စာညွှန်း / ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်

စာအုပ္အညႊန္း
Audio Book

• ဗုဒ္ဓကို လူသားစင်စစ်လို့ မြင်အောင် လုပ်ပေးသည့် စာအုပ်။
• ဆင်ခြင်တုံတရားကို ရှေ့ဆောင်ထားသည့် စာအုပ်။
• တန်ခိုးရှိန်စော်တွေကို ဖယ်ပြီး ပကတိအရှိကို မြင်အောင်ဖော်ပေးသည့် စာအုပ်။
• ဗုဒ္ဓဝင်နှင့် အဋ္ဌကထာဆရာတို့က ကွန့်ထား၊ ညွှန့်ထားတာကို တော်လှန်လိုက်သည့် စာအုပ်။
• သဘာဝကျကျ ဆင်ခြင်ဖော်ထုတ်ထားသည့် စာအုပ်။
• ကြောင်းကျိုးဆက်စပ်မှုနဲ့ ဝေဖန်စောကြောထားသည့် စာအုပ်။
• သဒ္ဓါလွန်သူများ မဖတ်ရဲသည့် စာအုပ်။
• ပညာချွန်သူများ ဖတ်ဖို့ အကောင်းဆုံးစာအုပ်။

စူးစမ်းတယ်လို့ ဆိုလိုက်ကတည်းက သိချင်လို့ မဟုတ်လား။

သိပြီးသားကိစ္စကို ဘယ်သူက စူးစမ်းနေတော့မှာလဲ။

သိချင်လို့သာ စူးစမ်းတာပဲ မဟုတ်လား။

သိချင်တယ်ဆိုတာကတည်းက သို့လောသို့လော ဖြစ်လို့ မဟုတ်လား။

သို့လောသို့လော ဆိုတာဟာ သံသယပဲ မဟုတ်လား။

စူးစမ်းတယ်ဆိုတာ သံသယစိတ်ကြောင့် ပေါ်လာရတာချည်းပဲပေါ့။

ဦးအေးမောင်၏ စာအုပ်နှင့် ပတ်သက်၍ ကျနော့် မှတ်ချက်ကို ရှင်းရှင်းနှင့် ဘွင်းဘွင်းပေးလိုက်ရပါသည်။ ဦးအေးမောင်ဆိုတာ ဗိုလ်ချုပ်ထက် တစ်နှစ်စောပြီး မွေးလာခဲ့တဲ့သူ။ ၁၉၃၂ မှာ ဆယ်တန်းအောင်ပြီး၊ ၁၉၃၇ မှာ ဆရာဖြစ် စာမေးပွဲကို အောင်ခဲ့သည်။ ထို့နောက် ကျောင်းဆရာလုပ်သည်။ လွတ်လပ်ရေးရပြီး၊ တော်လှန်ရေး ကောင်စီလက်ထပ်ကုန်တဲ့ အချိန်အထိ စာပေဗိမာန်မှာ လက်ထောက်အယ်ဒီတာ လုပ်သည်။ မြဝတီ၊ ဂါးဒီးယန်း နဲ့ လုပ်သားပြည်သူ့နေစဉ်တို့မှာ စာတွေရေးခဲ့သည်။ သူရေးသည့်စာတွေက ဘာသာရေး၊ စိတ်ပညာ၊ ဒဿနနဲ့ သိပ္ပံဆိုင်ရာ စာတွေများသည်။ ဦးအေးမောင်ရေးသည့် စာအုပ်များက နာမည်ကျော်သည်။ တော်တော်များများ က အခုအချိန်ထိ ပုံနှိပ်ထုတ်ဝေနေရဆဲ။ ဗီဇနှင့် ပတ်ဝန်းကျင်၊ စိတ်ပညာနှင့် ကိုယ်ကျင့်တရား၊ သေသည်၏ အခြားမဲ့၌၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စသည့် စာအုပ်တွေက ရောင်းတန်းဝင်နေဆဲ။ ရောင်းလို့ ပေါက်နေဆဲ။

စ,တွေ့

ကျနော် တက္ကသိုလ်ကျောင်းသား ဘဝက၊ ဦးအေးမောင်၏ စာအုပ်ကို စဖတ်မိသည်။ ပထမဆုံး ဖတ်မိသည့် စာအုပ်က လူ့စိတ်သဘာဝ စာအုပ်။ စိတ်ပညာအကြောင်းကို အနောက်တိုင်း သိပ္ပံပညာ ဆန်းစစ်ချက်တွေနှင့် ရေးသား ပြုစုထားခြင်းဖြစ်သည်။ အတော်နက်နဲသော စာအုပ်ဖြစ်၍ တော်တော်များများကို လိုက်မမှီ။ သို့သော် အနောက်တိုင်း စိတ်ပညာလေ့လာမှု တချို့ကို တီးမိခေါက်မိ လိုက်သည်။ ထို့နောက်၊ ဗီဇနှင့် ပတ်ဝန်းကျင် စာအုပ်။

ဗီဇနှင့် ပတ်ဝန်းကျင်၏ ဆက်စပ်မှု၊ ထိုနှစ်ခု၏ အပြန်အလှန်အမှီသဟဲ ပြုမှု၊ လူတစ်ယောက်အပေါ် ဗီဇ၏ လွှမ်းမိုးမှုနှင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု ဩဇာကို သိပ္ပံနည်းကျ ရေးသားထားသည်။ အနောက်တိုင်း ကျမ်းဂန်များကို လေ့လာ၍ ပြုစုထားသည်။ ဗီဇဓာတ်ခံကောင်းတစ်ခု မည်သို့ ပျိုးထောင်ရမည်ကို နားလည် လိုက်ရသည်။ ဆိုရှယ်လစ်ခေတ်ပေါက် လူကြီးတစ်ယောက်က ဤသို့သော စာများကို ရေးနိုင်ခဲ့ပါ့လားဆိုပြီး အံ့ဩမိသွားသည်။ ဦးအေးမောင်၏ ဇ,ကို စမ်းမိသွားသည်။ ရေးသောစာဖြင့် ရေးသူ၏ အဆင့်ကို တိုင်းတာနိုင် သည်။

ဤသို့

အခုလည်း ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ကို ဖတ်မိသွားသည်။ ဦးအေးမောင်က သူ့စာအုပ် အစတွင် ဤသို့ ရေးထားသည်။ “ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲ မရှိဘဲ ဗုဒ္ဓဓမ္မနှင့် သံဃာအကြောင်း ခြေခြေမြစ်မြစ် စူးစမ်းလေ့လာ လိုသော ပုဂ္ဂိုလ်များကို ရည်စူး၍ စီစဉ်ရေးသားပြုစုထားသော စာအုပ်ဖြစ်သည်….” ဟူ၍။

ဦးအေးမောင်က မြန်မာစာ၌သာ ကျွမ်းကျင်သည် မဟုတ်သေး။ အင်္ဂလိပ်စာအရေးအသား၌လည်း ကျွမ်းကျင်သူ ဖြစ်သည်။ မဟာစည်ဆရာတော်၏ တရာစာအုပ်ငါးအုပ်၊ မဇ္ဈိမနိကာယ် (မူလပဏ္ဏာသ)၊ ထေရအပဒါန် (ပထမပိုင်း) နှင့် မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ)များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ယခု ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ (သုံးတွဲပေါင်းချုပ်) ကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုခဲ့ပြီးဖြစ်သည်။ အမည်က The Buddha and His Teaching ဟူ၍ ဖြစ်သည်။

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ကျမ်းအတွက် ဦးအေးမောင်က ဤသို့ အလေးပြုထားသည်။
“ဗုဒ္ဓဒေသနာများကို ပေထက်အက္ခရာ မတင်မီက နှုတ်ငုံဆောင်၍ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်တော်မူသော ရဟန်းသံဃာများ၊ ပါဠိ ပိဋကတ်ကို မြန်မာပြန်ဆိုသော ပါဠိပညာရှင်များနှင့် ဗုဒ္ဓ, ဗုဒ္ဓဓမ္မ အကြောင်း နှိုက်ချွတ်လေ့လာသော အနောက်နိုင်ငံ ဗုဒ္ဓစာပေသုတေသီပညာရှင်တို့၏ ကျေးဇူးကား ကြီးမားလှ ပါသည်။ ထိုပုဂ္ဂိုလ်တို့အား ဤစာအုပ်ဖြင့် အလေးပြုပါသည်….” ဟူ၍ ဖော်ပြထားသည်။

ထိုကျမ်း

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒကျမ်း၌ ဆင်ခြင်တုံတရားကို တွေ့ရသည်။ ဝေဖန်ဆန်းစစ်ပိုင်းခြား တွေးခေါ်မှုကိုတွေ့ရသည်။ အထောက်အထား အကိုးအကားနှင့် ယုတ္တိတန်တန် ဖြေရှင်း ထုတ်နှုတ်ဖော်ပြထားသည်ကို တွေ့ရသည်။ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒသည် ထင်မြင်ချက်သက်သက်ဖြင့် ရေးသားထားသော ကျမ်းမဟုတ်။ အရှေ့တိုင်း ကျမ်းရိုးများကို ချည်း ကိုင်၍ ရေးသားထားသော ကျမ်းတစ်စောင်လည်း မဟုတ်။ အနောက်တိုင်းကျမ်းဂန်များကို အားကိုးပြု၊ လူတွယ်ကျယ် လုပ်ထားသော ကျမ်းစာလည်း မဟုတ်။ သဒ္ဓါယိုဖိတ်၍ ဝပ်တွားခယထားသော စာအုပ်လည်း မဟုတ်။ ဗုဒ္ဓကို ထာဝရဘုရားသခင်လို မွှန်းထားသော စာအုပ်လည်း မဟုတ်။

ထာဝရဘုရားသခင်ကဲ့သို့ အဋ္ဌကထာဆရာများ ကွန့်ထား ညွှန့်ထားသည်ကို ဆင်ခြင်ဉာဏ်ဖြင့်၊ အထောက် အထားကျကျ လေ့လာသုံးသပ်ထားသော စာအုပ်ဖြစ်သည်။ မျက်ကန်းဗုဒ္ဓဘာသာတို့ များစွာ ဖတ်သင့်သော စာအုပ်ဖြစ်သည်။ မိရိုးဖလာ နယ်မှ လွတ်မြောက်လိုသော မြန်မာများ နာနာဖတ်သင့်သည်။ နာနာဖတ်ရမည်။ စဉ်းစားတွေးခေါ်ခြင်းနှင့် ဆင်ခြင်တုံတရားကို တန်ဖိုးထားသည့် မြန်မာများ ဖတ်ရမည့် စာအုပ်ဖြစ်သည်။

မူရင်း

ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒဖြစ်သည်။ ဆင်ခြင်စဉ်းစား၊ လေ့လာစူးစမ်းမှုကို ပြုသော ဝါဒဖြစ်သည်။ အရမ်းယုံ၊ အကန်းယုံ ဝါဒ မဟုတ်။ တရားသေဝါဒ မဟုတ်။ သဘာဝနှင့် ဆန့်ကျင်သော ဝါဒမဟုတ်။ ကာလမသုတ်ကို ပမာထား၍ ပြောရပါမည်။ အမြဲမပြတ် ဝေဖန်လေ့လာစူးစမ်းခြင်းကို အလိုရှိသော ဝါဒဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ငြင်းဆန်သော ဝါဒဖြစ်ပါသည်။


သို့သော် ယခု ဗုဒ္ဓဘာသာသည် ပုဂ္ဂိုလ်ကို ကိုးကွယ်သော ဝါဒ ဖြစ်နေသည်။ ဗုဒ္ဓကိုယ်တိုင်က “ငါဘုရားကို မြင်သောသူသည် ငါ့တရားကို မြင်၏။ ငါ့တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏” ဟု တိတိကျကျ ဟော ထားသည် မဟုတ်လား။

ပညာဓိက

ကိုးကွယ်သော ဂေါတမဘုရားသည်လည်း ပညာဓိကဘုရားဖြစ်ခြင်းကြောင့်၊ ပညာကို အဓိပတိထား၍ ကိုးကွယ် ဆင်ခြင်ဖို့ဖြစ်သည်။

ကြားဖူးသော စကားတစ်ခုရှိပါသည်။

“ဘုရားကို ဆင်းတုကွယ်တယ်။ တရားကို ပိဋကတ် ကွယ်တယ်။ သံဃာကို ဘုန်းကြီးကွယ်တယ်…” ဆိုသည့် စကားဖြစ်ပါသည်။

မြန်မာပြည်မှာ အနှစ်အသားတို့ ပျောက်နေသည်။ ဦးအေးမောင်၏ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒကျမ်းကို ၁၉၆၂ မှာ ရေးသည်။ ၁၉၆၃-၆၄ တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ မဟာမြိုင်တောရ ဦးဇောတိက,က ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ကို အတော်သဘောကျတယ်ဆိုတာ ဖတ်ဖူးသည်။ စဉ်းစားဆင်ခြင်ဉာဏ်ကို အလေးထားသူတို့၊ လွတ်လပ်စွာ တွေးခေါ်သူတို့၊ ဘာသာရေး မှိုင်းဝါဒများက လွတ်အောင်ကြိုးစားသူတို့ ဖတ်ကြသော စာအုပ် ဖြစ် ပါလိမ့်မည်။

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်မှာ ကျမ်းအမျိုးအစားဖြစ်သည်။ လေ့လာဆန်းစစ်မှုများကို အကိုးအကား၊ အထောက် အထား၊ အောက်ခြေမှတ်စုများဖြင့် ရှင်းလင်းပြထားသည်။ တွေ့ကရာ ကောက်ယူထားသော အချက်အလက် များ မဟုတ်။ အစွန်းရောက်သော အယူအဆများ မပါ။ ဗုဒ္ဓလမ်းစဉ်ဖြစ်သော မဇ္ဈိမနည်းနာ (အလယ်အလတ် နည်း) ကို ကိုင်၍ ရေးသားပြုစုထားသော စာအုပ်ဖြစ်သည်။

သည်လို…

ဆရာကြီး ဦးအောင်သင်းက၊ ဦးအေးမောင်ကို အင်တာဗျူး တစ်ခု လုပ်ဖူးသည်။ သည်အင်တာဗျူး၌၊ ဆရာကြီး ဦးအေးမောင်က အခုလို ပြောထားသည်။

“ဒီ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ကို ရေးဖို့ ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ မတိုက်တွန်းတဲ့ပြင် တစ်ချို့က ဆိုရင် ဒီစာအုပ်ကို မရေးဖိုတောင်မှ သတိပေးခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ရေးခဲ့တယ်။ ရေးပြီးတော့ စာရေးဆရာတစ်ယောက်ဆီကို ဖတ်ပြီး ထင်မြင်ချက်ပေးဖို့ စာမူကို ပေးလိုက်ပါတယ်။ တကတဲ ကိုအောင်သင်း ရယ်၊ စာမူကို ပြန်မပေးတော့ပါဘူး။ ကျွန်တော့်ဆီမှာ မိတ္တူကျန်ရစ်ခဲ့သေးလို့ ကံကောင်းတယ်လို့ ဆိုရမှာပေါ့” ဆိုပြီး ဆရာကြီး ဦးအောင်သင်းရဲ့ အမေးကို ဖြေထားပါတယ်။
ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်နှင့်ပတ်သက်ပြီး ဆရာကြီး ဦးအောင်သင်းက ထပ်မေးတော့ ဦးအေးမောင်က ထပ်ဖြေသည်။ ဖြေကြားချက်များကို ဆက်စပ်၍ တင်ပြလိုက်ပါမည်။

“ဗုဒ္ဓရဲ့ အလိုနဲ့ အညီ နားလည်ရမယ်ဆိုရင် ဗုဒ္ဓဝါဒီ တစ်ဦးဟာ (တစ်) ဗုဒ္ဓအထူးပြု ဟောကြားခဲ့တဲ့ တရားတွေ (ဥပမာအားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး ဆိုတာမျိုးတွေကို) စူးစမ်းလေ့လာခြင်း၊ (နှစ်) ကျေကျေညက်ညက် နားလည်ခြင်းနှင့် (သုံး) လိုက်နာကျင့်သုံးခြင်း ဆိုတဲ့ အင်္ဂါသုံးပါးနဲ့ ပြည့်စုံနေရပါမယ်။ ဒီနေရာမှာ တစ်ဆက်တည်း ပြောလိုက်ချင်တာက စူးစမ်းလေ့လာရမယ်ဆိုတာ ဗုဒ္ဓက အတော်ကြီးကို အလေးအနက်ထား ပြီး ဟောကြားခဲ့တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ စူးစမ်းတယ်လို့ ဆိုလိုက်ကတည်းက သိချင်လို့ မဟုတ်လား။ သိပြီးသားကိစ္စကို ဘယ်သူက စူးစမ်းနေတော့မှာလဲ။ သိချင်လို့သာ စူးစမ်းတာပဲ မဟုတ်လား။ သိချင်တယ်ဆိုတာကတည်းက သို့လောသို့လော ဖြစ်လို့ မဟုတ်လား။ သို့လောသို့လော ဆိုတာဟာ သံသယပဲ မဟုတ်လား။ စူးစမ်းတယ်ဆိုတာ သံသယစိတ်ကြောင့် ပေါ်လာရတာချည်းပဲပေါ့။ သို့သော်လည်း နေရာတကာမှာ သံသယစိတ် လွန်ကဲနေပြန်ရင်လည်း အသိပညာတိုးပွားမှု မရှိနိုင်တော့ဘူး။ ဒါ့ကြောင့် အသိပညာရှာတဲ့အခါမှာ သံသယစိတ် လွန်ကဲမှုနဲ့ မျက်စိမှိတ်ယုံကြည်မှု ဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းကို လိုက်ဖို့ လိုပါတယ်….”

ဦးအေးမောင်၏ စကားများကို ထောက်ချင့်ပြီး၊ ဦးအေးမောင်၏ အဇ္ဈတ္တကို ဖမ်းနိုင်ပါလိမ့်မည်။ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ကျမ်းစာအုပ် ထွက်လာချိန်မှာ မြန်မာပြည်၏ ဘာသာရေးလောကအတော် ဂယက်ထသွားသည်ဟု သိရသည်။ မိရိုးဖလာ၊ သဒ္ဓါလွန်ယိုဖိတ်သူတို့ များပြားသော မြန်မာ့ ဗုဒ္ဓဘာသာဝင်တို့အကြား အတော်ကြီး လှုပ်ခတ်သွား မည်ထင်သည်။

ပျင်းသူတို့ ဖတ်မည် မဟုတ်

သို့သော် တစ်ဖက်လည်း တွေးမိပြန်သေးသည်။ မိရိုးဖလာသမား၊ သဒ္ဓါလွန်သူများက ပျင်းသူတွေ များသည်။ ပျင်းသူက စဉ်းစားခြင်း၊ လေ့လာခြင်း၊ စူးစမ်းခြင်းကို လုပ်လေ့ မရှိ။ ပျင်း၍ ကြောက်၍ ပြောတာကို မျက်စိမှိတ် ယုံလိုက်သည်သာ များသည်။ စူးစမ်းခြင်း၊ လေ့လာခြင်း၊ ဖတ်ရှုခြင်းက အားထုတ်ရသည်။ ကြောင့်ကြစိုက်ရ သည်။ အလကား မရ။ ထိုင်နေရင်း မရ။ ဦးအေးမောင်စာအုပ်ကို လေ့လာသူ၊ စူးစမ်းချင်သူ၊ သိချင်သူ၊ နားလည်ချင်သူ၊ စဉ်းစားဆင်ခြင်လိုသူများသာ ဖတ်ဖို့ များပါသည်။ ထို့ကြောင့် မိရိုးဖလာနယ်၌ ဖာသိဖာသာ နေသူများလည်း များချင်များပါလိမ့်မည်။


မည်သို့ပင်ဖြစ်စေ ဦးအေးမောင်စာအုပ်က၊ ကျနော့်အတွက် အတော် အသုံးတဲ့သည်။ သမားရိုးကျ မဟုတ်သော စာအုပ်ကို ဖတ်ရ၍ ဆင်ခြင်ဉာဏ်ပွားရသည်။ စူးစမ်းလေ့လာမှု အားထုတ်ရသည်။ သည်စာအုပ်ကို ဖတ်အပြီး၊ ကျနော့် စိတ်ထဲတွင် ဗုဒ္ဓကို လူသားစင်စစ် တစ်ယောက်လို သဘာဝကျကျ တွေးမြင်လာနိုင်ခဲ့သည်။ ယခင် ကတည်းက ဗုဒ္ဓကို ဘုရားဟု ကျနော် မမြင်။ လူသားစင်စစ်လို့ မြင်ခဲ့ပါသည်။ သည်စာအုပ်ကို ဖတ်အပြီး မဟာလူသားတစ်ဦး၏ သဘာဝကျသော အပြုအမူများ၊ လေးစားကြည်ညိုထိုက်စရာများကို ပို၍ တွေ့လာရ သည်။ ထို့ကြောင့် လူသားပိုဆန်လာသော ဗုဒ္ဓကို ကျနော် ပို၍ ကြည်ညိုလာရသည်။

စူးစမ်းခြင်း၊ လေ့လာခြင်း၊ စဉ်းစားဆင်ခြင်ခြင်း အလေ့ကို အားပေးသော ဗုဒ္ဓ၏ လမ်းစဉ်ကို ဦးညွှတ်ပါ၏။ ဦးခိုက်ပါ၏။

မင်းသေ့
နေ့လည် ၁၂ း ၄၃
၂၁ ဒီဇင်ဘာ ၂၀၁၈
မင်းကွန်းတောင်ရိုး၊ မဂ္ဂင်ချောင်။

Previous post စာရေးဆရာများ
Next post စာပေလူကြမ်းမင်းသား