စာညွှန်း /

စာပေလူကြမ်းမင်းသား အောင်သင်းနှင့် တွေ့ဆုံပေးခြင်း ၊ ဝင်းငြိမ်း။

စာအုပ္အညႊန္း
Audio Book

ဆရာ ဝင်းငြိမ်းက ဆရာကြီး ဦးအောင်သင်းကို ပေဖူးလွှာအတွက်၊ အင်တာဗျူးသည်။ ဆရာ အောင်သင်းကို ကျနော် သဘောခွေ့သည်။ အရေးအသားပိုင်းနှင့် အပြောအဟောပိုင်းတွင်ပါ သဘောကျသည်။ ရေးသော စာ တင်ကောင်းသည် မဟုတ်။ အဟောအပြောမှာလည်း ပွဲကျအောင်ပြောနိုင်သော စာပေလူကြမ်းကြီးပါ တကား။

ဝင်းငြိမ်းက ဆရာ အောင်သင်းကို စာပေလူကြမ်းမင်းသားနှင့် တွေ့ဆုံခြင်းဟု ခေါင်းစဉ်တပ်သည်။ ဤပုဒ်၌ ဆန့်ကျင်ဘက် ဝေါဟာရ နှစ်လုံးကို တွဲထားသည်ကို တွေ့ရသည်။ ‘လူကြမ်း’ နှင့် ‘မင်းသား’ ။ လူကြမ်းနှင့် မင်းသားသည် တူ မတူ ဆိုတာကို ကျနော် စဉ်းစားနေမိသည်။ မည်သို့ပင်ဖြစ်စေ၊ ဆရာကြီး ဦးအောင်သင်း သည် စာပေနယ်မှာ လူကြမ်း ဇာတ်ကောင်၊ မင်းသား ဇာတ်ဆောင်ဘဝမှာ ပီပီပြင်ပြင် ကပြခဲ့သူ ဖြစ်ပါသည်။

ကျနော် ဆယ်ကျော်သက်ဘဝကတည်းက၊ ဆရာ ဦးအောင်သင်း လေသံဖြင့် ရင်းနှီးနေခဲ့ပြီ။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်သည် ကျနော်တို့ မှီးကောင်ပေါက်အရွယ်မှာ အသည်းကျော် ဖြစ်ခဲ့ရသော စာအုပ်။ စကား လုံး ပြောင်မြောက်ခြင်းဆိုသည်ကို ထိုစဉ်ကတည်းက သတိထားမိခဲ့သည်။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်ဖတ်ခဲ့စဉ်က၊ အခုထိ မှတ်မိနေသည့် စကားလုံး တစ်လုံး ရှိသည်။ ‘ဖဲမီးလှုံသည်’ ဆိုသည့် စကားလုံး။

ကိုယ်တိုင် ဖဲမရိုက်သော်လည်း၊ ဖဲဝိုင်းနဘေးတွင် ဝင်ငေးနေသူကို ဖဲမီးလှုံသည်ဟု ဆရာကြီးက သုံးနှုန်းလိုက် သည်။ သည်စကားလုံးကို ကျနော် ဆယ်ကျော်သက် ဘဝမှာ ကတည်းက စွဲသွားသည်။ ဖဲဝိုင်းနဘေး ကျနော် ရောက်သွားတိုင်း သည်စကားလုံးက ကျနော့်ကို ခြောက်လန့်နေသည်။ လောင်းကစားဝိုင်းမှာ ကျနော် ရှိမနေ တော့။ သည်လောက်အထိ ဆရာကြီး ဦးအောင်သင်း၏ ဩဇာသည် ကျနော့်အပေါ် သက်ရောက်ခဲ့သည်။ ထိုစဉ်ကတည်းက ဆရာကြီး ဦးအောင်သင်းဆိုတာ ကျနော့်၏ မမြင်ဖူးရသော ဆရာတစ်ယောက်လိုဖြစ်နေခဲ့ သည်။ လူငယ်မျိုးဆက်အပေါ် ဆရာ့၏ ဩဇာကြီးခဲ့ပါလိမ့်မည်။ စာဖတ်သည့်လူငယ်များကို ဆိုလိုပါသည်။ စာရေးဆရာတစ်ယောက်က စာ မဖတ်သည့် လူငယ်များအပေါ် ဘယ်လိုမှ ဩဇာလွှမ်းမိုးလို့ မဖြစ်နိုင်ပါ။

“ငယ်ငယ်ရွယ်ရွယ်မှာ အချစ်ရေးကံကောင်းရင်၊ ပညာရေးမှာ ကံခေ တတ်တယ်…” ဆိုသည့် စကားကြောင့်၊ အချစ်ရေးကံမကောင်းခဲ့သော ကျနော့်ကိုယ် ကျနော် ဂုဏ်ယူလိုက်မိသည်။ ဆရာကြီး ဦးအောင်သင်း၏ ကျေးဇူး ဖြစ်ပါသည်။ စာပေဝေဖန်ရေး၊ လူငယ်လမ်းညွှန်ရေးများကို တစိုက်မတ်မတ် လုပ်လာသော ကျောင်းဆရာ တစ်ယောက်ကို ကျနော် ချစ်နေသည်။ ဆရာ့ ဟောပြောချက်များ နားထောင်ရလျှင် ကျနော့် ဦးကြီး၊ ဘကြီးတစ် ယောက်၏ လေသံမျိုး ကြားနေရသည်။ ပြီးတော့ ကျနော့်ကို ဆုံးမနေသည်ဟု ထင်နေသည်။ ဤသည်မှာ၊ ဆရာကြီးဦးအောင်သင်း နှင့် ပတ်သက်သော ကနဦးနိဒါန်းဖြစ်ပါသည်။

@@@

စာပေစောင့်နတ်

ဆရာ ဝင်းငြိမ်း အင်တာဗျူးလို့ ကျနော်တု့ိ ဖတ်ခဲ့ရသည့် စာ။ ၁၉၈၈ ကာလတစ်ဝိုက် ဖော်ပြခဲ့သော ပေဖူးလွှာ အင်တာဗျူးများ။ အဗျူးခံရသူကို သဘောခွေ့သွား၍ ဗျူးသူကိုလည်း သဘောကျသွားသည်။ တက္ကသိုလ် စာသင်ခန်းထဲမှ စာပေဝေဖန်ရေး ကျောင်းဆရာတစ်ယောက်၊ စာပေလောကထဲ ချဉ်းနင်းဝင်ရောက်လာပုံကို သိရသည်။ အဝေဖန်ခံရသူများက မကျေနပ်၏ အဆဲခံရသည်။ တက္ကသိုလ် ပရဝုဏ်မှ စာပေဥယျာဉ်သို့ ပြောင်း ရွေ့ခဲ့သော ဆရာ့ အတွက် ကြိုဆိုလက်ကမ်းမည့်သူ အနည်းငယ်သာ ရှိခဲ့လိမ့်မည် ထင်သည်။


စာပေဝေဖန်ရေးဆရာကို စာပေစောင့်နတ်ဟု နာမည်တပ်လိုက်ချင်ပါသည်။ အကြောင်းမှာ၊ စာပေအရည် အသွေးကို စောင့်ကြည့်အကဲဖြတ်နေသူ၏ တာဝန်ကို ယူလို့ဖြစ်ပါသည်။ ဝေဖန်ရေးခေတ်မထတော့သော၊ ယခု နေ့လို ခေတ်၌ ဝေဖန်ရေးလည်း ပျက်သုဉ်း၊ စာပေအရည်အသွေးလည်း ကျဆင်း ဖြစ်လာသည်။ ပင်ကိုယ်ရေး တွေ၊ ဘာသာပြန်တွေ ဖောချင်းသောချင်းထွက်နေသော်လည်း မှတ်ကျောက်တင်ခံနိုင်သော စာပေများ ရှားလာ သည်။ ယခင် ဆင်ကလောင်ကြီးများ၊ ကလောင်ဘိုးအေကြီးများသည်လည်း အရွယ်ကြီးရင့်ပြီဖြစ်၍ စာသစ်များ ခပ်စိပ်စိပ် မထွက်လာနိုင်တော့။ သည်ထဲက တချို့တလေသာ တွေ့ရတော့သည်။

အဟောင်း ၊ ယခု

အသစ်တွေ ခံတွင်းမလိုက်တော့၊ အဟောင်းတွေ ပြန်ရှာဖတ်ရသည်။ အဟောင်းတွေထဲက၊ ပြန်ဖတ်ရတော့ အသစ်လို ဖြစ်လာပြန်သည်။ ၈၈ ၊ ၉၀ တစ်ဝိုက်က စာပေအခင်းအကျင်းပုံစံ၏ တစ်စိတ်တစ်ဒေသကို တွေ့ လိုက်ရသည်။ အွန်လိုင်း မီဒီယာ မဖွံ့ဖြိုးသေးတော့၊ မဂ္ဂဇင်းစာမူများအပေါ် စာဖတ်သူတို့က အာရုံတစ်စိုက် ဖတ်ကြသေးသည်။
လာင်သွေးသူများကလည်း စာမူ တကူးတက ပို့ဖြစ်ကြတော့သည်။ အခုတော့ ဤသို့ မဟုတ်။
လူမှုစာမျက်နှာပေါ်မှာ ကိုယ်ပိုင်သီးသန့် ပလက်ဖောင်းတစ်ခုစီကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်ကုန်ကြ ပြီ။ အယ်ဒီတာ စားပွဲကို ဖြတ်ရန် မလိုတော့။ စာဖတ်သူကို တိုက်ရိုက် ဖြန့်ချိသည့်စနစ်။ စာဖတ်သူကလည်း တိုက်ရိုက်ဝေဖန် စောကြောလို့ ရနိုင်သည့်အဆင့်။ မကြိုက်တာတွေ့လျှင်လည်း ခပ်ကြမ်းကြမ်း၊ ပေါ်ပေါ်ထင် ထင် ဆဲလို့ ရသည့် အခြေအနေရောက်လာသည်။ အရင်ကနှင့် တစ်ခေတ်ခြားသွားသည်။ စာဖတ်သူသည် ဝေဖန်ရေးတာဝန်ကို တိုက်ရိုက် တာဝန်ယူလာသည့် သဘောဖြစ်လာသည်။ အခင်းအကျင်းက ပွင့်လင်း၊ လွတ်လပ်လာသလို စနစ်တကျ စာပေဝေဖန်ရေးလည်း ပျောက်ဆုံးလာသည်။ ဝေဖန်ရေး ပျောက်ဆုံးလာသည် နှင့်အတူ စာပေအရည်အသွေးလည်း ကျဆင်းလာသည်။

ဆရာကြီး ဦးအောင်သင်းသည် ချစ်မွှေးပါသည်။ သူ့စကားကြမ်းကြမ်းများမှာ ကျနော်တို့အတွက် နားဝင်လွယ် သည်။ အပြောခံရသူက အောက်သက်သက်နှင့် ဆရာ့ကို ပို၍ပင် ချစ်သွားသေးသည်။ ဤသည်မှာ ကျနော်တို့ လူငယ်မျိုးဆက်ဘက်က အမြင်ဖြစ်ပါလိမ့်မည်။ ဆရာနှင့် ရွယ်တူ၊ တန်းတူကြီးများကတော့ ထိုသို့ ဟုတ်မည် မထင်။ ဝတ္ထုတွေကို ဝေဖန်ရအောင်၊ အောင်သင်းက ဝတ္ထုဘယ်နှပုဒ်ရေးဖူးလို့လဲ…. လို့ တုံ့ပြန်ကြသည်။ သူတို့ ရေးသည့် ဝတ္ထုများကို အောင်သင်းပေတံဖြင့် တိုင်းတာကို ခံစားရခက်နေကြသည်။ လူ့သဘောက ဤသို့ ဖြစ် ပါလိမ့်မည်။

တောင်တွင်းကြီးသား ဆိုတာ…

ဆရာကြီး ဦးအောင်သင်းမှာ တောင်တွင်းကြီးသားဖြစ်သည်။ တောင်တွင်းကြီးကို ကျနော် ဖြတ်သွားခဲ့ဖူးသည်။ သရက်ထောင်ဖောက်ခဲ့စဉ်က… ဆိုသည့် စာအုပ်ကို ဖတ်ပြီး၊ သရက်ထောင်နံရံကြီးကို သွားကြည့်ဖူးသည်။ ကျနော်နှင့်အတူ ပါလာသော အစ်ကိုများကို၊ ‘ဒါ ဆရာအောင်သင်း ထောင်ဖောက်ပြေးခဲ့တဲ့ သရက်ထောင်’ ဆို ပြီး ပြောခဲ့ဖူးသည်။ ထောင်ထဲမှာပင် အင်္ဂလိပ်စာ တတ်ခဲ့သည့် ချာတိတ်လေးတစ်ယောက်၊ ကျောင်းပညာ ကံ မကောင်းခဲ့သည့် ကောင်လေးတစ်ယောက်၊ တစ်ချိန်မှာ တက္ကသိုလ်မှာ ကျောင်းဆရာ လာဖြစ်သည်။ မြန်မာ့ စာပေလောက၏ ရွှေကလောင်ဖြစ်လာသည်။

ဆရာဝင်းငြိမ်းကတော့ ပြောသည်။ မြန်မာ့ရုပ်ရှင်လောကမှာ၊ လူကြမ်းကို အကယ်ဒမီပေးလေ့ မရှိဘူး…တဲ့။ စာပေလူကြမ်းမင်းသား ဆရာ့အတွက်၊ မြန်မာစာပေလောကမှာ အကယ်ဒမီရရေး မဟုတ်။ ကျောင်းဆရာတို့ ဉာဉ်အတိုင်း သွန်သင်လမ်းပြ၊ ဝေဖန်ဆန်းစစ်တတ်အောင် လုပ်ပေးရန်သာ ဖြစ်သည်။ ဆင်ခြင်တုံတရားနှင့် ယုတ္တိကျကျ စဉ်းစားတတ်ဖို့ ဆရာက သင်ပေးခဲ့ပါသည်။ တက္ကသိုလ်စာသင်ခန်းမှာလည်း ဤတာဝန်ကို ယူခဲ့ သည်။ စာပေလောကသို့ ဝင်၍ ဤတာဝန်ကိုပင် ထမ်းဆောင်ခဲ့သည်။

ကျောင်းဆရာ

ဆရာကြီး ဦးအောင်သင်း၏ တပည့်များ၊ တပ်မတော်ထဲတွင် ခပ်များများ ရှိပါသည်။ သူ့တပည့်များက နောင်တစ်ချိန်မှာ ရာထူးအဆင့် ခပ်ကြီးကြီး ဖြစ်ကုန်ကြသည်။ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး အဆင့် ထိ ရောက်သူတို့ ရောက်ကုန်ကြသည်။ တချို့ တပ်ဘက်က အငြိမ်းစား အရာရှိဟောင်း မိတ်ဆွေများဖြင့်၊ တွေ့ ရင်း စကားစပ်မိလျှင်၊ ဆရာကြီး ဦးအောင်သင်းဟာ သူတို့ ဆရာဖြစ်ခဲ့ကြောင်း…. ပြောဖြစ်ကြသည်။ ဆရာ့ သဘော၊ ဆရာ့မနောနှင့် အရိုးခံ စိတ်သည် အရွယ်မခြား၊ နယ်ပယ်မခြား ခံစားလို့ ရနေသည်။ ရိုးဖြောင့်ပေစွ။

စာရေးဆရာကြီး အောင်သင်း

• အဟောအပြောကောင်းသော ဆရာ၊
• ချက်ကျလက်ကျ ပြောတတ်သော ဆရာ၊
• စကားလုံး ပြောင်မြောက်သော ဆရာ၊
• ခံရသူမှာ ပိဿလေး ဘေးပစ်သလို စွမ်းခဲ့သော ဆရာ၊
• စာသင်ခန်းထဲက စာပေဝေဖန်ရေးဆရာ၊
• နောက်တော့၊ စာပေလောကမှာ စာပေဝေဖန်ရေးဆရာ၊
• ကျောင်းဆရာ၊
• စာရေးဆရာ၊
• လူငယ်လမ်းညွှန်ရေး ဆရာ၊
• သရက်ထောင်ဖောက်ခဲ့သည့် ဆရာ၊
• ထောင်ထဲမှာ အင်္ဂလိပ်စာ တတ်အောင်သင်ခဲ့သည့် ဆရာ၊
• တောင်တွင်းကြီးသား၊
• နိုင်ငံရေးသမား သခင်ညီမောင့် သား၊

ဆရာကြီးသည် လူငယ်များ၏ စာရိတ္တမဏ္ဍိုင်ကို ထူထောင်ပေးနိုင်ခဲ့ပါသည်။ စာပေကို ချစ်တတ်ဖို့၊ ကိုယ့်နိုင်ငံ ကြီးပွားဖို့၊ တိုင်းတပါးနှင့် ယှဉ်ရင် အောက်ကျနောက်ကျ မဖြစ်ဖို့ ဆော်ဩခဲ့ပါသည်။ ပညာတတ်အောင် သင်ယူဖို့၊ ပြောသည်။ ပညာမတတ်လို့ ကျွန်ဖြစ်ရခြင်းကို သာဓက ထုတ်ပြသည်။ ပညာနဲ့ ခေတ်ကို မ,တင်ကြဖို့ ဆော်ဩသည်။ ထို့ကြောင့် ဆော်ဩရေးမှူး အမည်နာမကိုပါ တပ်ပေးလိုက်ပါမည်။

ခေတ်စနစ်မှာ အံ့ချော်လွဲမှားနေတာတွေကို၊ မကြောက်တမ်း မရွံ့တမ်း ထောက်ပြဟောပြောတတ်သူ ဖြစ်ခဲ့ပါ သည်။ တချို့ကတော့ တပ်ထဲက သူ့တပည့်တွေ အားကိုးနဲ့ မိုက်နိုင်တာပေါ့… ဟု ဆိုကောင်းဆိုကြပါမည်။ ထောင်မကြောက် တန်းမကြောက် စစ်အစိုးရခေတ်မှာ ခပ်ကြမ်းကြမ်း ဟောပြောချက်များကို ဟောခဲ့သူမှာ ‘အောင်သင်း’ ဖြစ်ပါသည်။ ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်ပစ်မည့် လူသားဖြစ်လိမ့်မည်။

@@@

ဟိုတစ်ချိန်က စာပေအယူအဆများကို ဖတ်လိုက်ရလို့ ၊ စာသမား၏ မျက်စိအာသာပြေခဲ့ပါပြီ။ ဆရာဝင်းငြိမ်းကို လည်း ကျေးဇူးတင်လိုက်သည်။ ပေဖူးလွှာက ကဏ္ဍတစ်ရပ်အနေနဲ့ အားထုတ်ခဲ့လို့၊ ယခု တန်ဖိုးဖြစ်နေခြင်း ဖြစ်သည်။ စာရေးဆရာသည် လူသေသော်လည်း ကလောင်မသေပါ။ စာများကို ချန်ခဲ့ပါသည်။ စကားများကို ချန်ခဲ့ပါသည်။ ဟောပြောချက်များ၊ အင်တာဗျူးများသည် အခုထိ အသုံးဝင်နေဆဲဖြစ်ပါသည်။ ခေတ်စနစ်ကို၊ လေ့လာချင်သူ၊ အသိအမြင်တိုးပွားချင်သူ၊ ဆင်ခြင်တုံတရားရှေ့သွားရှိချင်သူများ နှစ်နှစ်ခြိုက်ခြိုက် ဖြစ်နေပါ လိမ့်မည်။

စာဟောင်းများမှ၊ စာကောင်းများ ပေါ်ထွက်လာပါစေ…. ဟု ဆန္ဒဖြစ်မိသည်။ ဟောပြောပွဲ၌ လက်ခုပ်သံ များကြားရလျှင် အမြဲလိုလို ပြောတတ်သည့် ဆရာကြီး ဦးအောင်သင်း စကားကို အမှတ်ရနေသည်။ ‘ငါပြောတာ က တရားမ,မှု၊ မင်းတို့ လုပ်မှ ရာဇဝတ်မှု ဖြစ်နေဦးမယ်…’ ဆိုသည့်စကား။ ‘ရယ်စရာ နောက်မှာ၊ မောစရာ ပါလာတယ်…’ ဆိုတဲ့စကား။

ကျနော်တို့ ခေတ်ကို ရယ်ခဲ့ပါသည်။ စနစ်ကို ရယ်ခဲ့ပါသည်။ ရယ်ခြင်း၏ နောက်မှာ မောခြင်း လိုက်လာပါသည်။ စဉ်းစားတတ်သူအဖို့၊ မောစရာများ များများတွေ့ပါလိမ့်မည်။ မြန်မာပြည်အတွက်ဆို မောစရာ ပိုများပါလိမ့်မည်။ ဆရာ့ စာများမှ ဆရာ့ လေသံကို ကျနော် ကြားနေရသည်။ ဆရာ့ မှန်ပြောင်းဖြင့်၊ အခု … ကျနော်တို့… ခေတ်ကို ပြူးပြဲကြည့်နေရပါသည်။

မင်းသေ့
နေ့လယ် ၁၂း ၀၅
၆ ၊ ဇန်နဝါရီ ၊ ၂၀၁၉ ။
မင်းကွန်းတောင်ရိုး ။

မှတ်စုများ

၁။ ဟောလိဝုဒ်က ချီးမြှင့်တဲ့ အော်စကာဆုမှာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံက ချီးမြှင့်တဲ့ အကယ်ဒမီဆုမှာပဲ ဖြစ်ဖြစ် လူကြမ်းမင်းသား (ဗီလိန်)များ အတွက် ထူးချွန်ဆုဆိုတာ မရှိပါဘူး။ ဇာတ်တစ်ပုဒ် နာအောင် ဖန်တီးရတဲ့ လူကြမ်းက ဘယ်လောက်တော်တော် အကယ်ဒမီ မရပါဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ အမျိုးသားစာပေဆုမှာ လည်း ဆရာအောင်သင်း ရေးနေတဲ့ ‘ဝေဖန်ရေး’ အတွက် အမျိုးသားစာပေဆုဆိုတာ မရှိပါဘူး။ (ဝင်းငြိမ်း ၊ ဒေါ်ခင်ခင်ချောနှင့်တွေ့ဆုံခြင်း)

၂။ အေးကွာ… မင်းလို ဝတ္ထုတိုလည်း မရေးတတ်၊ ဝတ္ထုရှည်လည်း မရေးတတ်တဲ့ကောင်က ဝတ္ထုတွေကို ဝေဖန် နေတယ်ဆိုတော့ ကြီးပွားပါစေကွာ…တဲ့။

၃။ အကျိုးအကြောင်းကို ထည့်မတွက်တော့ဘဲနဲ့ ကိုယ့်ကို ဝေဖန်ရင် ရန်သူပဲဆိုတဲ့ ကျားကျားမီးယပ်သမားမျိုး ထဲမှာ ကျွန်တော်မပါအောင် အမြဲကြိုးစားတယ်။

၄။ မြန်မာပြည်ဟာ စာရေးခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသင့်တဲ့ တိုင်းပြည်မဟုတ်ဘူးလို့ ဆုံးဖြတ်ပြီး၊ ဘာသာ ပြန်ဆရာကြီးဘဝနဲ့ပဲ ကျေနပ်ရတယ်လို့ ပြောဖူးတယ်။ (ရွှေဥဒေါင်း ပြောစကား၊ ကိုးကား)

၅။ ကဗျာဆရာတွေကို ကျွန်တော် တော်တော်လေးစားတယ်။ သူတို့က ငွေရေးကြေးရေးကိစ္စ ဘာမှကို ထည့် မစဉ်းစားဘူး။ တကယ့်ကို စာပေချစ်လို့ လုပ်နေကြတဲ့သူတွေ။

၆။ ကျွန်တော်က အလုပ်က မထွက်ချင်ဘဲနဲ့ ထွက်ပစ်လိုက်ရတာ၊ ကျွန်တော်က ကျောင်းဆရာ၊ ခုထက်ထိ လည်း သင်နေဆဲပါ။ စာသင်ရတာကိုလည်း ဝါသနာလည်း ပါတယ်။ ကျွန်တော် တက္ကသိုလ်မှာ အလုပ်လုပ်တုန်း က ဘာစာတွေ သင်ရသလဲ ဆိုတော့ အဲဒီတုန်းက ခေတ်သစ်မြန်မာစာနဲ့ ပတ်သက်တဲ့ ဝေဖန်ရေး၊ ဝတ္ထုဝေဖန် ရေး၊ ကဗျာဝေဖန်ရေး လေ့လာမှုတွေ အဲဒါတွေကို ကျွန်တော်က သင်ရတယ်။ ကျွန်တော့် လုပ်ငန်းက အဲဒါဆို တော့ အပြင်မှာ စာရေးဆရာဖြစ်တာ၊ မဖြစ်တာ အပထား၊ ကျွန်တော့်ဌာနမှာ ဒီအလုပ်ကို ကျွန်တော်က လုပ်နေ ရတာပဲ။

၇။ ငွေရေးကြေးရေးကိစ္စ။ ကျွန်တော့်မှာ ငွေရေးကြေးရေး ကိစ္စပြေလည်ပါတယ်ဆိုရင် အဲဒါ စာရေးတာကြောင့် လုံးဝ မဟုတ်ဘူး။ ဥပမာ – ခင်ဗျားတို့ ပေဖူးလွှာက ဆောင်းပါးက တစ်ပုဒ်ကို တစ်ရာ့ ငါးဆယ် ပေးတယ်။ ဒါ အများဆုံးပေးတာ။ တစ်ရာ့ငါးဆယ်ပေးတာ ခင်ဗျားတို့နဲ့ မဟေသီ နှစ်တိုက်ပဲ ရှိတယ်။ တချို့တိုက်တွေဆိုရင် တစ်ရာလောက်ပဲ ပေးတယ်။ အဲဒီလောက် ငွေနဲ့ ကျွန်တော် ဘယ်လို ရပ်တည်မှာလဲ။ ကျွန်တော် ဘာလုပ်ရမ လဲ။ အဲဒီက ရတဲ့ဥစ္စာ လက်ဖက်ရည်ဖိုးလောက်ပဲ ရှိပါတယ်။ ခင်ဗျားလည်း သိပါတယ်။ ကျွန်တော် လမ်း ၃၀ ထဲမှာ ကျောင်းဖွင့်ထားတယ်။ အဲဒီမှာ ကျွန်တော် ဆယ်တန်းကနေ တက္ကသိုလ်အတန်းတွေအထိ အကုန် သင် တယ်။ အဲဒါနဲ့ စားနေတာ။ ဒါကြောင့်မို့ စာကြောင့် ငွေရေးကြေးရေး ရတဲ့အထဲမှာ ကျွန်တော်တို့ မပါဘူးလို့ ပြော ချင်ပါတယ်။

၈။ ဆရာ လုပ်ချင်တယ်ဆိုတဲ့စိတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော် ပြန်စစ်ဆေးကြည့်တယ်။ ကျွန်တော် မဟုတ်ဘူးဗျ။ ဘာဖြစ်လို့ ကျွန်တော်က ဆရာလုပ်ချင်ရမှာလဲ၊ ဆရာ လုပ်ရအောင် ကျွန်တော်က ဘာမို့လို့လဲ။ ကျွန်တော်မြင်တဲ့ဥစ္စာကို ကျွန်တော် ပြောလိုက်တာပဲ ရှိတယ်။ တချို့စာရေးဆရာတွေက သူတို့ ဘာသာ သူတို့ လိပ်ပြာငယ်နေတဲ့သူတွေ ရှိတယ်။ အလကားနေရင်း လိပ်ပြာငယ်နေတော့ ကျွန်တော် ပြောတာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတို့ကို ဆရာ လုပ်ပါတယ်ဆိုပြီး စွပ်စွဲတော့တာပေါ့။

၉။ ဆရာ မဟာဝိဇ္ဇာဘွဲ့အတွက် စာတမ်းတင်ခဲ့တာ ‘ဝတ္ထုတိုများ လေ့လာချက်’ နော်။ (ဟုတ်ပါတယ်)

၁၀။ ဝတ္ထုဆိုတာ ဘဝကို ပုံတူကူးပြတာ မဟုတ်ဘူး။ ဘဝထဲက အချက်အလက်တွေကို ထုတ်ယူပြိး အနုပညာနဲ့ ပေါင်းစပ်လိုက်ခြင်းအားဖြင့် နက်ရှိုင်းတဲ့ ဘဝအတွင်းသရုပ်ကို ဖော်ပြတာ။ အဲဒါမှ ဝတ္ထုကောင်းစာရင်းထဲ ဝင်နိုင်တာ…..။

ဝဲ မှ ယာ – ဟံသာဝတီ ဦးဝင်းတင် ၊ အောင်သင်း ၊ ဒဂုန်တာရာ
Previous post လူသားဗုဒ္ဓ
Next post အညမညသဘော