‘သုတေသနဖန်ပြား’ ဆိုသော စကားလုံးသည် ကျနော့် အသုံး မဟုတ်ပါ။ လေးစားရသော ဆရာကျော်ဝင်း၏ စကားလုံးဖြစ်ပါသည်။ မိုးဂျာနယ်မှာ ရေးခဲ့သော စာများကို ဖတ်ရင်း၊ ရင်းနှီးခဲ့ရသော စကားလုံးဖြစ်သည်။ ပညာကို သုတေသနဖြင့်ယှဉ်၍ ဖွင့်ဆိုကြသည်။ သုတေသနဟု ပြောလျှင်ပင်၊ ပညာဟု အနက်သဘော ညွှန်း ဆိုရာ ရောက်သည်။ သုတေသနသည်ပင် ပညာ၏ သင်္ကေတတစ်ခုလိုဖြစ်နေသည်။

မိုက်ခရိုစကုပ် မှန်ပြောင်းအောက်တွင်၊ မမြင်ရသည်များကို အနုစိတ်ခွဲခြမ်းကြည့်ဖို့ သုတေသနဖန်ပြားကို သုံး ရသည်။ ရုပ်မျက်စိ၏ ပါဝါကို မိုက်ခရိုစကုပ်က ကူခြင်းဖြစ်သည်။ ယုံတမ်းစကားများကို ဆန်းစစ်ကြည့်ဖို့ သုတေသနမှန်ပြောင်းကို သုံးရသည်။ ဖြစ်စဉ်ဖြစ်ရပ်များကို သက်သေခံဖို့ သုတေသနဖန်ပြားပေါ် တင်ကြည့် ရသည်။ သုတေသနသည်ပင် ၂၁ ရာစု၏ အဓိက လက်နက်ဖြစ်လာသည်။

သုတေသနသည် ပညာ၏ သဘောဖြစ်ပါသည်။ ပညာ့သဘောကို ဆောင်ရန်၊ သုတေသနကို သုံးရသည်။ သုတေသနသည်ပင် ဆင်ခြင်တုံတရားကို ရှေ့ကဦးဆောင်အောင် ထမ်းတင်ပေးလိုက်သည်။ ပညာရှေ့သွားရှိ သော၊ ဆင်ခြင်တုံတရားနှင့်ယှဉ်သော မြင်ကွင်းဖြစ်ဖို့ သုတေသနက တာဝန်ယူသည်။ အချက်အလက်၊ အကိုး အကား၊ အထောက်အထားနှင့် သက်သေပြနိုင်အောင် ကြိုးစားသည်။ အကြောင်းနှင့် အကျိုးကို ဆက်စပ်ပေး သည်။

သုတေသနသည် အကြမ်းဖျင်းအားဖြင့် တာဝန် သုံးရပ်ကို ထမ်းဆောင်သည်။ ပထမ တာဝန်မှာ၊ အသစ်ကို ဖော်ထုတ်ခြင်းဖြစ်သည်။ ဒုတိယတာဝန်မှာ ရှိပြီးသားအရာကို ဝေဖန်စောကြောခြင်းဖြစ်သည်။ တတိယတာဝန် မှာ တိမ်မြုပ်နေတာကို ဖော်ခြင်းဖြစ်သည်။ ဤတာဝန် သုံးချက်သည်ပင် သုတေသန၏ အဓိက တာဝန်သုံးရပ် ဖြစ်ပါသည်။

(၁)

ပထမတာဝန်

‘အသစ်ဖော်ထုတ်ခြင်း’ ဆိုသည်မှာ သီအိုရီအသစ်၊ သဘောတရားအသစ်ကို ဖော်ထုတ်ခြင်းဖြစ်ပါသည်။ တည်ရှိနေသော ဖော်မြူလာထဲမှ သဘောတရားအသစ်ကို ထွင်လိုက်ခြင်းဖြစ်သည်။ အသစ်ဖြစ်ပေါ်လာသော သဘောတရားကို သက်သေပြချက်များဖြင့် ထောက်ပံ့လိုက်သောအခါ ‘ဒေါက်’ ရှိသော သီအိုရီတစ်ရပ်ဖြစ်လာ သည်။ ဒေါက်ရှိလျှင် ထောက်လို့ ရပြီ။ ရပ်လို့ ရပြီ။ ဒေါက်များများ ရှိလျှင် သီအိုရီမှာ ပို၍ ခိုင်သည်။ အလွယ် တကူဖြင့် နှဲ့၍ မရ။ မလဲအောင် ရပ်နိုင်သော အနေအထားကို ရောက်လာပြီ။ စွဲမြဲကြံ့ခိုင်သောဒေါက်များဖြင့် ထောက်နိုင်လျှင် တော်ရုံသီအိုရီများ၏ အတွန်းအတိုက်သည် မှုစရာ မဟုတ်တော့။

အချက်အလက်၊ အကိုးအကားနှင့် သက်သေပြချက်များသည်၊ ဒေါက်ဖြစ်ပြီး ယူဆချက်သည် သီအိုရီဖြစ်လာ သည်။ ထို့နောက် ပေတံတစ်ခုဖြစ်လာသည်။ နှုန်းစံ တစ်ခုဖြစ်လာသည်။ တိုင်းစရာ ထွာစရာ ပေတံတစ်ချောင်း အဖြစ် ရပ်နိုင်ပြီ ဖြစ်သည်။

(၂)

ဒုတိယတာဝန်

‘ဝေဖန်စောကြောခြင်း’ သည်၊ ဘယ်လောက်မာ၊ မမာ ထုခွဲကြည့်လိုက်သည့် သဘောဖြစ်သည်။ ဟုတ်/ မဟုတ်၊ မှန်/ မမှန်၊ မာ/ မမာ ဆိုတာကို ဆန်းစစ်ကြည့်ခြင်းဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြစ်သည်။ ဝေဖန်ပိုင်းခြား ကြည့်ခြင်းဖြစ်သည်။ ဘယ်လောက်ခိုင်/ မခိုင် ဆိုတာကို နှဲ့ကြည့်ခြင်းဖြစ်သည်။ ဤတွင် တွေ့ရှိချက် တစ်ခုပေါ် ပါလိမ့်မည်။ ‘ထောက်ခံခြင်းနှင့် ငြင်းဆိုခြင်း’ တစ်ခုခု ပေါ်လိမ့်မည်။ အရင်းမူလကို ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်ငြင်းဆိုသည်ဖြစ်စေ၊ ဤအချက်သည်ပင် သုတေသနတွေ့ရှိချက်ဖြစ်ပါသည်။

ကိုယ်သုံးသည့် သီအိုရီက ပိုခိုင်လျှင်၊ ကိုယ်ဝေဖန်စောကြောသည့် သီအိုရီက ကျိုးမည်၊ ပဲ့မည်။ ကိုယ်သုံးသည့် သီအိုရီက မခိုင်၊ ကိုယ်သုံးသည့် အချက်အလက်၊ အထောက်အထားက မပြည့်စုံလျှင်၊ မူလသီအိုရီမှာ မတုန် မလှုပ်၊ ကျောက်ရုပ်ဖြစ်နေမည်။ ဤနေရာ၌ ပဋိပက္ခ ပြုခြင်းသဘောပါလာသည်။ တိုက်ခိုက်ခြင်း ၊ တွန်းတိုက် ခြင်း လက္ခဏာဆောင်လာသည်။ ထို့ကြောင့်ပင် ဝေဖန်စောကြောခြင်း၊ စောဒကတက်ခြင်းကို ရန်လိုခြင်းဟု ပညတ်လိုက်ကြဟန် တူသည်။

သို့သော် ပညာနယ်၌ ထိုသို့ မယူ။ ဝေဖန်စောကြောခြင်းသည် ပညာ၏ မိတ်ဖက်ဖြစ်သည်။ စောဒကတက်ခြင်း သည် ပညာ၏ ရန်သူ မဟုတ်။ မိတ်ဆွေဖြစ်သည်။ ပညာကို ပိုပို ကြီးမြတ်၊ ကျယ်ပြန့်အောင် လုပ်ဆောင်ပေး သော မဟာဗျူဟာမိတ်ဖက်ဖြစ်သည်။ ထို့ကြောင့် ပညာက ဝေဖန်ခြင်း၊ စောကြောခြင်း၊ စောဒကတက်ခြင်း၊ ပိုင်းခြားဆန်းစစ်ခြင်းကို ကြိုဆိုသည်။ ပွေ့ဖက်သည်။ လက်ကမ်းသည်။ ၎င်းအချက်များကို ရန်သူဟု မမြင်။ ဤကား ပညာဘက်မှ မြင်သော အမြင်ဖြစ်သည်။

ရန်/ငါ စည်း၊ ဖြူမည်း အမြင်ဖြင့် ကြည့်တတ်သော လုံခြုံရေးပဓာနဝါဒီများကမူ၊ ဝေဖန်စောကြောခြင်းကို ရန်သူဟု မြင်သည်။ ဝေဖန်ခြင်းသည် ရန်စခြင်းဖြစ်သည်။ တိုက်ခိုက်ကလူပြုမူခြင်းဖြစ်သည်။ ထို့ကြောင့် ခံတပ် ကြီးကြီးဖြင့် ကာ၍ ကိုယ့်အထိုင်ကို လုံအောင် ကာရမည်ဟု မြင်သည်။ မူလအထိုင်များ မရွေ့ရေးသည် ထိုသူများ၏ ဆွဲကိုင်ချက်ဖြစ်သည်။ ပညာဝါဒီတို့၏ ဆွဲကိုင်ချက် မဟုတ်။

(၃)

တတိယတာဝန်

‘တိမ်မြုပ်နေသည်ကို ဖော်ခြင်း’ သည် အကာကို ဖယ်၍ အဖုံးကိုလှပ်ခြင်းဖြစ်သည်။ သုတေသန၏ တတိယ တာဝန်မှာ ဖုံးထားတာကို ဖယ်ခြင်းဖြစ်ပြီး မူလအရှိတရားကို နှိုက်ထုတ်ရန်ဖြစ်သည်။ တိမ်ကောနေသည်ကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ မူလအရှိတရားကို အမှန်အတိုင်းပြနိုင်အောင် ကြိုးစားခြင်းဖြစ်သည်။ ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းသည်ပင် သုတေသန၏ အနက်အဓိပ္ပာယ်ဖြစ်သည်။

ရှိခဲ့သည်ကို မြင်အောင်ပြခြင်းသည် သုတေသနဖြစ်ပါသည်။ အဟောင်းကို ရှာခြင်းသည် သုတေသနဖြစ်ပါ သည်။ အကာကို ဖယ်၍ အနှစ်ကို ပြခြင်းသည် သုတေသနဖြစ်ပါသည်။ ထင်မြင်မှန်းဆချက်များကို သက်သေ သာဓက အခိုင်အမာဖြင့် အရှိတရားကို မြင်အောင်ပြဖို့ ကြိုးစားခြင်းသည် သုတေသနဖြစ်ပါသည်။ သုတေသန သည် ရှိခဲ့သည်ကို အမှန်အတိုင်း ဘက်အစွဲမရှိဘဲ ဖော်ထုတ်ခြင်းဖြစ်ပါသည်။

ထင်မြင်ချက်၌ အတ္တနောမတ္တိများ ပါလာနိုင်သည်။ မှန်းဆမှုများသည် အမှန်တကယ်မဟုတ်။ ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်သည်။ အကိုးအကား မပါ။ အထောက်အထား မရှိ။ သက်သေပြချက် နတ္ထိ။ သုတေသနက စိတ်မှန်းဖြင့် ထင်မြင်ချက်များကို ငြင်းသည်။ လက်မခံပါ။ ထို့ကြောင့် ပညာကို သုတေသနနှင့်ယှဉ်၍ စဉ်းစား ခြင်းဖြစ်မည်။

သုတေသန၏ ရလဒ်မှာ ထင်မြင်ချက် မဟုတ်။ တွေ့ရှိချက်ဖြစ်သည်။ Opinion မဟုတ်။ Finding ဖြစ်သည်။

(၄)

ပညာရေးနှင့်စပ်၍

မြန်မာပြည် ပညာရေးမှာ သုတေသနနှင့် ဝေးနေပြီဖြစ်သည်။ တကယ့်သုတေသနစစ်စစ်ကို ဆိုလိုခြင်းဖြစ်ပါ သည်။ ကူးချ၊ ခိုးချ၊ စုစည်းဖော်ပြချက်များသည် သုတေသန မဟုတ်ပါ။ အသစ်တွေ့ရှိချက် မပါလျှင်၊ သုတေသနဟု ပြော၍ မရပါ။ အထောက်အထား၊ အကိုးအကား ခိုင်ခိုင်ခံ့ခံ့ မရှိလျှင် သုတေသန မဟုတ်ပါ။ သက်သေပြချက်များဖြင့် ဝေဖန်ဆန်းစစ်ထားတာ မဟုတ်လျှင် သုတေသနဟု မဆိုနိုင်ပါ။

သုတေသနဖြင့် ယှဉ်သော၊ ပညာရှေ့သွားရှိသော၊ ဆင်ခြင်တုံတရားနှင့် ယှဉ်သော လူ့အဖွဲ့အစည်းကို တည် ဆောက်ရန်မှာ ပညာရေး၌ သုတေသနစစ်စစ်ထည့်ပေးလိုက်ဖို့ ဖြစ်သည်။ ဤသို့ မလုပ်နိုင်လျှင် ပညာရေးသည် အနာဂတ်ကို မတည်ဆောက်နိုင်။ အတိတ်မှာပင် အိုင်ဒီယော်လိုဂျီတိုက်ပွဲဖြင့် နပန်းလုံးနေရမည်။ အဟောင်း တို့ ပြိုကျချိန်တွင် ကျနော်တို့က ပွေ့ဖက်နမ်းရှုံ့လို့ပင် မဝသေး။ ကမ္ဘာကြီးက အသစ်ကို ကြိုနေချိန်၊ ကျနော်တို့ က အဟောင်းကို ဆုပ်ကိုင်၍ ရန်ဖြစ်လို့ကောင်းနေသည်။

ခေတ်သည် အသစ်ကို လိုသည်။ စနစ်သည် အသစ်ကို လိုသည်။ သုတေသနသည် အသစ်ကို ပေးနိုင်သည်။ အဟောင်းကို ဖြိုနိုင်သည်။ တည်ဆောက်ရေးအတွက် သုတေသနလိုသည်။ ပညာရေးသည် သုတေသနကို အားပေးရမည်။ ပညာအားက တည်ဆောက်ရေးကို ကျေးဇူးပြုမှ ကျနော်တို့ ‘သည်တောင်’ က ကျော်နိုင်လိမ့် မည်။

(၅)

လေ့ကျင့်ကွင်း

အခြေခံ ပညာရေးမှာ ဆင်ခြင်တုံတရားနှင့် ယှဉ်သော ပညာရေးဖြစ်ဖို့ လိုသည်။ တက္ကသိုလ်ပညာရေးမှာ သုတေသနနှင့် ယှဉ်သော ပညာရေးဖြစ်ဖို့ လိုသည်။ ယခင်က ပညာရေးသည် ဝါဒဖြန့်ချိရေးတစ်ခုလို ဖြစ်ခဲ့ဖူး သည်။ ပညာရေးသည် ပကာသနသက်သက်လိုလည်း ဖြစ်နေသည်။ ပညာရေးသည် စဉ်းစား၊ ချင့်ချိန်၊ တွေးခေါ်၊ မြော်မြင်ရေး မဟုတ်။ လူမှုရေးသဘောဖြစ်နေသည်။

ဖြစ်စဉ်ဖြစ်ရပ်များနှင့် သမိုင်းအချက်အလက်များကို သုတေသနဖန်ပြားပေါ် တင်ကြည့်ဖို့ လိုနေပါပြီ။ ဤသည် ကို တက္ကသိုလ်ပရဝုဏ်မှ စရပါမည်။ မှန်ပြောင်းတစ်လက်တည်းကို အသေမကိုင်စေဘဲ၊ မှန်ပြောင်းများစွာဖြင့် ထောင့်ပေါင်းစုံက ကြည့်တတ်ဖို့ တက္ကသိုလ်က အကောင်းဆုံးလေ့ကျင့်ရေးကွင်း ဖြစ်သင့်သည်။ အမြင်ပြောင်း လဲရေးကို တက္ကသိုလ်အဝန်းအဝိုင်းက စရမည်။ သုတေသနမှန်ပြောင်းဖြင့် ကြည့်တတ်သောဓလေ့ကို တက္ကသိုလ်ကနေစ၍ ပျိုးထောင်ပေးရမည်။

ပဋိပက္ခအားလုံး၏ အစသည် ဆင်ခြင်တုံတရား နိမ့်ပါးခြင်းက လာသည်။ ပဋိပက္ခများ ကျယ်ပြန့်၊ တိုးပွားလာ ခြင်းသည်လည်း ဆင်ခြင်တုံတရား နည်းပါးခြင်းကြောင့် ဖြစ်လာသည်။ သုတေသနသည် ဆင်ခြင်တုံတရား စက်ဝန်းကို ကျယ်အောင်ချဲ့ပေးနိုင်ပါလိမ့်မည်။ ဖွံ့ဖြိုးမှုတို့သည် ပဋိပက္ခများကို လွန်၍ ဖြစ်ထွန်းရိုး ထုံးစံ မရှိ။

သုတေသနသည် ပညာ၊ ဖွံ့ဖြိုးရေး၊ ပဋိပက္ခ၊ ဆင်ခြင်တုံတရား၊ ပညာရေး၊ နိုင်ငံတိုးတက်ရေးနှင့် လူ့အဖွဲ့ အစည်း ငြိမ်းချမ်းတည်ငြိမ်ရေးအထိ ဆက်စပ်နေသည်။
သုတေသနဖန်ပြားများကို တက္ကသိုလ်လေ့ကျင့်ကွင်းမှာ ထုတ်လုပ်ပေးကြပါ။ ကျောင်းသားလူငယ်များ အဆန်း တကြယ် ကြည့်ကြပါစေ။ မိုက်ခရိုစကုပ်ကို အလုအယက်ပြုကြပါစေ။ သူ့ထက်ငါအရင် မြင်ချင်ဇောကြီးကြပါ စေ။ သည်အလေ့အထကို အခြေခံမျိုးစေ့အဖြစ် ဖန်တီးပေးနိုင်ကြပါစေ…ဟု ဆန္ဒပြုလိုက်ပါသည်။

မင်းသေ့
နံနက် ၂ း ၀၂
၂၅ ၊ ဇန်နဝါရီ ၊ ၂၀၁၉ ။

Previous post သက်ရှိ ရီဗျူး (သို့) ကိုကိုကြီး
Next post ပရော်ဖက်ရှင်နယ်သမားအတွက် ပေတံလေးချောင်း