စာညွှန်း /

ဗီဇနှင့်ပတ်ဝန်းကျင်၊ ဦးအေးမောင် ။

စာအုပ္အညႊန္း
Audio Book

လူဟာ ကိုယ့်ဗီဇကို ကိုယ်ကောင်းအောင် အမြဲလုပ်နေရသည်။ နဂိုမူလဓာတ်ခံအတိုင်း၊ ထားလိုက်လျှင် ပို၍ တိုးမလာ။ ပို၍ တက်မလာ။ ဒုံရင်းဒုံရင်း အတိုင်းသာ ဖြစ်လိမ့်မည်။ ဗီဇသည် ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသည်။ ပတ်ဝန်းကျင်သည် ဗီဇ၏ ပြုပြင်စီရင်မှုကြောင့် ပြောင်းလဲလာရသည်။ သည်နှစ်ခုသည် အပြန်အလှန် အမှီသဟဲဖြစ်နေသည်။ အပြန်အလှန် ကျေးဇူးပြုနေကြသည်။

“ကြက်မကြီး၏ ဝပ်ကျင်းထဲကို ကြက်ဥကလေးများ ဖယ်ပြီး၊ ကျောက်ခဲကလေးများ အစားထိုးလိုက်ရင် ကြက်ကလေးတွေ ပေါက်လာပါ့မလားး…။” ဗီဇသမားများ ပြောလေ့ရှိသော စကားဖြစ်သည်။ ဦးအေးမောင်၏ စာအုပ်ကို ဖတ်ရင်း ကိုယ့်ကိုယ်တွင်း ဓာတ်ခံကို ရှာကြည့်မိသည်။ ဓာတ်ခံဆိုတာ ဗီဇသဘောဖြစ်သည်။ ပတ်ဝန်းကျင်၏ ပြုပြင်စီရင်မှု၊ ပတ်ဝန်းကျင်၏ သက်ရောက်မှုကို ဘယ်၍ ဘယ်မျှ ခံရပြီးပါပြီလဲ။

ဗီဇသဘော၊ ပတ်ဝန်းကျင်သဘောကို ဘယ်သို့ ကြည့်ကြမည်လဲ။

ကျနော့်ကို ၈၈ အရေးအခင်းအပြီးမှာ မွေးသည်။ နဝတခေတ်မှာ လူဖြစ်ပြီး၊ နအဖခေတ်မှာ ကြီးပြင်းသည်။ အသွင်ကူးပြောင်းစ ကာလမှာ လူကြီးဘဝရောက်လာသည်။ ကျနော်နေထိုင်သည့်နိုင်ငံ၏ ဝန်းကျင်သည် ဘယ်သို့ ဘယ်ပုံ ရှိခဲ့ပါသနည်း။ နိုင်ငံ့ဝန်းကျင်၊ နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်ပုံတို့သည် ကျနော့်ဘဝကို သက်ရောက်စေပါသလား။ ၁၉၈၈ တွင် မြန်မာနိုင်ငံ၌ ဘာ့ကြောင့် လူထုအုံကြွမှု ဖြစ်ပါသနည်း။

ကျနော်က မြန်မာပြည်မှာ မမွေးဘဲ၊ အမေရိကန်မှာ မွေးဖွားသည်ဆိုလျှင် အခု ကျနော် ဘယ်လိုပုံစံမျိုး ရှိနေပါ မလဲ။ ကျနော်က နိုင်ငံဟူ၍ ရှိနေသော အထဲတွင် မွေးဖွားခဲ့၍ အခုလိုပုံစံဖြစ်နေပါသည်။ အကယ်၍ လူသူ မရောက်မပေါက်သော ကျွန်းထဲက၊ လူရိုင်းမျိုးနွယ်စု၌ ပေါက်ဖွားသော လူသားဆိုလျှင် ဘယ်လို ပုံစံဖြစ်နေပါ မည်နည်း။ စဉ်းစားစရာ ကောင်းလှသည်။


လူနှင့် ပတ်ဝန်းကျင်သည် ဘယ်လို သဘောဖြစ်ပါသနည်း။

လူများသည် အစိမ်းစား ဘဝမှ၊ စိုက်တတ်ပျိုးတတ်လာသည်။ စိုက်တတ်ပျိုးတတ်သည့်ဘဝမှ ခိုင်းတတ် စေတတ်သည့် ဘဝကို ရောက်လာသည်။ ထို့နောက် တီထွင်ကြံဆလာကြသည်။ ထို့နောက် စကြဝဋ္ဌာကို ခြေဆန့်လာကြသည်။ လူသားဗီဇသည် နှစ်သန်းပေါင်းများစွာဖြတ်သန်းပြီး တိုးတက်မှုအဆင့်တွေကို တိုး၍ တိုး၍ ရှာလို့ ရလာသည်။ ဗီဇသည် ဘယ်သို့သဘော ရှိပါသနည်း။
ပတ်ဝန်းကျင်လို့ ပြောသည့်နေရာတွင်၊ တစ်ဦးချင်းကနေ တစ်ဆင့်ခွာ၍ ကြည့်လာရမည်။ တစ်ဦးချင်းမှသည်၊ အများဆီသို့ ဘယ်လို များပြားသွားပါသနည်း။ အများကြောင်း လူတစ်ဦးဘယ်လို ပြောင်းလဲနိုင်သနည်း။ လူတစ်ဦးကြောင့် အများ ဘယ်လို ပြောင်းလဲသွားပါသနည်း။

ဟစ်တလာလို လူတစ်ယောက်ကြောင့် ဂျာမနီနိုင်ငံ၊ ဥရောပတစ်ခွင်နှင့် ဂျူးလူမျိုးများ၏ ဘဝအခြေအနေ ဘယ်လို ပြောင်းလဲသွားပါသနည်း။ ဗုဒ္ဓလို လူသားတစ်ယောက်ကြောင့် လောကကြီး ဘယ်လို အကျိုးဖြစ်ထွန်း နေပါသလဲ။ ကားလ်မတ်လို လူကြောင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ဘယ်လို ရှိလာပါသလဲ။ အဒမ်စမစ်လို လူကြောင့် လူသားနေထိုင်မှုဘဝတွေ ဘယ်လို ပြောင်းလဲသွားပါသလဲ။ ဂရေဟမ်ဘဲကြောင့် လူအချင်းချင်း အကြား ဆက်ဆံရေးတွေ ဘယ်လို ဖြစ်လာပါသလဲ။ ရိုက်ညီနောင်ကြောင့် ကမ္ဘာပေါ်က လူအများ၏ ရွေ့ပြောင်း သွားလာမှု ပုံစံ ဘယ်လိုဖြစ်နေပါသလဲ။

နောက် မေးခွန်းပုံစံတစ်မျိုး မေးပါမည်။

ကမ္ဘာစစ်ကြီး နှစ်ခုကြောင့် လူသားဘဝတွေ ဘယ်လို ပြောင်းလဲသွားပါသလဲ။ ကိုလိုနီစနစ်ကြောင့် နိုင်ငံများ၏ အနေအထား ဘယ်လို ပြောင်းလဲသွားပါသလဲ။ မုန်တိုင်းတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်းတို့ ကြောင့် လူသားများ ဘယ်လို ဖြစ်သွားကြပါသလဲ။ ကျောက်ရောဂါ၊ အေ့စ်ရောဂါ၊ ပလိပ်ရောဂါ၊ ဝက်သက်ရောဂါတို့ကြောင့် လူသားများ ဘယ်လိုဖြစ်သွားပါသလဲ။
လူတစ်ဦးချင်းစီကလာသော ဗီဇက ပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု။ ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် လူသားဘဝများ ပြောင်းလဲလာမှု။

ဖြစ်စဉ်တို့သည် ဆက်စပ်နေသည်။ ဖြစ်ရပ်တို့သည် အကြောင်းအကျိုးကြောင့် ပေါ်လာရသည်။ ဗီဇ၏ သဘောကို ဦးအေးမောင်က ဖော်ထုတ်ရေးသားသည်။ ပတ်ဝန်းကျင်၏ သဘောကို ဦးအေးမောင်က ရှင်းလင်း ပြသည်။ ကလလရည်ကြည် သန္ဓေတည်ကတည်းကပါလာသော ဓာတ်သတ္တိ၏ သဘောကို နှိုက်ထုတ်ပြသည်။ ဇီဝဗေဒသဘော၊ စိတ်ပိုင်းဆိုင်ရာသဘော၊ သိပ္ပံသဘောများဖြင့် ရှင်းလင်းပြသည်။ သည်စာအုပ်သည် အခုထိ ခေတ်မီဆဲ။ အခုထိ အသုံးဝင်ဆဲ။

ကိုယ်ရည်ကိုယ်သွေးကောင်း တည်ဆောက်ချင်သော လူငယ်တို့ ဖတ်သင့်သည်။ ကိုယ့်ဗီဇဓာတ်ခံက ဘယ်လို သဘောရှိသလဲ ဆိုတာ ကိုယ်တိုင်သိသင့်သည်။ ယောက်ျားဗီဇ၊ မိန်းမဗီဇ၏ ကွဲပြားခြားနားမှုကိုလည်း ရှင်းလင်း ထားသည်။ လူသားသတ္တဝါကို ခွဲခြမ်းစိတ်ဖြာလေ့လာထားသော စာအုပ်ဖြစ်သည်။ လူ့အသိုင်းအဝိုင်းတွင် ယူဆ ကြသော တွေးဆမှုများ၏ ဇာစ်မြစ်ကိုလည်း နှိုက်ထုတ်ထားသည်။ သည်ဓလေ့၊ သည်အယူအဆ၊ သည်အတွေး အခေါ်သည် ဘယ်သို့သောအကြောင်းရင်းကနေဖြစ်လာပါနည်း။ ဤမေးခွန်းများ၏ အဖြေကို ဦးအေးမောင် စာအုပ်က ရှင်းလင်းပြနိုင်သည် ထင်သည်။

စာအုပ်ပါအကြောင်းအရာကို ညွှန်းပြီးလျှင် စာရေးသူ ရေးခဲ့သော ခေတ်နှင့်စနစ်ကို အနည်းငယ် ဝေဖန်ချင်ပါ သည်။ ဦးအေးမောင်သည် စာပေဗိမာန်နှင့် လုပ်သားပြည်သူ့နေစဉ် တို့တွင် စာများ ရေးသားခဲ့သော ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် အနောက်တိုင်း ဒဿန၊ သိပ္ပံစာပေတို့ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားသူဖြစ်သည်။ ဦးအေးမောင်က ပါလီမန်ခေတ် ၊ အိမ်စောင့်အစိုးရလက်ထပ်လောက်ကတည်းက စာများ ရေးသားနေပြီဟု ယူဆရသည်။ ယခု ဗီဇ နှင့် ပတ်ဝန်းကျင် စာအုပ်ကို ၁၉၆၅ ခုနှစ်တွင် ပထမဆုံး ပုံနှိပ် ထုတ်ဝေသည်။ ခေတ်အားဖြင့် တော်လှန်ရေးကောင်စီတက်လာပြီး ၃ နှစ်ခန့်အကြာဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံကို ဘယ်သို့သော လမ်းစဉ်ဖြင့်သွားမလဲ ဆိုတာကို အပူတပြင်း ရှာဖွေနေသည့် ကာလဖြစ် သည်။ အညမည ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ကလည်း ဆိုရှယ်လစ်သဘောတရားတွေကို မြန်မာ့နည်း မြန်မာ့ ဟန်ဖြင့် ထုပ်ပိုးဖို့ စိုင်းပြင်းနေသာ ကာလဖြစ်ပါလိမ့်မည်။

လက်ဝဲသဘောတရားကိုလည်း ပယ်လို့ မဖြစ်။ လက်ဝဲကွန်မြူနစ်ဝါဒကိုလည်း တိုက်ရိုက်သုံးလို့ မလွယ်။ မြန်မာ လူထု၏ ထောက်ခံမှုဖြစ်သော နိုင်ငံရေးလမ်းစဉ်လည်းဖြစ်ဖို့လိုသည်။ မြန်မာ့ရေမြေနှင့် အပ်စပ်သော စနစ်မျိုး လည်းဖြစ်ရမည်။ မြန်မာလူထု၌ ဗုဒ္ဓဘာသာကိုးကွယ်မှုက စွဲမြဲနေသည်။

ဦးအေးမောင် စာအုပ်က ဗီဇနှင့် ပတ်ဝန်းကျင်၏ ဆက်စပ်မှုကို ပြောသည်။ ဗီဇနှင့် ပတ်ဝန်းကျင်၏ အညမည သဘော အပြန်အလှန် ဆက်စပ်ဖြစ်တည်နေမှုကို ပြောသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ ခေါင်းကိုင်ဖခင်ကြီး ဦးချစ်လှိုင်ကလည်း ဆိုရှယ်လစ်ဝါဒနှင့် ဗုဒ္ဓဝါဒ သဘောတရားများကို ပေါင်းစပ်ပစ်လိုက်သည်။ ထို့နောက် လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားဆိုပြီး ပေါ်လာသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ သဘော တရား အနှစ်ဖြစ်သည်။
သည်နေရာတွင် နိုင်ငံရေးစနစ်နှင့်သဘောကို မဝေဖန်လိုပါ။ ဦးနေဝင်းသည် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်ကို ၁၉၇၄ တွင် အတည်ပြုလိုက်သည်။ ဤသို့ဖြင့် မြန်မာပြည်သည် ဆိုရှယ်လစ် ဆိုင်းဘုတ်များ ကိုင်ပြီး ချီတက်ကြတော့သည်။ စဉ်းစားရမည့်ကိစ္စမှာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ မူရင်းအနှစ်သာရဖြစ်သော “လူနှင့် ပတ်ဝန်းကျင် အညမည သဘောတရား” ဟူ၍ ပီပီပြင်ပြင် မပေါ်ပေါက်သေးခင်၊ ဦးအေးမောင်၏ ဗီဇနှင့် ပတ်ဝန်းကျင်စာအုပ် ထွက်လာသည်။

ဦးအေးမောင်၏ စာအုပ်နှင့် ဦးချစ်လှိုင်၏ အညမည သဘောတရားတို့သည် ဆက်နွှယ်မှု ရှိမရှိ လေ့လာရန် ပင် ဖြစ်သည်။ လူပုဂ္ဂိုလ်ချင်း တိုက်ရိုက်နှီးနွှယ်မှု မရှိစေကာမူ၊ မြန်မာပြည်တွင် လူနှင့် အညမည သဘောတရား ပေါ်လာရန် စာပေဘက်၊ လူမှုဓလေ့ဘက်နှင့် နိုင်ငံရေးဘက်တို့တွင် ဆိုင်ရာအကြောင်းတရားများ ရှိနေသည်ဟု မှန်းဆနိုင်သည်။

ဗီဇနှင့် ပတ်ဝန်းကျင် စာအုပ် ၊ အခန်း (၁၇) ဗီဇနှင့်ပတ်ဝန်းကျင်၏ အညမညသဘော ဆိုသည့်အခန်း၌ ဤသို့ ဖော်ပြထားသည်။

“လောကတွင် လူအားလုံးသည် ညီတူညီမျှ မဖြစ်နိုင်။ လူတစ်ဦးနှင့် တစ်ဦးသည် ကာယဉာဏ ဝီရိယချင်း မတူညီနိုင်။ ထို့ကြောင့် မတူညီသော အရည်အချင်းအလိုက် ခြားနားခြင်းများ ရှိပေလိမ့်မည်။ သို့သော်လည်း မြင့်လွန်းသူက မြင့်ပြီး နိမ့်လွန်းသူက နိမ့်လွန်းခြင်းမျိုး မရှိစေရဘဲ ဆူကြုံနိမ့်မြင့် နည်းနိုင်သမျှ နည်းအောင် နည်းလမ်းမှန်စွာဖြင့် စီမံ ဆောင်ရွက်ရမည်သာ ဖြစ်သည်….၊ ဤသည်မှာ ခံယူချက်ဖြစ်၏။ မှန်လှ၏။…”

ကောက်နုတ်ချက် / စာ – ၂၉၇

မည်သို့ပင်ဖြစ်စေ လူနှင့် ပတ်ဝန်းကျင်အကြား အညမည ဆက်စပ်မှုသည်၊ နိုင်ငံရေးစနစ်အဖြစ် မရှိတော့စေကာ မူ မြန်မာလူထုအကြား သည်သဘောတရားများက စိမ့်ဝင်နေဆဲ၊ ပျံ့နှံ့နေဆဲ၊ လူထုကိုယ်တိုင်က လက်ခံ ယုံကြည် နေကြဆဲ ဆိုတာ လွဲမည် မဟုတ်ပေ။


ဖတ်နိုင်၊ လေ့လာနိုင်၊ စူးစမ်း ဆင်ခြင်နိုင်ကြပါစေ….။

မင်းသေ့
နံနက် ၉ း ၄၃
၂၂ ဒီဇင်ဘာ ၂၀၁၈
မင်းကွန်းတောင်ရိုး၊ မဂ္ဂင်ချောင်။

Previous post စာပေလူကြမ်းမင်းသား
Next post ရှေ့နှစ်လမ်းတိုး ၊ နောက်တစ်လှမ်းဆုတ်