နိုင်ငံရေးသမားအတွက် ကျောင်းရှိသလား….

အာဏာရဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ နိုင်ငံရေးသတ္တဝါတိုင်းကို နိုင်ငံရေးသမားလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ယူစရာ ကွင်းဟာ ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံရေးသမားတစ်ယောက်အဖို့ လူ့အရေးအရာကိစ္စတိုင်းဟာ လေ့လာသင်ယူစရာတွေချည်းပါပဲ။ လူနဲ့ ဆက်စပ်နေတဲ့ မြေကိစ္စတွေဟာ လေ့လာစရာတွေချည်းပါပဲ။ လူနဲ့မြေကို ပေါင်းထားတဲ့ နိုင်ငံ့အရေးအရာကိစ္စ တွေဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ လူနဲ့မြေကြီးကိစ္စတွေကို စီမံခန့်ခွဲတဲ့ အစိုးရကိစ္စ၊ အုပ်ချုပ်မှု ကိစ္စဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးသမားတစ်ယောက်အဖို့ လေ့လာရမယ့် ကိစ္စ တွေဟာ ….

• လူ့ကိစ္စ
• မြေကိစ္စ
• အစိုးရကိစ္စ ၊ အုပ်ချုပ်မှု ကိစ္စ နဲ့
• နိုင်ငံ့အရေးကိစ္စတွေဟာ နိုင်ငံရေးလေ့လာချက်တွေ ဖြစ်ပါတယ်။

နိုင်ငံရေးသမားအတွက် လေ့လာသင်ယူရမယ့် ကျောင်းရှိပါသလား။ လူ့လောကကြီးဟာ နိုင်ငံရေးသမား တစ်ယောက်အဖို့ လေ့လာသင်ယူစရာ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့တက္ကသိုလ်ဟာ အကြီး ကျယ်ဆုံး တက္ကသိုလ်ပါပဲ။ ဒါပေမယ့် ဒါဟာ ယေဘုယျကိစ္စဖြစ်ပါတယ်။ ထပ်ပြီး တိတိကျကျ ပြောကြည့်ဖို့ လိုပါတယ်။

တော်လှန်ရေးကာလမှာ နိုင်ငံရေးသမားအတွက် လေ့လာစရာ ကွင်းဟာ ထောင်နဲ့ တောတောင်တွေ ဖြစ်တတ် ပါတယ်။ လူထုနိုင်ငံရေးဟာ တော်လှန်ရေးကာလမှာလည်း ရှိသလို၊ တော်လှန်ရေးလွန် ကာလမှာလည်း ရှိပါ တယ်။ တော်လှန်ရေးလွန်ကာလမှာတော့ နိုင်ငံရေးသမားအတွက် လေ့လာစရာ ကွင်းဟာ လူထုကွင်းနဲ့ တက္ကသိုလ်တွေ ဖြစ်ပါတယ်။ တက္ကသိုလ်တွေဟာ နိုင်ငံရေးသမားတွေ မွေးထုတ်ဖို့ ယန္တရားဖြစ်လာတယ်။ လူထု အရေးအရာကိစ္စတွေမှာ ပါဝင်လှုပ်ရှားခြင်းဟာ နိုင်ငံရေးသမားတွေ ထွက်ပေါ်လာဖို့ အကြောင်းကောင်းဖြစ် တယ်။

နိုင်ငံရေးသမားဟာ လူတွေထဲကနေ သင်ယူလို့ရတယ်။ စာအုပ်တွေထဲကနေ သင်ယူလို့ရတယ်။ အတွေ့အကြုံ တွေထဲကနေ သင်ယူလို့ရတယ်။ လူထုထဲကနေ သင်ယူလို့ရတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာသင်ယူစရာတွေက နေရာတိုင်းမှာ ရှိနေပါတယ်။

နိုင်ငံရေးသမားအတွက် ဘာလိုသလဲ….

နိုင်ငံရေးသမားတစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်းတွေက ဘာတွေလဲ။ အရည်အချင်းတိုင်းကတော့ သူ့တန်ဖိုးနဲ့သူ ဖြစ်ပါတယ်။ အားလုံး တန်ဖိုး ရှိကြတာပါပဲ။ ဒါပေမယ့် နိုင်ငံရေးသမားတစ်ယောက်မှာ အရေး အကြီးဆုံး ရှိထားရမယ့် အရည်အချင်းတွေက ဘာတွေလဲ။


နံပါတ် (၁) ။ နိုင်ငံရေးသမားဟာ မျက်စိကို ဖွင့်၊ နားကိုစွင့်ပြီး နှလုံးသားနဲ့ ခံစားသက်ဝင်တတ်တဲ့ ဗီဇဓာတ်ခံ လိုအပ်ပါတယ်။ ဒါဟာ အရည်အချင်းတစ်ခုဖြစ်တယ်လို့ မပြောနိုင်ပေမယ့်၊ လိုအပ်တဲ့ စိတ်ဓာတ်အရည်အသွေး ဖြစ်ပါတယ်။ လူထုထဲကနေ ဖြစ်ပျက်နေတာတွေကို ထိတွေ့ခံစားပြီးတော့ အများအကျိုး သယ်ပိုးလိုတဲ့ စိတ်ဆန္ဒ မရှိဘဲနဲ့ နိုင်ငံရေးသမားမှာ ညှို့ဓာတ်မရှိနိုင်ပါဘူး။ ညှို့ဓာတ်ဆိုတာ လေ့ကျင့်တည်ဆောက်ခြင်းနဲ့ စိတ်ဓာတ်ခံသဘောထားတွေကနေ ဖြစ်တည်လာတာဖြစ်ပါတယ်။

နံပါတ် (၂)။ နှုတ်မှုစွမ်းရည်။ နိုင်ငံရေးသမားဟာ စကားပြောရတယ်။ ဆွေးနွေးရတယ်။ ငြင်းခုန်ရတယ်။ ညှိနှိုင်းရတယ်။ ဟောပြောရတယ်။ ရှင်းပြရတယ်။ ဒါ့ကြောင့် သူ့မှာ စကားပြောစွမ်းရည်လိုတယ်။ အဟော အပြော စွမ်းရည် လိုတယ်။ နိုင်ငံရေးသမား တစ်ယောက်ဟာ ဒိုင်ယာလော့ခ် (Dialogue) မှာလည်း ကျွမ်းကျင် ရတယ်။ ဆွေးနွေးငြင်းခုန်ခြင်းမှာလည်း ပါးနပ်ရတယ်။ ညှိနှိုင်းခြင်းမှာလည်း လိမ္မာရသလို ဟောပြောခြင်းမှာ လည်း ဆွဲဆောင်မှု ရှိရမယ်။ ဒါမှ နှုတ်မှု စွမ်းရည် ရှိတယ်လို့ ဆိုနိုင်တယ်။

နှုတ်မှုစွမ်းရည်ဆိုတာ အလကား မရပါ။ လေ့လာခြင်း အားထုတ်ခြင်း မပါဘဲနဲ့ စကားပြော မကောင်းနိုင်ဘူး။ လူထုအထာကို မသိဘဲနဲ့လည်း စကားပြော မကောင်းနိုင်ဘူး။ အပေါ်ယံလေ့လာမှုမျိုးနဲ့လည်း စကားပြောကောင်းမဖြစ်နိုင်ဘူး။ စကားလုံး မပြောင်မြောက်ဘဲနဲ့လည်း စကားပြော မကောင်းနိုင်ဘူး။ စိတ်ထဲ က မပါတဲ့စကားတွေ ပြောနေရင်လည်း စကားပြောကောင်း မဖြစ်နိုင်ဘူး။ မသိတဲ့အရာကို ပြောနေရင်လည်း စကားပြောကောင်းမဖြစ်နိုင်ဘူး။ စကားပြောကောင်းခြင်း မကောင်းခြင်းဆိုတာ၊ အကောင်းပြောခြင်းနဲ့ အပြော ကောင်းခြင်း ဆိုတဲ့ အင်္ဂါနှစ်ရပ်စလုံး ပါဝင်နေတယ်။ အပြောကောင်းဖို့အတွက် လေ့ကျင့်ရမယ်။ အကောင်းပြော ဖို့အတွက် စိတ်စေတနာရှေ့ဆောင်ရမယ်။ ဒီနှစ်ခုကို လေ့လာဆည်းပူးအားနဲ့ ပေါင်းလိုက်ရင် ရပြီ။

စကားပြောကောင်းသူဟာ စည်းရုံးရေးကောင်းသူ ဖြစ်လာမယ်။ လူထုဆက်ဆံရေးမှာ ကောင်းမွန်လာမယ်။ မဲဆွယ်ပွဲတွေ၊ လူထုအစည်းအဝေးပွဲတွေကနေ ထင်ပေါ်လာနိုင်မယ်။ ဒီကနေ ထောက်ခံမဲတွေ ရလာမယ်။ အများယုံကြည်မှုတွေ ရလာနိုင်တယ်။

နံပါတ် (၃)။ အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်ရမယ်။ နိုင်ငံရေးသမားဆိုတာ အာဏာရဖို့ လုပ်ရတာဖြစ်တယ်။ ဒါ့ကြောင့် တစ်ကိုယ်တည်း တစ်သီးပုဂ္ဂလ လုပ်နေလို့ရှိရင် အရွေ့ကောင်းကောင်း ဖြစ်မလာနိုင်ဘူး။ ဒါ့ကြောင့် အစုအဖွဲ့နဲ့ အဖွဲ့အစည်းနဲ့ ပါတီနဲ့ လုပ်ရတာတွေ ရှိတယ်။ အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်တဲ့အရည်အချင်းမျိုး မမွေးထားရင် နိုင်ငံရေးစွမ်းရည် မရှိနိုင်ဘူး။ အများနဲ့ ဘယ်လို ပေါင်းလုပ်မလဲ ဆိုတာ သိဖို့၊ နားလည်ဖို့ လိုတယ်။ အများနဲ့ ဘယ်လို ညှိနှိုင်းမလဲ။ အများနဲ့ ဘယ်လို စုပေါင်းလုပ်မလဲ။ အများနဲ့ ဘယ်လိုတာဝန်ခွဲဝေပြီး လုပ်မလဲ။ အများသဘောထားက ဘာလဲ။ ကိုယ့်သဘောထားက ဘာလဲ။ အများနဲ့ ကိုယ့်အကြားမှာ ဘယ်လို မျှခြေညှိမလဲ။ ဒါတွေကို သိထားဖို့ လိုပါတယ်။ အများနဲ့ လုပ်ရင် ရလဒ်က ဘာဖြစ်မလဲ။ တစ်ကိုယ်တော် လုပ်ရင် ရလဒ်က ဘာဖြစ်မလဲ။ ဒီနှစ်ခုရဲ့ ကွာခြားချက်ကို အမြဲတမ်း ဆန်းစစ်နေဖို့ လိုတယ်။

နံပါတ် (၄)။ အတိတ်နဲ့ ပစ္စုပ္ပန်ကို နားလည်ခြင်း။ သမိုင်းဆိုတာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ဆိုတာ ပြီးပြီးသားကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ ကိုယ့်နိုင်ငံရဲ့အတိတ်ကို နားလည်ထားရမယ်။ တခြားနိုင်ငံတွေ ရဲ့ အတိတ်ဖြတ်သန်းမှုကို နားလည်ထားရမယ်။ အတိတ်ဆိုတာ သမိုင်းကိစ္စဖြစ်လို့ သမိုင်းကို ဘက်အစွဲ ကင်းကင်းနဲ့ ရှုထောင့်စုံ ကြည့်ပြီး နားလည်ခြင်းက နိုင်ငံရေးသမားအတွက် နိုင်ငံရေးအမြင်ကို ထောက်ပံ့ပေး နိုင်လိမ့်မယ်။ အတိတ်ပြီးရင် ပစ္စုပ္ပန် ကိစ္စ။ အတိတ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ပဲဖြစ်ဖြစ် အနာဂတ်အတွက်သာ ဖြစ်ရမယ်။ ပစ္စုပ္ပန်ရဲ့ အရှိတရားကို နားလည်ထားခြင်းက အနာဂတ်အတွက် ဖြစ်ပါတယ်။ လက်ရှိ အရှိတရားက ဘာလဲ။

နိုင်ငံရေးအုပ်စုတွေ၊ ပါတီတွေ၊ လက်နက်ကိုင်တပ်တွေ၊ ဥပဒေတွေ၊ လူ့အဖွဲ့အစည်းတွေက ဘယ်လို သဘော ရှိသလဲ။ ဘယ်လို အပြုအမူတွေ ရှိသလဲ။ ဘယ်လို အမြင်သဘောထားတွေ ရှိနေသလဲ။ ပြည်သူလူထုနဲ့ အစိုးရ အကြားက ယုံကြည်မှုက ဘယ်လိုအတိုင်းအတာထိ ရှိနေသလဲ။ ပြည်သူလူထုက ဘယ်လိုကဏ္ဍမှာ ရောက်နေ သလဲ။ အစိုးရဟာ ဘယ်လို ပါဝင်ပတ်သက်နေသလဲ။ ပဋိပက္ခတွေဟာ ဘာလဲ။ ပြဿနာတွေဟာ ဘာလဲ။ နိုင်ငံ ရဲ့ ဦးတည်ချက်က ဘာလဲ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လိုလဲ။ လူထုရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး ရေချိန်တွေက ဘယ်လိုရှိသလဲ။ နိုင်ငံတကာစွက်ဖက်မှုတွေက ဘယ်လို ရှိနေသလဲ။ ဘာ့ကြောင့် ပါဝင်ပတ်သက်နေကြတာလဲ။ နိုင်ငံတကာ မျက်နှာစာမှာ ဘယ်လို ထင်မြင်ခံနေရသလဲ။ နိုင်ငံ့ရဲ့ စီးပွားရေး အခြေအနေ၊ မီဒီယာလွတ်လပ်ခွင့်၊ အေးချမ်းတည်ငြိမ်မှုတွေဟာ ဘယ်လို အနေအထားမှာ ရှိနေသလဲ။ လူမျိုးစု ကိစ္စတွေ၊ အောက်ခြေပြည်သူတွေ၊ ငွေကြေးစနစ်တွေ၊ ကုန်သွယ်ရေးကိစ္စတွေ၊ ရေမီးလမ်း စတဲ့ အခြေခံ အဆောက်အအုံတွေက ဘယ်လို လည်ပတ်နေကြသလဲ။ နိုင်ငံ့ရဲ့ အနာဂတ်လားရာက ဘာဖြစ်နိုင်မလဲ။ လူ့အဖွဲ့အစည်းရဲ့ လူမှုဓလေ့က ဘာလဲ။ ယုံကြည်သက်ဝင်ထားတဲ့ နိုင်ငံရေးဓလေ့ဟာ ဘယ်လိုလဲ။

ချုပ်လိုက်ရင် နိုင်ငံရေးသမားအတွက် အချက် ( ၄ ) ချက် ထွက်လာပါတယ်။

• (က) ခံစားမှုဆိုင်ရာ ကိစ္စ
• (ခ) နှုတ်မှုဆိုင်ရာ ကိစ္စ
• (ဂ) အစုအဖွဲ့ဆိုင်ရာ ကိစ္စ
• (ဃ) သိမှုဆိုင်ရာ ကိစ္စ

နိုင်ငံရေးသမားဟာ လူထုကိစ္စတွေကို လုပ်တဲ့နေရာမှာ ခံစားမှု မပါဘဲနဲ့ လုပ်ရင် အသက်မဝင်ဘူး။ ခြောက်ကပ် ကပ်ကြီးဖြစ်နေလိမ့်မယ်။ ဆက်ဆံပြောဆိုပြီး မလုပ်လို့လည်း မရဘူး။ ဒါဆိုရင် လူထုကိစ္စဟာ လူထုကို မဆွဲ ဆောင်နိုင်လို့ လူမှုအရွေ့ မဖြစ်နိုင်ဘူး။ တစ်ကိုယ်တော် သိုင်းသမား လုပ်ရင်လည်း ဝေဖန်ထောက်ရှု၊ ဆန်းစစ် သုံးသပ်တာလောက်ပဲ ရမယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့လမ်းစဉ်ကို မရောက်နိုင်ဘူး။ သိမှု မပါဘဲ လုပ်ရင်လည်း စေတနာ သက်သက်နဲ့ ဘာမှ ဖြစ်မလာဘူး။ သိမှုကလည်း အတိတ်မှာတင် ရှိနေလို့ မရဘူး။ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး အနာဂတ်ကို ရှေ့ရှုရမယ်။ ဒါမှ လူ့အဖွဲ့အစည်းဟာ အရှေ့ကို ရောက်မယ်။ အတိတ်ဟာ လေ့လာဖို့ သင်ခန်းစာယူဖို့သာဖြစ်တယ်။ ပြန်သွားဖို့ မဟုတ်ဘူး။

မင်းသေ့
ညနေ ၆ း ၁၃
၃ ၊ ဇွန် ၊ ၂၀၁၉ ။
ရန်ကုန်မြို့ ။

Previous post ဆူလွယ်နပ်လွယ်
Next post စာသင်ခန်း ဆိုတာ……