ဦးရွှေမန်းလည်း စစ်သားဘဝမှ နိုင်ငံရေးသမားဘဝ အကူးအပြောင်း၊ အလှည့်အကြမ်းမှာ လှိုင်းစီးနိုင်ပါစေလို့ ဆန္ဒပြုရင်း ဝေဖန်၊ ကောက်ချက်ပြုလိုက်ရပါသည်။

ဝေဖန်ချက် နိဂုံး စာကြောင်း…..

အစကယဉ်သကို

ဗိုလ်ချုပ်ကြီးဟောင်းတွေ ရေးတဲ့ စာအုပ်တွေ ကျနော် တစ်ခုပ်တရ ဝယ်ဖတ်ဖြစ်သည်။ ဗိုလ်ထွန်းကြည်၊ ဗိုလ်ခင်ညွှန့် ၊ ဗိုလ်ချုပ်တင့်ဆွေ … စတဲ့ စာအုပ်တွေ ဖြစ်သည်။ သူတို့အကြောင်း တခြားသူ ရေးထားတာတွေ လည်း ဖတ်ဖြစ်သည်။ စစ်အာဏာရှင်ဟောင်းတွေ အကြောင်းကို လေ့လာကြည့်ဖြစ်သည်။ ဒီအထဲမှာ သိပ်မကြာ ခင်က ထုတ်ဝေလိုက်သည့် ဦးရွှေမန်း၏ စာအုပ်လည်း ပါသည်။

စာအုပ်ထွက်မလာခင် အချိန်က စာဖတ်သူ အနေနဲ့ မျှော်လင့်ချက် ကြီးခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း တစ် ယောက် အနေနဲ့ ရေးသားထားတာဖြစ်လို့၊ တော်ရုံ မဟုတ်ဟုလည်း ထင်ခဲ့မိသည်။ တကယ်တော့ ထင်မြင်ချက် သည် ကိုယ့်ဘာသာတွေးခြင်းဖြစ်၍၊ တကယ် အရှိတရားမှာ ကာယကံရှင်၏ ခြယ်မှုန်းချက်သာ ဖြစ်သည်။ ထွက် လာတော့၊ စာအုပ်က ခပ်ပါးပါး။ စာမျက်နှာ ၁၀၀ တောင် မပြည့်။ တခြား ဗိုလ်ချုပ်ကြီးဟောင်းတွေ ရဲ့ စာလို များများစားစား ထူထူထဲထဲ ပါမလားလို့ မျှော်လင့်မိခဲ့သည်။ သို့သော် အဖြစ်က အဲ့လို မဟုတ်တော့။ ထားတော့ ဘယ်စာအုပ်ဖြစ်ဖြစ် ထူထူ ပါးပါး အတွင်းစာက အရေးကြီးတယ် မဟုတ်လား။ ကိုယ့်ဘာသာ စိတ်ဖြေမိပြီး ဖတ် ကြည့်သည်။ ကမ္ဘာကျော် မက္ခီယာဗယ်လီရဲ့ မင်းသားကျမ်း တောင် ထူထူထဲထဲကြီးမှ မဟုတ်တာ။

ဖတ်ကြည့်တော့၊ ထင်သလောက် မဟုတ်။ ကိုယ်ကိုယ်တိုင်ကလည်း ထင်တာကို ပမာဏကြီးထားလို့လား မသိ။ မှန်းချက်နှင့် နှမ်းထွက် မကိုက်။ ဒီနေရာမှာ ဝန်ခံစရာ ရှိပါသည်။ ကျနော့်အနေနှင့် စာဖတ်သက်တမ်း တစ်စုံတစ် ရာ ရှိပါသည်။ ထို့အတူ စာဖတ်ခြင်း အလေ့ကိုလည်း ကောင်းကောင်း ပျိုးထောင်ဖြစ်ခဲ့ပါသည်။ တတ်နိုင်သမျှ စာအုပ်များကို ဘယ်သူ ဘယ်ပုဂ္ဂိုလ် ရေးသားသည်ဖြစ်စေ၊ ဖွင့်ထားသော စိတ်ဖြင့် ဖတ်သည်။ ကျနော့်မှာ အာဃာတ မရှိ။ အငြိုးအတေးလည်း မရှိ။ ပါဝင် ပက်သက်ခဲ့သည်လည်း မရှိသလို၊ ခံခဲ့ရသည်လည်း မရှိ။ ထို့အတူ ဒီဘက်ခေတ်တွင် မွေးဖွားလာသူဖြစ်သောကြောင့် သီးခြားကာလတစ်ခု၏ မျိုးဆက်လို ဖြစ်နေသည်။

ထို့ကြောင့် တပ်နှင့်ပက်သက်၍ ကျနော့်မှာ ချစ်သည်လည်း မရှိ။ မုန်းသည်လည်း မရှိ။ တတ်နိုင်သရွေ့ လေ့လာ မှုအပေါ်မှာ ဆင်ခြင်၍ နှိုင်းချိန် ဆုံးဖြတ် ၊ အကဲဖြတ်ခြင်းကိုသာ လုပ်သည်။ ထို့အတူ စာဖတ်သူ၊ စာရေးသူဖြစ် သည့်အတွက် ကျင့်ဝတ် နှင့် ကလောင်သရမ်းခြင်းကို သတိထားစောင့်ထိန်းသူဖြစ်ပါသည်။

ယခု ဦးရွှေမန်း၏ စာအုပ်ကို စာအုပ် တစ်အုပ်၊ စာရေးသူ တစ်ယောက်လို့မြင့်၍ ဝေဖန်ကြည့်သည်။ ထို့အတူ၊ နိုင်ငံရေးနှင့် နွှယ်၍ ဝေဖန်စောကြောကြည့်ခဲ့သည်။ အပိုင်း မှာ (၂) ပိုင်းဖြစ်ပါသည်။ စာပေပိုင်းက ကြည့်ခြင်းနှင့် နိုင်ငံရေးပိုင်းက ကြည့်ခြင်း။

စာပေပိုင်း

စာအုပ်တစ်အုပ် အနေအရ ပြောလျှင် ၊ ဦးရွှေမန်း စာအုပ်မှာ စာအုပ်လား မမြောက်။ ရေးထားသော စာအရ အရေ အတွက်ဖြင့် ကြည့်လျှင်လည်း စာအုပ် မမည်။ မက်ဆေ့တစ်ခုမျှသာ ဖြစ်သည်။ မက်ဆေ့ တစ်ခုသဘောမျှသာ ပေးသော စာအုပ်ကို စာအုပ် စာရင်းတွင် ကျနော် မထည့်ချင်။ ဤကား ကျနော့် အတ္တနောမတိဖြစ်သည်။ စာအုပ် တစ်အုပ်သည် စာအုပ် တစ်အုပ်ဟု ဆိုရလောက်အောင် စာအုပ်လား မြောက်ရန် လိုသည်။ တင်ပြသည့် အကြောင်းအရာ တတ်နိုင်သမျှ ပြည့်ပြည့်ဝဝ စုံစုံလင်လင် ဖြစ်ရမည်။ ရေးသားထားသည့် စာအပုဒ်အရေအတွက် သည် ဝဝလင်လင်ဖတ်လို့ ရအောင် များများစားစား ရှိသင့်သည်။ အထူးသဖြင့်၊ ပေးထားသည့် စာအုပ် နာမည် နှင့် ရေးထားသည့် စာအုပ်အတွင်းသားက စာတွေကို နှိုင်းယှဉ်ကြည့်သင့်သည်။
ဦးရွှေမန်း၏ စာအုပ် နာမည်က “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” ဟူ၍။

စာအုပ် နာမည် အရဆိုလျှင်၊ သူ့အကြောင်းကို ကျေကျလည်လည်တော့ ရေးသားဖော်ပြသင့်သည်။ ထို့အတူ ကျွန်တော် ဆိုသူ အကြောင်းကို ပယ်ပယ်နယ်နယ် ခြယ်မှုန်းသင့်သည်။ ထို့နည်းလည်းကောင်း မြန်မာ နှင့် နိုင်ငံ့ အရေး နှစ်ခု တွဲထားသော စကားလုံးဖြစ်သောကြောင့်၊ မြန်မာ အကြောင်း နိုင်ငံ့အရေးအကြောင်းကို အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ် သုံးပါး ညီညီ ချိတ်ဆက် ရေးသင့်သည်။

တကယ်တော့၊ အထက်ပါ သင့်သည်ဆိုသော အချက်များမှာ ကျနော့် အတ္တသဘောသာဖြစ်ပါသည်။ ကျနော် နှိုင်း ချိန်သော ပေတံသာ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးစောင်း သူရရွှေမန်း က စာအုပ်ဟူသည်ကို ဘယ်လို သဘော ထားသည်ကို ကျနော် မသိ။

ကျနော့် တွေးဆချက်အရ၊ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ရေးတာဖြစ်လို့ ကျနော် ပိုမျှော်လင့်မိတာလည်း ဖြစ် ကောင်းဖြစ်ပါလိမ့်မည်။ ကောင်းတာဆိုးတာ၊ မှားတာ မှန်တာ အပထား ဗိုလ်ချုပ်ကြီး အဆင့်ထိ တက်လှမ်းခဲ့ခြင်း ကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးအဆင့် ဖြတ်သန်းမှု အတွေ့အကြုံရှိခြင်းကြောင့်သော်လည်းကောင်း တော်ရုံ product ကိုတော့ ထုတ်ဖြစ်မည်ဟု မထင်ခဲ့။

သို့သော်…အပြောကား ၊ ရွှေမန်း။

ကျနော်လို ငမြောက်ငခြောက်တောင် စာတစ်အုပ်ဖြစ်ဖို့ ၊ ပီပီပြင်ပြင်အားထုတ်နိုင်သည်ဟုသော ယုံကြည်မှုမျိုး ရှိ ခဲ့လျှင်၊ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်က ဒီ့ထက် စာဖတ်သူကို ပိုပေးသင့်သည်။ တဖက်တွင်လည်း ၊ သူ့ကို သူ စာရေးသူဟု ယူဆလျှင်လည်း စာရေးသူအနေနဲ့ စာဖတ်ပရိတ်သတ်ကို စေတနာများများ ထည့်ပြီး ပေးသင့် သည်။

အကယ်၍ ဦးရွှေမန်းက သူ့ကိုယ်သူ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဟု ယူဆလျှင်လည်း ခေါင်းဆောင်တစ် ယောက်က ပြည်သူလူထုကို စဉ်းစားစရာ၊ ဆင်ခြင်စရာ စို့စို့ပို့ပို့ ပေးသင့်သည်။ “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့ အရေး” စာအုပ်က အထက်ပါ ပေတံ နှစ်ချောင်းလုံးဖြင့် မကိုက်။ စာရေးသူအနေဖြင့်လည်း တာဝန် မကျေ။ နိုင်ငံ ရေးခေါင်းဆောင်တစ်ယောက်အနေဖြင့်လည်း ပြည်သူကို စို့စို့ပို့ပို့ ဦးနှောက်အစာ မဖြစ်။ စာအုပ် မည်ရုံ ၊ မည်ကာမတ္တသဘောသက်သက်မျှသာဖြစ်သည်။

ရေးထားသော အချက်အလက်များကလည်း၊ မက်ဆေ့ တစ်ခု နှစ်ခုမှ လွဲ၍ တန်ဖိုးမများ။ သတင်းပေါက်ကွဲနေ သည့် ကာလမှာ သာမန် သဘောမျှသာဖြစ်သည်။ ဦးရွှေမန်းကို နိုင်ငံရေးသမား စာရေးသူတစ်ယောက်လို့ သတ် မှတ်ပြီး ဝေဖန်ချက် ပေးချင်သည်။ အကယ်၍ ရေးမည်ဆိုလျှင်လည်း ဦးနု၏ မိန့်ခွန်းပေါင်းချုပ်လေး နှစ်အုပ်တွဲကို အားနာပြီး ရေးစေချင်ပါသည်။ ဤအချက်မှာ၊ စာအုပ် စာပေ အနေနဲ့ အရည်အသွေးကို မကြည့်ဘဲ မြင်ရသည့် ရုပ်ပိုင်းဆိုင်ရာ စာလုံး အရေအတွက်၊ စာသားအရေအတွက်ကို ကြည့်ပြီး လူပိန်းနည်းဖြင့် ဝေဖန်ကြည့်ခြင်းဖြစ် ပါသည်။

နိုင်ငံရေးပိုင်း

ဦးရွှေမန်းစာအုပ်ကို ဝေဖန်ရေးသားသူ တော်တော်များများ ရှိပါသည်။ အားလုံးက ကိုယ့်ဓာတ်ခံနှင့်ကိုယ် ဝေဖန် စောကြောကြခြင်းဖြစ်၍ ထူးထွေသော မှတ်ချက် မရှိ။ သို့သော် ထိုအထဲမှ ဖတ်ကို မဖတ်ဖူးကွာ… ဟု ပြောပြီး ဝေဖန်ခြင်းကိုတော့ အရှုတ်ချဆုံးဖြစ်သည်။ ဘာကိုမှ မဖတ်ကြည့်ဘဲ၊ ဘာကိုမှ မဖတ်မိဘဲ အလကားလို့ ပြော ခြင်း ရေးခြင်းသည် နလပိန်းတုံးသာ ဖြစ်သည်။ အတ္တလွန်ကဲခြင်းဖြစ်၍ ဆဲခြင်းသာ ဖြစ်သည်။ ၎င်းစာသည် ဝေဖန် စာလည်း မဟုတ်။ ရီဗျူးလည်း မဟုတ်။ ဆင်ခြင်စဉ်းစားချင်သူအတွက် တန်ဖိုး မထိုက်။ ထားတော့။

ဦးရွှေမန်း နှင့် နီးစပ်သော အသိုင်းအဝိုင်းကသော်လည်းကောင်း၊ ၎င်း၏ နယ်ပယ်နီးစပ်များထဲက သော်လည်း ကောင်း….. ဦးရွှေမန်း၏ စရိုက်ကို အနှုတ်ဖက် မျက်နှာစာမှ ကြည့်ကြပါလိမ့်မည်။ ကြည့်လည်း ကြည့်ကြသည်။ ကျနော် ကိုယ်တိုင် လက်လှမ်းမှီသမျှ နားစွင့်၍ ကောက်ချက် ပြုခြင်းဖြစ်သည်။

ရွှေမန်းက ၊ ကူးတတ် လူးတတ်တယ်….
ဒီအပတ်စဉ်ထွက်တချို့မှာ ကိုင်းကူးတတ်တဲ့ ဉာဉ်လေးတွေ ရှိတယ်…
သူက ၊ သိပ် ကြိုးကြိုးစားစား ရုန်းကန်ရတဲ့ အထဲမှာ မပါဘူး…. သူ့ဖြတ်သန်းမှုတစ်လျှောက်မှာ၊ အခြေအနေ လေးတွေ ပေးလို့ တဖြည်းဖြည်း ရှေ့ရောက်လာတာ… သူရဘွဲ့ဆိုတာလည်း… ဘယ်ကြောင့် ညာကြောင့်…။ ဟိုတပ်ရင်းမှူးတွေက သေပြီ..။ သူက လက်နက်ကောက်နိုင်လို့….. အစရှိသဖြင့်။

ဦးရွှေမန်း နှင့် ပက်သက်ပြီး တပ်ဖက်က အသိုင်းအဝန်းက အသံစုံ ထွက်လာနိုင်ပါသည်။ သစ္စာဖောက်ဟုလည်း မြင်သူက မြင်သည်။ အာဏာရူးသွားလို့ သူ သမ္မတ မဖြစ်ရမှာကြောက်လို့ ပေါင်းစားဖို့ ကပ်၍ ဟိုဘက်ရောက် သွားတယ်လို့လည်း အပနာမ ပြောကြလိမ့်မည်။
ထိုနည်းလည်းကောင်း ဒေါ်စု၏ အနီးကပ် ယုံကြည်ကိုးစားခံရမှုကြောင့် မျက်စိ စပါးမွှေးစူးပြီး၊ စကားတင်းဆိုသူ တွေလည်း ရှိသည်။

ရွှေမန်းဟာ…. ဦးသန်းရွှေလူ။ ဦးသန်းရွှေက ဝင်ပူးခိုင်းတာ….
အဘွားကြီးက သနားတတ်တယ်….။ အပယ်ခံအပေါ် ကရုဏာသက်တယ်…. စသည်ဖြင့် ပြောကြတာ။ စုံလို့ ညံလို့ ။

ဦးရွှေမန်းမှာ မျက်နှာစာ နှစ်ဖက်မက ရှိပါလိမ့်မည်။ ကျနော် ကောက်ချက်ဆွဲကြည့်မည်။
တစ်ဖက်က၊ တပ်ဖက် ပါတီဖက် ။ နောက်တစ်ဖက်က၊ ဒေါ်စုဖက်။ နောက်ဆုံး တစ်ဖက်က ၊ အတ္တဖက်။ ဦးရွှေမန်း ကိုယ်တိုင်က နိုင်ငံရေး ရည်မှန်းချက် ရှိကြောင်း ဝန်ခံထားပြီးဖြစ်၍ ဦးရွှေမန်းကို နိုင်ငံရေးသမားတစ်ယောက်လို မြင်ကြည့်နိုင်သည်။ တခြားတစ်ဖက်တွင်လည်း ဗိုလ်ချုပ်ကြီးဟောင်းတစ်ယောက်ဖြစ်ခဲ့လို့ စစ်သားတစ်ယောက် လို မြင်ကြည့်နိုင်သည်။ ပါတီနိုင်ငံရေးကို ကူးပြောင်းပြီး၊ အာဏာအသိုင်းအဝန်းထဲ ထပ်ပြီး ဝင်လာခြင်းဖြစ်လို့ ပါတီနိုင်ငံရေးဇာတ်သွင်းခြင်း ခံရသူလည်းဖြစ်နိုင်သည်။ ထို့အတူ၊ အတွင်းကျိတ် ညှိနှိုင်းမှုများအတွက် စေလွှတ် ခံရသော တမန်တော်လည်းဖြစ်နိုင်သေးသည်။ ဦးရွှေမန်း အနေဖြင့်၊ သူ့အတ္တကို သူ ရုပ်လုံးကြွအောင် အကောင် အထည်ဖော်ဖို့၊ ကကြိုးဆင်ခြင်းလည်း ဖြစ်နိုင်သည်။


ကျနော်တို့က ဖြစ်စဉ် ဖြစ်ရပ်များကို တစ်အုပ်၊ တစ်ယောက်၊ တစ်ဖက်၊ တစ်ထောင့်တည်း၊ ကာလတစ်ခုတည်း ဖြင့် နှိုင်းချိန်လို့ မရ။ သို့သော် ဦးရွှေမန်း စာအုပ်က ဒီအတွေးများ ပေါ်လာအောင် ခေါင်းထဲမှ အတွေးစများကို ဆွဲ ထုတ်မိစေခဲ့သည်။

ဦးရွှေမန်း၏ အဖြစ်ကို ကောက်လျှင်….

“ဦးရွှေမန်း ဒေါ်စုနဲ့ နီးတာကို USDP က မကြိုက်ဘူး။ ဒီလိုဘဲ သဘောထား တင်းမာတဲ့ စစ်ဘက် အုပ်စု ကလည်း မနှစ်မြို့ဘူး။ စစ်သားစစ်စစ်တွေကလည်း မလိုလားဘူး…. အထူးသဖြင့်၊ တပ်ရေးနဲ့ နိုင်ငံရေး သဘောကို ခွဲမမြင်နိုင်တဲ့ သဘောဖြစ်လို့ စစ်သားစစ်စစ်တွေက ကူးတာကို မကြိုက်ဘူး။ ပေါင်းတာကို မကြိုက်ဘူး။ သာရာနားဖို့ ကြိုးစားတယ်လို့ပဲ မြင်တယ်…။ ဦးရွှေမန်း USDP ဥက္ကဌ ဖြစ်တာ Personal ကြောင့် မဟုတ်ဘူး။ Position ကြောင့်ဖြစ်တာ…။ ဒါ့ကြောင့် သန်းခေါင်ယံ အာဏာသိမ်းပွဲ သူကြုံရ တာ…. ။ Personal ဆိုတဲ့သဘောက၊ ရွေးကောက်တင်မြောက်ပြီး သူ့ ဦးဆောင်မှု အခန်းကဏ္ဍ ကို လိုက်ပါမယ်လို့ ပါတီထဲက လူတွေက စိတ်ညွှတ်ပြီး ရလာခဲ့တာ မဟုတ်ဘူးလို့ ဆိုလိုတာ….။ Position ကြောင့် နေရာတွေ အသီးသီး ယူပြီး ပါဝင်ကစားကြတာ….။

“ဦးရွှေမန်း နိုင်ငံရေး အကွက် တချို့မှားခဲ့တယ်။ အဲ့ဒီ အမှားက အကွက်ကောင်းဖြစ်လို့ သူ အထိနာခဲ့ တယ်။ ဦးရွှေမန်းက အခြေအနေကို အနီးကပ် မဆုပ်ကိုင်မိခဲ့ဘူး။ ဒါ့ကြောင့် ဖွဲ့စည်းပုံကို သူ ပြင်ဖို့ ကြိုး စားတယ်။ ဒါ့ကြောင့် တပ်က သူ့ကို ပုန်ကန်သူလို့ ယူဆတယ်…။ ဒေါ်စုနဲ့ ဖွဲ့စည်းပုံကိစ္စ အပေးအယူ လုပ်ဖို့ သူ ကြိုးစားတယ်။ သူလုပ်ရင် ဖြစ်တယ်လို့ သူ ထင်ခဲ့တယ်။ မဟုတ်ဘူး။ အခြေအနေက နောက်ကွယ်မှာ၊ သဘောထားတင်းမာသူတွေက စေ့စပ်ညှိနှိုင်းဖို့ကို မစဉ်းစားခဲ့တာ… ဒါကို သူ သတိ ထားမိရဲ့လား….။ ဦးရွှေမန်းက စစ်သားဖြစ်ခဲ့လို့ စစ်သဘောအတိုင်း အဖြောင့် စဉ်းစားခဲ့ပါလိမ့်မယ်..။ ဒါပေမယ့် စစ်ဘက် နဲ့ နိုင်ငံရေးက မတူဘူး။ နိုင်ငံရေးက ကောက်တယ်။ အစဉ်အတိုင်းမလာဘူး။ စစ်သား ကတော့ အဖြောင့်အတိုင်းစဉ်းစားမှာပဲ။ ကောက်တဲ့နိုင်ငံရေးမှာ အဖြောင့်နဲ့ လုပ်လို့ သူကျိုးပျက် ခဲ့ရတယ်….၊ ဒါပေမယ့် ဒီနေရာမှာ အဖြောင့်ဆိုတဲ့သဘောက ရှိုးရှင်းသောလို့ အနက် ဖွင့်ချင်တယ်။ ရိုး သားသော၊ ဖြောင့်မတ်သောလို့ မယူရ။ အဲ့လို မယူလို့ ဆိုသော်လည်း ကောက်ကျစ်ယုတ်မာခြင်း အနက် လည်း မဟုတ်။ ဒါကို သတိချပ်စေချင်ပါတယ်။”

“ဦးရွှေမန်းက မတည့် အတူနေဖို့ ကြိုးစားတယ်။ သူ့မှာ ကောင်းတဲ့ အချက်လေးက စေ့စပ်ညှိနှိုင်းရေး လုပ်နိုင်တယ်။ တစ်ဖက်မှာလည်း သူ့လူကို သူ မပိုင်ဘူး။ သူပိုင်တဲ့လူကို မရှိဘူး။ အကြောင်းက ၊ သူ့ အသိုင်းအဝန်းမှာ ယုံကြည်မှုဆိုတာထက် အကျိုးစီးပွားနဲ့ ကစားကြတာဖြစ်လို့ သူတည်ဆောက်လည်း သူ့လူကို သူ ပိုင်ဖို့ မသေချာဘူး။ ဦးရွှေမန်း လွှတ်တော်ယန္တယားကို ဦးဆောင်တော့၊ အကျိုးတစ်ခုရ တယ်။ ဒါက သူနဲ့ ဒေါ်စု အကြား ဒိုင်ယာလော့ခ် ရှိခြင်းဖြစ်တယ်။ ဒီမိုကရေစီသွားဖို့ ဒိုင်ယာလော့ခ် ရှိတာ ကောင်းတယ်။ နှစ်ဖက်စလုံးကလည်း ရန်သူ မိတ်ဆွေ အမြင်အားကြီးသော ကြာလာတဲ့အခါမှာ၊ သံသယ ဖြစ်လာတယ်။ ဒီလိုပဲ ဒေါ်စုဖက်မှာလည်း Risk က ရှိတယ်။ အာဏာရှင် နိုင်ငံတွေ အသွင်ကူး ပြောင်းတော့ အတိုက်အခံက မအုပ်ချုပ်တတ်လို့ နိုင်ငံတော် ယန္တယား ပျက်သွားကြတာ ဒေါ်စု နားလည် တယ်။ သူ့အလှည့်ကျ အဲ့လို မဖြစ်နိုင်ဘူး။ နိုင်ငံတော်ကို အုပ်ချုပ်ဖို့က မလွယ်ဘူး။ ဒါကို ဒေါ်စု သိ တယ်။ ရှိပြီးသား ယန္တယားကို ကွန်မြူနစ်လို၊ စစ်တပ်လို လှန်ပစ်ပြီး အုပ်ချုပ်တာလည်း မသင့်ဘူးလို့ ဒေါ်စု ယုံကြည်တယ်။ လက်ရှိ အခြေအနေကလည်း၊ အတွင်းသဘော မသိရင် အုပ်ချုပ်ရေး စီယာတိုင် ကို လှည့်လို့ မရဘူး။ ဘယ်ဂီယာ ဘယ်ခလုတ်က ဘယ်မောင်းတံကို ရွေ့စေသလဲ ဆိုတာ ဒေါ်စုမှာ အခက်အခဲ ရှိတယ်။ အဲသည့်အတွက် ဦးရွှေမန်းဟာ အာရုံအလင်း တစ်ခု ဖြစ်စေတယ်။ ဒါကို ဘယ်သူ နားလည်သလဲ။ ၂၀၁၅ မှာ ဒေါ်စုက သူနိုင်မယ် ဆိုတာကို သိတယ်။ တစ်ဖက်ကလည်း သမ္မတ မဖြစ်နိုင် ဘူးဆိုတာ နားလည်ထားတယ်။ ဒီ့ထက် ကြီးတဲ့ ကိစ္စက နိုင်ငံတော် ယန္တရား ပုံမပျက် လည်ပတ်ရေး ကိစ္စ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး ကာလမှာ၊ စစ်ဘက်လက်ကျန်ဟောင်း လုပ်ပိုင် ခွင့် စွန့်ရသူတွေ ပြောတဲ့ စကားကို ကြားရင် ဒေါ်စုရဲ့ ဒုက္ခကို သေချာပေါက် နားလည်သွားလိမ့်မယ်။ ဒီလူတွေ ဗြူရိုကရေစီ ဘက်က လူတွေကို ဘာပြောတယ် မှတ်လဲ။ ‘အေး… ကြည့်ထား၊ အလွန်ဆုံး ၆ လ ပဲ ခံမယ်တဲ့။ ပြီးတော့ ငါတို့ ပြန်လာမယ်… တဲ့။ စောင့်နေကြ… ပြန်လာမယ်…’ လို့ ပြောတဲ့ စကား ကို နားလည်ရင်၊ ဒါကို သိနိုင်မြင်နိုင်ပါလိမ့်မယ်။”

“ဦးရွှေမန်းနဲ့ ဒေါ်စု အကြားမှာ မပြတ် စည်းဝေးခြင်း ရှိခဲ့တယ်။ ဒါက နိုင်ငံအတွက် သိပ်ကောင်းတဲ့ ကိစ္စ။ နိုင်ငံရေးသမားတွေ အတွက်ကတော့ ကောင်းချင်မှ ကောင်းမှပေါ့။ ဦးရွှေမန်းက ပြောတယ်။ ‘သူက နိုင်ငံရေးကို သိတယ်…၊ ကျွန်တော်က မြန်မာ့နိုင်ငံရေးကို သိတယ် ဆိုတာကတော့ ငြင်းပယ်လို့ မရ။ ဒေါ်စု … ဦးရွှေမန်းဆီက သင်ယူဖို့ မတွန့်ခဲ့ဘူး။ နှစ်ဦးသဘော ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ အခုအချိန်ထိ ၃ နှစ်နီးပါး အုပ်ချုပ်ရေး ယန္တရား အစဉ်မပြတ်လည်အောင် လုပ်နိုင်ခဲ့တာ ဦးရွှေမန်း အကူအညီပါခဲ့တယ် ဆိုတာကို ငြင်းလို့ မရပါဘူး။ ငြင်းချင်လည်း ဖင်ပိတ် ငြင်းပေါ့။”

“ဦးရွှေမန်း က သူ့စာအုပ်မှာ တစ်ခွန်းမက ပြောခဲ့တယ်။ စေတနာနဲ့ လုပ်နည်းလုပ်ဟန်။ ဒေါ်စုမှာ စေတနာက မေးခွန်းထုတ်စရာ မရှိဘူး။ ဒါပေမယ့်၊ အုပ်ချုပ်စီမံခန့်ခွဲရေးမှာတော့ မေးခွန်းတွေ အများကြီး မေးရလိမ့်မယ်။ ဒီအခက်အခဲကို သူတို့ နှစ်ယောက်စလုံး သိကြတယ်။ နားလည်ကြတယ်။ ဒီ့အတွက် တစ်ယောက်ရဲ့ အားသာချက်နဲ့ တစ်ယောက်ရဲ့ အားသာချက်ကို ဖလှယ်ကြမယ်…. စေ့စပ်ကြမယ်ဆို တဲ့ မူဘောင် ပေါ်လာတာ။ ဒါကို အကျိုးစီးပွား အုပ်စုတွေက မလိုလားဘူး။ ဒ့ါကြောင့် တစ်ဖက်ဖက်က ဖျက်တယ်။ ဖျက်လို့ ပျက်သွားတဲ့ ဘက် က ရှိသလို။ မဖျက်နိုင်လို့ ၊ စကား မကြားတကြား တင်းဆို၊ လေ ပြေထိုးတဲ့ ဘက်ကလည်း ရှိတယ်။ တောင်ကြီးကို လေနဲ့ မရွေ့စေနိုင်ခဲ့လို့သာ။ တိုက်တဲ့ လေတွေက တော့ နရံကြားမှာ မုန်တိုင်းကို ထလို့….။”

ဖြစ်စဉ် အားလုံးကို ဆက်စပ်ကြည့်လျှင်၊ ပုံပေါ်နိုင်ပါသည်။ အထက်ပါ ရေးသားချက်များသည်၊ ကျနော့် အမြင် ယူဆချက်များသာ ဖြစ်ပါသည်။ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်း၊ နီးစပ်ခြင်း မနီးစပ်ခြင်းကို ဝေဖန်စောကြောနိုင်ပါသည်။ ထိုသို့ စောကြောလျှင်မူ၊ အချက်အလက်နှင့် တွေ့ရှိချက်များကိုသာ ထည့်တွက်စေချင်သည်။ ထင်ရာမြင်ရာ၊ ကောလဟာလများဖြင့်တော့ ဦးနှောက်အမှိုက်ရှုပ်ပါသည်။
မြန်မာ့ ဓလေ့ အရ၊ စေ့စပ်ညှိနှိုင်းခြင်း ပူးပေါင်းဆောင်ရွက်ခြင်းကို ဇောင်းမပြု။ ပူးသူကို သာကူးလို့ နာမည် တပ်ချင်သည်။ ပေါင်းသူကို ငါးသလောက်လို့ ပညတ်ပစ်လိုက်သည်။ သစ္စာဖောက်…၊ ဘာညာဖြင့် အဓိပ္ပာယ် တွေ ဖွင့်ပစ်လိုက်သည်။ ထို့ကြောင့် ဦးရွှေမန်းက သူ့ စာအုပ်၏ စာမျက်နှာ ၁၃ မှာ အထင်အရှား အမှတ်အသား ပြု ဖော်ပြထားခြင်းဖြစ်ဟန်တူသည်။

“သစ္စာကို မှန်ကန်ခြင်း ဟုသာ သာမန်အားဖြင့်၊ နားလည် ပြောဆိုကြပါသည်။ တကယ်တမ်းတွင်မူ၊ အမုန်တရား အပေါ် မှန်ကန်စွာ စောင့်ထိန်းပြုမူပြောဆိုခြင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေခြင်းသည် နိုင်ငံသားတစ်ဦးအတွက် အမွန်မြတ်ဆုံး နှင့် အမြင့်မြတ်ဆုံး ဖြစ်၍၊ နိုင်ငံကို ချစ်ကြသော နိုင်ငံသားများ၏ အဓိက စောင့်ထိန်းရမည့် သစ္စာတရားသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်ကို ကျွန်တော်ခံယူထားပါသည်…။”

ကောက်နုတ်ချက် ။ စာမျက်နှာ (၁၃) ။

တကယ်တော့ အတွင်းစည်းမှာ ဦးရွှေမန်း၏ အဖြစ်ကလည်း မလွယ်။ ဦးရွှေမန်း ဘေးကြပ်နံကြပ်များ ဖြစ်ရသည် က အကြိမ်ကြိမ်။ မင်းရေးကျယ်ခြင်းကို ဦးရွှေမန်း လက်တွေ့ သိလိုက်ရသည်။ ကိုယ်တွေ့ နားလည်လိုက်ရ သည်။ ထို့အတူ၊ စစ်ဘက်သဘောနှင့် နိုင်ငံရေး၏ သဘောကို သူကောင်းကောင်းခံလိုက်ရမှ နားလည်သွားတော့ သည်။

၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်၊ ၅ နှစ်တာ ကာလအတွင်း ဦးရွှေမန်းကို သမ္မတလောက်ကြီး ကိုက်ခဲ့ပါသည်။ ထိုသမ္မတ လောက်ကိုက်သည့် ဒဏ်ကြောင့်၊ အချို့ကိစ္စများကို ကြိုတင်ရှိထားရမည့်အရာများ မရှိဘဲ ဦးရွှေမန်း စခဲ့သည်။ ဦးရွှေမန်းသည် အရိယာ မဟုတ်ပါ။ ဒါ့ကြောင့် သူ့စာတွင် ၊ သူ့စကားတွင် ပြည်သူ့အကျိုးဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် လိုသည်…. ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်ထားသည်။ တတ်နိုင်သမျှ၊ သူ့ ပါတီ ကိုလည်း ပိုပိုကဲကဲ ထည့်တွက်ထားဟန်တူသည်။ ဤအချက်သည်ပင် သူ့၏ အားနည်းချက်ဖြစ်သည်။ မြန်မာ လူထု၏ နိုင်ငံရေးဓလေ့ကို သမိုင်းကောက်ကြောင်းဖြင့် မမှန်းဆနိုင်၍ ဦးရွှေမန်း ဇာတ်ခုံပေါ်က ဆင်းခဲ့ရသည်။ သို့သော် ဦးရွှေမန်းကား ခွေးကတစ်တွင် အလုပ်အကျွေးပြုသူတော့ မဟုတ်ခဲ့။ သူ သတိရှိခဲ့၍၊ အခု သူ့ လုပ်ရပ် များ လမ်းကြောင်းပေါ်မှာ အသက်ဝင်နေသည်။ သူ အောင့်အီးနိုင်ဖို့ နှင့် သူ့အတ္တကို ဇက်ပိုးသတ်နိုင်ဖို့ ပင် အရေး ကြီးသည်။

မည်သို့ပင် ဆိုစေ….. ဦးရွှေမန်း၏ သူ ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး စာအုပ်က အတွေးစ တစ်ချို့ကို ပွထစေ ခဲ့သည်။ နိုင်ငံရေးအရ၊ စာပေအရ တန်ဖိုးများ အုံလိုက် ကျင်းလိုက် မဖြစ်စေကာမူ၊ စဉ်းစားစရာ ဖြစ်ခဲ့ပါသည်။ အကယ်၍ ဒီ့ထက် ပို၍ စာပေအရ၊ အချက်အလက်အရ၊ နိုင်ငံရေးအရ တန်ဖိုးပိုမြင့်လျှင် ကောင်းသည်။ အခု တော့၊ မဲမဲမြင်ရာ ပစ်ချင်သူတွေ….၊ စေ့စပ်ညှိနှိုင်းရေး ပဋိဉာဉ်နိုင်ငံရေးကို နားမလည် သဘောမပေါက်သည့် လူမှု လူတန်းစားများကြောင့် ဦးရွှေမန်းစာအုပ်က တံတွေးခွက်တွင် ပက်လက်မြောနေသည့် အဖြစ်။ သို့သော်၊ ကိစ္စ မရှိ။ နိုင်ငံရေးသမားဟု ခံယူလျှင် အပြောအဆို ခံနိုင်ရမည်။ အဆဲခံနိုင်ရမည်။ ကိုယ်လုပ်သည့် အရာ အတွက် ဝေဖန်စောကြောခံနိုင်ရမည်။ အဝေဖန် မခံနိုင်၊ အဆဲမခံနိုင်လျှင် နိုင်ငံရေးနယ်ထဲ ဝင်လာရန် မသင့်။

ဦးရွှေမန်းလည်း စစ်သားဘဝမှ နိုင်ငံရေးသမားဘဝ အကူးအပြောင်း၊ အလှည့်အကြမ်းမှာ လှိုင်းစီးနိုင်ပါစေလို့ ဆန္ဒပြုရင်း ဝေဖန်၊ ကောက်ချက်ပြုလိုက်ရပါသည်။

မင်းသေ့
ညနေ ၅ း ၀၉
၂၈ ၊ မေ ၊ ၂၀၁၈ ။

Previous post ကွန်ဖြူးရှပ်ကထာ
Next post ဒဂုန်တာရာ (သို့မဟုတ်) တာရာဗေဒ လေ့လာချက်။