ်တိုက်က၊ ဖွင့်ထားတဲ့ စိတ်ရှိထားတဲ့ ကွန်မြူနစ်တစ်ယောက်။ ကမ္ဘာအနှံ့ တိန့်က ခရီးတွေ ထွက်တယ်။ သူများတကာတွေ ဘာလုပ်နေသ လဲဆိုတာ လေ့လာတယ်။ မေးတယ်။ စဉ်းစားတယ်။ ချိုင်းနားနဲ့သင့်တော်မယ့် ပေါ်လစီ အတွဲအစပ်ကို စဉ်းစားတယ်။ ကွန်မြူနစ်ကွန်ဆာဗေးတစ်တွေရဲ့ ရန်ကို ကန့်ထားဖို့ ဆိုတာ တိန့်အတွက် နိုင်ငံရေး အကန့်အသတ်ဖြစ်နေတယ်။ တိန့်အနေနဲ့ ဘေးကြပ် နံကျပ် ဖြစ်နေတဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ အရာ ရာကို ကိုယ့်သဘောအတိုင်း လွတ်လွတ်လပ်လပ် လုပ်နိုင်တာတော့ မဟုတ်ဘူး။

လေးဦးဂိုဏ်းကို ရှင်းလင်းတာကလည်း တိန့်အတွက် အရေးကြီးတဲ့ နိုင်ငံရေး အကန့်ဖြစ်ခဲ့တယ်။ အသားသေ နေတဲ့ ခြစားမှုနဲ့ ဗဟိုဦးစီးစနစ်ကို တော်လှန်ခြင်းက တိန့်အတွက် ခက်ခဲတဲ့ လုပ်ရပ်ဖြစ်ခဲ့ တယ်။ စီးပွားရေး ဖြေလျော့မှုတွေကို ကိုယ်တွယ်ရင်း၊ နိုင်ငံရေး ဖြေလျော့မှုကို မလုပ်မိဖို့ တိန့် ဂရုစိုက် ကိုင်တွယ်ခဲ့ရတယ်။ အကြီးမားဆုံး အဖြစ်အပျက်ကတော့ တီယံမင်အရေးအခင်းဖြစ်တယ်။ တိန့်အနေ နဲ့ ဘေးကျပ်နံကျပ်ဖြစ်ခဲ့တဲ့ ကာလတစ်ခု။

မလုပ်ချင်ဘဲ လုပ်ခဲ့ရတဲ့ အလုပ်ကတော့၊ ပါတီတွင်းက လစ်ဘရယ်ယိမ်းဝါဒီ ခေါင်းဆောင်တစ်ချို့ကို ချောင်ထိုး ပစ်လိုက်ရတယ်။ တိန့်အနေနဲ့ ကြည့်ရမှာက အနာဂတ် တရုတ်ပြည်အရေး မဟုတ်လား။ စုစည်းနိုင်ခဲတဲ့ ချိုင်းနားအင်ပါယာကို ငဲ့ပြီး ကျောင်းသားတွေကို ဖြိုခွင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမိုကရေစီမျိုးစေ့ကို သင်းသတ် သလိုဖြစ်နေပေမယ့်၊ ပါတီတွင်း ဒီမိုကရေစီဖြစ်ရေးကို ရှေးရှုတည် ဆောက်ခဲ့တယ်။ မော်လို လူသန်ကြီးတွေ ဦးစီးတဲ့ ကွန်မြူနစ်ပါတီ မဖြစ်စေဘဲ၊ ပါတီတွင်း ဒီမိုကရေစီ ခေါင်းဆောင်မှု ပုံစံကို ချဖို့ တိန့်က စီရင်ခဲ့တယ်။ ရှီကျင့်ဖျင်ကိုယ်တိုင်က လူသန်ကြီးတစ်ပါး မဟုတ်တော့တာကို ကြည့်ပြီး သိနိုင်တယ်။ ပေါ်လစ်ဗြူရိုနဲ့ ဗဟိုကော်မတီတွေကို ပါဝါတွေ ဖြန့်ခွဲဖို့က အနာဂတ်အတွက် ပိုကောင်းနိုင်တယ်ဆိုတာ တိန့်က တွေးမိပုံရ တယ်။

အောက်သက်ကျေ ဒီမိုကရေစီ

ပြည်သူတွေထဲမှာ ဒီမိုကရေစီကို အောက်ခြေက စတယ်။ ပါတီတွင်းမှာ ဒီမိုကရေစီကို ထိပ်ပိုင်းက စတယ်။ ချိုင်းနားရဲ့ လစ်ဘရယ်ပုံပြောင်းယူမှုက သူ့သဘော၊ သူ့ဟန် ညီပါပေတယ်။ အောက်ခြေ လူထုကြားမှာ၊ ရပ်ရွာအဆင့်က စပြီး ဒီမိုကရေစီ နည်းကျ ယှဉ်ပြိုင်မှုတွေနဲ့ လွတ်လပ်စွာ ရွေးကောက် စေတယ်။ အခြေခံ ဒီမိုကရေစီဓလေ့နဲ့ မယဉ်ပါးသေးပဲနဲ့ နိုင်ငံလုံးချီဒီမိုကရေစီ ဓလေ့ မဖြစ်ထွန်းနိုင်… လို့ ချိုင်းနားခေါင်းဆောင် တွေ မြင်ပုံရတယ်။ ကွန်ဖြူးရှပ်ဝါဒီတွေ ဒီမိုကရေစီ တည်ဆောက်တဲ့ ပုံစံ ဖြစ်တယ်။ တစ်ဦးချင်း တစ်ယောက် ချင်းစီကနေ မိသားစုစီကို ကူးပြောင်းပြီး ဒီမိုကရေစီ ကျင့်သုံးရမယ် ဆိုတဲ့ အယူအဆဖြစ်တယ်။ မိသားစုကနေ၊ ရပ်ရွာ အဆင့်၊ ရပ်ရွာအဆင့်ကနေ မြို့နယ်၊ ခရိုင်အဆင့် စသည်ဖြင့် အဆင့်ဆင့် ဒီမိုကရေစီကို အောက်ခြေ ကနေ ချဲ့ဖို့ စဉ်းစားဟန်တူတယ်။

အဆင့်မြင့် အခြေခံကျောင်းတွေမှာ၊ ကျောင်းသားငယ်ကလေးကစပြီး ဒီမိုကရေစီနဲ့ ကျင့်သားရဖို့ စာသင်ခန်း အတွင်း လေ့ကျင့်ပေးတဲ့အစီအစဉ်တွေ လုပ်တယ်။ ဒီမိုကရေစီကို သွားတဲ့ဖို့ အောက်သက် ကျေဖို့ လိုတယ် ဆိုတဲ့ အမြင်ဖြစ်တယ်။ ချိုင်းနားခေါင်းဆောင်တွေ အနေနဲ့၊ အတိတ်သမိုင်း နဲ့ ကမ္ဘာ့ အခင်းအကျင်းကို မျက်စိကျယ်ကျယ် ဖွင့်ကြည့်ပြီး ရခဲ့တဲ့ ရလဒ်တွေဖြစ်ပုံရတယ်။ ချိုင်းနားဆိုတာ ဧရာမကြီးမားတဲ့ သင်္ဘောကြီး တစ်စင်းဖြစ်တယ်။ သွားရမယ့် ခရီးက မိုင်သိန်းချီ။ ဒီဂရီတစ်ချက်လွဲလို့ မရဘူး။ ဒီဂရီလေး တစ်စိတ်လောက် လွဲတာနဲ့ နောက်ဆုံး ပန်းတိုင်နဲ့ အကွာအဟကြီး ဖြစ်နိုင်တယ်။ ခေါင်းဆောင်တွေအနေနဲ့ သတိကြီးကြီးထားပြီး၊ လျှောက်နေရတဲ့ ခရီးဖြစ်တယ်။ အနောက်တိုင်း ရှုထောင့်နဲ့ ချည်းကပ်တဲ့ လစ်ဘရယ် ဒီမိုကရေစီကို အာရှတန်ဖို့ ရှုထောင့်နဲ့ ကမ္ဘာကို ဖွင့်ပြဖို့ မျိုးဆက်သစ်ခေါင်းဆောင်တွေ ကြိုးစားလာကြတယ်။ ဒါဟာ ချိုင်းနားအတွက် ဒီမိုကရေစီ နယူဗားရှင်းကို တည်ဆောက်တဲ့ ပုံစံဖြစ်ပါတယ်။

စာညွှန်း
Martin Jacques / When China Rules the World
China Economy (Project Report) by Asia-Pacific Institute of Management

မင်းသေ့
နံနက် ၈ း ၄၉
၁၆ / ဩဂုတ် / ၂၀၁၇

Previous post တရုတ်တွေ နီတုန်းလား….
Next post ဗမာဘုရင်