ကွန်ဖြူးရှပ်က ပြောဖူးတယ်။


“လက်မှုပညာသည် တစ်ယောက်က၊

အလုပ်ကောင်းကောင်း လုပ်တော့မယ်ဆိုရင်

ပထမဆုံး သူ့ကိရိယာ တန်ဆာပလာတွေကို ထက်ရှအောင် သူ လုပ်ရမယ်…..” လို့ ပြောတယ်။


ဒီအဆိုအမိန့်ကို ကျနော် ကြားဖူးခဲ့တာ ကြာပြီ။

အခု အချိန်အထိ နားထဲမှာ စွဲနေတယ်။ အထူးသဖြင့်၊ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင်၊ ငါ သုံးမယ့် ငါ့ လက်နက် ကိရိယာတွေ ထက်ရှရဲ့လား ဆိုတာကို မေးမိတယ်။ ပြီးတော့၊ လိုအပ်သလောက် စုံစုံလင်လင် ရှိရဲ့ လားဆိုတာကိုပါ ထပ်မေးတယ်။ ဒီလိုပဲ၊ ထက်ရှတဲ့ လက်နက်တွေကို ငါ ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် အသုံးပြုတတ် ရဲ့လား ဆိုတာ၊ ဆင့်ပြီး မေးမိပြန်တယ်။


ကွန်ဖြူးရှပ်က တရုတ်။ ကျနော်တို့ ငယ်ငယ်က နဝတခေတ်မှာ၊ မြန်မာ့ရုပ်မြင်သံကြားမှာ တရုတ်ဇာတ်ကားတွေ ကြီးစိုးခဲ့ဖူးတယ်။ တရုတ် သိုင်းကားတွေကိုလည်း စွဲစွဲမြဲမြဲ ကြည့်ဖူးတယ်။ အဲ့ဒီ့ သိုင်းကားတွေထဲမှာ၊ မင်းသား လုပ်သူ၊ လူဆိုးလုပ်သူဟာ…. ဓားကိုလည်း သုံးတတ်တယ်။ လှံကိုလည်း သုံးတတ်တယ်။ တုတ်ကိုလည်း သုံး တတ်တယ်။ ဓားတပ်ထားတဲ့လှံ၊ ဓားတို၊ ဓားရှည်၊ မြှား၊ ချွန်းသီး…. စသည်ဖြင့်၊ သုံးတတ်တယ်။

ဒါကို ကြည့်ပြီး အားကျဖူးတယ်။ သူတို့က အစုံစုံကို ကျင်ကျင်လည်လည် သုံးတတ်ကြတာပဲနော်လို့ တွေးဖူး တယ်။

ဒီလိုပဲ၊ ငယ်ငယ်က ကြည့်တဲ့ အနောက်တိုင်း ရုပ်ရှင်တွေထဲမှာ ခေတ်စားတာက ရမ်ဘို။
ရမ်ဘိုကို ကြည့်လိုက်ရင်၊ ဘယ်လက်နက်မဆို သူ မသုံးတတ်တာ မရှိဘူး။
လက်နက် မဟုတ်တဲ့ အရာကတောင်၊ လက်နက်ဖြစ်သွားတာ ရှိသေးတယ်။
ရမ်ဘိုက၊ ဓားရော၊ သေနတ်ရော၊ လောင်ချာရော၊ မြှားရော…၊ အဆိပ်လူး အပ်က အစ အားလုံးသုံးတတ်တယ်။ မရှိတဲ့ လက်နက်ကိုတောင်၊ ရှိတောင် လုပ်နိုင်စွမ်းရှိတယ်။ လက်ထဲမှာ ရှိတဲ့ အရာတွေကိုလည်း ကောင်းကောင်း ကျွမ်းကျင်တယ်။ လေယာဉ်လည်း မောင်းတတ်တာပဲ။ ကားလည်း မောင်းတတ်တာပဲ။ မော် တော်ဘုတ်လည်း မောင်းလိုက်တာပဲ။ ရဟတ်ယာဉ်ကြီးလည်း မောင်းတတ်တာပဲ။ ဆိုင်ကယ်လည်း မောင်းတတ် တာပဲ။ ရမ်ဘိုက၊ ဓားပေါက်လည်း ကျွမ်းကျင်တယ်။ လက်လုပ်ဗုံးတွေလည်း လုပ်တတ်တယ်။ ဖား ဆီကနေ အဆိပ်ထုတ်ပြီး၊ အဆိပ်လူးအပ်နဲ့ လည်း ရန်သူတွေကို သတ်တာပဲ။

အဲ့တော့၊ စဉ်းစားကြည့်ရင်….
ဒါဟာ၊ အဖြစ်အပျက်တွေရဲ့ ဆက်စပ်မှုကို မြင်နိုင်တယ်။

ကျနော်တို့ အလုပ်တွေ လုပ်ကြတယ်။ ကိုယ် ဝါသနာပါရာကို တည်ဆောက်ကြတယ်။ လှမ်းလျှောက်ကြတယ်။ ကျနော်တို့ ထုဆစ်တဲ့ လက်ရာတွေ ရှိတယ်။ စာပေလည်း စာပေ အလျှောက်၊ စီးပွားရေးလည်း စီးပွားရေး အလျှောက်၊ နိုင်ငံရေးလည်း နိုင်ငံရေး အလျှောက်၊ အနုပညာလည်း အနုပညာအလျှောက်၊ ပညာရေးလည်း ပညာရေး အလျှောက်….. စသည်ဖြင့်၊ အများကြီး လုပ်ကိုင်ကြတယ်။

ဒါပေမယ့် ၊ တွေးစရာက ….
• ကျနော်တို့မှာ၊ လက်နက် ကိရိယာ စုံရဲ့လား ….
• ကျနော်တို့ရဲ့ လက်နက်ကိရိယာက ထက်ရှရဲ့လား….
• ကျနော်တို့မှာ ရှိတဲ့ လက်နက်ကိရိယာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရဲ့လား….
• ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေက Update ဖြစ်ရဲ့လား၊ Upgrade ဖြစ်ရဲ့လား….
ကျနော်တို့ ရှေ့ က လူကြီးတွေ သမိုင်းကို ထုဆစ်ကြတယ်။

ကျနော်တို့ ရှေ့က လူကြီးတွေ နိုင်ငံကို အုပ်ချုပ်သွားကြတယ်။
ကျနော်တို့ ရှေ့က လူကြီးတွေ စာပေ အနုပညာတွေကို ဖန်တီးသွားကြတယ်။

သူတို့ ရေးတဲ့သမိုင်း ကောင်းကြရဲ့လား ….
သူတို့ အုပ်ချုပ်တဲ့ စနစ် အောင်မြင်ရဲ့လား….
သူတို့ ဖန်တီးတဲ့ လက်ရာတွေ ပြောင်မြောက်ရဲ့လား…..

ကျနော်တို့ရှေ့က လူကြီးတွေကို ကျနော်တို့ မမှီနိုင်တာတွေ အများကြီး ရှိပါတယ်။ တခြားတစ်ဖက်မှာလည်း၊ သာမန်ထက်တောင် ညံ့ဖျင်းလွန်းခဲ့တဲ့ လုပ်ရပ်တွေလည်း တွေ့ခဲ့ကြရတယ်။ စဉ်းစားကြည့်ရင်၊ လုပ်ရပ်ကနေ ထွက်လာတဲ့ ရလဒ်ဟာ သက်သေပါပဲ။
အခုလည်း တွေ့နေရတယ်။
အကျင့်ဆိုး၊ စရိုက်ဆိုး၊ ဉာဉ်ဆိုး…. တွေကို။
မဖျောက်နိုင်သေးတဲ့ စိတ်ဓာတ်တွေ၊ မပြင်နိုင်သေးတဲ့ အကျင့်တွေ၊ တိုးတက်မလာတဲ့ သိမှု၊ တတ်မှုတွေ….။

ကျနော်တို့ အတိတ်သမိုင်းကိုပဲ ကွန်ဖြူးရှပ် အဘိဓမ္မာနဲ့ ညှိကြည့်ရအောင်။
အတိတ်ရဲ့ သမိုင်းကို ဖန်တီးစီရင်ခဲ့သူတွေရဲ့ အကြောင်း။
သူတို့တွေက ဘယ်လို သမိုင်းမျိုးကို ဖန်တီးချင်ခဲ့တာလဲ။ နိုင်ငံကို ဘာဖြစ်စေချင်ခဲ့တာလဲ။ ဘယ်လိုဖြစ်စေချင် တာလဲ။ သူတို့ ရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ စေတနာကို ကျနော်တို့ လေ့လာကြရမယ်။

တချို့က ပြောလိမ့်မယ်။
သူတို့လည်း နိုင်ငံကို ချစ်တယ်။ သူတို့လည်း သိသလောက်၊ တတ်သလောက် နိုင်ငံကို ထူမဖို့ ကြိုးစားခဲ့တယ်။ တို့ နိုင်ငံကို ကယ်ခဲ့တယ်…. စသဖြင့်၊ ပြောကြပါလိမ့်မယ်။ စေတနာဟာ၊ စိတ္တဇ နာမ်ဖြစ်လို့၊ ကျနော်တို့ ကိုင်တွယ် ပြလို့ မရပါ။ အဲ့တော့၊ စေတနာကို ရောင်ပြန်ဟပ်စေတဲ့ လုပ်ရပ်နဲ့ သာ တိုင်းတာလိုက်ကြရအောင်။

လုပ်ရပ်တွေက၊ ရလဒ်ကောင်းရဲ့လား ။

စေတနာ မှန်ခြင်း တစ်ခုတည်းနဲ့ ဘာမှ လောက်လောက်လားလားဖြစ်နိုင်မယ် မထင်ပါဘူး။ သို့ပေမယ့် စိတ် ကောင်းရှိဖို့ ပထမဆိုတာ၊ အင်မတန် မှန်ပါတယ်။ မြန်မာပြည်ကြီးကို ထုဆစ်ပုံဖော်ခဲ့သူတွေ စေတနာ ကောင်း ကြပါတယ်။ သို့ပေမယ့်၊ လုပ်ရပ် ကောင်းကြရဲ့လား။ တိုင်းပြည်ကို ထုဆစ်ဖို့၊ ပညာချို့ခဲ့ကြတယ်။ လက်နက်ချို့ ခဲ့ကြတယ်။ လက်နက်တွေကိုလည်း တလွဲအသုံးချခဲ့ကြတယ်။ ဓားတစ်လက်ဟာ၊ သစ်ပင်ခုတ်ဖို့ မဖြစ်လာဘဲ၊ လူလူချင်း ခုတ်သတ်ဖို့ ဖြစ်လာတယ်။ ဒီလိုပဲ၊ တခြားအရာတွေလည်း မြောက်မြားစွာ ရှိခဲ့တယ်။

အဲ့ဒီ လူကြီးတွေ၊ တိုင်းပြည်တည်ဆောက်ရေး လက်နက်တွေကို ဘယ်အတွက်၊ ဘာအတွက် အသုံးချခဲ့ကြ သလဲ။ နိုင်ငံ့အတွက် မျက်စိတွေ နားတွေကို ဘယ်လို လုပ်ခဲ့ကြသလဲ။ နိုင်ငံ့ဦးနှောက်ကို ဘယ်လိုနေရာမှာ ထားခဲ့ကြသလဲ။ စဉ်းစားကြည့်ပါ။
သဘာဝက ပေးထားပါတယ်။ နားနှစ်ဖက်။
သဘာဝက ပေးထားပါတယ်။ မျက်စိ နှစ်လုံး။

နားနှစ်ဖက် ရှိသူဟာ၊ အနည်းဆုံး ဘက်နှစ်ဖက်တော့ ကြားသင့်တယ်။
မျက်စိ နှစ်လုံး ရှိသူက၊ အနည်းဆုံး အမြင်နှစ်မျိုးတော့ ရှိသင့်တယ်။
သို့ပေမယ့်၊ အတိတ်လူသားတို့က အဲ့သည်လို မဟုတ်ကြဘူး။ သူတို့ နားတွေက သူတို့ ကြားချင်ရာကိုသာ ကြား ကြတယ်။ သူတို့ မျက်လုံးတွေက၊ သူတို့ မြင်ချင်ရာကိုသာ ကြည့်ကြတယ်။ သူတို့ ဟာ၊ နိုင်ငံ့ဦးနှောက်တွေကို အတ္တအကျိုးစီးပွားအတွက် ချောင်ထိုး၊ နှိပ်ကွပ်ခဲ့ကြတယ်။ သူတို့ကိုယ်တိုင်လည်း ဦးနှောက်လားမြောက်အောင် မလုပ်ချင်ကြဘူး။ အတိတ်လူသားတွေက၊ လောဘာတော့ ရှိတယ်။ ဒါပေမယ့်၊ ပျင်းတယ်။

ဒါ့ကြောင့် နိုင်ငံက၊ အခုထိ ဆုတ်ယုတ်နေတယ်။
သူတို့က လေ့လာမှုကို မပြုကြဘူး။ သူတို့ ကျွမ်းကျင်မှုကို သ,ဖို့ မကြိုးစားကြဘူး။ ထိုနည်းလည်းကောင်းပဲ၊ အဆင့်မြင့်လက်နက် ကိရိယာတွေကို သူတို့ ငြင်းဆန်ခဲ့ကြတယ်။ သူတို့ ကိုယ်တိုင်လည်း၊ အတွင်းပိတ် ပေါ်လစီ နဲ့ လုံအောင် ကာခဲ့ကြတယ်။
ခေတ်က တစ်ကိုယ်တည်း နေလို့ မရတော့ဘူးဆိုတာ၊ သိလာတဲ့ အခါ။ အရာအားလုံးက နောက်ကျ ကျန်ရစ်ခဲ့ ပြီ။ ဒီခေတ်လူတွေက ဝရုန်းသုဉ်းကား အပြေးလိုက်ကြရတယ်။ မောလို့၊ ဟပ်တက်ထိုး လဲကြတယ်။ သူတို့ ဝိုင်း ဝန်း ထိုးနှက်ကြတယ်။ အပုတ်ချတယ်။ အသစ်ကို အားမပေးဘူး။ သူတို့ ကြောက်လို့ ဖြစ်မှာပါ။

အခု နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အချိန်။
ဘယ်မှာလည်း၊ လက်နက်တွေ၊ ကိရိယာတွေ။
ဘယ်မှာလည်း၊ ကျွမ်းကျင်သူတွေ။
ဘယ်မှာလည်း၊ လက်တွေ့ လုပ်ကိုင်နေကြသူတွေ။
သုံးတတ်သူနဲ့ သုံးရမယ့် ပစ္စည်း အပ်စပ်ပြီလား။ ကိုက်ညီပြီလား။ သုံးတတ်တဲ့သူ လက်ထဲ၊ သုံးရမယ့် လက်နက် ရောက်ပြီလား။ ရောက်ပြီဆိုရင်ကော၊ ဘယ်အရာကို ထုဆစ်မှာလဲ။ ဘယ်လို ပုံဖော်ကြမှာလဲ။ ရည်ရွယ်ချက်က ပြတ်သားပြီလား။ ဦးတည်ချက်က ပြတ်သားပြီလား ရှင်းလင်းပြီလား။
အခု ထက်ထိ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အမျိုးသားရေး၊ ဒီမိုကရေစီ၊ မညီကြသေးဘူးလား။

ဆရာတော် ဦးဇောတိက က မိန့်ဖူးတယ်။

ပြတ်သားတဲ့ ဦးတည်ချက် ရှိလိုက်တာနဲ့ စွမ်းရည်တွေ အလိုလို ရလာတယ်… တဲ့။
ကျနော်တို့က၊ အခုထိ ဘယ်ကို ဘယ်လို သွားမယ်ဆိုတာ စကားများလို့ ကောင်းတုန်း။ ရန်ဖြစ်လို့ ကောင်းတုန်း။ အငြင်းပွားလို့ ကောင်းတုန်း။ အခုထက်ထိလည်း ဘာကိုမှ တည်တည်တံ့တံ့ ဆုပ်ကိုင်ပြီး၊ ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်သေး။ တစိုက်မတ်မတ် မရှိသေး။
ကျွမ်းကျင်မှု၊ တတ်သိမှုတွေဆိုတာလည်း၊ ပါးစပ်ထဲမှာတော့ ဝေလို့၊ စီလို့။
လက်တွေ့မှာတော့၊ ရလဒ်အရ ဘာမှ ထွက်မလား။
ထွက်လာဖို့ ညစ်ထုတ်ရင်တောင်၊ လေတွေပဲ ထွက်လာတယ်။

မင်းသေ့
ည ၁၁ း ၀၆
၁၄ ၊ မေ ၊ ၂၀၁၈

Previous post ဆရာအလုပ်ဆိုတာ
Next post သူနှင့် ကျွန်တော့်အကြောင်းရေးသူအတွက် ဝေဖန်ချက်