ဒေါက်တာသန်းထွန်းဆိုတာ ….


• ကိန်းခမ်းမကြီးသူ၊
• ဘယ်သူဘာထင်ထင် ကိုယ်မှန်ရာကို ရဲရဲဝံ့ဝံ့ လုပ်ဝံ့သူ၊
• လောကွပ်မရှိသူ၊
• ဟန်မဆောင်တတ်သူ၊
• ရွဲ့တတ်သူ၊
• ထော်လော်ကန့်လန့် မျက်စိစပါးမွှေးစူးစရာကြုံလျှင် အရွှန်းဖောက်တတ်သူ၊
• သောတတ်နှောတတ်သူ၊
• သုတေသနကို သစ္စာမဖောက်သူ၊
• ပညာကို ဖွင့်ထားသူ၊
• အယောင်ဆောင် ပကာသနများကို ဖယ်ခွာပစ်သူ၊
• အကြောက်အရွံ့ကင်းသူ၊
• လူအုပ်ကြီးနောက် မလိုက်သူ
• ဘုကန့်လန့်၊ ဂွစာကြီး
• ပါမောက္ခ
• ပညာရှင်
• သုတေသီ
• သမိုင်းဆရာ

Audio Book

ပညာရှင်၏ သရုပ်ကို ဖော်ပြပါဆိုလျှင်၊ ဒေါက်တာသန်းထွန်းကို ကျနော် ထုတ်ပြလိုက်ချင်သည်။ ဒေါက်တာ သန်းထွန်းသည် သူပုံနှိပ်ထုတ်ဝေသော စာအုပ်များမှာ ‘ဒေါက်တာ’ တပ်လေ့ မရှိ။ ‘သန်းထွန်း’ ဆိုသည်ကိုသာ ရေးသည်။ ဆရာကြီးကိုလေးစားသော စာအုပ်ထုတ်ဝေရေးသမားများကမူ ဆရာကြီးစာအုပ်များမှာ “ဒေါက်တာသန်းထွန်း” ဟု တပ်သည်။ ဆရာကြီးကတော့ “သန်းထွန်း” ဆိုတာနှင့် လုံလောက်နေပြီ။

ပညာ၏ သရုပ်သကန်

ပကာသနမပါသော၊ ပကာသနမဖက်သော ဒေါက်တာသန်းထွန်းကို ကျနော်လေးစားမိသည်။ အထူးသဖြင့် ဒေါက်တာသန်းထွန်း၏ စိတ်ဓာတ်။ ထို့နောက် သုတေသနအပေါ် သစ္စာရှိသော ခံယူချက်။ ထို့နောက် ပညာရပ် ဆိုင်ရာအလုပ်အပေါ်ထားရှိသော ဒေါက်တာသန်းထွန်း၏ ယုံကြည်ချက်။ ပညာရှင်တစ်ယောက်၏ သရုပ်သကန် အားလုံးကို ဒေါက်တာသန်းထွန်းတွင် တွေ့နိုင်သည်။ ဒေါက်တာသန်းထွန်း၏ ဘဝကို လေ့လာခြင်းသည်ပင် ပညာကို လေ့လာခြင်း ဖြစ်နေသည်။ ကျနော်က ပညာကို ချစ်သည်။ ပညာ၏ အမှတ်သင်္ကေတများကို ချစ်သည်။ ထို့ကြောင့် ဒေါက်တာသန်းထွန်းကို ချစ်မိသည်။

ဆရာကြီး၏ စာအုပ်များကို ဖတ်ရသည်။ စာများကို စကားများဟု ဆိုလျှင် စကားသည် ပြောသူ၏ အဇ္ဈတ္တကို ဖော်ညွှန်းပြသနေသည်။ ဒေါက်တာသန်းထွန်းစာများက ဒေါက်တာသန်းထွန်း၏ လုပ်ရပ်နှင့် ကြိုးပမ်းချက်များကို ဖော်ပြနေသည်။ သူ့၏ အားထုတ်မှု၊ သူ့၏ကြိုးကုတ်မှု၊ သူ့၏ စွဲမြဲခိုင်မာမှုကို ဖော်ညွှန်းနေသည်။ ဒေါက်တာ သန်းထွန်း၌ ပညာစရိုက်က အပြည့်အဝရှိနေသည်။

ဒုတိယ ဒေါက်တာသန်းထွန်း ပေါ်လာနိုင်သေးလား

ငဲ့ကွက်မှု မရှိ။ ဘက်လိုက်မှု ကင်းကင်းဖြင့် အချက်အလက်၊ အကိုးအကား အထောက်အထားကို ဗဟိုပြုပြီး ရေးသားခဲ့သော သုတေသနရလဒ်များသည် သမိုင်းနယ်ပယ်တွင် ‘ဒုတိယဒေါက်တာသန်းထွန်း’ ပေါ်ထွန်းလာဖို့ ပင် ခဲယဉ်းသော အခြေအနေ၌ ရှိနေသည်။ ဒေါက်တာသန်းထွန်းမှာ မြန်မာပြည်၏ ရှားပါးမျိုးစိတ်ဖြစ်သည်။

• ဒေါက်တာသန်းထွန်းသည် စာရေးဆရာ မဟုတ်။
• သို့သော စာရေးဆရာ အသိုင်းအဝန်း၏ လေးစားဦးညွှတ်ခြင်းခံရသူ။
• ပညာရှင်စစ်စစ်တစ်ယောက်၏ ကြိုးပမ်းချက်သည် စာပေနယ်မှာ အထင်ကရဖြစ်နေသည်။

သမိုင်းဟူသည်

ဒေါက်တာသန်းထွန်း၌ နိုင်ငံရေးပိုး ရှိခဲ့သည်။ သို့သော် ကျောင်းဆရာဘဝဖြင့် ကျင်လည်ရင်း ပညာရှင်သရုပ်ကို ဖော်နိုင်သူဖြစ်သည်။ နိုင်ငံရေးဘက်အစွဲကင်းကင်းဖြင့် သမိုင်းကို ဖော်ထုတ်ရေးသားခဲ့သူဖြစ်သည်။ သမိုင်းနှင့် ပတ်သက်၍ ဒေါက်တာသန်းထွန်း စွဲကိုင်ခဲ့သော မူများ ရှိသည်။

• အထောက်အထားမရှိရင် သမိုင်းမဟုတ်။
• ဒဏ္ဍာရီသည် သမိုင်း မဟုတ်။
• မျိုးချစ်စိတ်ဖြင့်ရေးသော သမိုင်းသည် ဓမ္မဓိဌာန်ကျ မဖြစ်နိုင်။
• အမုန်းတရား၊ အငြိုးတရားဖြင့် သမိုင်းရေးလျှင်လည်း သမိုင်းမှန် မဖြစ်နိုင်။
• ဘက်အစွဲဖြင့်ရေးသော သမိုင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်းဆိုသည့် ခံစားချက်များကို ဖယ်ထား သည်။ ပယ်ထားသည်။
• ဖိမရေး၊ ဖော့မရေး။
• အရှိကို အရှိအတိုင်းရေးသည်။
• မြင်တာ တွေ့တာကို မြင်သည့်တွေ့သည့် အတိုင်းရေးသည်။
• အသစ်ကို ဖော်သည်။
• မရှိသေးတာကို ရှာသည်။
• အသစ်တွေ့ရှိချက်ကို ကိုယ်တစ်ယောက်တည်း သိရုံဖြင့် မလုံလောက်။ ဒါဟာ တန်ဖိုးမဖြစ်။
• ရေးသားပုံနှိပ်ဖြန့်ချိခဲ့မှ တန်ဖိုးဖြစ်သည်ဟု ခံယူသည်။
• ကိုယ်ရှာထားတာကို နောက်ထပ်ရှာချင်သူ လက်ထဲရောက်သည့်အခါ တန်ဖိုးဖြစ်သည်။
• နောက်ထပ်ရှာသူက ရှေ့လူ၏ အားနည်းချက်၊ ချွတ်ယွင်းချက်ကို ထောက်၍ ဖြေ၍ ပိုကောင်းအောင် လုပ်ရမည်ဟူသော အယူအဆမျိုးကို ဒေါက်တာသန်းထွန်းက စွဲကိုင်သည်။

ဒေါက်တာသန်းထွန်းဆိုတာ ….
• ကိန်းခမ်းမကြီးသူ၊
• ဘယ်သူဘာထင်ထင် ကိုယ်မှန်ရာကို ရဲရဲဝံ့ဝံ့ လုပ်ဝံ့သူ၊
• လောကွပ်မရှိသူ၊
• ဟန်မဆောင်တတ်သူ၊
• ရွဲ့တတ်သူ၊
• ထော်လော်ကန့်လန့် မျက်စိစပါးမွှေးစူးစရာကြုံလျှင် အရွှန်းဖောက်တတ်သူ၊
• သောတတ်နှောတတ်သူ၊
• သုတေသနကို သစ္စာမဖောက်သူ၊
• ပညာကို ဖွင့်ထားသူ၊
• အယောင်ဆောင် ပကာသနများကို ဖယ်ခွာပစ်သူ၊
• အကြောက်အရွံ့ကင်းသူ၊
• လူအုပ်ကြီးနောက် မလိုက်သူ
• ဘုကန့်လန့်၊ ဂွစာကြီး
• ပါမောက္ခ
• ပညာရှင်
• သုတေသီ
• သမိုင်းဆရာ

ဒေါက်တာသန်းထွန်းသည် သုတေသနတွေ့ရှိချက်ပေါင်းများစွာကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။ စာပေနယ်မှာ လိုအပ်သည် ထင်သော စာအုပ်တစ်ချို့ကိုလည်း ဘာသာပြန်ခဲ့သည်။ သုတေသနနယ်အတွက်၊ သမိုင်းနယ် အတွက်၊ စာပေနယ်အတွက် ကျေးဇူးပြုနိုင်ခဲ့သော ကျောင်းဆရာဖြစ်သည်။

တူရွင်းထမ်း ရှာသူ

ဒေါက်တာသန်းထွန်းသည် ဆင်စွယ်နန်းထဲက သုတေသီမဟုတ်။ မြေပြင်ကို ဆင်းသည်။ တူရွင်းကို ထမ်းသည်။ တူးသည်။ ဖော်သည်။ ဆွသည်။ ရှာသည်။ အဆက်အစပ်ကို ကောက်သည်။ တွေ့ရှိချက်ကို စစ်ဆေးသည်။ မှတ်တမ်းတင်သည်။ လက်တွေ့ကွင်းဆင်းသည်။ ခရီးသွားသည်။ တွေ့ရှိသည်ကို ယူဆချက် ခိုင်ခိုင်မာမာဖြင့် ရေးသည်။

ဒေါက်တာသန်းထွန်းသည် လေဖမ်းဒန်းစီး၍ သမိုင်းကို မရေး။ ထင်ရာမြင်ရာဖြင့် သမိုင်းကို မရေးတတ်။ စိတ်ကူးယဉ်တာ သမိုင်းမဟုတ်၊ ဒဏ္ဍာရီသည် သမိုင်းမဟုတ်ဟု ပြတ်ပြတ်သားသား ပြောသည်။ ပါးစပ်ရာဇဝင် ၌ပင် လမ်းဆုံးမနေ။ ဖော်လန်ဖားရေးခဲ့သော သမိုင်းကို ဝေဖန်သည်။ ထောက်ပြသည်။ စော်ကားမော်ကား၊ ထိပါး ရေးသားထားသည်ကိုလည်း ပြင်သည်။


သမိုင်းဆရာ၏ အလုပ်မှာ အရှိကို အရှိအတိုင်း မြင်အောင် ဖော်ထုတ်ဖို့ ဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် ထိုအလုပ်ကို လုပ်ခဲ့သည်။ ဖိခြင်း၊ ဖော့ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ မြှောက်ခြင်း၊ နှိပ်ခြင်းတို့ကို ခံစားချက်ကင်းကင်းဖြင့် ရေးသားနိုင်အောင် အားထုတ်ခဲ့သည်။ တွေ့တာကို တွေ့တဲ့အတိုင်းရေးသည်။ သမိုင်းကို မလိမ်။ လိမ်ခဲ့သော သမိုင်းများကိုလည်း စစ်ဆေး ဖော်ထုတ်ခဲ့သည်။ ဝါဒဖြန့်ချိရေးသမိုင်းများကို ထုခွဲဝေဖန်ဆန်းစစ်ခဲ့သည်။
ယခုခေတ် အခေါ်အဝေါ်အရ ‘ဂျင်းသမိုင်း’ များကို ဆန်းစစ်ဝေဖန်ခဲ့သူဖြစ်သည်။

ဒေါက်တာသန်းထွန်းသည် ယုတ္တိမဲ့မှုများကို ရှောင်သည်။ ပိုပိုသာသာ ဆိုတာကိုလည်း မနှစ်မြို့။ ဖိဖိနှိပ်နှိပ်ဆို တာကိုလည်း လက်မခံ။ အရှိကို အရှိအတိုင်းသာ လက်ခံသည်။ ဤသို့ အရှိတရားကို ဖော်ထုတ်နိုင်အောင် လည်း လုံ့လထုတ်ခဲ့သည်။ ရှေ့က ရေးသားခဲ့သော စာအုပ်ပါ အချက်အလက်များကို ထုတ်ဖော်ကိုးကား၍၊ သုတေသန လုပ်ခဲ့သူ မဟုတ်။ သူများ ရှာပြီးသား တွေ့ရှိချက်ကို ကွန့်ပြီး သုတေသနအသစ်ဟု အမည် မတပ်။ သမိုင်းကို တူရွင်းထမ်း၍ ပြောခဲ့သူဖြစ်သည်။

@@@

ဒေါက်တာသန်းထွန်းကို လူချင်းမသိလိုက်၊ မမှီလိုက်ပါ။ ကျနော်တက္ကသိုလ်ကျောင်းသားဘဝမှာတင် ဆရာကြီးက မန္တလေးတက္ကသိုလ်မှာ ကွယ်လွန်သွားသည်။ အဲသည့်တုန်းက ဒေါက်တာသန်းထွန်းဆိုတာ သမိုင်းပညာရှင်တစ်ယောက်ဟု သိထားရုံမှလွဲ၍ ကျနော် ဘာမှမသိ။ ဒေါက်တာသန်းထွန်းရေးသားခဲ့သော သမိုင်းသုတေသနများထက် ဒေါက်တာသန်းထွန်း၏ ပညာရှင်စိတ်၊ သုတေသနဓာတ်ခံကို ကျနော် ပိုစိတ်ဝင်စား သည်။
ထို့ကြောင့် ဒေါက်တာသန်းထွန်းရေးခဲ့သော သမိုင်းစာအုပ်များထက် ဒေါက်တာသန်းထွန်း၏ အဇ္ဈတ္တကို ပိုရှာချင်၊ ပိုဖတ်ချင်စိတ်ဖြစ်မိသည်။ ‘ငါပြောချင်သမျှ ငါ့အကြောင်း’ စာအုပ်ထဲကနေ ဆရာကြီး၏ သဘောမနော ကို ဖမ်းမိလိုက်သည်။ ဒေါက်တာသန်းထွန်းအကြောင်း အခြားစာရေးသူများ ရေးထားသည်များကို ရှာကြံ၍ ဖတ်ကြည့်သည်။ ဆရာကြီးရေးထားသော စာအုပ်များမှ ရေးသားဖော်ထုတ်ထားသူ၏ ခံယူချက်နှင့် ယုံကြည် ချက်ကို ရှာကြည့်သည်။ ထိုအခါ ‘ပညာ’ ကို တွေ့သည်။
ပညာသည် ဆုပ်ကိုင်ပြ၍ ရသော အရာ မဟုတ်။
သို့သော် ပညာရှင်ဆိုတာ ဘယ်လိုလဲ… ဆိုသည့်မေးခွန်းအတွက် ဒေါက်တာသန်းထွန်းသည် အမှတ်သင်္ကေတ တစ်ခုဖြစ်လိမ့်မည်။

လူငယ်စာဖတ်သမား ပေါက်စ တစ်ယောက်က၊ “ပညာရှင်” ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်ရင်၊ ကျနော် ဒေါက်တာသန်းထွန်းကို လက်ညှိုးထိုးပြမည်။ ပညာရှင်စိတ်ဓာတ်၊ ပညာရှင်ဘဝ၊ ပညာရှင်လုပ်ရပ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပြနိုင်ခဲ့သူမှာ ဒေါက်တာသန်းထွန်း သာဖြစ်သည်။ သူ့စရိုက်၊ သူ့လုပ်ရပ်၊ သူ့ခံယူချက်၊ သူ့ယုံကြည်ချက်မျိုးသည်သာ ပညာရှင်စရိုက်၊ ပညာရှင်လုပ်ရပ်၊ ပညာရှင်၏ သရုပ်သကန်ဖြစ် သည်ဟု ကျနော်ယုံကြည်သည်။

မင်းသေ့
ည ၁၁ း ၅၄
၃ ၊ မတ် ၊ ၂၀၁၉ ။

ဟန်ကျပန်ကျ ထိုင်နေသော ဆရာကြီး ဒေါက်တာသန်းထွန်း
Previous post သန်းနိုင်ဦး (သို့မဟုတ်) ကြည်သူ ပြုံးသူ
Next post မင်းဇင်