Audio Book

• ဆရာဝန် ဘဝကနေ စာရေးဆရာဘဝကို ခုန်ဆင်းလာတဲ့သူ
• သူ့ကိုယ်သူ အားပျော့ပါ့လား သိတဲ့အချိန်မှာ သူ့ကိုယ်ကို ပြောင်းလဲပစ်ခဲ့သူ
• စာပေနယ်မှာ စွန့်စားခန်းဖွင့်သူ
• စာပေနယ်မှ သုတေသနနယ်ကို ရောက်သွားသူ
• စာသမားဘဝကနေ အကယ်ဒမစ်သမားဖြစ်သွားသူ
• ခါးနာလို့ အိပ်ရာထဲလဲနေရင်း ကိုယ့်အကြောင်းကိုယ်သိသွားသူ
• စကားလုံးတွေ ပစ်သွင်းပြီး အဟုန်ပြင်းပြင်း ဟောပြောတတ်သူ
• မူဝါဒလေ့လာရေးရာသုံးသပ်သူ
• မှန်ပြောင်းများစွာနှင့် ထောင့်ပေါင်းများစွာက ကြည့်တတ်သူ
• မြင်ကွင်းပေါင်းစုံကို တစ်လှည့်ချင်းပြောပြတတ်သူ
• လစ်ဘရယ်မှန်ပြောင်း၊ သုတေသနမှန်ပြောင်းကို လက်ကမချသူ
• ဖြစ်စဉ်ဖြစ်ရပ်ကို ထောင့်ပြောင်းကြည့်တတ်သူ
• မက်ခရို ၊ မိုက်ခရို ချိတ်ဆက်စဉ်းစားတတ်သူ
• မုံရွာသား
• ဟားဗတ်ကျောင်းဆင်း
• သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာ
• စာရေးဆရာ
• သုတေသီ
• သူငယ်ချင်း ကျော်ဝင်းကို စာပေနယ်ထဲ ဆွဲချခဲ့သူ …. ။

ပုပျပ်ပျပ်နှင့် ခါးကုန်းကုန်း ၊ လမ်းလျှောက်ရင် ရှေ့ကို ခပ်ကိုင်းကိုင်း၊ မျက်မှန်တပ်ထားလျှင် မျက်မှန်ပေါ်က ကျော်ကြည့်တတ်သူ၊ ဟောပြောရင် လက်ဟန်ခြေဟန် အကုန်သုံးပြီး အားပါးတရ ဟောပြောတတ်သူ၊ လူပု သလောက် အသံကျယ်သူ၊ ဟောပြောနေရင်း မျက်မှန်ကို ပင့်တင်လိုက်၊ လက်ကို ခပ်ဆတ်ဆတ် လှုပ်လှုပ်ပြီး စူးစူးစိုက်စိုက်ဟောပြောသူမှာ ဆရာ တင်မောင်သန်း (သင့်ဘဝ) ဖြစ်ပါသည်။ ဆရာကျော်ဝင်းက သူ စာပေနယ် ထဲရောက်လာတာ လူပေါင်းမှားလို့ဆိုပြီး ပြောပြတတ်သည်။ ထိုသူမှာ တခြား မဟုတ်။ ဆရာ တင်မောင်သန်း ပင်ဖြစ်သည်။ မုံရွာသား သူငယ်ချင်း ကျော်ဝင်းကို ရန်ကုန်ခေါ်ပြီး စာပေနယ်ထဲကို ဆွဲသွင်းလိုက်သူ ဖြစ်ပါ သည်။ ဆရာကျော်ဝင်း လူပေါင်းမှားခြင်းကြောင့် ကျနော်တို့ အခု အကျိုးကျေးဇူးများ ရနေပါသည်။ ကောင်းသောမှားခြင်း ဖြစ်သည်။

ဆရာတင်မောင်သန်းမှာ မုံရွာသားဖြစ်သည်။ အခုအချိန်ထိ မုံရွာဇာတိ၊ သူ့အမေ့အိမ်မှာ နေထိုင်သေးသည်။ မုံရွာသည် အကျော်အမော်များ ထွက်သော နယ်ဖြစ်သည်။ ဘာသာရေး၊ စာပေ၊ နိုင်ငံရေးဘက်မှာ ကျော်ဇောကိတ္တိကြီးမားသောသူများ ထွက်သည်။ လူသယံဇာတထွက်သလို၊ သဘာဝသယံဇာတလည်း ထွက်သည်။ လူသယံဇာတမှာ၊ ကျော်ဝင်း ၊ တင်မောင်သန်း ၊ ကိုတာ၊ မောင်သစ်ဆင်း၊ အံမောင်၊ မင်းဆွေနှစ်၊ ကျော်မင်းဆွေ၊ နိုင်စိုး တို့ဖြစ်သည်။ ကျနော်သိသလောက် ရွတ်ကြည့်ခြင်းဖြစ်သည်။ သဘာဝသယံဇာတမှာ၊ တရုတ်တို့ အာရုံကျသော မုံရွာမြို့အနောက်ဘက်မှာ ရှိသည်။ ချင်းတွင်းမြစ် တစ်ဖက်ကမ်းက လက်ပံတောင်း တောင် ကြေးနီ ဓာတ်သတ္တုများဖြစ်သည်။

လူမမှားနဲ့

ဆရာ တင်မောင်သန်း ကို လူချင်းမှားနေတတ်ကြသည်။ Egress က တင်မောင်သန်း ရှိသည်။ သူ့ကို ကျနော်တို့က (ငါး) တင်မောင်သန်းဟု ခေါ်သည်။ ငါးလုပ်ငန်းဘက်မှလာသောကြောင့် (ငါး) တင်မောင်သန်းဟု ခေါ်ခြင်းဖြစ်သည်။ တော်တော်များများက ဆရာတင်မောင်သန်း (သင့်ဘဝ) ကို (ငါး) တင်မောင်သန်း နှင့် မှားလေ့ရှိသည်။ မှားစရာလား။ နောက်တစ်ယောက်က၊ တင်မောင်မောင်သန်း ဖြစ်သည်။ တင်မောင်မောင်သန်း ဆိုသည်မှာ နိုင်ငံရေးဘောဂဗေဒရေးရာ ကျွမ်းကျင်သူ တစ်ယောက်၊ သုတေသီတစ်ယောက်။ ယခင် စစ်အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သူ။ ထိုသူနှင့်လည်း မှားတတ်ကြသည်။ ဆရာတင်မောင်သန်း (သင့်ဘဝ) က၊ ဒေါက်တာ တင့်ဆွေ၏ အမှားတော်ပုံကို ပေးစာရှင်းတမ်းရေးရင်း ရှင်းပြတာ ဖတ်ရသည်။ တော်တော်များများ မှားကြသော တင်မောင်သန်း ဖြစ်သည်။

ယခု ကျနော် ရေးသော ကောက်ကြောင်းပိုင်ရှင်မှာ တင်မောင်သန်း (သင့်ဘဝ) ဖြစ်ပါသည်။ သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာဟောင်း။ ဟားဗတ်ကျောင်းဆင်း။

သင့်ဘဝမှ

ကျနော့် စာအုပ်စင်မှာ သင့်ဘဝမဂ္ဂဇင်း အဟောင်းများ ရှိသည်။ မိုး၊ The Wave၊ ချင်းတွင်း၊ အတွေးအမြင် မဂ္ဂဇင်း အဟောင်းများနှင့် တစ်တန်းတည်း အကန့်တစ်ကန့်မှာ ထားထားသည်။ သင့်ဘဝ ထွက်သည့် ကာလ က၊ စစ်အစိုးရလက်ထက်၊ စစ်ဝါဒတို့ လျှမ်းလျှမ်းတောက် တန်ခိုးထွားချိန်။ သည်လိုအချိန်မှာ သခင်စိတ်ဓာတ် ဖြန့်ချိရေး တရားများကို သင့်ဘဝမှာ ဟောခဲ့သည်။ စာတမ်းတချို့ကို ပိတ်ပင်ခြင်း ခံရသည်။ သခင်နိုင်ငံတော် စာအုပ်နှင့် စာတမ်းများ၊ ဆောင်းပါးများ စာအုပ်ကို ဂျပန်မှာ ပုံနှိပ်ဖြန့်ချိရသည်။ မြန်မာပြည်မှာ ဖြန့်ချိခွင့်မရှိ။ ပုံနှိပ်ခွင့်မရှိ။ ကျွန်စိတ်သွင်းနေသော၊ ကျွန်ဇာတ်သွင်းနေသော ဤခေတ်၌ ကလောင်ဖြင့် တပ်လှန့်၊ သတိပေးခဲ့ သူဖြစ်သည်။ လူကြီးလူကောင်းစိတ်ဓာတ်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် အရည်အချင်းနှင့် သခင်စိတ်များ နှိုးကြားဖို့ တတ်နိုင်သရွေ့ စာပေဖြင့် လှုံ့ဆော်ခဲ့သည်။ သင့်ဘဝ၏ အခန်းကဏ္ဍသည် ဆရာတင်မောင်သန်း၏ ဘဝ ဖြတ်သန်းမှုနှင့် ဆက်စပ်နေပါသည်။

အမှတ်ရရ

ဆရာ တင်မောင်သန်းနှင့် စကားဝိုင်းဆွေးနွေးပွဲများမှာ အတူပြောကြရင်း ဆုံဖူးသည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေး ပွဲတွေမှာလည်း ကျနော် တက်ရောက်နားထောင်ဖူးသည်။ စားပွဲဝိုင်းမှာ ထမင်းလက်ဆုံစားဖူးသည်။ လက်ဖက် ရည်ဆိုင် အတူထိုင်ဖူးသည်။ မုန့်တီအတူစားဖူးသည်။ မန္တလေးမှ မုံရွာကို ကားတစ်စီးတည်း အတူသွားဖူးသည်။ ကျနော် သိချင်တာ မေးဖူးသည်။ ကျနော်မေးသမျှကို စိတ်ပါလက်ပါ၊ စိတ်ရှည်လက်ရှည်ဖြေတာကို နားထောင် ဖူးသည်။ ကျနော် မသိမှီလိုက်သော အကြောင်းများကို မေးဖူးသည်။

ဆရာတင်မောင်သန်း၏ အဇ္ဈတ္တကို ကျနော် ဖမ်းမိသမျှ နှိုက်ထုတ်ကြည့်သည်။ သူ့စကားများ၊ သူ့စာများနှင့် ကျနော် ရင်းနှီးပါသည်။ ဆရာနှင့်တွေ့လျှင် ကျနော်က ဆရာ ရေးထားသမျှစာတမ်းများကို ဓားပြတိုက်တတ် သည်။ ထိုသို့ ဓားပြတိုက်ရန် ယူဆောင်လာသော လက်နက်မှာ မန်မိုရီစတစ်(ခ်) တစ်ချောင်းဖြစ်ပါသည်။ “ကျနော့်မှာ မရှိသေးတဲ့ စာတမ်းတွေပေးပါအုံး..ဆရာ” လို့… အားမနာတမ်း တောင်းတတ်သည်။ ဆရာက လိုလိုချင်ချင်ပေးပါသည်။ ကျနော် ဓားပြတိုက်စရာပင် မလိုပါ။

မူဝါဒချဲယ်နယ်(လ်)

ဆရာတင်မောင်သန်းမှာ စာအုပ်များများ ပုံနှိပ်ဖြန့်ချိထားတာ မရှိပါ။ ကျနော်ဆီမှာ နှစ်အုပ်သာ ရှိသည်။ သခင်နိုင်ငံတော် (ဆောင်းပါးများပေါင်းချုပ်) စာအုပ်နှင့် ယခင်အစိုးရ ပိတ်ပင်ခဲ့သော ပညာရေးဆောင်းပါးများ စာအုပ် နှစ်အုပ်သာ ဖြစ်ပါသည်။ ဆရာတင်မောင်သန်းမှာ စာပေနယ်မှ တစ်ဆင့် ပညာရပ်ဆိုင်ရာနယ်မြေကို ကူးလူးသွားသည်။ စာပေဘက် ရောက်မလာတော့။ ထို့ကြောင့် ဆရာ့ စာများမှာ စာအုပ်အနေဖြင့်တွေ့ရသည် ထက် စာတမ်းအနေဖြင့်သာ တွေ့ရသည်။ ထိုစာတမ်းများမှာလည်း ပုံနှိပ်ဖြန့်ချိခြင်းမရှိ။ ဆိုင်ရာနယ်ပယ်များမှာ သက်ဆိုင်သူများထံ အီလက်ထရောနစ်ဗားရှင်းဖြင့် ပျံ့နှံ့စိမ့်ဝင်နေတာ များသည်ဟု ထင်သည်။ ကျနော့်မှာ ဆရာ့စာတမ်း အများအပြား ရှိသည်။ ကွန်ပြူတာထဲမှာ ကျနော် ထုတ်ထုတ်ဖတ်လေ့ရှိသည်။ မူဝါဒရေးရာ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၊ နိုင်ငံရေးဖြစ်စဉ် အမြင်များ၊ ရှုထောင့်များ၊ အဆိုပြုချက်၊ အိတ်ဖွင့်ပေးစာများ ဖြစ်သည်။

သာမန်ဗဟုသုတရရုံ ဖတ်ရသည် မဟုတ်

ဆရာတင်မောင်သန်းအနေနှင့် သုတေသနနယ်ဘက်မှာ ခြေချပြီးကတည်းက၊ မူဝါဒအရွေ့အတွက် အာရုံစိုက်၍ တွန်းသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆရာ့စာများမှာ ပြည်သူအများ ဖတ်လေ့ရှိသော၊ ဂျာနယ်၊ သတင်းစာ စာမျက်နှာများမှာထက် မူဝါဒအဆုံးအဖြတ်ပေးနိုင်မည့်သူတွေဆီ ရောက်နိုင်မည့် လမ်းကြောင်းပေါ်မှာ အဓိက ရှိနေသည်ဟု ထင်သည်။ သည်အချက်နှစ်ခုနှင့် ပတ်သက်ပြီး ကျနော် မှားနိုင်ပါသည်။ ကျနော့်အမြင် ယူဆချက်သာ ဖြစ်ပါသည်။ ဤလုပ်ရပ်သည် သုတေသီတစ်ယောက်အဖို့ မှန်ကန်သည်ဟု မြင်သည်။ အကြောင်းမှာ၊ ပညာရပ်ဆိုင်ရာတွေ့ရှိချက်၊ စဉ်းစားချက်၊ သုံးသပ်ချက်များသည် စာအုပ်စင်ပေါ်မှာ အိပ်နေလို့ မရ။ လက်တွေ့သက်ဝင် လှုပ်ရှားရမည်။ ထိုသို့ သက်ဝင်လှုပ်ရှားရန်အတွက် ဦးတည်ချက် မှန်ကန်ဖို့ လိုသည်။ ဆရာ့စာများမှာ သာမန် ဗဟုသုတရရန်အတွက် ဖတ်ရှုရသည့် စာများ မဟုတ်။ အပျင်းပြေ ဖတ်ရန်၊ စာတမ်းများ မဟုတ်။

မူဝါဒရေးရာသုံးသပ်ချက်စာတမ်းများဖြစ်သည်။ လက်တွေ့အလုပ်ထောင့်မှ ကြည့်ဖို့ စဉ်းစားချက်များဖြစ်သည်။ ပြည်သူ့ရေးရာ၊ စီမံအုပ်ချုပ်မှုကဏ္ဍ၊ နိုင်ငံတော်ယန္တရားကြီးအတွက် ဦးနှောက်အစာသွတ်ရန် စာများ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအင်အားစုနှင့် မူဝါဒချမှတ်ဖို့ လုပ်ပိုင်ခွင့်ရှိထားသူများအတွက် စားသုံးရန်များဖြစ်သည်။

အချစ်ကိုလည်း တက္ကသိုလ်မှာ ဘာသာရပ်တစ်ခုအနေနဲ့

သင်ပေးလို့ မရနိုင်ဘူးလား


တင်မောင်သန်း (သင့်ဘဝ)

တုပစရာ

ဆရာတင်မောင်သန်းနှင့်ပတ်သက်ပြီး၊ ကျနော် အတုခိုးမိတာတွေ ရှိသည်။ ဆရာ စာသင်သည့်အခါ၌ လည်းကောင်း၊ ဟောပြောသည့်အခါ၌ လည်းကောင်း သုံးသော အမူအရာ၊ ဟန်ပန်နှင့် လေသံ တုန်း အတက် အကျ…ကို ကျနော် အတုခိုးသည်။ လွန်ခဲ့သော ၃ နှစ်ကျော်လောက်က ကျနော့်အတုခိုးမှုမှာ ပို၍ သိသာသည်။ အခုတော့ တချို့ဟန်ပန်များမှာ ကျနော့်မူပိုင်လိုလိုဖြစ်သွားသည်။ ကျနော်က ကျနော်သဘောကျသည်များကို ကျနော့်ကိုယ်ထဲ ရောက်အောင် ဤသို့ လုပ်တတ်သည်။ နောက်တစ်ခုရှိသေးသည်။ ဆရာတင်မောင်သန်း စာတမ်းများကို ဖတ်ပြီး၊ ကျနော့်မှာ နည်းနှစ်ခု ရသည်။ ၎င်းမှာ ပုံစံချမှု ဒီဇိုင်းနှင့် ရေးဟန်ဖြစ်သည်။

ဆရာ့စာတမ်းများ၏ ပုံစံချပုံကို ကျနော် သဘောကျသည်။ ကျနော့် ဟာဒယနှင့် ကိုက်သည်ဟု ပြောလျှင် ပို၍ မှန်မည်။ ကျနော်က စာတိုပေစရေးသူ၊ ဆောင်းပါး၊ စာတမ်း ရေးသားသူဖြစ်သည့်အတွက် ဆရာ့ဟန်ကို ကျနော့်ဆီမှာ ပွားယူလိုက်သည်။ နောက်တစ်ခုမှာ ရေးဟန်ဖြစ်သည်။ စာတမ်းတွေ စရေးစဉ်တုန်းက၊ ပညာရပ် ဆိုင်ရာစာတမ်းများကို စကားပြေဖြင့်၊ စာဆန်ဆန်ရေးရမည်ဟု ကျနော် ပုံသေတွက်ထားသည်။ ဆရာ့ စာတမ်း များ ကို ဖတ်ပြီးတွေ့လိုက်ရချိန်မှာ၊ ကျနော့် အယူအဆ ပြောင်းသွားသည်။ စာတမ်းကို စကားပြောနဲ့လည်း ရေးလို့ ရသည်…ဆိုတာ။ စာတမ်းတချို့ကို ကျနော် တုပ၍ ရေးကြည့်သည်။ အဆင်ပြေသည်။ ထို့ကြောင့် ကျနော် သဘောခွေ့သည်။

သည်လို

ကျနော်၊ ဒေါက်တာအောင်မြင့်၊ ဂျူး နှင့် ဆရာတင်မောင်သန်း တို့ ရတနာပုံတက္ကသိုလ်မှာ စကားဝိုင်းတစ်ခု လုပ်သည်။ အဲသည်တုန်းက ဆရာ့စကားကို အခုထိ သဘောခွေ့နေသည်။ အကြောင်းက ဒီလို။

တက္ကသိုလ်ကျောင်း ပညာရေး ခေါင်းစဉ်နှင့် ပြောကြသည်ဖြစ်၍၊ အကြောင်းအရာများမှာ တက္ကသိုလ်အကြောင်း၊ ပညာရေးအကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း၊ သင်ကြားမှု၊ သင်ယူမှုအကြောင်း၊ ပညာ့ရပ်ဝန်း အကြောင်းများဖြင့် သိုင်းဝိုင်းပြောနေကြသည်။ သည်နေရာမှာ ဆရာမ ဂျူးက ၊ တက္ကသိုလ်ကျောင်းသားဘဝ အကြောင်းပြောရင်း အချစ်အကြောင်း ရောက်သွားသည်။ ရင်ခုန်မှုများ အကြောင်း ရောက်သွားသည်။ အချစ်နှင့် ပညာရေးအကြောင်း ရောထွေးရောက်သွားကြသည်။ ဤအကြောင်းအရာမှာ ဆရာတင်မောင်သန်းက စကား လုံးတစ်စု ပစ်သွင်းလိုက်သည်။

“အချစ်ကိုလည်း တက္ကသိုလ်မှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်လို့ မရနိုင်ဘူးလား…”
ကျောင်းသားများ သဘောခွေ့သွားသည်။ ကျောင်းသားများသာမက၊ ကျောင်းသူများလည်း သဘောခွေ့သွား သည်။ အောက်မှ နားထောင်နေသော ဆရာ/ ဆရာမများ၏ မျက်နှာကလည်း ပြုံးစိစိတွေ ဖြစ်သွားကြသည်။ ထို့ နောက် လက်ခုပ်သံ တဖြောင်းဖြောင်းက ဟိန်းခနဲ ထွက်လာသည်။
ဆရာ တင်မောင်သန်း စကားကို နားထောင်ရင်း၊ အိုင်းစတိုင်းကြီး မိန့်ခဲ့သော အဆိုအမိန့်တစ်ခုကို သတိရသွား သည်။ “တီထွင်မှုဆိုတာ ဟာသဉာဏ်နှင့် ယှဉ်သော အသိ….”။ ကျနော့်စိတ်ထဲမှာ မှတ်ချက်ချလိုက်သည်။ “ငါ့မှာ ရှိတဲ့ အသိတွေကို ဟာသဉာဏ်နဲ့ ကွပ်ညှပ်ရမယ်…” ဟူ၍။

ဖမ်းဆုပ်မိသော စိန်တုံးများ

ဆရာတင်မောင်သန်းနှင့် ပတ်သက်၍ ကျနော့် အမြင်၊ အယူအဆ တော်တော်များများ ပြောင်းခဲ့ဖူးသည်။ အထူး သဖြင့်၊ သမိုင်းဖြစ်ရပ်များနှင့် နိုင်ငံရေးဖြစ်စဉ်များကို ကြည့်သည့်အခါ သုံးသည့် မှန်ပြောင်းများ၊ ထောင့်များ၊ မြင်ကွင်းများ၊ ကြည့်ပုံမြင်ပုံများနှင့် ပတ်သက်၍ ဖြစ်သည်။ ဘာကိုမှ တရားသေ ယူလို့မရသည့် အယူအဆမှာ ကျနော့်အဖို့ ပိုမိုခိုင်မာလာသည်။ ဆင်တစ်ကောင်လုံးကို မြင်အောင်ကြည့်ရင် အဖြေက တစ်မျိုးထွက်သည် မဟုတ်လား။ မှန်ပြောင်းတစ်လက်ချင်းစီဖြင့်၊ ထောင့်တစ်ထောင့်ချင်းစီမှ တစ်လှည့်ခြင်းပြပြသွားသော မြင်ကွင်း ကို ကျနော် မြင်ခဲ့ရသည်။ ထို့ကြောင့် ကျနော့်မှာ ဘက်အစွဲပါးလျသော ဓာတ်ခံကို တည်ဆောက်နိုင်ခဲ့သည်ဟု ထင်သည်။ လက်ညှိုးထိုး၊ အပြစ်ဖို့ခြင်း၏ အကြောင်းတရားကို ကျနော် ဂဃနဏ နားလည်သွားသည်။ ဆရာ တင်မောင်သန်း ကျေးဇူးကြောင့် ဖြစ်သည်။ ဆရာကတော့ ကျနော် အဲသည်လိုဖြစ်သွားတာ သိမည် မထင်။ ကျနော် ဆရာနှင့်စကားပြောရင်း ကျနော်ဖမ်းယူမိသော စိန်တုံးများဖြစ်ပါသည်။

မေးခွန်းများ

နောက်တစ်ခု ရှိသေးသည်။ ၎င်းမှာ၊ မေးခွန်းများနှင့် ပတ်သက်၍ ဖြစ်သည်။
ကျနော့် အလုပ်မှာ သင်ကြားရေး အလုပ်ကို လုပ်နေရသော အလုပ်ဖြစ်သည်။ ပညာအယူအဆများ၊ သုံးသပ်ပုံ၊ ယူဆပုံနည်းနာများကို ဆရာတင်မောင်သန်းဆီမှ ကျနော် ခပ်များများ ရထားသည်။ ပညာရေးအတွက်၊ သင်ကြားရေးအတွက်၊ မေးခွန်းများ အမြဲလိုလို ထုတ်ပြီး သင်တတ်ဖို့ ဆရာ့ဆီက ကျနော် ရခဲ့သည်။ သည့် နောက်ပိုင်း ကျနော် စာသင်လျှင်၊ သင်တန်းများကို အမြဲလိုလို မေးခွန်းများ ချပေးတတ်သည်။ မေးခွန်းများကို ကျနော်က ဆင့်ကာ ဆင့်ကာ ထုတ်သည်။ သည်မေးခွန်းများကို စဉ်းစားကြည့်ဖို့ ပြောသည်။ ဟောပြောပွဲ တချို့ တွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ကျနော်က ဘယ်တော့မှ အဖြေမပေး။ စဉ်းစားစရာ များသာ ပေးသည်။ စဉ်းစားစရာအတွက် အကောင်းဆုံးလက်နက်မှာ မေးခွန်းများ ဖြစ်သည်။ မေးခွန်းများကို တစ်ခုချင်း စီ ထုတ်ပြရင်း၊ ခင်ဗျားတို့ ကိုယ်တိုင်လည်း မေးခွန်းတွေ ထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်သည်။ နားထောင် သူများ စိတ်မော၍ ကျန်ခဲ့သည်။ ဤနည်းမှာ ဆရာတင်မောင်သန်းဆီက ရ၍ ကျနော်သုံးသော သင်ကြားရေး နည်းနာတစ်ခုဖြစ်သည်။

မြင်ဆရာ၊ ကြားဆရာ

ဆရာက ငါ့နည်းကို မင်း ဘယ်လို ယူသုံး… ဆိုပြီး တစ်ခါမှ မပြောခဲ့ပါ။ ကျနော်တို့က မျိုးဆက်ချင်း ကွာခြား သည်။ တကယ်တော့ ဆရာတင်မောင်သန်းမှာ ကျနော့်အဖေအရွယ်။ ဆရာ တပည့်လည်း မဟုတ်။ ကျနော်က နိုင်ငံရေးမှာ နောက်ပေါက်။ စာရေးသက်ကလည်း ကလောင်ငုပ်တုတ်၊ သွားငုပ်တုတ်အရွယ်မျှသာ ရှိသေးသည်။ အလုပ်ချင်း ရံဖန်ရံခါ ထိတွေ့ကြသည်မှ လွဲ၍ အနီးကပ်ထိတွေ့ ကျင်လည်နေရသည့် နယ်ပယ်မှာ ရှိမနေ။ ထို့ကြောင့် ဆရာနှင့် ကျနော်က တစ်နှစ်မှ တစ်ခေါက် နှစ်ခေါက်လောက်သာ တွေ့ကြ၊ ဆုံဖြစ်ကြသည့် အခြေ အနေသာ ရှိသည်။ သို့ပေမယ့် ကျနော့် မြင်ဆရာ၊ ကျနော့် ကြားဆရာ ဖြစ်ပါသည်။ ကျနော်တို့မျိုးဆက်သည် ကိုယ့်ရှေ့က တစ်ဆင့်ကျော် မျိုးဆက်ဆီက အခုလိုပုံစံမျိုးသာ သင်ကြားခွင့်ရကြရသည်။ ကျနော်တို့ လေ့လာသော လူမှုသိပ္ပံနယ်၊ နိုင်ငံရေးနယ်ပယ်မှာ စနစ်တကျ သင်ကြားမခံကြရသေး။ သိပ်မကြာခင်ကမှ တက္ကသိုလ် ပရဝုဏ်မှာ ထိုသို့သော အခင်းအကျင်းမျိုး စတင်လာခဲ့သည်။ အနည်ထိုင်သော အနေအထားသို့ မရောက်သေး။

ကြည့်နေသားပဲ…

ကျနော်နှင့် ဆရာ့ အရွယ်မှာ အတော်ကွာသော်လည်း၊ ကျနော့်နာမည်အရင်းကို တိတိကျကျခေါ်သည်ကို ကျနော်တွေ့ရသည်။ ၂၀၁၇ တုန်းက ကျနော် စာအုပ်ထုတ်တာကို သိသည်။ ထို့ကြောင့် ကျနော်နှင့်တွေ့တော့ ကျနော့်စာအုပ်ကို တောင်းသည်။ အစက၊ ကျနော်က ဆရာ့ကို ပေးဖို့ စဉ်းစားမိပါသည်။ သို့သော် မပေးတော့ဟု ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အကြောင်းမှာ ကျနော် ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်လို့ဖြစ်ပါသည်။ ကျနော့်လို ငမြောက်ငခြောက် စာသမားတစ်ယောက်၊ လူငယ်တွေအတွက် စိတ်ထဲရှိရာရေးထားသော စာအုပ်ကို၊ မူဝါဒကိစ္စတွေ ရေးသားသူ ဆရာဖတ်ဖို့၊ မပေးဝံ့။ ကျနော့်စာကို ဖတ်ခိုင်းသည်ဖြစ်နေအုံးမည်။ စာတိုငညို ပေါက်စ ရေးသော စာအတွက် ဆရာ့အချိန်ကို မဖဲ့စေလို၍ မပေးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဒါကို ဆရာ တင်မောင်သန်းက မင်းသေ့ စာအုပ်ကို တကူးတက နှုတ်ကထုတ်တောင်းတော့ ကျနော် ဝမ်းပန်းတသာ ပေးလိုက်သည်။ ကျနော်သဘောခွေ့သွားသည်။ ကျနော့် စာအုပ် ဖတ်တာ မဖတ်တာ အသာထား။ ကျနော့်လို အသက် (၃၀) တန်းအောက် ချာတိတ်လုပ်နေတာတွေကို ဂရုတစိုက်ကြည့်နေသားပဲ…ဟု နားလည်လိုက်၍ ဖြစ်သည်။

မင်းသေ့
ည ၉ း ၀၀
၂ ၊ ဇန်နဝါရီ ၊ ၂၀၁၉ ။ မင်းကွန်းတောင်ရိုး ။

တင်မောင်သန်း (သင့်ဘဝ)
Photo Credit – ISP
Previous post ဒဂုန်တာရာ (သို့မဟုတ်) တာရာဗေဒ လေ့လာချက်။
Next post သန်းနိုင်ဦး (သို့မဟုတ်) ကြည်သူ ပြုံးသူ