စာညွှန်း / ဂျူး – တိမ်နဲ့ချည်တဲ့ကြိုး

စာအုပ္အညႊန္း
Audio Book

“ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ရင်ခုန်စရာ ငါ့မှာ ရှိခဲ့တယ်… တကယ်တော့ ဝတ္ထုတွေက ငါ့အချိန်ကို တိုက်စားစေ တယ်လို့ ငါ ထင်ခဲ့ပါတယ်… လူရယ်လို့ ဖြစ်လာရင်၊ ရင်ခုန်ဖို့တော့ လိုတယ်….”
“တိမ်တွေကို ငါ ချစ်တယ်၊
ကြိုးတွေကို ငါ မုန်းတယ်….”

တိမ်နဲ့ ချည်တဲ့ကြိုး…တဲ့။ လှလိုက်တာ။ ကျနော် သည်စာအုပ်ကို ၂၀၁၂ ခုနှစ်မှာ ဖတ်ဖြစ်ခဲ့သည်။ အဲသည်တုန်း က တက္ကသိုလ်ကျောင်းသား ဘဝ။ ဂျူးဝတ္ထုတွေထဲက ပထမဆုံးဖတ်မိတဲ့စာအုပ်။ ဝတ္ထုတွေကို ဘယ်တုန်းက စိတ်ဝင်စားမိပါလိမ့်လို့…. ကိုယ့်ဘာသာမေးမိသည်။ ကျနော် မသိ။ ကျနော့် နှလုံးသားက စကား,စပြောပြီ ထင်သည်။ ကျနော် ဝတ္ထုများ ဖတ်တတ်လာပြီ။
တောင်ဇလပ်တွေ ဝန်းရံတဲ့မြို့။

တောင်ဇလပ်တွေဆီကို သွားတဲ့ လမ်းမှာ သူတို့ ဆုံကြသည်။ တောင်ဇလပ်တွေက ရင်ခုန်လွမ်းမောဖွယ် ကောင်းသလို၊ ဆုံဆည်းခြင်းကလည်း လွမ်းမောတသဖွယ်။
တောင်တန်းရဲ့နောက်မှာ အတိတ်တွေ ရှိသတဲ့လား။

“ဖြူလွလွ တိမ်တွေဟာ တောင်ခါးပန်းတွင်၊ ပတ်လည်ဝိုင်းရံလျက် ပြာလဲ့စိမ်းမှောင်ကာ မှုန်မှိုင်းနေသည့် ချင်း တောင်တန်းကြီး။ ရင်ထဲမှာ လှုပ်ခတ်တုန်ရီသွားသည်။ တော်ပြီ။ ချင်းတောင်စဉ်တောင်တန်း၏ မြင်ကွင်းထက် လွန်ပြီး မလှန်ဖြစ်။ သည်နေရာမှာ ရပ်ပစ်လိုက်သည်။ သိပ်မကြာမီမှာ သည့်နောက်မှာ ရှိသည့် ဓာတ်ပုံတွေကို သူမ ကြည့်နိုင်ပါလိမ့်မည်။”


ကောက်နုတ်ချက် – စာ / ၆

ချင်းပြည်ကို ကျနော် ရောက်ဖူးသည်။ ချင်းပြည်၏ အအေးဓာတ်သည် ဘယ်တောင်တန်းဒေသ၏ အအေးဓာတ် နဲ့မျှ မတူ။ တစ်မူထူးခြားလှသည်။ အေးသည်ဆိုတာထက်၊ စိမ့်သည်လို့ ပြောလျှင် ပိုမှန်မည်။ ဝေးလံခေါင်ဖျားရုံ မျှမက တောင်ကမ်းပါးယံတွေ ထူပြောသည့် ဒေသ။ ခရီးလမ်းကြမ်းတမ်းသည်။ တောင်တန်းများ မတ်စောက် သည်။ အမြဲမှုန်ရီမှုန်မှိုင်းနေတတ်သည်။ တောင်တန်းတွေ နဘေးမှာ တိမ်တွေဟာ တွယ်လို့၊ ငြိလို့။ ဒါ့ကြောင့်ပဲ တိမ်တွေနဲ့ ပတ်ချည်လို့ရတယ်လို့ ဆိုသလား….။

တိမ်တွေ ကြားမှာ အဖြစ်အပျက်တွေ ရှိခဲ့သည်။ တောင်တွေကြားမှာ ဖြစ်စဉ်တွေ ရှိခဲ့သည်။ ဝတ္ထုဟာ ချင်းတောင်ဆီကို ခေါ်သွားတယ်။ အပျော်အပါးသက်သက် ခေါ်ဆောင်ခဲ့ခြင်းမျိုး မဟုတ်။ ရေမြေ၊ တောတောင် သဘာဝ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရင်း ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဝတ္ထုကို ဖတ်ရင်း ချင်းတောင် ၏ သရုပ်ကို ဖမ်းမိလိုက်သည်။

ဇာတ်ကောင်တွေဟာ သူတို့ဆန္ဒဇောတွေနဲ့ ချင်းတောင်ကို ရောက်ခဲ့ကြသည်။ ရည်ရွယ်ချက်ကောင်းကောင်းနှင့် လှမ်းသည့် ခြေလှမ်းများဟု ပမာပြုရမည်။ ချင်းတောင်ကိုလာတဲ့သူတွေကို တိမ်တွေက ပတ်ချည်ပစ်လိုက် သည်။ တောင်ဇလပ်တွေနဲ့အတူ ဖြူဖွေးဖွေး သစ်ခွတို့ ယှဉ်တွဲပါလာသည်။ တောင်ဇလပ်တွေ၊ သစ်ခွတွေ နောက်က ကပ်ပါလာတာက တောတောင်မှာ ကျင်လည်ကျက်စားနေတဲ့ တောကောင်လေးများ။

ဝတ္ထုသည် ဖြစ်စဉ်များနှင့် ဖြစ်ရပ်များကို ပါးပါးနပ်နပ် တုပ်နှောင်ပြီးဖွဲ့သည်။ ဝတ္ထုထဲမှာ သဘာဝကို တွေ့ရသည်။ အလှကို တွေ့ရသည်။ လူမှုသရုပ်ကို တွေ့ရသည်။ သဘာဝပတ်ဝန်းကျင်၏ ရိုက်ချိုးခံရမှု အချို့ ကို တွေ့ရသည်။ လွန်ဆွဲခြင်း၊ အားပြိုင်ခြင်းတို့ကို တွေ့ရသည်။ အမှတ်မထင် အမှတ်တရမျိုးကို ရေး၍ ဖွဲ့သည်။ ဝတ္ထုဆရာက ပါးနပ်လှချည်လား။
ချင်းဒေသရဲ့ ဓလေ့ကို ရသအပေါ်မှာ စီးမျောရင်း လေ့လာလို့ ရနိုင်ကောင်းတဲ့ အရာ။

“ကောင်းကင်အနှံ့တွင်
တောင်ပံဖြန့်၍ ပျံသန်းရခြင်းကို
သိုက်မြုံအဝင် တောင်ပံရုပ်၍
ရပ်နားရခြင်းဖြင့် အဆုံးသတ်ပါစေတော့…။”

ကောက်နုတ်ချက် – စာ / ၈၀

ဗြုန်းခနဲ ရွာချလိုက်တဲ့ မိုးက ရင်ခုန်မှုရဲ့ အစလား။ မိန်းမပျို တစ်ယောက် ရင်ခုန်ခြင်းက ယောက်ျားတစ်ယောက် ရဲ့ ညှို့ဓာတ်ပေါ်မှာလား။ သည်ယောက်ျားဟာ လူရိုင်းဆန်စွာ ချစ်တတ်ခြင်း ဗီဇ ရှိသလား။ သည်အပေါ်မှာ သည်အမျိုးသမီးက မှီတွယ်စွာ ရင်ခုန်သတဲ့လား…။

ရင်ခုန်လှိုက်မောခြင်းကို တောတောင်မှာ ရတဲ့ မိန်းမသားအဖို့၊ ချစ်ခြင်းအတွက် ဘယ်အရာက တွန်းလားလဲ။ ရိုးသားခြင်းနောက်ကွယ်က မှီတွယ်ခြင်းတွေ ရှိနေသတဲ့။ မိုးက အစပြုသည်။

“ထို့နောက် လွင့်မျောသော တိမ်ငွေ့တွေနှင့်အတူ သူက ပြေးလေသည်။ သူမသည် သူ့ရင်ခွင်ထဲမှာ လိုက်ပါရင်း၊ ပိတ်ဆီးနေသော အဖြူရောင် တိမ်ငွေ့တွေထဲသို့ တိုးဝင်သွားရင်း၊ မိုးစက်တွေက သူမ မျက်နှာသို့ လာထိနေသည်ကို ခံလို့ကောင်းနေသည်။ တောင်အဆင်းမို့ သူသည် ခြေလှမ်းကို ထိန်းချုပ်ဖို့ ခက်ခဲသည်။ လူက စိုက်ခနဲစိုက်ခနဲ အောက်သို့ အရှိန်ဖြင့် ဆင်းနေသည်။ သူမသည် သူ့ရင်ခွင်မှ ပြုတ်ကျသွားမှာကို စိုးရိမ်မိ ကာ သူ့လည်ကုပ်ကို ခိုတွဲလိုက်ပါလေသည်။ ကြည့်စမ်း။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ယောက်ျား လဲ။ ကျွန်မကို မိုးစိုမှာစိုးလို့တဲ့။ တောင်အဆင်းကို အပြေးဆင်းနေလိုက်တာ။ သူ့လက်မောင်းတွေက ပေါင် တစ်ရာ့ နှစ်ဆယ် အလေးကိုများ ပေါ့ပေါ့လေး မြှောက်ချီလိုက်လို့။ သူမသည် သူ့ရင်ခွင်ထဲမှာ ငြိမ့်ခနဲငြိမ့်ခနဲ လှုပ်ခတ်လိုက်ပါလျက်က ပြုံးရယ်ချင်လာသည်…။”


ကောက်နုတ်ချက် – စာ / ၁၄၄

မိန်းမတို့ရဲ့ ရင်ခုန်ခြင်းဟာ ဘယ်က စသလဲ။ ထင်မှတ်မထားခြင်း၊ မှီတွယ်အားကိုးလိုခြင်းနှင့် သာယာမှိန်းမောမိ ခြင်းတို့ကနေ ဆင်းသက်လိမ့်မည် ထင်သည်။ သည်လိုအချိန်မှာ ကြင်နာနွေးထွေးခြင်းတို့ ရလျှင် ပို၍ခုန်မင်လာ သည်။ ဗီဇစိတ်တို့ဟာ ဆန်းကြယ်ပါ့လား။
သည်ဝတ္ထုမှာတော့ မိန်းမဟာ ယောက်ျားကို စ,ချစ်တာပဲ။ ချစ်ခြင်းကို စတင်တွယ်ငြိဖို့ ခွင့်ပြုတာ မိန်းမများဖြစ် သည်။ ဘယ်သူမှ မသိခင်၊ သူတို့ကိုယ်တိုင် ကျေနပ်နှစ်သိမ့်စွာ လိုလားလက်ခံပြီးပြီ။ ရိုးသားခြင်းအခံနဲ့ ချင်းတောင်သားလေးတစ်ယောက် ဒါကို သိစွမ်းသလား။

သူ့နှလုံးသားက “ငွေဝန်းသော်တာ” ရဲ့ ချစ်စိတ်ကို ဖမ်းလို့ မိရဲ့လား…..
ချစ်ခြင်းဟာ ဆန်းကြယ်သည်။ သည်လိုနှင့် ဝတ္ထု၏ အသွားအလျားများက ကျနော့်ကို ဆွဲခေါ်သွားသည်။ ထို့နောက် အောက်ချင်းငှက်ဆီ ရောက်သွားသည်။
အောက်ချင်းငှက်၏ သဘာဝဟာ ဆန်းကြယ်စွာ။

အောက်ချင်းငှက်ဖိုနဲ့ ငှက်မတို့ရဲ့ ဆက်နွှယ်မှုက နက်နဲစွာ၊ ကြင်နာစွာ။ တိရိစ္ဆာန်တွေမှာ သစ္စာဆိုတာ မရှိဘူး…တဲ့။ ကြည်အေး ဝတ္ထုတစ်ပုဒ်ထဲက ဒိုင်ယာလော့ခ်။ ချင်းတောင်မှာ သစ္စာကို တွေ့ရသည်။ အောက်ချင်းငှက်သာ သစ္စာအတွက် သင်္ကေတ။ ရင်နင့်စွာ ကွဲကွာခြင်းရဲ့ ဖြစ်ရပ်။


ေဩာ်…. တိမ်တွေဟာ အားလုံးကို ပတ်ချည်ခဲ့တာပါ့လားလို့ တွေးလိုက်မိသည်။ တိမ်လို အချစ်များ၏ ရစ်ပတ် ခြင်းကို ဘယ်သူ တွန်းထုတ်နိုင်ခဲ့ပါသနည်း။

“မိန်းမတစ်ယောက်မှာ နောင်တတွေကို ဖွင့်ထုတ်အံလို့ ငိုချင်တဲ့အခါ မှီတွယ်ငိုနိုင်ဖို့အတွက် ရင်ခွင်တစ်ခုလို တယ်…”

ကောက်နုတ်ချက် – စာ / ၂၅၃

• မှီတွယ်ရာမဲ့ခြင်းများ ပျောက်ဆုံးနေသော မိန်းမ။
• ချစ်ခြင်းနဲ့ ယှဉ်တွဲဖြစ်တည်ခွင့်မရသော မိန်းမ။
• တိမ်တွေကို ထိတွေ့ချင်၊ ခံစားချင်လွန်းသည့် မိန်းမ။
• တိမ်တွေကြားထဲ အဆီးအတားမရှိ တစ်ကိုယ်လုံး ထိုးစိုက်ဆင်းဝင်သွားခဲ့ပြီ။

နောက်ဆုံးမှာ တိမ်တွေဟာ ကြောက်စရာ ကောင်းပါ့လားလို့ သူတွေးခဲ့မိသလား။ ကျနော် မသိ။ ကျနော် သိတာ က ဖြစ်စဉ်၊ ဖြစ်ရပ်များသာ။ တိမ်တွေကြားထဲ အချစ်ဟာ တိမ်မြုပ်နေသလား။ လေပြင်းဟာ ဖယ်လို့ ပေါ်အောင် လုပ်မပေးခဲ့လေသလား။

“သူမ ဤကမ္ဘာလောကမှ မထွက်ခွာမီ နောက်ဆုံး အချိန်၊ နောက်ဆုံး မိနစ်၊ နောက်ဆုံး စက္ကန့်တွင် မိမိချစ်သော သူတစ်ယောက်၏ ရင်ခွင်မှာ ရှိသွားနိုင်ဖို့ ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်။ အခုတော့ ထိုစိတ်ကူးသည် ဘယ်လို မှ မဖြစ်နိုင်တော့မှန်း သူမ သိလိုက်ရပြီ။ ချစ်သူ၏ ရင်ခွင်မှာ ခိုဝင်မှေးစက်ခွင့်လေးကိုတောင် မရနိုင်တော့သည့် အဖြစ်မို့ သူမ ဝမ်းနည်းလှပါသည်။ ဒါပေမယ့်…. ကျွန်မ ချစ်သူက ဘယ်မှာလဲ။ ဘယ်သူလဲ။”


ကောက်နုတ်ချက် – စာ / ၂၉၇

တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင်
မင်းယုံလိုက်ပါ…. ။ ။ ဂျူး

မင်းသေ့
ည ၈ း ၂၉
၁၄ ၊ အောက်တိုဘာ ၂၀၁၈

စာေရးဆရာမ ဂ်ဴး
Previous post မင်းဇင်
Next post ဖွတ်ကြားစိတ်ဓာတ်တိုက်ဖျက်ရေး အရေးတော်ပုံ