Academic Weekly Journal တွင် ၊
ဖော်ပြပါရှိပြီး ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာတွေနဲ့ စပြီး ရင်းနှီးခဲ့တယ်။ ဆရာတော် ရေးခဲ့ဖူးတဲ့ စာတွေက ကျနော့်ကို လွှမ်းမိုးတယ်။ တော်တော်တော်များများသော မိန့်ဆိုချက်တွေဟာ နှုတ်ထဲကနေ အလွတ်ရွတ်နိုင်လောက်တဲ့အထိ စွဲလန်းခဲ့တယ်။ ဆရာတော်က အခုလို ရေးတယ်။

“ကိုယ့်ကိုယ်ကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ကောင်းအောင် နေထိုင်ခြင်းသည်ပင်လျှင် လူ့လောကကြီးကို ကောင်းအောင်လုပ်နေတာနဲ့ အတူတူပဲ…” လို့ ပြောတယ်။ ဗုဒ္ဓက ဟောတယ်။ အတ္တာဟိ အတ္တနော နာထော။ မိမိကိုယ်သာ ကိုးကွယ်ရာ။ မိမိကိုယ်သာ အားကိုးရာ။ မိမိကိုယ်သာ အားထားရာ။ ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ဖို့၊ ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်အားကိုယ်ကိုးဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ အမြဲတမ်း တိုက်တွန်း နှိုးဆော်တာကို တွေ့ရတယ်။ ဒါဟာ လူ့လောကကြီးတစ်ခုလုံးနဲ့ ကမ္ဘာ လောကကြီးတစ်ခုလုံးကောင်းဖို့အတွက် အရိုးရှင်းဆုံးနဲ့ အပြတ်သားဆုံး ကိစ္စလို့ ကျနော် မြင်တယ်။

• ကိုယ့်ကိုယ်ကိုမှ အားမကိုးနိုင်တဲ့သူကို ဘယ်သူက အားကိုးထိုက်မှာလဲ။
• ကိုယ့်ခြေထောက်ပေါ် ကိုယ်မှ မရပ်တည်နိုင်တဲ့သူကို ဘယ်သူက ယုံကြည်မှာလဲ။
• ကိုယ့်အကြောင်းကိုမှ မသိတဲ့သူဟာ တခြား ဘယ်အကြောင်းတရားတွေကို နက်နဲစွာ သိစွမ်းနိုင်မှာလဲ။
• ကိုယ့်တာဝန်ကိုမှ ကိုယ်မယူနိုင်တဲ့သူဟာ လူအများကပေးအပ်တဲ့ ဘယ်တာဝန်ကို ဘယ်လောက်ထိ ထမ်းနိုင်စွမ်း ရှိမှာလဲ။
• ကိုယ့်ကိုယ်ကိုမှ မယုံကြည်တဲ့သူကို ဘယ်သူက ယုံကြည်အားကိုးပါတော့မလဲ။

လောကအကျိုးကိုပြုဖို့၊ ပတ်ဝန်းကျင်ကို ကျေးဇူးပြု ထောက်ပံ့ဖို့ ဆိုရင် ပထမဦးဆုံး၊ အရေးအကြီးဆုံးနဲ့ လက်တွေ့အကျဆုံးကတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ဖို့ပါပဲ။

• ကိုယ့်အကြောင်း ကိုယ်သိ။
• ကိုယ့်အားကိုယ်ကိုး။
• ကိုယ့်တာဝန် ကိုယ်ယူ။
• ကိုယ့်ဘဝ ကိုယ်တည်ဆောက်။

@@@

ကိုယ့်အကြောင်း ကိုယ်သိ

သိစွမ်းဖို့ အကြောင်းတရားတွေထဲမှာ ကိုယ့်အကြောင်းကိုယ်သိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ လူဆိုတာ ကိုယ့်အကြောင်းကို ကိုယ်သိအောင် အမြဲတမ်း အားထုတ်နေရမယ့် သတ္တဝါဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ နက်နဲတဲ့အသိတွေကို သိစွမ်းခြင်းဟာ အဖိုးတန်ပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို ကိုယ်မသိဘဲ၊ ကိုယ့်စရိုက်၊ ကိုယ့်သဘာဝ၊ ကိုယ့်အကျင့်၊ ကိုယ့်စိတ်အခြေအနေကို ကိုယ်မသိစွမ်းဘဲ တခြား သော အကြောင်းအရာတွေကို သိအောင်ပြုစွမ်းခြင်းဟာ အနှစ်သာရမဲ့နိုင်ပါတယ်။ ပေါက်မြောက်မှု မဲ့နိုင်ပါ တယ်။ ကိုယ့်အကြောင်းကို ဂဃနဏ သိစွမ်းခြင်း၊ အူမချေးခါးမကျန် သိနဲ့ သိအောင်လုပ်နေခြင်းဟာ သိမှုတွေ ထဲမှာ အမြင့်မားဆုံးသိမှုဖြစ်ပါတယ်။ ဒါကို အသက်ရှိသရွေ့ လေ့ကျင့်တည်ဆောက်ဖို့ လိုတယ်။ ဒီလိုလူဟာ လူ့လောကကို အကျိုးပြုနေခြင်းဖြစ်တယ်။ ကမ္ဘာကြီးကို ကျေးဇူးပြု ထောက်ပံ့နေခြင်းဖြစ်တယ်။ ကိုယ့်အကြောင်း ကိုယ်သိနေသူဟာ တခြားသော အကြောင်းတရားတွေကို သိစွမ်းဖို့ သိပ်မခက်တော့ဘူးလို့ ယူဆတယ်။

ကိုယ့်အားကိုယ်ကိုး ၊ ကိုယ့်တာဝန် ကိုယ်ယူ

လူတွေရဲ့သဘောက ကိုယ့်ဝန်ကို သူ့ကို ထမ်းခိုင်းချင်တယ်။ ကိုယ့်တာဝန် ကိုယ်မယူချင်ဘူး။ ကိုယ့်ကိစ္စ ကိုယ် မရှင်းချင်ဘူး။ ခေါင်းရှောင်ချင်တယ်။ အပြစ်ဖို့ချင်တယ်။ ဆင်ခြေဆင်လက်တွေ ပေးမယ်။ လက်ညှိုးထိုးမယ်။ ဒီလိုနဲ့ သူများ မကောင်းကြောင်း ၊ ကိုယ်ကောင်းကြောင်းတွေ ဖော်ကျူးမယ်။ ဗီဇဆိုတာ ပြတယ်။ အပွေးမြင်၊ အပင်သိတဲ့။ တောက်မည့်မီးခဲ တရဲရဲ…တဲ့။ စကားတွေက မျိုးစုံရှိတယ်။ ခိုင်းမှ လုပ်တာ ကျွန်စိတ်။ ကိုယ့်ကိုယ် ကို ခိုင်းတာ သခင်။

လူတော်တော်များများဟာ ကိုယ့်အား ကိုယ်မကိုးချင်ဘူး။ ကိုယ့်ဦးနှောက်နဲ့ ကိုယ် မစဉ်းစားချင်ဘူး။ ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ် အသက်မရှုချင်ဘူး။ အငှားအလုပ်တွေ လုပ်ချင်တယ်။ ပင်ပန်းတဲ့အလုပ်တွေ၊ ညစ်ညူးစရာ အလုပ်တွေမှာ တပါးသူကို မှီခိုချင်တယ်။ ကပ်ရပ်ချင်တယ်။ မှီးလိုက်ချင်တယ်။ ရေသာခို၊ အချောင်လိုက်ချင်တယ်။ ဒီလိုနဲ့ ကိုယ့်အားကိုယ်မကိုးတဲ့ လောကကြီးဟာ ကျယ်သထက် ကျယ်လာတယ်။ အမှီအခိုကို ရှာတယ်။ မှီးလိုက်တယ်။ ကပ်ပါးကောင်လိုလို လုပ်တယ်။ မျှောလိုက်ချင်ကြတယ်။ ဒီလိုလုပ်ရတာ က သက်သာတယ်လေ။ ဒါ့ကြောင့် ဒီလို လုပ်ဖို့ပဲ စိတ်အားသန်ကြတယ်။

ကိုယ့်ဘဝနဲ့ ကိုယ် အသက်ရှင်ကြတာပဲလို့တော့ ထင်ကြတယ်။ ဒါပေမယ့် တော်တော်များများက အဲသည်လို မဟုတ်ဘူး။ အဲသည်လို မဖြစ်ဘူး။ ကိုယ့်တာဝန်ကို ကိုယ်မယူချင်ဘူး။ ကိုယ့်အမှားကို ကိုယ် တာဝန်မခံရဲဘူး။ ခေါင်းမခံရဲဘူး။ လွှဲချချင်တယ်။ ဆင်ခြေပေးတယ်။ ဒီလိုနဲ့ လောကကြီးဟာ တဖြည်းဖြည်း ပျက်စီးလာတယ်။ လူ့အဖွဲ့အစည်းဟာ ယိုယွင်းလာတယ်။ ပျက်ယွင်းလာတယ်။ အတွင်းကနေ လှိုက်စားလာတယ်။

ဒီလို လူမျိုးတွေ များတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ပျက်လာတယ်။ ကိုယ့်တာဝန်ကို ကိုယ်မယူချင်တဲ့ လူတွေ ရှိတဲ့ လူ့အသိုင်းအဝန်းဟာ ပြင်ပကနေ ဖျက်စရာ မလိုဘူး။ သူ့ဘာသာသူ အတွင်းထဲက လှိုက်ပြီး တဖြည်းဖြည်း ပျက်လာလိမ့်မယ်။ သံကို သံဖျက် သံချေးတက်…တဲ့။ သံက သူ့ဘာသာသူ ဖျက်တယ်။ မြန်မာ့ လူ့အဖွဲ့အစည်းကလည်း ဘယ်လို ဖြစ်နေသလဲဆိုတာ မျက်လုံး ပြူးပြဲပြီး ကြည့်စေချင်တယ်။

ကိုယ့်ဘဝကို ကိုယ်တည်ဆောက်

လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဘဝကို ကိုယ်ဖန်တီးနိုင်ရမှာပေါ့။ ကိုယ့်ကြမ္မာကို ကိုယ်ပြဌာန်းနိုင်ရမှာပေါ့။ အသက် ရှင်လျက် ဘဝသေနေသူဟာ ဘယ်လိုလူလဲ။ ကိုယ့်ဘဝကို သူများလက်ထဲမှာ အပ်နှံထားလိုက်သူပါပဲ။ ကိုယ့် ကိုယ်နဲ့ ကိုယ် အသက်ရှင်နေတယ်လို့တော့ ပြောကြတယ်။ ဒါပေမယ့် ကိုယ့်စိတ်နဲ့ ကိုယ် ဘယ်လောက် နေထိုင် ရှင်သန်နိုင်လို့လဲ။ သူများတွေရဲ့ စိတ်နဲ့၊ သူများတကာရဲ့ ခိုင်းစေ၊ လမ်းညွှန်ချက်တွေအတိုင်းသာ ကိုယ့် ဘဝက ရှင်သန် ရပ်တည်နေရတယ်ဆိုရင် ဒါဟာ သေချာပါတယ်။ ကိုယ့်ဘဝဟာသူများ လက်ထဲမှာ ရောက်နေ ပြီ။ ကိုယ့်ဘဝဟာ သူများ လက်ထဲမှာ ရှိနေပြီ။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ဖန်တီးစီရင်နိုင်ခွင့် မရှိတော့ဘူး။

ဒီလိုလူဟာ အသက်ရှင်နေလျက် ဘဝသေနေသူပါပဲ။

ကိုယ့်ဘဝ ကိုယ်တည်ဆောက်ဖို့ ဆိုတာ ဘာ့ကြောင့် အထူးတလည် တိုက်တွန်းနေရတယ်လို့ ထင်ပါသလဲ။ အရိုးဆုံးကိစ္စဟာ အဆန်းဆုံးကိစ္စဖြစ်နေပါတယ်။ လွယ်မယောင်နဲ့ ခက်နေတဲ့ကိစ္စဖြစ်ပါတယ်။ လူတစ်ယောက် ဟာ လူ့အခြေခံကိစ္စလေးတွေကိုတောင်မှ ကောင်းကောင်းကန်းကန်း ၊ ဖြစ်ဖြစ်မြောက်မြောက်၊ ပီပီပြင်ပြင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးဆိုရင် ဘာကိုမှ ကြီးကြီးကျယ်ကျယ် ပြောနေဖို့ မသင့်ပါဘူး။

@@@

လူ့အဖွဲ့အစည်းဟာ တစ်ဦးချင်းက စပါတယ်။ လူတစ်ယောက်ချင်းစီ ကောင်းဖို့ဟာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတယ်။ လူတချို့က ဆင်ခြေပေးကြလိမ့်မယ်။ နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်နိုင်ပါဘူးလို့ ပြောကြမယ်။ သဲတစ်ပွင့်တည်းနဲ့ ဘာမှဖြစ်မလာဘူးလို့ ပြောကြလိမ့်မယ်။ နှစ်တစ်လုံးတည်းနဲ့ ဆီမဖြစ်ဘူးဆိုတာ နှမ်းရဲ့ကိစ္စ မဟုတ်ပါဘူး။ သဲတစ်ပွင့်တည်းနဲ့၊ အုတ်တစ်ချပ်တည်းနဲ့ ဘာမှဖြစ်မလာဘူးဆိုတာ သဲရဲ့အလုပ် မဟုတ်ဘူး။ အုတ်ရဲ့အလုပ်မဟုတ်ဘူး။ သဲတစ်ပွင့်ရဲ့ ကိစ္စ၊ အုတ်တစ်ချပ်ရဲ့ကိစ္စဟာ ပီပီပြင်ပြင် သဲတစ်ပွင့်ဖြစ်နေဖို့ ဖြစ်ပါ တယ်။ အုတ်တစ်ချပ်အဖြစ် လောက်လောက်လားလား ဖြစ်နေဖို့ဖြစ်ပါတယ်။ အုတ်တစ်ချပ်ဟာ အုတ်တစ်ချပ် လို့ လောက်လောက်လားလား ပြောနိုင်လောက်တဲ့ ဒုရှိရမယ်။ ဗျက်ရှိရမယ်။ သိပ်သည်းဆ အမာရှိရမယ်။ နှမ်း တစ်စေ့ဟာ ဆီဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာထက် နှမ်းတစ်စေ့ ပီပီသသ ဖြစ်ဖို့သာ တာဝန်ရှိပါတယ်။


လူတစ်ဦးချင်းစီကလည်း ထိုနည်းလည်းကောင်းပါပဲ။

• ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းဆရာ ပီပီသသဖြစ်ရမယ်။
• နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံရေးသမားစစ်စစ်ဖြစ်ရမယ်။
• ဝန်ထမ်းတစ်ယောက်ဟာ ဝန်ထမ်းပီသရမယ်။
• စစ်သားတစ်ယောက်ဟာ စစ်သားစစ်စစ်ဖြစ်ရမယ်။
• စာရေးဆရာတစ်ယောက်ဟာ စာရေးဆရာစစ်စစ်ဖြစ်ရမယ်။
• ဘုန်းကြီးဟာ ဘုန်းကြီးစစ်စစ်၊ သံဃာစစ်စစ်ဖြစ်ရမယ်။
• ခေါင်းဆောင်ဟာ ခေါင်းဆောင်ပီသရမယ်။
• အစိုးရဟာ အစိုးရ ပီပီသသဖြစ်ရမယ်။
• မိဘဟာ မိဘ ပီသရမယ်။
• စီးပွားရေးသမားဟာ စီးပွားရေးသမားစစ်စစ်ဖြစ်ရမယ်။

ကျနော်တို့ နိုင်ငံမှာ ကျောင်းဆရာ စစ်စစ်တွေ ရှားလာပြီ။ စစ်သားစစ်စစ်တွေ ရှားလာပြီ။ ဝန်ထမ်းစစ်စစ်ဆိုတာ ရှားသွားပြီ။ ဘုန်းကြီးစစ်စစ်၊ သံဃာစစ်စစ်ဆိုတာ ရှားသွားပြီ။ ဆရာဝန် စစ်စစ်ဆိုတာလည်း ရှားနေပြီ။ စာရေးဆရာစစ်စစ်၊ အနုပညာသမားစစ်စစ်တွေ ရှားနေပြီ။ ပပျောက်နေပြီ။ တိမ်ကောနေပြီ။ ဒီလိုနဲ့ မြန်မာ့လူ့ အဖွဲ့အစည်းလည်း ပျက်သင့်တာထက် ပိုပြီး ပျက်နေပြီ။ တစ်ဦးချင်းက မစရင် ၊ ဘယ်က စမလဲ။
ဖြစ်နိုင်ချေ မရှိတော့ပါဘူး။

မင်းသေ့
ည ၈ း ၃၉
၂၀ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ပါတီနိုင်ငံရေး နှင့် နိုင်ငံရေးပါတီ
Next post က သုံးလုံးနှင့် ချိနဲ့ လူ့အဖွဲ့အစည်း