Audio Book

ဒဂုန်တာရာ၏ ရုပ်ပုံလွှာများကို ဖတ်သည်။ ရုပ်ပုံလွှာသည်၊ ကနဦးပိုင်းက ရေးခဲ့သည်များဖြစ်သည်။ နောက်ပိုင်း ရုပ်ပုံလွှာများကိုပင် ထပ်ရေးသေးသည်။ ဒါကို စာဖတ်ပရိတ်သတ်က သိပ်မသိ။ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများဟု ဒဂုန်တာရာက ရေးသည်။ ရုပ်ပုံလွှာနာမည်ကြီးခြင်းမှာ၊ အောင်ဆန်း (သို့မဟုတ်) အရိုင်း ကြောင့် ဖြစ်ပါလိမ့်မည်။ တကယ်တော့ အောင်ဆန်း (သို့မဟုတ်) အရိုင်း တစ်ပုဒ်တင် ကောင်းသည် မဟုတ်ပါ။ ရုပ်ပုံလွှာ တစ်ချက်ချင်းစီက ရင်ထဲကို စွဲလျက်၊ ငြိလျက်။

‘မေ’ ကို ဖန်တီးသူ

ဒဂုန်တာရာ၏ အဖွဲ့အနွဲ့ပိုင်းကို ရုပ်ပုံလွှာများ ဖတ်ရပြီး၊ ကျနော် ခံတွင်းတွေ့သွားသည်။ ကျနော် စဖတ်မိသော စာအုပ်မှာ ‘မေ’ ဖြစ်သည်။ ‘မေ’ ၏ နိဂုံးကမ္မအဆုံးသတ်၌ “အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့” ဆို သည့် အဖွဲ့က ရင်ထဲမှာ စွဲကျန်ရစ်တုန်း။ မေကို ဖန်တီးသူ၊ ဒဂုန်တာရာကို ကျနော် စိတ်ဝင်စားသွားသည်။ မေ ဝတ္ထုသည် စာပေခေတ်ဦးတော်လှန်ရေးအတွက် ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ကျနော် သဘောကျသော ဆရာကျော်ဝင်းက သူ့စာများတွင် ဒဂုန်တာရာကို ခဏခဏ ညွှန်း၍ ရေးသည်ကို တွေ့ရသည်။ ဒဂုန်တာရာ့ စာများထဲက ကောက်နုတ်ချက်များကိုလည်း ကိုးကား၍ ရေးတာ ဖတ်နေရသည်။ သည်လို တွေ့ရဖန်များလာသောအခါ၊ ဒဂုန်တာရာကို ကျနော် သိချင်လာသည်။ ဒဂုန်တာရာကို လေ့လာချင် လာသည်။ တာရာဗေဒကို ညက်ညက်ကျေအောင် လေ့လာမယ်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်သည်။

တာရာဗေဒ

ဒဂုန်တာရာ့ စာတွေ ဖတ်ရင်း ၊ ဒဂုန်တာရာကို စွဲ၍ စွဲ၍ လာသည်။ ဒဂုန်တာရာ့ အရေးအသားများက ကျနော့် ကိုယ်ထဲ စိမ့်ဝင် လာသည်။ ဒဂုန်တာရာ့ ရေးဟန်ကို သတိထားဖတ်မိသည်။ အကြောင်းအရာကို ကြိုက်သည်။ အရေးအသားကို နှစ်သက်သည်။ ရေးဖွဲ့ဟန်ကို သဘောကျသည်။ ရှင်း၍ လင်း၍ စကားလုံး ပိုင်ပိုင်နိုင်နိုင် သုံးတတ်သော စာရေးဆရာ တစ်ယောက်ကို တွေ့ရသည်။ ထို့နောက်၊ စာတွေထဲမှ အဘိဓမ္မာကို တွေ့ရသည်။ ဒဂုန်တာရာသည် စာရေးဆရာ သက်သက် မဟုတ်။ ဒဿနသမား စစ်စစ်ပါ့လားဆိုတာ တွေ့လိုက်ရသည်။ စာတွေထဲမှ အတွေးအခေါ်တို့ကို ထုတ်ယူကြည့်လိုက်မိသည်။

နာမည်ကျော် ငြိမ်းချမ်းရေး ဒဿနတစ်ခုကိုတွေ့လိုက်ရသည်။

• ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး ။
• မုန်းသူ မရှိ၊ ချစ်သူသာ ရှိ
• ရန်သူ မရှိ ၊ မိတ်ဆွေသာ ရှိ။

ဒဂုန်တာရာ့ကို ပန်းနုရောင်ဟု ပြောကြသည်။ ဆိုရှယ်လစ် လူသားလို့ ဆိုလို့ ရမည်လား။ ဤစကားပုဒ်သည် မပြည့်စုံနိုင်ပါ။ ဒဂုန်တာရာလို လူမျိုးကို စကားပုဒ်တစ်ခုတည်းဖြင့် ဖွင့်လို့ မရနိုင်ပါ။ ဒဂုန်တာရာ၏ ရုပ်ပုံလွှာကို ဖွဲ့ဖို့ နာမဝိသေသနပေါင်းများစွာ လိုပါလိမ့်မည်။ ဒဂုန်တာရာ့ စာတွေဖတ်ရင်း၊ ဆရာကြီး ဒဂုန်တရာ၏ အဇ္ဈတ္တ ကို ကျနော် ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားနေသည်။ ငြိမ်းချမ်းရေးဝါဒီ ၊ အနုပညာသမား၊ ဒဿနရှင်၊ စာပေနတ်ကွန်း။

ဒဂုန်တာရာသည် စာပေနယ်မှာ နတ်နေကိုင်း အဖြစ် ကျန်ရှိနေသည်လား မပြောတတ်။ ဒဂုန်တာရာ၏ အဘိဓမ္မာကို ရှာသည်မှာ မကုန်နိုင်။ ဆန်းသစ်ဖောက်ထွက်သော အရေးအသားသည်၊ ခေတ်နှောင်းကနေ ခေတ်သစ်အထိ သယ်လာနိုင်သည့် အခြေအနေ။ ဒဂုန်တာရာက တကယ့်ခေတ်မှာ ကြီးပြင်းလာသူ။ စာပေနှင့် နိုင်ငံရေးနယ်မှာ ကူးလူးခတ်ပြန် သွားလာပြီး စာပေအဘိဓမ္မာကို ထုဆစ်ခဲ့သူ။

ရေးဟန်

ဒဂုန်တာရာ့ ရေးဟန်သည် တို၏ ပြတ်၏ တိကျ၏။ သို့သော် ပီမိုးနင်းလို ဟန်မျိုးတော့ မဟုတ်။ ဒဂုန်တာရာ့ စာမှာ အနုပညာပါသည်။ ဒဿနပါသည်။ အယူအဆခိုင်ခိုင်မာမာ ပါရှိသည်။ သာမန် စာရေးဆရာများလို လုံးမချ။ ရောမချ။ ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ ရှိသည်။ ကလောင်မှာ ခိုင်သည်။ မင်ရည်မှာ သွက်သည်။ ရေးသည့် လက်က မြဲသည်။ အနုအရွကို ခံစားမိသည်။ ဒဂုန်တာရာ့ ကလောင်မှာ အနုပညာမှော်ဝင်နေသည်။ ဒဿနစန်း ရှိသည်။ လွတ်လပ်ပွင့်လင်းသော နှလုံးသားဖြင့် ခေတ်ကို ရှုမြင်သည်။ ထို့ကြောင့် ဒဂုန်တာရာ့စာများက ဂန္တဝင်မြောက်နေသည်။
ဒဂုန်တာရာ့ စာများဖတ်ရင်း စာပေအယူအဆ၊ နိုင်ငံရေးရှုထောင့်နှင့် ဒဿနအမြင်များကို အုံလိုက်ကျင်းလိုက် ရ လာသည်။ တာရာဗေဒသည် နက်နဲပေစွ။

စာများသည် စကားများဖြစ်သည်။ စကားများသည် နှလုံးသားထဲမှ ဒဿနများဖြစ်သည်။ ဒဿန၏ မြစ်ဖျားခံရာ တည်နေရာသည် ဘယ်မှာ ကိန်းဝပ်နေပါသနည်း။

ကျယ်ပြောလှပါတကား

ဒဂုန်တာရာက စာပေဝေဖန်ရေးများကို လုပ်ခဲ့သည်။ ကဗျာ၊ ဝတ္ထုတို့ကိုလည်း ရေးခဲ့သည်။ ရုပ်ပုံလွှာများကို လည်း ဖွဲ့ခဲ့သည်။ ဒဿနအမြင်များကိုလည်း ရေးခဲ့သည်။ သူဖြတ်သန်းခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကိုလည်း မှတ် တမ်းတင်ခဲ့သည်။ ဒဂုန်တာရာသည် စာပေနယ်မှာ နေရာအနှံ့ခြေချထားသည်။ စာပေ၊ ဂီတ၊ အနုပညာလည်း မလွတ်ပါ။ နိုင်ငံရေး၊ အတွေးအခေါ်နှင့် ခေတ်၊ စနစ်ကိုလည်း မလွတ်ပါ။ ကျနော် လေ့လာနေသော တာရာဗေဒ မှာ မစုံလင်သေးပါ။ နက်နဲလှစွာတကားလို့ ပြောရုံမှ အပ၊ ကျနော် အလှမ်းမမှီနိုင်သေး။

စာပေအယူအဆများ မှာ ပီပီပြင်ပြင် ၊ ပြတ်ပြတ်သားသားနှင့် လူထုနှင့်အဟပ်ညီသော ပုံသဏ္ဍာန်ကို တွေ့ရ သည်။ အငြင်းအခုန်ဖြစ်နေသော စာပေအယူအဆများအကြား၊ လွတ်လပ်ပွင့်လင်းသောအမြင်ဖြင့် ချဉ်းကပ် သည်။ တိုးတက်သော၊ ပွင့်လင်းသော၊ လွတ်လပ်သော၊ ပြတ်သားသော သရုပ်သကန်များကို ဒဂုန်တာရာ့ ဆီမှာ တွေ့နိုင်သည်။
ဒဂုန်တာရာသည် အိမ်ထောင် မပြု။ သေသွားသည် အထိ အိမ်ထောင်မပြုခဲ့ပါ။ ဒဂုန်တာရာလို လူမျိုးအတွက် နှလုံးကို ကျောက်ချထားမည့် အိမ်ထောင် မလိုပါ။ အချစ်ဟူသည် လူတစ်ယောက်အပေါ်နှင့် သွေးသားဗီဇ တော်စပ်သူ အပေါ်မှာသာ ကွက်၍ ကျရောက်နေခြင်းသည် ကျဉ်းမြောင်းပေစွ။ ဒဂုန်တာရာလောက် ချစ်တတ် သောသူ ရှာကြည့်ပါဦးလား။ အင်မတန် ရှားပါးပါလိမ့်မည်။ ကမ္ဘာလောက တစ်ခွင်၊ တစ်ပြင်မှာ…၊ သဘာဝ လောက တော တောင်မှာ….၊ ဩကာသလောက၊ သတ္တလောကမှာ ချစ်ခြင်းသည် အကျယ်ပြန့်ဆုံး တည်ရှိနေ ပါသည်။ နှလုံးသားသည် လွတ်လပ်ပေစွ။ အလွတ်လပ်ဆုံးသူဟာ အချစ်နိုင်ဆုံး လူသားဖြစ်မည် ထင်ပါသည်။

အောင်ပန်း

အသက်ကြီးသောအခါ၊ အောင်ပန်းမှာပင် နေ၍ အောင်ပန်းမှာပင် ခေါင်းချသွားသည်။ အောင်ပန်းမြို့သည် ကလောနှင့် ကပ်လျက် မြို့ငယ်ကလေးဖြစ်သည်။ ကလောကို လူတော်တော်များများ သိပါလိမ့်မည်။ ထင်းရှုးများ ပေါသည့် မြို့။ အေးသည့်မြို့။ ချမ်းသည့် မြို့။ စိမ့်သည့် မြို့။ သဘာဝ တောတောင်နှင့် မြို့။ တောင်ပေါ်မြို့။ ရှမ်း၊ ဓနု နှင့် ပလောင်၊ ပအိုဝ်း လူမျိုးတို့ နေသည့် မြို့။ အင်းလေးနှင့် နီးသည့် မြို့။ မန္တလေး တောင်ကြီးသွားရာ လမ်းမပေါ်က မြို့။ အောင်ပန်းသည် ကလောနှင့် ကပ်လျက်ရှိပါသည်။ ဤနေရာ၌ ဒဂုန်တာရာက အေးချမ်းစွာ နေထိုင်ခဲ့သည်။

တာရာ့စာ

ဒဂုန်တာရာ့ စာများ၊ ဝတ္ထုများထဲက စကားလုံးများ၊ ဝေါဟာရများကို ကျနော် လိုက်မမှီပါ။ သိပ်မွေ့ခြင်းနှင့် နက်နဲခြင်း ဂုဏ်ရည်တို့ ရောစပ်၍ ဖြစ်တည်လာသော စကားလုံးများဖြစ်သောကြောင့်ဖြစ်သည်။ စကားလုံး အဖွဲ့အနွဲ့တွင် ဒဂုန်တာရာလောက် သိမ်မွေ့နက်နဲသော အရေးအသားမျိုးကို ကျနော် အခုထိ မဖတ်ဖူးသေးပါ။ အဖွဲ့အနွဲ့ပိုင်နိုင်သည်ဟု ကျော်ကြားသော ဝတ္ထုဆရာများသည်ပင် ဒဂုန်တာရာ့ လက်ကို မမှီသေးပါ။ ဒဂုန်တာရာ၏ ကောင်းခြင်းမှာ ပြောမဆုံးနိုင်တော့။ မည်သို့ ကောင်းသည်ဆိုတာကို ရှင်းပြရန် လိုပါမည်လား။ လိုမည် မထင်ပါ။ ကျနော် ပြောလျှင်လည်း လုံလောက်မည် မထင်ပါ။ ဒဂုန်တာရာ့စာများသာ ရှာဖတ်ကြဖို့ တိုက် တွန်းချင်ပါသည်။ ခေတ်နှင့် စနစ်ကို အကျိုးပြုသော၊ ခေတ်ရှေ့ပြေးသော၊ ပြည်သူကို စာပေမီးရှူးဖြင့် လမ်းပြ၊ အလင်းပေးသော စာမျိုးကို ဒဂုန်တာရာ ရေးဖွဲ့ခဲ့ပါသည်။
ဒဂုန်တာရာ၏ အကွန့်အညွှန့်များသည် စိတ်ကူးတည့်ရာ စိတ်ကူးယဉ်၊ တွေးခေါ်ထားသည်များ မဟုတ်။ လက်တွေ့မှ လာသည်။ လူ့အတွင်းက လာသည်။ သဘာဝထဲမှ လာသည်။ လွတ်လပ်သော လူသားဗီဇမှ လာသည်။

စာပေအယူအဆများအပေါ် အာရုံမကျလျှင် ဒဂုန်တာရာ့စာများကို ဖတ်လို့ရမည် မထင်။ သမိုင်းနှင့် နိုင်ငံရေး လေ့လာမှု ဓာတ်ခံ လျော့လျှင်လည်း တာရာဗေဒကို မကျေညက်နိုင်။ ဖတ်သူက အိုင်ဒီယော်လိုဂျီ အကျဉ်းကျ နေသော ဒဂုန်တာရာကို ခံတွင်းတွေ့နိုင်မည် မထင်။ နှလုံးသား သေးသိမ်ကျဉ်းမြောင်းသူဆိုလျှင်လည်း အာရုံ ကျမည် မဟုတ်။ မြန်မာကို စိတ်မဝင်စားဘူးဆိုလျှင်လည်း ဒဂုန်တာရာကို ငြီးငွေ့နေပါလိမ့်မည်။ သို့သော် မြန်မာပြည်၌ တာရာဗေဒကို လေ့လာနေသူသော လူလတ်ပိုင်း တစ်စုကို တွေ့နေရပါသည်။ တာရာသည် မတိမ်ကောသေး။

မည်သို့…

ဒဂုန်တာရာကို ငြိမ်းချမ်းရေး တမန်တော်ဟု ဖွဲ့ရမည်လား။ စာပေနတ်သားဟု ဖွဲ့ရမည်လား။ သို့တည်းမဟုတ် ဒဿနစာဆိုဟု ဆိုရမည်လား။
ဒဂုန်တာရာသည်၊ သူ၏ စိတ်၊ နှလုံးသားနှင့် ဦးနှောက်ကို မည်သို့ ချိန်ဆပါသနည်း။ မည်သို့ မျှခြေညှိပါသနည်း။ ဆန်းကြယ်ပေစွ။

ဆရာကျော်ဝင်းကတော့ ဤသို့ ပြောပါသည်။

“ဆရာ ဒဂုန်တာရာမှာ ဒို့ဗမာ(မြန်မာ) အစည်းအရုံးခေတ်လောက်မှ စ၍ ယနေ့ထက်တိုင်အောင် စာတွေ အဆက်မပြတ်ရေးနေသော စာရေးဆရာကြီးဖြစ်သည်။ ကျောင်းသားဘဝကပင် နတ်သျှင်နောင်ရတုကို ခေါင်းအုံးဘေး ထားအိပ်ရင်းမှ ဘုံဝါဒကြေညာစာတမ်းကို တရှိုက်မက်မက်လေ့လာခဲ့သူ ဖြစ်သည်။ ဒဂုန်မဂ္ဂဇင်း ရတုပိုဒ်စုံများမှ ခေတ်ပေါ်ကဗျာအထိ ထုံကူးခဲ့သူ ကဗျာဆရာကြီးလည်း ဖြစ်သည်။ သူ၏ ချစ်လှစွာသော မိတ်ဆွေများနှင့်အတူ၊ အင်းလျားရိပ်၊ ရွှေတောင်ကြားနှင့် ပြည်ထောင်စုရိပ်သာထိ ခရီးရှည်ကြီးကို ဖြတ်ခဲ့သူ လည်း ဖြစ်သည်။ သို့သော်သူသည် နိုင်ငံရေးသမား မဟုတ်။ ဤအချက်ကိုလည်း သူကိုယ်တိုင် မကြာခဏရေး ဖူးသည်။ တချို့က ဒါကို မကြိုက်။ ကျွန်တော်ကတော့ ဒါကြောင့်ပင် ပို၍ စိတ်ဝင်စားမိသည်….” (ပျားရည်မြစ်ထဲ မှ အိပ်ခ်,စ်၏ အသံ ၊ ကျော်ဝင်း)

သည်အချက်နှင့် ပတ်သက်ပြီး ဒဂုန်တာရာ မကြာခဏရေးခဲ့သည်များကို ကျနော် ရှာကြည့်သည်။ ကိုဗဟိန်း အကြောင်းရေးထားသော ‘ပဒုမ္မာကြာပွင့်အပြုံးရှင်’ မှာ ဤသို့တွေ့သည်။


“ကျွန်တော့်ကို နိုင်ငံရေးလောကသို့ ရောက်စေချင်သူမှာ ကိုဗဟိန်း။ တကယ်က ကျွန်တော်သည် နယ်ခြားမျဉ်း ကြောင်းပေါ် ရပ်နေတတ်သူ။ အဝေးမှနေပြီး အနီးအဝေးမြင်ကွင်း အမှန်ဖြင့် မကြည့်တတ်လျှင် တစ်ဖက်တည်း ရောက်နေသည်ဟု အမြင်မှားသွားတတ်သည်။ ကျွန်တော်က ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့လို နိုင်ငံရေးသမား လုပ်ရန် ရည်ရွယ်ချက် ရှိသည် မဟုတ်။ စိတ်ဓာတ်ရှိသော်လည်း ကန့်လန့်ကာ နောက်ကွယ်မှသာ နေချင်သည်။ ရေးပေးမည်။ ဖတ်ပေးမည်။ ဒါက အရသာ ရှိသည်ဟု ထင်သည်…”

ဒဂုန်တာရာ နိုင်ငံရေးသမား ဟုတ် ၊ မဟုတ်နှင့် ပတ်သက်ပြီး ကောက်ချက်ချနိုင်မည့်၊ အထောက်အထားတစ်ခု ဖြစ်ပါလိမ့်မည်။ ထို့နောက် ဒဂုန်တာရာက ကိုဗဟိန်းနှင့်ပတ်သက်ပြီး ထပ်ရေးသေးသည်။ ကိုဗဟိန်း ရုပ်ပုံလွှာ ထဲမှာ ဖြစ်သည်။

“ကိုဗဟိန်းက ကျွန်တော့်ကို နိုင်ငံရေးသမား ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တော်က ကိုဗဟိန်းကို စာရေးဆရာ ဖြစ်စေချင်၏။ သို့သော် မဖြစ်…” (ဗဟိန်း သို့မဟုတ် ကဗျာ… မှ)
တာရာသည် လူဖြစ်သည်။ သို့သော် လူတကာထက်က လူဖြစ်သည်။ စာပေမှာ၊ ကဗျာမှာ၊ အတွေးအခေါ်မှာ၊ နိုင်ငံရေးမှာ။

လူထုစာကြည့်တိုက်မှူး ကိုအောင်မြင့်ဦးက ဒဂုန်တာရာစာ ဒဂုန်တာရာစကားများကို စု၍ စာအုပ်ငယ်လေး ထုတ် ထားသည်။ သည်စာအုပ်မှာ ခမ်းဝမ်း ဆိုသူက အမှာစာရေးသည်။ ထိုသူကို ကျနော် မသိ။ သို့သော် သူ့ အမှာစာမှာ ဒဂုန်တာရာနှင့် ပတ်သက်ပြီး ပုံဖော်ချက် တချို့ပါသည်။

• ဆရာတာရာသည် မျိုးနွယ်အရ မြေပိုင်ရှင် လယ်ပိုင်ရှင်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။
• ခေတ်ပညာတတ်တစ်ဦး၊
• ဘန်ကောက်ပုဆိုး ဝတ်ဆင်တတ်ပြီး နုနုရွရွ ကဗျာအလှများကို တစ်ဖက်ကမ်းခတ်အောင် ဖွဲ့သီနိုင်သူ၊
• ဆေးပန်းချီစုခြယ်သရာ၌ ပျော်မွေ့သူ၊
• နို့နှစ်ရောင် စန္ဒရား ခလုတ်လေးများပေါ်၌ သူ၏ အနုပညာလက်ချောင်းကလေးများက ပြေးလွှား ဆော့ ကစား တီးခတ်တတ်သေးသူ ဖြစ်ပေသည်။
• စွယ်စုံအနုပညာကျော်ဟု ဆိုက မလွန်တန်ရာပေ။
• ဆရာတာရာသည် “အနုပညာသည် အနုပညာအတွက်” ဆိုသည့် အတွေးအယေူသမား တစ်ဦးတော့ မဟုတ်ချေ။
• ဆရာတာရာသည် စာပေအနုပညာနှင့် နိုင်ငံရေးတိုက်ပွဲအနုပညာကို မှန်ကန်စွာ ပေါင်းစပ်နိုင်သူ ဖြစ်ပေ သည်။
• မြန်မာစာပေသမိုင်း၌ စာပေသစ် သဘောတရားမှတ်တိုင်ကို ဦးဆောင်စိုက်ထူနိုင်ခဲ့သော စာပေခေါင်း ဆောင်တစ်ဦးလည်း ဖြစ်ပေသည်။
• ဆရာတာရာသည် အနုပညာအလှအပနှင့် တော်လှန်ရေး အတွေးအခေါ် ဆူးခက်များ ပေါင်းစပ်ထား၏။
• စစ်နှင့်တော်လှန်ရေးခေတ်တွင် ဆရာတာရာသည် မွေးဖွားခဲ့၏။

ကျနော် မမှီလိုက်၊ မတွေ့လိုက်သော စာပေနတ်ဒေဝါ တစ်ပါးကို ဖွဲ့ရသည်မှာ ကျနော့်အတွက် ခက်ခဲပါသည်။ သည်ခေတ် အရွယ် (၂၀) ကျော် လူငယ်များ၌ ဒဂုန်တာရာကို သိသူ၊ ဒဂုန်တာရာကို အာရုံကျသူ ရှားပါးပါလိမ့် မည်။ လူငယ်တိုင်း စာပေကို ဝါသနာ မထုံနိုင်ပါ။ နိုင်ငံရေးကို စိတ်မဝင်စားနိုင်ပါ။ စာပေနှင့် နိုင်ငံရေးကို စိတ်ဝင် စားသော်လည်း ထဲထဲဝင်ဝင်လေ့လာဖို့ ခဲယဉ်းပါလိမ့်မည်။ ထဲထဲဝင်ဝင် လေ့လာစေအုံးတော့… ဒဂုန်တာရာ့ ဒဿနများအပေါ် အာရုံကျဖို့ ခဲယဉ်းပါလိမ့်မည်။ ဒဂုန်တာရာနှင့် ဆုံဆည်းရခြင်းသည် ရေစက်ပါမှ ဖြစ်လိမ့်မည် ထင်သည်။

ရှာတော်ပုံ

ဝတ္ထုကြိုက်တတ်သူများထဲမှာ ဂန္တဝင်ကို ရွေးဖတ်သူများ ရှိပါလိမ့်မည်။ ကြည်အေးကို သိလျှင်၊ ဒဂုန်တာရာကို ဆက်လှမ်းရပါလိမ့်မည်။ ဒဂုန်တာရာ၏ ‘မေ’ နှင့် ‘မြိုင်’ ကို မိမိရရဖတ်ရပါလိမ့်မည်။ ဤခေတ်၊ ဤအခါမှာ ‘မေ’ က သမားရိုးကျ မြန်မာ့လူ့အဖွဲ့အစည်းကို ကိုင်လှုပ်ပစ်လိုက်နိုင်ခဲ့သည်။ သမားရိုးကျပုံစံတွေထဲက ဖောက်ထွက် လာသော၊ ခွဲထွက်လာသော၊ တီထွင်ဖန်တီးလိုက်သော ‘မေ’ ကို စာဖတ်သမားတော်တော်များများ မေ့လိမ့်ဦးမည် မထင်ပါ။ ဒဂုန်တာရာကို သိဖို့ “မေ” နှင့်ပင် ရပ်နေလို့ မရ။ တာရာဗေဒကို ဆက်လက် နှိုက်ထုတ် ဖွေရှာရန် လိုနေသေးသည်။ အဘိဓမ္မာများ တွေ့လျှင်လည်း မရပ်နှင့် ဆက်တိုးပါ။ ရှေ့မှာ စာပေ နတ်တစ်ပါး စောင့်နေပါလိမ့်မည်။ ကြိုနေပါလိမ့်မည်။ နုအိ သိမ်မွေ့၍ မြဲမြံသော လက်ဖြင့် ကြိုနှင့်ပါလိမ့်မည်။ ဒဂုန်တာရာ့အကြောင်း သည်လောက်ပင် ရေးနိုင်ပါလိမ့်မည်။ ကျနော် လိုက်မမှီသော အဘိဓမ္မာတရားများကို၊ တာရာဗေဒထဲမှာ ဆက်လက်ရှာဖွေပါဦးမည်။

မင်းသေ့
နေ့လယ် ၁၂ း ၄၄
၃ ၊ ဇန်နဝါရီ ၊ ၂၀၁၉ ။
မင်းကွန်းတောင်ရိုး ၊ မဂ္ဂင်ချောင် ။

မှတ်စုများ

၁။ ကျွန်တော်စာပေလောကထဲ ရောက်လာပုံကတော့ သိပ်ထူးထူးထွေထွေ မရှိလှပါဘူး။ ဒါပေမဲ့ ကျွန်တော် ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာ စာပေ မဟုတ်ဘူး။ ဂီတနဲ့ ပန်းချီ ဝါသနာပါခဲ့တာ။ ဖြစ်ချင်တာက စန္ဒရားဆရာ၊ ပန်းချီဆရာ။ စာပေလောကထဲဝင်ဖို့ လုံးဝ စိတ်ကူး မရှိခဲ့ဘူး။ ရတုပိုဒ်စုံ ကဗျာတစ်ပုဒ်ရေးလိုက် တာ ဒဂုန်မဂ္ဂဇင်းက ဖော်ပြပေးလိုက်တော့ အဲဒီကစပြီး စာပေလောကထဲ ရောက်သွားတာပါပဲ။

၂။ ကဗျာ စရေးတော့ ကျွန်တော့်အသက် ဆယ်လေးငါးနှစ်ပဲ ရှိသေးတယ်။ စရေးတုန်းက ကလောင်နာမည်က ‘မြိုင်သဇင်’။ ဒီကလောင်နာမည်နဲ့ နှစ်နှစ်သုံးနှစ်လောက်ပဲဗျ။ နောက်တော့ ဒီကလောင်နာမည်လည်း မကြိုက် တာနဲ့ အခုလက်ရှိ ကလောင်နာမည်ကို ပြောင်းခဲ့တာပဲ။ တာရာဆိုတာ ကြယ် မဟုတ်လား။ အဲဒီ တာရာဆိုတဲ့ စကားလုံးလေးကို သဘောကျတယ်။ ဒါလောက်ပါပဲ။ သိပ်ကြီးကြီးကျယ်ကျယ် အကြောင်းတော့ မရှိပါဘူး။ ဒဂုန် ဆိုတာကတော့ ဒဂုန်မဂ္ဂဇင်းကို အကြောင်းပြုပြီး ယူတာ။

၃။ ၁၉၄၁ ခုနှစ်လောက်မှာ မေ ဝတ္ထု ထုတ်ဖြစ်တယ်။ ဒါလည်း မှီးရေးတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ စာရေးဆရာ Beverly Nichols ရဲ့ Self ဆိုတဲ့ ဝတ္ထုကို မှီးထားတာပါ။ ရေးတာကတော့ ၁၉၃၈-၃၉ ခုနှစ်လောက်ကတည်းက ရေးခဲ့ပြီး ၁၉၄၁ ခုနှစ်ကျမှ နဂါးနီကနေ ထုတ်ဖြစ်တယ်။ အဲဒါကို အကြောင်းပြုပြီးတော့ စာပေလောကထဲကို ရောက်တယ်လို့ ပြောနိုင်မယ် ထင်တယ်။

၄။ ပင်ရင်းကတော့ သူ့အတိုင်းပဲ။ ဒါပေမယ့် သူ့အတိုင်း အကုန်လုံး မဟုတ်ဘူး။ ဥပမာ – မေ ဝတ္ထုအဆုံးမှာ ကျွန်တော် ရေးထားတာတွေ့မှာပေါ့။ ‘အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့’ ဆိုတာ။ သူ့မူရင်းက အကောင်းမှ မဟုတ်ဘဲ။ Black to the flash, the flash had gone တဲ့။ ဒါကို အဓိပ္ပာယ်ဆင်တူယိုးမှား ဖြစ်အောင် ပြန်ရတာပဲ။ မှီးတယ် ခေါ်မှာပေါ့။ (မှတ်စု ၁ မှ ၄ သည် ပေဖူးလွှာမဂ္ဂဇင်း၊ ဝင်းငြိမ်း အင်တာဗျူးမှ)

၅။ ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်။ (ကိုဗဟိန်း သို့မဟုတ် ကဗျာ ၊ ဒဂုန်တာရာ)

၆။ ဒဂုန်တာရာ၌ ကလောင်အမည်ပေါင်း (၅၃) ခုရှိသည်။ မြန်မာစာပေလောက၌ ကလောင်အမည် ဒုတိယ အများဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သိပ္ပံမောင်ဝ၏ ကလောင်ခွဲသည် (၅၇) ခုရှိ၍ ဒဂုန်တာရာသည် ဒုတိယ ကလောင်ခွဲ အများဆုံး အသုံးပြုသူဖြစ်ကြောင်းတွေ့ရသည်။

၇။ အိမ်ထောင်မပြုသော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဒဂုန်တာရာ၏ ဘဝတစ်လျှောက်လုံးတွင် အစိုးရအလုပ်နှင့် စီးပွားရေးအလုပ်များကို မလုပ်ဘဲ လွတ်လပ်သော စာရေးသူအဖြစ်သာ နေထိုင်ခဲ့သည်။

၈။ ၁၉၁၉ မေလ (၁၀) ရက်နေ့၊ စနေနေ့ ညနေ (၆) နာရီ၊ (၁၅) မိနစ်တွင် ဖခင် ဦးဘအုန်းနှင့် မိခင် ဒေါ်ဖွားရှင်တို့မှ မောင်ဌေးမြိုင်ကို ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်အနီး မွန်ရွာ တစ်ရွာဖြစ်သော ထိုင်ကူမြစ် တန်းရွာ၌ မွေးဖွားခဲ့သည်။ တစ်ဦးတည်းသော သားဖြစ်သည်။

၉။ ၁၉၃၃ ခုနှစ်၊ တက္ကသိုလ်သိပ္ပမဂ္ဂဇင်း၌ မှုန်ပြာရီဝတ္ထုတိုကို မြိုင်သဇင် ကလောင်အမည်ဖြင့် ပထမဆုံး ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၃၄ ခုနှစ်၊ ဒဂုန်မဂ္ဂဇင်း၌ ဒေါင်းမင့်သီဟာချီရတုပိုဒ်စုံကို ပထမဆုံးကဗျာအဖြစ် ဖော်ပြ ခြင်းခံရသည်။

၁၀။ ၁၉၄၀ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဝါဒဖြန့်ချိရေးမှူး။ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော မျိုးညွှန့်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်။ အင်းဝကျောင်းဆောင်မှ ထုတ်ဝေသော အင်းဝရဲခေါင်မဂ္ဂဇင်း၏ မြန်မာစာ စာတည်း။

၁၁။ ၁၉၄၆ ခုနှစ်၊ တာရာမဂ္ဂဇင်း၊ အယ်ဒီတာနှင့် ထုတ်ဝေသူအဖြစ် ကိုယ်တိုင်ဦးစီးပြီး စတင်တည်ထောင်ခဲ့ သည်။ ဒီဇင်ဘာ ၄ ရက်နေ့၌ တာရာမဂ္ဂဇင်းအမှတ် (၁) ကို တန်ဖိုး (၁) ကျပ်ဖြင့် ထုတ်ဝေခဲ့သည်။ တာရာမဂ္ဂဇင်းမှ ကြည်အေး၊ ကျော်အောင်၊ မောင်ကြည်လင်၊ မြသန်းတင့်၊ မိုးစည်၊ မောင်စည်သူ စသော စာရေးဆရာများကို စတင်မွေးထုတ်ပေးသည်။

၁၂။ ရုပ်ပုံလွှာ (ရန်ကုန်၊ ဂျာနယ်ကျော်မမလေး စာပေဖြန့်ချိရေး၊ ၁၉၅၅) ကို ထုတ်ဝေသည်။ ထိုစာအုပ်တွင် နိုင်ငံရေးခေါင်းဆောင်များ၊ စာပေ၊ ဂီတ၊ ပန်းချီအနုပညာသည်များ စုစုပေါင်း (၁၆) ဦးအကြောင်း တစ်စိတ်တစ် ပိုင်း ရေးသားထားသည်။

Previous post သူနှင့် ကျွန်တော့်အကြောင်းရေးသူအတွက် ဝေဖန်ချက်
Next post တင်မောင်သန်း (သင့်ဘဝ)