Audio Book

သူ့အဇ္ဈတ္တထဲမှာ….
• ရိုးခြင်း၊ ဖြောင့်ခြင်းကို တွေ့ရသည်။
• ဝင့်ခြင်း၊ ဝါခြင်းကို မတွေ့ရ။
• ကြည်သော၊ ပြုံးသော၊ ဓာတ်ခံကို တွေ့ရသည်။
• မဲ့ခြင်း ညည်းခြင်းကို မတွေ့ရ။
သူ့အသားမှာ ကြည်သည်။ ညိုသည်။ သို့သော် ညက်သည်။ သူ့မျက်နှာမှာ အပြုံးရှိသည်။
ဤကား၊ မောင်ဥယျာဉ် (ခေါ်) ကိုသန်းနိုင်ဦး ဖြစ်ပါသည်။

(၁)

ကျနော်က တွေ့လျှင် ‘အစ်ကို’ လို့ အစချီပြီး၊ စကားတွေ ပြောတတ်သည်။ သူက ကျနော့်ကို မေးခွန်းတွေ ထုတ် တတ်သေးသည်။ ထို့နောက် ကျနော်ကလည်း သူ့ထင်မြင်ချက်များကို မေးလေ့ရှိသည်။ သူ့အဖြေများမှာ ‘ဟာသစွက်ထားသော ဘဝဒဿန’ များဖြစ်နေသည်။ သူသည် မန္တလေးက သတင်းစာဆရာတစ်ယောက်ဖြစ် သည်။ ဘဝသရုပ်ဖော် ဆောင်းပါးများကို ရသနှော၍ ရေးတတ်သည်။ သူ့အရေးအသားမှာ ကိုယ်ပိုင်ဟန်ရှိ သည်။ သူ့လေကို ကျနော် ဖမ်းမိသည်။ သူ့ကလောင်ကို ကျနော် ဖမ်းမိသည်။

သူ့စာ

သူက စာဖတ်၍ စာရေးပြတတ်သူ မဟုတ်။ ဘဝသရုပ်ကိုဖော်နိုင်ဖို့ ခြေတိုအောင် လျှောက်သည်၊ တင်ပါး ညောင်းအောင် ဆိုင်ကယ်တစ်စီးဖြင့် အသော့နှင်တတ်သည်။ ထို့ကြောင့် သူ့စာများက အသက်ဝင်နေသည်။ စကားလုံးများဖြင့် စာပန်းချီချယ်သလို ဖြစ်နေသည်။ သို့သော် စိတ်ကူးယဉ်များ မဟုတ်။ တကယ့်လက်တွေ့ ဖြစ်ရပ်များကို ချယ်မှုန်းခြင်းဖြစ်သည်။ ထိုချယ်မှုန်းမှု၌ ရသကို အစာသွပ်၍ သူ့ကောက်ချက်များကို ပိုင်ပိုင်နိုင် နိုင် ဆွဲချတတ်သေးသည်။ ဤကား သူ့ကလောင်သွားဖြစ်လိမ့်မည်။

(၂)

မန္တလေးက သတင်းစာဆရာတစ်ယောက် ဟူ၍ ကျနော် စိတ်ဝင်စားသွားသည်။ ကိုသန်းနိုင်ဦးနှင့် ကျနော် စတွေ့တဲ့အချိန် လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က ဖြစ်မည်။ လူထုဒေါ်အမာ မွေးနေ့၊ တောင်လေးလုံးကျောင်း မှာ ဆုံဖြစ်ကြသည်။ တောင်လေးလုံးသည် မန္တလေးစာပေသမားတွေအတွက် မကြာမကြာ စုဆုံရာ၊ ဘူမိနက်သံ မဟုတ်ပါလား။ သူကတော့ မှတ်မိချင်မှ မှတ်မိပါလိမ့်မည်။ ကျနော်ကတော့ သူ့ကို မှတ်မိနေသည်။

အထက်ဗမာနိုင်ငံစာရေးဆရာများအသင်း အတွင်းရေးမှူး၊ ဧရာဝတီမှာ၊ စပီကာမှာ၊ မော်ကွန်းမှာ သူ့လက်ရာ များကို တွေ့ရတတ်သည်။ သူ စာနယ်ဇင်းနယ်ကို စဝင်လာတုန်းက ကုမုဒြာ၊ မော်ဒန်နှင့် ဓန တို့မှာ ဖြစ်သည်။ ဒါကို ကျနော် မမှီလိုက်။ သည်အချိန်တုန်းက ကိုသန်းနိုင်ဦးနှင့် ကျနော်က တစ်ပိုင်းတခြားစီ ရှိနေသည်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝပင် မပြီးစီးသေးသည့် အချိန်။ သူ့ စာနယ်ဇင်းလောကကို ခြေချနေပြီ။

ကိုသန်းနိုင်ဦးနှင့် ကျနော်က အသက်ကွာသည်။ အကိုကြီး၊ ညီလေး အရွယ်ဖြစ်သည်။ သူက ၇၅ ခုဖွား။ ကျနော်က ၉၁ ခုဖွား။ ဆယ်စုနှစ် တစ်ခုကျော် ကျနော့်ထက် ကြီးရင့်သည်။ ကြီးသည် ဆိုသည်မှာ အရွယ်ကို ဆိုလိုခြင်းဖြစ်ပြီး၊ ရင့်သည် ဆိုခြင်းမှာ အတွေ့အကြုံနှင့် ရုပ်ရည်ကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် သူ့ဇနီး ကျနော်တို့ အခေါ် မဒမ်ပါတော (မနန်းယဉ်ယဉ်ခန့်) မှာ သူ့ထက် နုသည်။ ချောသည်။ ကရင်သွေးဖြစ်သည်ဟု လည်း သိရသည်။ ကရင်သွေးဆိုလျှင် ကိုသန်းနိုင်ဦးထက် သတ္တိကောင်းပေလိမ့်မည်။ ကိုသန်းနိုင်ဦးကတော့ မန္တလေးသား။ မန္တလေးတက္ကသိုလ်ကျောင်းသား။ ဇနပုဒ် ငါးဇွန်မြို့နယ်လေးမှာ ကျောင်းဆရာဘဝကို ဖြတ်သန်း ခဲ့ဖူးသူ။

သူက ဒီလို…

ကျနော် တွေးကြည့်သည်။ သူ့ကလောင်မှော်သည် သူကျောင်းဆရာ ဘဝကတည်းက အစွမ်းပြလိမ့်မည် ဟု ထင်သည်။ သူ့စာပေခရီးကို ကျနော် သိပ်မသိ။ အခုတော့ အတော်အတန် တီးမိခေါက်မိသည်။ ရံဖန်ရံခါ ကျနော်နှင့် ဆရာသင့်နော် စာအုပ်ဆိုင်မှာ ဆုံဖြစ်ကြသည်။ စကားပြောသည်။ စကြ၊ နောက်ကြသည်။ သူ ကျနော့်ကို တွေ့လျှင် အမြဲပြောလေ့ရှိသော စကားနှစ်ခွန်း ရှိသည်။ ‘အခု ဘာတွေ လုပ်နေလဲ’ နှင့် “အေးဗျာ…. ခင်ဗျား စာတွေ ရေးနိုင်တာတွေ့ရတော့ ဝမ်းသာတယ်၊ ရေးဗျာ၊ များများရေးဗျာ” ဆိုတာကို အစချီပြီး စကား တွေ တစ်သီကြီး ပြောတတ်သည်။ စကားပြောရင်း ဟာသနှောလိုက်၊ အရွှန်းဖောက်လိုက်နှင့် မျက်နှာက အမြဲတမ်း ရယ်ကျဲကျဲဖြစ်နေသည်။

စာအကြောင်း ပေအကြောင်းပြောရင်း၊ ဟိုဟာလေး ကောင်းတယ်… ဒီဟာလေး ကောင်းတယ်… ဘယ်ဟာ က ဘယ်လို ဆိုပြီး ကျနော့်ကို စာပေမိတ်ဆက်များ ပြောတတ်သေးသည်။ ကျနော့် အရေးအသားကို မှတ်ချက် ကောင်းကောင်းပေးသည်။ ကျနော်က သူ့မှတ်ချက်ကို လိုလားသည်။ ဝါကျတွေ ရှည်လွန်းနေသေးကြောင်း၊ ဝါကျတိုတွေကို နိုင်နိုင်နင်းနင်း ရေးဖို့ ပြောတတ်သည်။ စာရေးရင် ကွက်တိကွက်ကြား မဟုတ်ဘဲ၊ THEME တစ်ခုခုကို တည်ရေးတာမျိုးကို အားပေးသည်။ ဥပမာ – ကျနော်က စာအုပ်အညွှန်းများ ရေးသည်။ သူ ဒါကို ကြိုက်သည်။ ပြီးတော့ ကျနော်က လူပုဂ္ဂိုလ်များအကြောင်း (ပရိုဖိုင်) များ ရေးသည်။ သူ သဘောကျသည်။ ဒါကို တစိုက်မတ်မတ်၊ အတိုင်းအတာ တစ်ခုထိရောက်အောင် ရေးဖို့ တိုက်တွန်းတတ်သည်။ တိုစိတိုနံ့၊ ပြောက်တိပြောက်ကြားများကို သူ သဘောမကျတတ်… ဆိုတာ တွေ့လိုက်ရသည်။ တစိုက်မတ်မတ်ရှိခြင်းကို သဘောကျဟန် ရှိသည်။ ကျနော်လည်း နှစ်ခြိုက်ပါသည်။ လက်ဖက်ရည်ဝိုင်းတွင် ကိုယ့်စီနီယာ စာရေးဆရာ တစ်ယောက် အသိလက်ဆင့်ကမ်းနေသည်ဟု ကျနော်နားလည်လိုက်သည်။

(၃)

သူ ၊ ကျနော်

ကိုသန်းနိုင်ဦးကို တွေ့ရလျှင် ဘယ်သောအခါမှ မျက်နှာမဲနေ၊ မဲ့နေသည်ကို မတွေ့ရ။ အပြုံးကို အမြဲတွေ့ရ သည်။ ကျနော်ကသာ သူနှင့်တွေ့လျှင် ညည်းချင်းများ ထုတ်လေ့ရှိသည်။ ကျနော်က ခိုညည်းသလိုလည်း ညည်းတတ်သေးသည်။ သူက သူ့ညီကို ဖြောင်းဖျသလို သိပ်မပြော။ ဟာသစွက်လိုက်ပြီး၊ လောကကို သရော် လိုက်သည်။ ကိုယ့်ဒုက္ခမှ ခါးသီးသည် ထင်နေသော ကျနော် နည်းနည်းသက်သာသွားသည်။ ပေါ့ပါးလိုက်သည့် ဖြစ်ချင်း။ ကျနော့် ညစ်သိပ်မှုများ ပြေလျော့သွားသည်။ ကသောင်းကနင်းနိုင်သော လောကကြီး၊ အဆီအငေါ် မတည့်၊ အမှီးအမောက်မတည့်သော ကမ္ဘာကြီး၊ ကိုးလို့ကန့်လန့်နိုင်လှသော လူတွေ၊ ဖြစ်ရပ်တွေ….။


သူ့မှာ ဟာသဓာတ်ခံရှိတာကိုက ကျနော့်အတွက် အားကျစဖွယ်ဖြစ်သည်။ ကျနော့်က သူ့ထက် အသက်သာ ငယ်သည်။ မျက်နှာက အိုစာလှသည်။ သူကတော့ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်။ ‘အယ်မယ်…. ဒီလူကြီး အတော် တတ်နိုင်ပ့ါလား….’ လို့ စိတ်ထဲက ကြိတ်ပြောမိသည်။

သူ့မှတ်ချက်

သူ့မှာ ဇနီးမယား ရှိသည်။ သူ့မှာ အပူအပင် ရှိပါလိမ့်မည်။ သို့သော် သူက ဒုက္ခနှင့် မဖြတ်သန်း။ လက်တွေ့ကျ ကျ ဖြတ်သန်းပြီး ဘဝကို ပျော်ပျော်နေတတ်သည်။ ကျနော်က လူပျိုသိုး။ သူ့ကို မိန်းမတွေအကြောင်း စကား နှိုက်ထုတ်တတ်သေးသည်။ ပြီးတော့ မကြာမကြာ…. မဒမ်ပါတော နှင့် အဆင်ပြေရဲ့လားလို့ မေးတတ်သည်။ သူကတော့ ရယ်ကျဲကျဲနှင့် ဖြေသည်။ ကျနော်က မိန်းမတွေအကြောင်း သူ့တွေ့ရှိချက်များကို မေးလျှင် တစ်ခွန်း တည်းသော စကားကိုသာ ဖြေတတ်သည်။
‘ကိုမင်းသေ့… ခင်ဗျား မိန်းမတွေကို နားလည်အောင် မကြိုးစားနဲ့ဗျ။ မိန်းမတွေကို ဘယ်လောက် နားလည် အောင်လုပ်လုပ် ၊ ခင်ဗျား နားလည်မှာ မဟုတ်ဘူး…’ ဟုပြောတတ်သည်။

ကျနော့်စိတ်ထဲတွင် ကောက်ချက် တစ်ခု ချလိုက်သည်။ မိန်းမတွေကို နားမလည်နိုင်တာက မိန်းမတွေ အပြစ်မဟုတ်ဘူး။ နားလည်အောင် လုပ်နေ သူရဲ့ အပြစ်သာ ဖြစ်တယ်…. လို့ ကျနော် ကောက်ချက်ချလိုက်သည်။ ဤကား ၊ ကိုသန်းနိုင်ဦး ဒဿနအမြင်က နေ ကျနော် ထုတ်နှုတ်လိုက်သည့် မင်းသေ့ ဖီလိုဆိုဖီ တစ်ခုဖြစ်ပါသည်။

(၄)

ကိုသန်းနိုင်ဦး၏ ကလောင်မှာ ‘မောင်ဥယျာဉ်’ ဖြစ်သည်။ ‘သန်းနိုင်ဦး’ အမည်ဖြင့်လည်း စာများရေးသည်။ ဂျာနယ်များ၌ အတွေ့ရများသည်ကား ‘သန်းနိုင်ဦး’ အမည်နှင့်ပင်ဖြစ်သည်။ ကျနော်ကတော့ ‘မောင်ဥယျာဉ်’ ကို မသိ။ နောက်မှ သိသည်။ မန္တလေးက သတင်းစာဆရာပီပီ၊ မန္တလေးက စာရေးဆရာပီပီ ‘စကားပြော’ ဖြင့်ရေး တာ တွေ့ရသည်။ သူ့စာမှာ နားထဲထိ လျော၍ ဝင်သွားသည်။ ထောက်မနေ၊ တောင့်မနေ။ ပြေပြေပစ်ပစ် ရှိသည်။ တိုစိတိုနံ့ ဝါကျများ မသုံးတတ်။ ဝါကျ ခပ်တိုတိုတော့ အသုံးများသည်။ စာချောသည်။ စာကို လေပြေ လေးနှင့် အသောနှင်တတ်သည်။ ဘယ်ပုံဘယ်ကဲ့သို့သော စာရေးဆရာ ဖြစ်ပါသနည်း။

ရုပ်ပုံကားချပ်

လူက အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ကြံ့ကြံ့ခိုင်ခိုင်၊ ခပ်ထွားထွား။ အသားက ခပ်ညိုညို၊ သို့သော် မျက်နှာက အမြဲကြည်ကြည်လင်လင်၊ ပြုံးစစ။ ပန်းချီတွေကို ကြိုက်တတ်သူ။ လမ်းဘေး ပန်းချီဖြစ်ဖြစ်၊ ရံပုံငွေ ပန်းချီပွဲမှာဖြစ်ဖြစ် အိတ်ကပ်ပြားအောင် ပန်းချီကားလေးတွေ ဝယ်လေ့ရှိသူ။ ငါးထောင်တန်၊ တစ်သောင်းတန် ပန်းချီလေးတွေကိုပင် တခုပ်တရ စုံမက်နှစ်သက်တတ်သူ။ သူနှင့်ကျမှ ‘အနုပညာဆိုတာ ငွေကြေးနှင့်မဆိုင်၊ တန်ဖိုးထားမှုနှင့်သာ ဆိုင်သည်’ ဟု ပိုနားလည်လိုက်ရသည်။ ရေဘေးရံပုံငွေ ပန်းချီခင်းမှာ ကျနော်နဲ့ ဆုံဖြစ်ကြသေးသည်။ တီးဆိုင်ထိုင်ပြီး ပန်းချီအကြောင်း ပြောဖြစ်ကြသည်။ “အနုပညာ ကို ပကာသန မပါဘဲ ခံစားသက်ဝင်နိုင်သူ” ဟု နားလည်လိုက်သည်။

သူ့အသံမှာ ကြည်သည်။ ရှင်းသည်။ လက်ဖက်ရည် ကြိုက်တတ်သည်။ သူ့အလှမ်း၊ သူ့အထွာကို သူကောင်း ကောင်းသိသည်။ အလိုလောဘ နည်းသူဖြစ်သည်။ သူ့မှာ စိတ်ကူးကလေးတွေ ရှိသည်။ သူသည် တောကို ချစ်သည်။ အညာကို ချစ်သည်။ သဘာဝကို ချစ်သည်။ အော်ဂဲနစ်တွေကို သူကြိုက်သည်။ အေးချမ်း ဆိတ်ငြိမ်မှု ကို နှစ်သက်သည်။ ရှေးဟောင်းကို ချစ်သည်။ မြန်မာသံတွေကို နှစ်သက် မြတ်နိုးသည်။ သူ့ကို ကျနော်က ဂန္တဝင်ဟု ပြောမည်။ သို့သော် သူသည် ရှေးရိုးစွဲ မဟုတ်။

သူက ရှေ့မှီနောက်မှီ။ ဆိုရှယ်လစ်ခေတ်မှာ သူ့ကို မွေးသည်။ သူ့ငယ်စဉ် ဘဝဖြတ်သန်းမှုသည် ဆိုရှယ်လစ် အငွေ့အသက်ဖြစ်၍၊ ကြီးပြင်းမှုသည် စစ်အစိုးရခေတ်ဖြစ်နေသည်။ အသွင်ကူးပြောင်းစခေတ်မှာ လူကြီးဘဝကို ရောက်လာသည်။

(၅)

သူဖြတ်သန်းသည့်ခေတ်

သူက အတိတ်ရဲ့ကောင်းကွက်များကို ရေးလေ့ရှိသည်။ ပစ္စုပ္ပန်၏ ပျက်ယွင်းမှုများကို ရေးသည်။ သူများ မမြင်သည်ကို မြင်တတ်သည်။ သူများ မကြည့်တာကို ကြည့်တတ်သည်။ သူများ မတွေးမိတာ သူတွေးသည်။ ကျနော်တို့မှာ သူလက်တို့မှာ ‘ေဩာ်…. ဒါလည်းဒီလို ဟုတ်ခဲ့တာပဲ….’ လို့ တွေးမိလိုက်သည်။ မြန်မာ့လူ့အဖွဲ့ အစည်း၏ အသွင်ပြောင်းလာပုံကို သူကောင်းကောင်း နားလည်ထားသည်။ သူ့စာတွေထဲမှာ သည်အချက်ကို တွေ့ရမည်။ ခေတ်ပြောင်း၊ စနစ်ပြောင်း နှစ်ခုကို သူ အရွယ်ရောက်တဲ့အချိန်မှာ ဖြတ်သန်းခဲ့ဖူးခြင်းကြောင့် ဖြစ် မည်။ ၈၈ အရေးအခင်း ဖြစ်တော့၊ သူ့အသက်က ၁၃ နှစ်။ ၉၀ / ၉၁ မှာ အသက် (၁၅) ၊ (၁၆)။ ပတ်ဝန်းကျင် ကိုကောင်းကောင်း စူးစမ်းသိမြင်နိုင်သည့် အချိန်။ ၂၁ ရာစုကို ကူးတော့ သူ့အသက်က (၂၅) နှစ်။ စစ်အစိုးရ နှောင်းပိုင်းကာလမှာ သူ သတင်းစာဆရာဖြစ်နေပြီ။ ၂၀၁၀ နောက်ပိုင်း အသွင်ကူးပြောင်းရေးခေတ်ရောက် တော့လည်း သူက သတင်းစာဆရာ။

မြန်မာပြည်၏ သတင်းအမှောင်ခေတ်ကို သူ မဖြတ်သန်းခဲ့သော်လည်း၊ မလင်းတလင်းခေတ်ကို သူ ကောင်း ကောင်းသိမှီသည်။ သတင်းပလင်း ဘယ်လိုပွင့်လာသလဲ၊ ဘယ်လောက်ပွင့်လာသလဲ ဆိုတာ သူ ကောင်း ကောင်းနားလည်သည်။ လက်ရေးကလောင်နှင့် ကွန်ပြူတာကလောင်ကို သူ ချိတ်မိထားသည်။ ၂၀၁၂ နောက် ပိုင်း မြန်မာပြည်မှာ အိုင်တီပေါက်ကွဲလာတော့ သူမှီအောင်လိုက်သည်။ သူက ကင်မရာ ကောင်းကောင်းကိုင် တတ်သည်။ ဖလင်ခေတ်ကို မှီခဲ့သလို၊ ဒစ်ဂျစ်တယ်ခေတ်မှာလည်း ကင်မရာ ကိုင်ထားသူဖြစ်သည်။ စာကို ကွန်ပြူတာဖြင့် ရေးသည်။ အီးမေးလ်ဖြင့် ပို့သည်။ မင်ကလောင်နှင့် ကွန်ပြူတာကလောင် နှစ်မျိုးလုံး ကိုင်ခဲ့ဖူး သူဖြစ်သည်။ ကျနော်ကမူ မင်ကလောင်ဖြင့် စာမူ မပို့ဖူး။ မင်ကလောင်ခေတ်ကို ကျနော် မမှီလိုက်။ အဲသည့် အချိန်က ကျနော် လူလားမမြောက်သေး။ ကွန်ပြူတာကလောင်ခေတ်မှ ကျနော် လူလားမြောက်လာသည်။ ကျနော်တို့ နှစ်ဦးသည် မျိုးဆက်နှစ်ခုအကြား လင့်(ခ်) (LINK) လုပ်ပေးနိုင်မည့် အရွယ်နှစ်ပါးဖြစ်ပါလိမ့်မည်။

သူ့အဇ္ဈတ္တထဲမှာ….

• ရိုးခြင်း၊ ဖြောင့်ခြင်းကို တွေ့ရသည်။
• ဝင့်ခြင်း၊ ဝါခြင်းကို မတွေ့ရ။
• ကြည်သော၊ ပြုံးသော၊ ဓာတ်ခံကို တွေ့ရသည်။
• မဲ့ခြင်း ညည်းခြင်းကို မတွေ့ရ။
သူ့အသားမှာ ကြည်သည်။ ညိုသည်။ သို့သော် ညက်သည်။ သူ့မျက်နှာမှာ အပြုံးရှိသည်။
ဤကား၊ မောင်ဥယျာဉ် (ခေါ်) ကိုသန်းနိုင်ဦး ဖြစ်ပါသည်။

မင်းသေ့
နေ့လယ် ၁ း ၀၅
၁၈ ၊ ဇန်နဝါရီ ၊ ၂၀၁၉ ။

သန်းနိုင်ဦး
Previous post တင်မောင်သန်း (သင့်ဘဝ)
Next post ဒေါက်တာသန်းထွန်း (သို့မဟုတ်) ပညာ