အနောက်တိုင်းပညာတတ်ပေမယ့်၊ အနောက်တိုင်း မဆန်။

မြန်မာဆန် သည်။

အရှေ့ဆန်သည်။

မြန်မာ့ရေမြေမှာ တန်ဖိုးတွေ ကိန်းဝပ်နေတာကို ကိုမင်းဇင်ကောင်းကောင်းသိသည်။

ထို့ကြောင့် ရသလောက် တူးဖော်ချင်ခဲ့သူဖြစ်သည်။

Audio Book

ရေးသားချက်များမှာ ကျနော့် ထင်မြင်၊ ယူဆချက်၊ ကျနော့် ကောက်ချက်များသာ ဖြစ်ပါသည်။ ကျနော့်အတ္တနောမတ္တိဖြင့် ကြည့်သည်ဖြစ်၍ ၊ ကျနော့် အမြင်သက်သက်သာဖြစ်ကြောင်း အမှာစာ ပါးလိုက်ပါသည်။

‘ဘာကလေ’ ပရောဒက်

မင်းဇင် (သို့မဟုတ်) ဘာကလေ ပရောဒက် လို့ နာမည်တပ်လိုက်ချင်သည်။ ကိုမင်းဇင်လို လူတစ်ယောက် မြန်မာပြည်မှာ ရှိနေတာ အဖိုးတန်သည်။ အကြောင်းမှာ ငယ်ရွယ်နုပျိုသောသူ၊ အကယ်ဒမစ်နန်းတော်က ထွက်ခဲ့သူ၊ မြန်မာ့ရေမြေသဘောကို နှစ်လိုဖွယ်ပြောတတ်သူ၊ ပညာရပ်ဆိုင်ရာ သဘောထားအမြင်တွေကို မြန်မာဆန်ဆန် တင်ပြပြောဆိုတတ်သူ…. စသည့် အခြေအနေများကြောင့်ဖြစ်သည်။

ကိုမင်းဇင်ပြီးခဲ့သည့် ကျောင်းက ဘာကလေ။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ထဲမှာပါသည်။ မြန်မာပြည်က လူတစ် ယောက် သည်လိုအဆင့်မျိုးရတာ ဂုဏ်ယူစရာ။ တန်ဖိုးတက်စရာ။

တာရာငြိမ်းချမ်း

ကိုမင်းဇင်ရဲ့ ဘဝဖြတ်သန်းမှုကို တို့ထိချင်ပါသည်။ ကိုမင်းဇင်အကြောင်းကို ကျနော် များများ မသိပါ။ ကိုမင်းဇင်က အခြေခံပညာ ကျောင်းသား ဘဝမှာတင် နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ခဲ့သည်။ ထို့နောက် နယ်စပ် ရောက်သည်။ ဂျာနယ်လစ်ဘဝနဲ့ ထိုင်း မြန်မာ နယ်စပ်တစ်လျှောက် ကူးလူးကျင်လည်သည်။ ထို့နောက် အကယ်ဒမစ်လိုင်းဘက် ကူးသွားသည် ထင်သည်။ သည်အချက်မှာလည်း မဆန်း။ ဟိုးအရင်က၊ တာရာငြိမ်းချမ်း နာမည်နဲ့ အတွေးအမြင်မှာ စာတွေ ရေးကတည်းက၊ ကိုမင်းဇင်ဆီမှာ သုတေသီတစ်ယောက်လို ဓာတ်သတ္တိမျိုး ရှိနေတာကို အကဲခတ်နိုင်သည်။ သုတေသနအမြင်ဖြင့် မှန်ပြောင်းရှည်ရှည် ထုတ်ကြည့်တတ် သောသူတစ်ယောက် အကယ်ဒမစ်နယ်ပယ်ရောက်သွားတာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိသည်။ ကိုမင်းဇင်က အသက် ၄၀ ကျော်ကလေးနှင့် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ရသည်။

ဆရာတင်မောင်သန်း (သင့်ဘဝ) နဲ့တွေ့တော့ ပြောဖြစ်သည်။ တခါက ဆရာကြီးမြသန်းတင့်က တာရာငြိမ်းချမ်း နာမည်နဲ့ ရေးသူကို မှတ်ချက်ပေးဖူးသည်ဟု ပြောသည်။ ဘယ်သူလဲ…လို့ မေးဖူးသတဲ့။ နောက်တော့ အလားအလာရှိသည့်သဘောမျိုး ပြောသည် ထင်သည်။ ဆိုလိုရင်းသဘောက၊ ဆရာမြလို လူက ကိုမင်းဇင်ရဲ့ဗီဇဓာတ်ခံကို စာကို ကြည့်ပြီး မြော်မြင်မှန်းဆလိုက်သည့် သဘော။ ဆရာမြ မမှားပါ။ ကိုမင်းဇင်လို လူမှာ ဗီဇဓာတ်ခံ အပြည့်ပါရှိပြီးသား။ သူက ငယ်ရွယ်စဉ်ကတည်းက တောက်မည့်မီးခဲ တရဲရဲ။

ကိုမင်းဇင်နှင့် အပြင်မှာ လူချင်း ခင်မင်သည်။ သို့သော် ရင်းနှီးသည်ဟုတော့ မဆို။ အသက်ချင်း၊ မျိုးဆက်ချင်း ကွာသည်လေ။ ကျနော်က အခုမှ ချာတိတ်။ ပြီးတော့ ကိုမင်းဇင်က ဘာကလေ ထွက်။ ကျနော်က မန္တလေး တက္ကသိုလ် ထွက်။ ကိုမင်းဇင်က ပညာရှင်၊ ကျနော်က သာမန်ညောင်ည။ တွေ့ကြဆုံကြလျှင်တော့ လှိုက်လှိုက် လှဲလှဲရှိသည်။ ကိုမင်းဇင်က၊ ကိန်းကြီးခန်းကြီး လုပ်တတ်သူ မဟုတ်။ ညီအစ်ကိုလို ပြောဆို ဆက်ဆံသည်။ ပွင့်ပွင့်လင်းလင်း ရှိသည်။ ဟာသဓာတ်ခံ လည်း ကြွယ်သည်။ စကားပြောရင် အားပါးတရပြောတတ်သည်။ သူအားယူပြီးပြောလျှင်၊ မျက်လုံးကြီး ပြူးပြူး လာသည်။ ဝေါဟာရဖလှယ်မှုလည်း ကျွမ်းကျင်သည်။ ဖီလိုဆိုဖီ မွှေနှောက်ထားသူဖြစ်မှန်းသိသာသည်။ ဖီလိုဆိုဖီ ဆိုတာလည်း အရှေ့ရော၊ အနောက်ရော စုံလို့။ ဗုဒ္ဓအဘိဓမ္မာ ကိုလည်း အတော်အာရုံကျသည် ထင်သည်။

တာရာငြိမ်းချမ်းနာမည်နဲ့ ရေးသော အတွေးအမြင်က စာများသည်လည်း၊ အတွေးအခေါ်ပိုင်း များသည်။ ဒဿန ပိုင်းများသည်။ သူ့စကား၊ သူ့ဟောပြောချက်တွေကို နားထောင်လျှင် ဒဿနိကဗေဒကို ကောင်းကောင်း ကျေလည်ထားမှန်း သိနိုင်သည်။

ယောမင်းကြီးပေါက်စ

ကိုမင်းဇင်မှာ ထူးခြားသော အချက်ရှိသည်။ တစ်ခုမက ရှိမည် ထင်သည်။ သို့သော် ကျနော် နှိုက်ထုတ်မိ သလောက် ရေးပြချင်သည်။ ကိုမင်းဇင်သည် ယောမင်းကြီး ဦးဘိုးလှိုင်ကို စံပြု၊ အားကျဟန်တူသည်။ မိုးမခ ရေဒီယို အစီအစဉ်မှာကတည်းက ကိုမင်းဇင်ရဲ့ ယောမင်းကြီးအကြောင်း အသားပေးရေးသားချက်တွေကို ဖတ်ရဖူးသည်။ မြန်မာပညာရှိကြီးများ၏ အခန်းကဏ္ဍကို ရေးသည်။


ကိုမင်းဇင် စိတ်ထဲတွင်၊ အနောက်တိုင်းပညာရပ်တွေကို မြန်မာ့မြေနဲ့ ကိုက်အောင် လုပ်ရမည်ဟူသော အစွဲ ကြီးကြီးမားမား မြုပ်ဝင်နေသည် ထင်သည်။ စကားလုံးသုံးစွဲပုံများသည် မြန်မာ့နားနဲ့ ကိုက်အောင် ရှာဖွေသုံးစွဲ ရန် လိုကြောင်း ယုံကြည်သူဖြစ်သည်။

ဗုဒ္ဓဘာသာမှာ ရှိနေသည့် ဓမ္မသဘောတရားများကို၊ နိုင်ငံရေးနယ်ထဲ ဆွဲခေါ်လာတတ်သည်။ သူ့အရင်က၊ သခင်စိုးတို့၊ ကိုကိုမောင်ကြီး (အညမည ဦးချစ်လှိုင်) တို့က ဤသို့ လုပ်ခဲ့ကြောင်း ပြောသည်။ ခရစ်ယာန် သာသနာပြု ယုဒသန်ကလည်း ဤနည်းကို သုံးခဲ့သည်ဟု ပြောပြန်သည်။ ယုဒသန် ပြုစုခဲ့သော၊ သမ္မာကျမ်းစာ (မြန်မာပြန်) သည် တကယ့် ဘုရားဟောသဏ္ဍာန်ဆောင်လောက်အောင်၊ မြန်မာတို့ နားတွင် ကိုက်ညီခဲ့ကြောင်း ပြောသည်။
အနုပဋိလောမ ရုပ်ဝါဒ ဆိုသော ဘာသာပြန်ချက်။ လူနှင့် ပတ်ဝန်းကျင် အညမည သဘောတရား စသည့် အသုံးတို့ကို မြန်မာတို့ နှစ်ထောင်းအားရရှိခဲ့ကြောင်း ပမာပြ၍ ပြောသည်။

ပစ္စယ သတ္တိ

ဆွေးနွေးပွဲ တစ်ခုတွင် ကိုမင်းဇင်က နတ္ထိပစ္စယောအကြောင်းကို ပြောသည်။ ရှိခြင်းဖြင့် ကျေးဇူးပြုလို့ ရသလို၊ မရှိခြင်းအားဖြင့်လည်း ကျေးဇူးပြုနိုင်ကြောင်းပြောသည်။ မလိုသူများက ဝိုင်း၍ တွယ်ကြတော့သည်။ ကျနော် လေ့လာမိသလောက် ကိုမင်းဇင်က သဘောရိုးဖြင့် ပမာပြုကောင်းအောင် ပြောနေရင်း ခံတွင်းလိုက်၍ ပြောလိုက်ခြင်းဖြစ်မည် ထင်သည်။ သို့သော် ဥပမာက ကောင်းသွားသည်။ လက်ရှိအခြေအနေနှင့် ဟပ်သွား သည်။ စပ်သွားသည်။ ထို့ကြောင့် တချို့အတွက် မနှစ်မြို့စရာဖြစ်သွားသည်။ နိုင်ငံရေးရေပွက်ကလေး ထ,သွား သည်။ တချို့က နာမည်တပ်သေးသည်။ နတ္ထိပစ္စယော မင်းဇင် …. ဟူ၍။

သို့သော် ပညာတတ်၊ ပညာရှင်တို့ အဖို့ သူတို့အလုပ်ကို သူတို့ တစိုက်မတ်မတ် လုပ်နေကြမည်ဟု ယုံကြည် သည်။ ဖြစ်စဉ်၊ အခြေအနေ အရပ်ရပ်ကို နှိုက်ထုတ်ဝေဖန်သုံးသပ်ခြင်းသည် သူတို့ အလုပ် မဟုတ်လား။ မြင်သည်ကို မြင်သည့်အတိုင်း လူထုနားနှင့်ကိုက်အောင် လွတ်လပ်စွာ ဟောပြောခြင်းက သူတို့ တာဝန် မဟုတ် လား။

ကျနော့်အနေနှင့် ကိုယ့်အလုပ်ကို ကိုယ် ပီပီပြင်ပြင် လုပ်နေသူတွေကို လေးစားသည်။ ကြည်ညိုသည်။ စေတနာထည့်၍ လုပ်လျှင် ပို၍ လေးစားသည်။ ပညာရှင်တို့ မည်သည် လွတ်လပ်သော ကွင်းပြင်တွင် ကျင် လည် ကျက်စားသည် မဟုတ်လား။ ကျနော်တို့ ဘောင်မခတ်သင့်။ လွတ်လပ်စွာ မြူးတူးမှသာ အိုင်ဒီယာ အနှစ်များကို မြန်မာ့လူ့အဖွဲ့အစည်းက ရရှိမည် ဖြစ်သည်။

မြန်မာ့ဓာတ်

ကိုမင်းဇင်က တိမ်ကောနေတာတွေကို ပြန်ဖော်လိုသည်။ အနောက်တိုင်းချည်း အကောင်းမဟုတ်။ မြန်မာမှာ လည်း အနောက်လို ကောင်းနေတာတွေ ရှိတာကို သိစေချင်သည် ထင်သည်။ အနောက်တိုင်း လစ်ဘရယ ဒီမိုကရေစီနည်းနာများကို ရှိခဲ့ပြီးသား မြန်မာ့အသုံးအနှုန်းတွေဖြင့် ဖြန့်ချိလိုဟန်ရှိသည်။ လစ်ဘရယ် ဒီမိုကရေစီ ကို မြန်မာ့ နားနဲ့ကိုက်အောင် တင်သွင်းဖို့ ဖြစ်သည်။


အနောက်တိုင်း ပညာတတ်တစ်ယောက်…၊ မြန်မာ့ရေမြေနဲ့ ဓလေ့ကို ဤမျှ တန်ဖိုးထားသူဖြစ်ကြောင်း သိရတာ ဝမ်းသာလှသည်။ ဝမ်းမြောက်လှသည်။ အနောက်တိုင်းပညာတတ်ပေမယ့်၊ အနောက်တိုင်း မဆန်။ မြန်မာဆန် သည်။ အရှေ့ဆန်သည်။ မြန်မာ့ရေမြေမှာ တန်ဖိုးတွေ ကိန်းဝပ်နေတာကို ကိုမင်းဇင်ကောင်းကောင်းသိသည်။ ထို့ ကြောင့် ရသလောက် တူးဖော်ချင်ခဲ့သူဖြစ်သည်။

သူ့နည်း

ကိုမင်းဇင်သည် အရွယ်ကောင်း။ အခုမှ (၄၅) နှစ်။ မြန်မာပြည်မှာ ပညာရှင်စစ်စစ် ရှားလှသည်။ ရောကြော် သမားများ များသည်။ ကိုမင်းဇင်သည် ဆင်စွယ်နန်းမှချည်းနေသူ မဟုတ်။ ရတတ်သမျှ အောက်ခြေဆင်းကြည့် သူ ဟု ထင်သည်။ သွားနိုင်သလောက် သွား၍ စနည်းနာတတ်သည့် အကျင့်ရှိသည်။ နိုင်ငံရေးအပေါ်ထပ် အဆောက်အအုံကို အနီးကပ် လေ့လာစောင့်ကြည့်သူဖြစ်သည်။ အောက်ခြေကိုလည်း မှန်ပြောင်းရှည်ရှည်ဖြင့် ကြည့်တတ် သည်။ သူ့မှာ ရှိထားနှင့်သော သီအိုရီများကို ပေးထားချက်များဖြင့် ဖြည့်ရန် ကြိုးစားသည်။

ကိုမင်းဇင်သည် မြန်မာစာကျေသော နိုင်ငံရေးပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ ကံကောင်းသည်။ အနောက်တိုင်း ပညာတတ် မြန်မာတို့က အနောက်တိုင်းနံ့ထွက်တတ်သည်။ ကိုမင်းဇင်က အဲသည်လို မဟုတ်။ မြန်မာ့စာပေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားသူမှန်း သိသာသည်။ ဗုဒ္ဓစာပေကိုလည်း ကောင်းကောင်း နှံ့စပ်သူဖြစ်သည်။ ထို့ကြောင့် ဆောင်းပါးများကို မြန်မာလို ရေးလျှင်၊ အနောက်တိုင်းဟန် မထွက်။ ချောသည်။ သွက်သည်။ ဖတ်လို့ ကောင်းသည်။ မြန်မာဟန် အပြည့်ပါသည်။ ဖတ်ရသော စာသည် အနောက်တိုင်း အနံ့ မထွက်။ မြန်မာနံ့ ထွက်သည်။ အင်္ဂလိပ်လို ရေးလျှင်တော့ တကယ့် အကယ်ဒမစ်သမား။ သူ့စာကို ဝေဖန် စောကြော၊ မှတ်ချက်ပြုလောက်အောင် ကျနော်မှာ လောက်လောက်လားလား ရှိမထား။ သို့သော် အကဲခတ်မိသလောက်၊ ပညာရပ်ဆိုင်ရာ အရေးအသားထဲတွင် သာမန်ပညာရှင်အဆင့်ထက် ကျော်လွန်ထားသူ ဆိုတာကို ကောင်းကောင်းနားလည်လိုက်သည်။

သူ

ကိုမင်းဇင်၏ ဘဝ အကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိမထားပါ။ ညီအစ်ကို သုံးယောက်၊ ညီမ တစ်ယောက် ရှိသည် ဟု သိရသည်။ မောင်နှမတွေ နာမည်တွင် အားလုံး “ဇင်” တွေပါသည်။ မင်းဇင်၊ သက်ဇင်၊ အောင်မော်ဇင်။ နိုင်ငံရေးမိတ်ဆွေ တစ်ယောက်က ပြောဖူးသည်။ ကိုမင်းဇင် အဖေတို့က သခင်ဇင့်ဂိုဏ်းသား တွေ… တဲ့။ သခင်ဇင် ဆိုသည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး။ ကိုယ်ရည်ကိုယ် သွေး ကောင်းပြီး၊ အရိုးခံ ရှိသည့် ကွန်မြူနစ်ခေါင်းဆောင်တစ်ဦး။ ကိုမင်းဇင်တို့ အဖေက သူ့သားများကို ‘ဇင်’ တွေ ထည့်ပြီး မှည့်လိုက်သည်ဟု ပြောသည်။ ကိုမင်းဇင်နဲ့ တွေ့တော့ မမေးဖြစ်။ တွေ့လျှင် မေးအုံးမည်။

ပီအိတ်ချ်ဒီ လမ်းကြောင်း

ကိုမင်းဇင်က နိုင်ငံခြားမှာ ကျောင်းတက်နေရင်း မြန်မာပြည်အကြောင်း စာများ လှမ်းလှမ်းရေးသည်။ မြန်မာပြည် အရေးကို ပြည်ပမှ အမြဲ အကဲခတ်နေသည်။ ကိုမင်းဇင်၏ မဟာဘွဲ့ကျမ်းက “တရုတ်မြန်မာဆက်ဆံရေး လမ်းကြောင်းပေါ်က၊ အရှေ့မြောက်ဒေသ တိုင်းရင်းသား ပဋိပက္ခတို့ရဲ့ ကြောင်းကျိုးဆက်”။ အင်္ဂလိပ် လိုတော့ ‘The Impact of Ethnic Conflicts in Northeastern Burma on Sino-Burma Relations’ ။ ပါရဂူကျမ်း ကတော့ မြန်မာနိုင်ငံရဲ့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး အကြောင်း ဖြစ်မည် ထင်သည်။ တိတိကျကျတော့ မသိ။ မှားနိုင်သည်။

ထူးခြားသည်က ကိုမင်းဇင်သည် မြန်မာပြည်မှာ ဆယ်တန်း မပြီးခဲ့။ ၉ တန်းကျောင်းသားဘဝနှင့် နယ်စပ်ရောက် သွားသည်ဟု သိရသည်။ သို့ပေမယ့် နယ်စပ်ဒေသမှာ ဂျာနယ်လစ်အဖြစ် ကျင်လည်ရင်း၊ အလားအလာရှိသော သူတစ်ယောက် သူနဲ့ အပ်စပ်သော နေရာဌာနကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။ ပညာရပ်ဝန်းကို ရောက်သွားသည်။ မြန်မာပြည်က အခြေခံပညာမပြီးစီးခဲ့သော သူတစ်ယောက်က နိုင်ငံခြားမှာ တက္ကသိုလ်ပညာ သင်ခွင့် ရခဲ့သည်။ နှိုင်းယှဉ်ကြည့်လိုက်လျှင် မြန်မာ့အဖြစ်နှင့် ကွာပါ့။ နိုင်ငံခြားမှာ တက္ကသိုလ်ပညာသင်ခွင့် ရသည်ကလည်း သာမန်အဆင့်မျှ မဟုတ်။ မဟာဘွဲ့မှသည် ပါရဂူတန်းအထိ တက်ခွင့်ရသည် အထိ။
အရည်အသွေးရှိသော သူကို ကျောင်းတော်က ကောက်ယူသည်။ လွတ်လပ်သည့် တက္ကသိုလ်၊ လွတ်လပ်သည့် ပညာရပ်ဝန်း။ ဒီလို တက္ကသိုလ်မျိုးတွေ ရှိသော နိုင်ငံက ကမ္ဘာထိပ်တန်းအဆင့်ရောက်တာ မဆန်း။ ကိုမင်းဇင်က သူတို့ နိုင်ငံဖွား မဟုတ်။ မြန်မာနိုင်ငံဖွား။ ပါရဂူတန်း တက်ရသည်က ဘာကလေမှာ။

ဝဂ္ဂီများ အရှာထွက်

ဘာပဲပြောပြော ကိုမင်းဇင်က ပါရဂူ ကျမ်းပြီးပြီးချင်း၊ မြန်မာပြည် ပြန်လာဖို့ စိုင်းပြင်းသည်။ ထို့ကြောင့် ရောက်သည်။ မြန်မာပြည်ကို စနည်းနာ ထွက်သည်။ သူနဲ့ စုလို့ ရမယ့်သူများကို ရှာဖွေသည်။ အောက်ခြေ ဖြစ်စဉ်ကိုလည်း စူးစမ်းလေ့လာရင်းလည်း ပါမည်။ ထို့နောက် တွေ့သွားပါသည်။ သံလိုက်သည် သံကို ရှာစမြဲ။ ဓာတ်ဆိုတာ တူရာစုစမြဲ။

မြန်မာပြည်၌ ISP ဆိုပြီး အဖွဲ့တစ်ခုပေါ်လာသည်။ သုတေသနအပေါ် အခြေခံသည့် နိုင်ငံရေးပညာတတ် အုပ်စု။ သုတေသနစာတမ်းများရေးသည်။ မဂ္ဂဇင်းတစ်စောင် ပုံမှန်ထုတ်သည်။ လေ့လာတွေ့ရှိချက်များကို ဆောင်းပါး၊ စာတမ်းအနေဖြင့် ရေးသည်။ ပြီးတော့ တစ်နိုင်ငံလုံးကို ပုံနှိပ်ဖြန့်ချိသည်။ မြန်မာပြည်တွင် အုံးအုံးကျွတ်ကျွတ် ဖြစ်လိုက်သည်။ မြန်မာပိုင်း နိုင်ငံခြားသတင်းမီဒီယာများနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးခန်း တချို့လုပ်သည်။ ရန်ကုန်၊ မန္တလေးတို့မှာ ဆွေးနွေးဝိုင်းများ လုပ်သည်။ ယောမင်းကြီးဇရပ် ဆိုပြီး နာမည်ပေး ပြီး လုပ်သည်။ လူထုက ဒါတွေ ဒီလိုရှိပါ့လားဆိုတာကိုတော့ သတိထားမိလိုက်သည် ထင်သည်။

နိုင်ငံရေးသည်၊ သည့်နောက်ပိုင်း ‘ဖန်စီ’ လို ဖြစ်လာသည်လား မပြောတတ်။ ကျနော်ကတော့ စကားဝိုင်းဆွေး နွေးပွဲများကို သည်လို မဖြစ်စေချင်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ ပျင်း၍ လျောင်းပြီး အိပ်နေသည်ထက် စာလျှင် တော့ ကောင်းသည်။ ဘာမှ မလုပ်တာထက် စာလျှင်၊ တစ်ခုခု လုပ်နေတာက ကောင်းသည်။ ကိုမင်းဇင်တို့ အုပ်စု တစ်ခုခုကို အမြဲအားထုတ်နေတာ မြင်ရလို့ ဝမ်းသာလှသည်။ မြန်မာပြည်က ရီနေးဆန့်ခေတ်ကို ရောက် သင့်နေပြီ။ ရောက်ချိန်တန်ပြီ။ အပြောင်းအလဲက လာပြီ။ ရီနေးဆန့်က မရဲတရဲ၊ မဝံ့တဝံ့၊ မလှုပ်တလှုပ်။ မြန်မာ ပြည်သည် ဆဲခြင်းနှင့် ဝေဖန်စောကြောခြင်းကို ခွဲခြား နားမလည်သေး။ နိုင်ငံရေးသည် ငါးစိမ်းသည်တန်းလို ပေါက်ပန်းလေးဆယ်ပြောနေသည့် ပလက်ဖောင်းကြီးသဖွယ်။ သည်လမ်းကြောင်းက ဖောက်ထွက်ဖို့၊ အကယ်ဒမစ် ဆန်ဆန် ဆွေးနွေးပွဲ ပလက်ဖောင်းတစ်ခုကို ဖန်တီးလိုက်သည်ဟု မြင်သည်။ ကိုမင်းဇင်က အိုင်ဒီယာမဲန်း။

လူထုနဲ့ အပ်စပ်စေ

ကိုမင်းဇင် ဟောပြောချက်များမှ “Public Intellectural” ဆိုသည့် စကားလုံးကို ခပ်များများ ပြောတာကြားရ သည်။ ပညာရှင်များသည် ဆင်စွယ်နန်းမှာတင် စံမြန်းမနေသင့်။ လူထုကြားမှာ တိုးဝင်ပြီး၊ လူထုနားနဲ့ ကိုက်ညီအောင် ဟောပြော၍ နိုင်ငံရေးဖြစ်စဉ်ကို နားလည်အောင် လုပ်ပေးရမည်… ဆိုသည့် သဘော။ တစ်ဖက်ကလည်း ဟောပြောဆွေးနွေးပွဲတွေဟာ လူထုသည်းခြေကြိုက် စကားလုံးများနှင့် လမ်းဆုံးမနေဘဲ၊ ပညာရပ်ဆိုင်ရာ ရှုထောင့်နဲ့ ချည်းကပ်ဆွေးနွေးတာ လုပ်ရမယ်ဆိုတဲ့အကြောင်း လှုံ့ဆော်သည့် သဘောကို တွေ့ရသည်။ ကျနော့် ဟာဒယနှင့် ကိုက်၍ ကျနော် ကြိုက်သည်။

ကိုမင်းဇင်ကို ဟိုတယ်ခန်းမထဲက ပညာရှင်လို့ အပနာမ ပြောကြတာ ကြားရသည်။ ရွယ်တူအလွှာအုပ်စုများက သည်လို မြင်ကြတာ မဆန်း။ သူ့ခေတ်သူ့အခါနှင့် သူ့အထွာနှင့် ဖြစ်ပါလိမ့်မည်။ ကျနော့်အနေနဲ့ မှတ်ချက် မပေးလို။

ဤသို့

အိုင်ဒီယာသမားဟာ အာဏာပလက်ဖောင်းနဲ့ နီးမှ လက်တွေ့ရလဒ်များကို ဖန်တီးနိုင်သည်။ ဤသို့ဖြစ်ရန် ကိုမင်းဇင် အားထုတ်ခဲ့သည်ကိုတွေ့ရသည်။ တပ်ဖက်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း ဒီမိုကရက် တစ် အုပ်စုများအပေါ် တိမ်းညွှတ်ဟန် ရှိပါသည်။ ထို့ကြောင့် ၂၀၁၅ အရပ်သားအစိုးရသစ်အတွက်၊ ပေါ်လစီ အထုပ်အပိုးသစ် တင်သွင်းရန် ရည်ရွယ်ခဲ့သည်ဟု ထင်သည်။ သို့သော် အခင်းအကျင်းသစ်က၊ ကိုမင်းဇင်ကို လက်မကမ်း။ မြန်မာပြည်အတွက် နစ်နာသည်ဟု မြင်သည်။ နားထောင်ခြင်းသည် လက်ခံခြင်း မဟုတ်။ လက်ခံခြင်း/ လက်မခံခြင်းကို အသာထား….။ နားထောင်သင့်သည်ဟု မြင်သည်။ ကိုမင်းဇင်က နားထောင် သင့်သူ စာရင်း မှာ ပါသည်ဟု ကျနော် ယုံကြည်သည်။

ထို့နောက် တိုင်းရင်းသား အုပ်စုဘက် (ခွန်ထွန်းဦးတို့ဘက်) စနည်းနာထွက်သည်။ ကွင်းအသစ်မှာ၊ အနေ အထားမှန်ကို သိရန် စနည်းနာ များများ ထွက်ဖို့ လိုသည် ဟူသော အယူအဆသည် မမှား။ သို့သော် အောင့်အီး သည်းခံနိုင်မှ ရမည်။ မြန်မာပြည်နိုင်ငံရေးက အိပဲ့အိပဲ့။

ပညာ့ဆင်စွယ်

အခုတော့ ကိုမင်းဇင် ISP ပလက်ဖောင်းမှာ လျှောက်နေသည်။ ထိုလမ်းကြောင်းမှာနေ၍ စာများများရေးနေဖို့ ဆန္ဒဖြစ်မိသည်။ အင်္ဂလိပ်လို စာတမ်း၊ ဆောင်းပါးများ ရေးသလို မြန်မာလိုလည်း များများ ရေးဖို့ တိုက်တွန်း ချင်သည်။ အင်္ဂလိပ်လိုလည်း ထူထူထဲထဲ၊ မြန်မာလိုလည်း ထူထူထဲထဲ… အုပ်လိုက်ရေးဖို့ တောင်းတမိသည်။ သူလို ပညာရှင်တစ်ယောက်က ကျနော်တို့ နောက်ပေါက်မျိုးဆက်အတွက် လေ့လာစရာအများကြီးရသည်။ အနောက်တိုင်းပညာရပ်များကို အတောင့်လိုက် မမြိုနိုင်သော ကျနော်တို့အတွက် လေ့လာစရာ ကွင်းဖြစ်သည်။

အချိန်တွေ အများကြီး ရှိပါသေးသည်။ ကိုမင်းဇင်လည်း အခုမှ လူလတ်ပိုင်းအရွယ်မျှသာ ရှိသေးသည်။ သူက စမတ်ကျသည်။ မြန်မာရေမြေဓာတ် ရှိသည်။ အနောက်တိုင်း ဒဿနနှင့် ဗုဒ္ဓဒဿနကို ကျေလည်သည်။ မြန်မာစာ ကျေသည်။ ဘာကလေထွက် အကယ်ဒမစ်သမား စစ်စစ်ဖြစ်သည်။ လေ့လာတွေ့ရှိချက်တွေကနေ ရသည့် အိုင်ဒီယာများကို အသက်သွင်းဖို့ ကြိုးစားရင်း၊ ပညာရပ်ဆိုင်ရာ ထောင့်က ဝေဖန်သည်။ လူထုက မင်းဇင်မှန်ပြောင်းဖြင့် ကြည့်လျှင် ဤသို့ ထွက်သည်ဟု ဖြစ်နေရမည်။ ကျနော်ကတော့ မျှော်လင့်သည်။


မြန်မာပြည်နိုင်ငံရေးအတွက် ပညာ့ဆင်စွယ် တစ်ချောင်း တိုးပြီ…ဟူ၍။

မင်းသေ့
ညနေ ၆ း ၁၁
၁၉ ၊ ဒီဇင်ဘာ ၂၀၁၈

မင်းဇင် နှင့် သန့်မြင့်ဦး
Photo Credit – ISP
Previous post ဒေါက်တာသန်းထွန်း (သို့မဟုတ်) ပညာ
Next post အချစ်ဟာ တိမ်တွေကြားမှာလား….