ဖွံ့ဖြိုးမှုဗေဒမှာ Action and Reflection လို့ ပြောတယ်။

ဖွံ့ဖြိုးချင်ရင်၊ တိုးတက်ချင်ရင် ရိုးရှင်းတဲ့နည်းလမ်း ရှိ ပါတယ်။

Action and Reflection ပဲဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ ၊ လုပ်ပါ။ ပြန်သုံးသပ်ပါ။ ပြန်သုံးသပ်ပြီး ထပ်လုပ်ပါ။

‘က’ သုံံးဆိုတာကို နိုင်ငံရေးစာပေတွေ ဖတ်ရင်း သိလာတယ်။ ကွန်မြူနစ်စာပေတွေထဲက ပါတာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ အာဘော် ထင်ပါတယ်။ က သုံးလုံး ဆိုတာကတော့ ….

• အကြောင်းအကျိုးရှိရမယ်
• အကျိုးအမြတ် ရှိရမယ်
• အကန့်အသတ် ရှိရမယ်…
လို့ ပြောတာဖြစ်ပါတယ်။

ဘယ်ကိစ္စကို မဆို လုပ်ဆောင်ဖို့အတွက် ဒီစံ (၃) ချက်နဲ့တိုင်းပြီးလုပ်လို့ နားလည်ရပါတယ်။ အထူးသဖြင့်၊ တော်လှန်ရေးတွေ၊ နိုင်ငံရေးကိစ္စတွေမှာ ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။ ဒီ ကသုံးလုံးဟာ နိုင်ငံရေးကိစ္စမှာ တင် အသုံးတည့်တယ်လို့ မမြင်ပါဘူး။ လူ့ကိစ္စတိုင်းမှာ၊ နေ့စဉ်ဘဝထဲမှာ လက်တွေ့အသုံးတည့်တဲ့ စံလို့ နား လည်လိုက်ပါတယ်။

အကြောင်းအကျိုး။

မြန်မာပြည်ကို ကြည့်လိုက်ရင်၊ ကျိုးကြောင်းဆင်ခြင်မှု ပျက်သုဉ်းနေတဲ့ လူ့အဖွဲ့အစည်းကို တွေ့ရမှာဖြစ်ပါ တယ်။ ပညာရေးရဲ့အရည်အသွေး နိမ့်ဆင်းမှုကနေထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဟာ အံလွဲ နေတယ်။ လူ့အဖွဲ့အစည်းဟာ ဝေဝါးနေတယ်။ ထွေပြားနေတယ်။ မီးခိုးရောင်ဇုံထဲမှာ မသဲမကွဲ၊ မပီမပြင် မှန်း စမ်းလျှောက်နေရတယ်။ ပညာမျက်စိ တိမ်တဲ့အခါမှာ၊ လူ့အဖွဲ့အစည်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေက မှိုလိုပေါက်လာတယ်။ ဥယျာဉ်ထဲမှာ ဥယျာဉ်မှူးစိုက်လိုက်တဲ့ အပင်တွေထက် ပိုပေါက်လာတဲ့ ပေါင်းပင်တွေက ပိုများလာတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပေါင်းပင်တွေဟာ နေရာတိုင်းမှာ ပွထနေတယ်။

လူတွေဟာ ပြဿနာတွေမှာ ကြောင်းကျိုးဆင်ခြင်မှု နိမ့်လာတယ်။ စိတ်ခံစားချက်အခံနဲ့ ရမ်းသမ်းတုံ့ပြန်ကြ တယ်။ လူလူချင်းဖြစ်တဲ့ ပြဿနာတွေဟာ ဖြစ်သင့်တာထက် ပိုဖြစ်လာတယ်။ လူ့အဖွဲ့အစည်းဟာ ပရမ်းပတာ ပိုဖြစ်လာတယ်။ လုပ်ရပ်တိုင်း၊ အပြုအမူတိုင်း၊ တုံ့ပြန်ချက်တိုင်းမှာ ပညာ ရှေ့သွား မရှိဘူး။ ဆင်ခြင်တုံတရား မဦးစီးနိုင်ဘူး။ ကြောင်းကျိုးဆင်ခြင်မှု မဲ့ကုန်တယ်။
ဆရာကြီး ဦးအောင်သင်းက သူ့ဟောပြောချက်ထဲမှာ သိင်္ဃသူ့သမီးကျောက်စာအကြောင်းကို ထည့်ဟော တယ်။ အဲသည့်အထဲမှာ ၊ ပညာဆိုတာ အကြောင်းကို သိခြင်းလို့ ပြောတယ်။ အကြောင်းကို သိအောင်လုပ်တာ ပညာ။ အကျိုးကို သိအောင်လုပ်တာ ပညာ။ အကြောင်းအကျိုးဆက်စပ်မှုကို နားလည်တာပညာ။ ဗုဒ္ဓကလည်း ဟောပြီးသား။ အကြောင်းအကျိုးသည်သာလျှင် ပဋိစ္စသမုပ္ပါဒ် လို့။

ကြောင်းကျိုးဆင်ခြင်မှုဟာ နေရာတိုင်းမှာလိုတယ်။ အချိန်တိုင်းမှာလိုတယ်။ လုပ်ရပ်တိုင်းမှာ လိုတယ်။ ကြောင်းကျိုးဆင်ခြင်မှု ပျက်တာဟာ ပညာပျက်တာပဲ။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကြောင်းကျိုးဆင်ခြင်မှု ရေချိန်ကို မမြှင့်ရင်၊ ချိနဲ့လူ့အဖွဲ့အစည်းအဆင့်ကနေ တက်မှာ မဟုတ်ဘူး။

အကျိုးအမြတ်။

အကျိုးအမြတ်ဆိုတာကတော့ လက်တွေ့ကျကျ စဉ်းစားတဲ့ကိစ္စပဲ။ စိတ်ကူးယဉ် သိပ်မဆန်ဘူး။ ရလဒ်ကို ကြည့် တယ်။ အရွေ့ကို ကြည့်တယ်။ အလုပ်ဖြစ်လား မဖြစ်လားဆိုတာကို ကြည့်တယ်။ ဒါက ဆင်ခြင်မှုနောက်မှာ လိုက်ရမယ့်ကိစ္စ။ result oriented လို့ ပြောလို့ရမယ်။ လုပ်ရပ်တွေဟာ ရွေ့ဖို့ လိုတယ်။ အလုပ်ဖြစ်ဖို့ လိုတယ်။ အဖြစ်လုပ်နေလို့ မရဘူး။ For Show ဖြစ်လို့ မရဘူး။ ရုပ်ပြသက်သက် ဖြစ်နေလို့ မရဘူး။ ဒါ့ကြောင့် အကျိုး အမြတ် ဆိုတာကို ထည့်စဉ်းစားတဲ့ သဘော။
ဒီနေရာမှာ သတိထားဖို့ လိုတာက ၊ အကြောင်းအကျိုး၊ အကျိုးအမြတ်၊ အကန့်အသတ် ဆိုတာက အစဉ်လိုက် လာတဲ့ သဘောရှိတယ်။ အစဉ်လိုက်သာဖြစ်သင့်တယ်။ အကျိုးအမြတ်ကို ပထမနေရာ ထားလို့ မရဘူး။ အကြောင်းအကျိုးကို နောက်ဆုံးမှာ ထားလို့ မရဘူး။ ကြောင်းကျိုးဆင်ခြင်မှု နောက်မှာ ရလဒ် တစ်ခု၊ အရွေ့ တစ်ခု၊ အလုပ်ပြီးမြောက်မှု တစ်ခု လိုက်နိုင်မှ ကောင်းမယ်။ ဒါဟာ လက်တွေ့ဝါဒီတို့က ချည်းကပ်တဲ့ မယုတ် မလွန် တွေးဆချက်ဖြစ်တယ်။

အကန့်အသတ် ။

အကန့်အသတ်ဆိုတာကတော့ ဘရိတ်နဲ့တူတယ်။ သတိနဲ့တူတယ်။ အကြောင်းအကျိုးညီလွန်းတယ်လို့ ယူဆ ပြီး အရမ်းကာရော စွတ်လုပ်လို့ မရနိုင်ပြန်ဘူး။ အကန့်အသတ်ကို ကြည့်ရတယ်။ ဘယ်လောက်ထိ လုပ်မှာလဲ။ ဘယ်အချိန်ထိ လုပ်မှာလဲ။ ဘယ်အတိုင်းအတာထိပဲ လုပ်မှာ… စသည်ဖြင့် ချင့်တွက်ရတယ်။ ဒါဟာ အကန့် အသတ်ဖြစ်ပါတယ်။ ပေဖြစ်တုန်းခံ လိုက်မယ်။ တူဖြစ်ရင်တော့ အတားအဆီး၊ အဟန့်အတား မရှိ နှံပစ်လိုက် မယ်ဆိုတာကတော့ အကန့်အသတ် ကျိုးပေါက်တာဖြစ်တယ်။ ဒါ့ကြောင့် အကန့်အသတ်ဟာ ဘရိတ်နဲ့တူ တယ်။ သတိနဲ့တူတယ်။

တချို့သော လုပ်ရပ်တွေဟာ အကြောင်းအကျိုးလည်း ညီပါလျက်၊ အထိုက်အလျောက် ကောင်းကျိုးရလဒ် တစ်ခုလည်း ရပါလျက်နဲ့ နောက်ပိုင်းမှာ အလုံးစုံ အဟောသိကံဖြစ်သွားတာ ဘာ့ကြောင့်လဲ။ ဒါဟာ အကန့် အသတ်ကို မသိလို့ဖြစ်ပါတယ်။ အထူအပါးကို နားမလည်လို့ ဖြစ်ပါတယ်။

လမ်းကြောင်းဟာ အကွေ့အဝိုက်၊ အချိုးအကွေ့ ရှိတတ်တယ်။ မတ်စောက်တာ၊ လျောဆင်းတာ ရှိတတ်တယ်။ ကိုယ့်လုပ်ရပ်တွေဟာ အကန့်အသတ်ကို ကြည့်ပြီး လုပ်ရတတ်တယ်။ ဒါမှ ကောင်းမယ်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ချင့်ချိန်တယ်ဆိုတာ၊ နှိုင်းချိန်တယ်ဆိုတာ သတိကပ်ပြီး ဘရိတ်ဖမ်း ထားတဲ့ သဘောဖြစ်တယ်။ အကန့်အသတ်ကို ဆင်ခြင်လိုက်ခြင်းဖြစ်တယ်။

@@@

မြန်မာ့လူ့အဖွဲ့အစည်းကို နှုန်းစံ၊ ပေတံတွေနဲ့ ချိန်ဆလိုက်ရင် ထွက်လာမယ့် အဖြေတွေ တစ်ပုံကြီးဖြစ်ပါ တယ်။ လောလောဆယ် မြင်သာထင်သာကိစ္စကတော့၊ ကိုယ့်ကိုယ်ကို ပြန်တိုင်းထွာကြည့်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ ဘယ်လောက်ထိ အကြောင်းအကျိုးသင့်သင့် လုပ်ဆောင်နိုင်ပြီလဲ။ ကိုယ့်လုပ်ရပ်တွေ ဟာ ဟန်ပြသက်သက်လား၊ ရုပ်ပြသဘောလား၊ သို့တည်းမဟုတ်… အလုပ်ဘယ်လောက်ဖြစ်သလဲ။ အကျိုး အမြတ် ဘယ်လောက်ထွက်သလဲ။ အကျိုးအမြတ်ရှိတယ်ဆိုပြီး စွတ်စွက်လုပ်လို့ မရနိုင်ပြန်သေးဘူး။ အကန့် အသတ်ကို သိရမယ်။ နှိုင်းချိန်စဉ်းစားရမယ်။ ဒါမှ ကောင်းလိမ့်မယ်။

ဖွံ့ဖြိုးမှု ဗေဒမှာ Action and Reflection လို့ ပြောတယ်။ ဖွံ့ဖြိုးချင်ရင်၊ တိုးတက်ချင်ရင် ရိုးရှင်းတဲ့နည်းလမ်း ရှိ ပါတယ်။ Action and Reflection ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ၊ လုပ်ပါ။ ပြန်သုံးသပ်ပါ။ ပြန်သုံးသပ်ပြီး ထပ်လုပ်ပါ။ ထပ်ပြီး ပြန်သုံးသပ်လိုက်ပါအုံး။ ဒီလိုနဲ့ တစ်နေ့ထက် တစ်နေ့၊ တစ်လထက် တစ်လ ၊ တစ်နှစ်ထက် တစ်နှစ်၊ အခြေအနေ တစ်ခုကနေ နောက်တစ်ခု အလုပ်တစ်ခုကနေ နောက်တစ်ခု ထပ်ပြီး ထပ်ပြီး ပိုကောင်း အောင် ပိုကောင်းအောင် ပြန်ပြန် သုံးသပ်ပြီး တဆင့်ဆင့် လုပ်ဆောင်သွားရင် ပိုကောင်းတဲ့ ဘဝ၊ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ၊ ပိုကောင်းတဲ့ တိုင်းပြည် ၊ နိုင်ငံကို တည်ဆောက်နိုင်မှာ အသေအချာပါပဲ။
ဆင်ခြင်မှု ၊ သုံးသပ်မှု ၊ လုပ်ဆောင်မှု နဲ့ အကန့်အသတ် အကျိုးအမြတ်ကို မျှခြေညှိ လုပ်ဆောင်နိုင်ကြရင် ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်ဟာ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းသေ့
ညနေ ၄ း ၀၂
၂၄ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့ ။

Previous post ကိုယ်က,စ
Next post ◾ ဗမာ့ အတိတ် ၊ ပစ္စုပ္ပန် ๑ ─────●●───── ๑