၁၆ ဇွန်လ ၂၀၁၇ ရက် (ယနေ့) ထုတ် –
အတွဲ(၁) အမှတ် (၄၅) မုံရွာဂေဇက်တွင် ဖော်ပြပါရှိပြီး ဆောင်းပါး။


ဒီမိုကရေစီ အကူးအပြောင်းမှာ မြင်းသုံးကောင် ဘက်ညီညီဆွဲမှ ရွေ့မယ်လို့ ဒေါက်တာနေဝင်းမောင်က ပြောခဲ့သည်။
• နိုင်ငံတော် ဆိုသည့် မြင်း၊
• ဈေးကွက် ဆိုသည့် မြင်း၊
• အရပ်ဘက် အဖွဲ့အစည်းဆိုသည့် မြင်း။

မြင်းတို့ အားကောင်းမောင်းသန် ရုန်းကြပါမှ၊ မြန်မာ့လှည်းအိုကြီး ရွေ့ပေလိမ့်မည်။ မြင်းများ တစ်ကောင်နှစ်တစ်ကောင် ဘဲ့မတိုက်သင့်။
အပြန်အလှန် အညမည ဖြစ်သင့်သည်။

ဇွန်ပန်းရုံ အနီး
လှည်းဘီး နွံထဲ ကျွံနေသည်
ဝိုင်းကူ၍ တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်….။

ကျွန်တော်တို့ ငယ်စဉ်က ရွတ်ခဲ့သောလည်း အရွတ်အနေနဲ့ စားခဲ့ခြင်းကြောင့်၊ အာဟာရဖြစ်မလာကြ။ အရွတ် စား၍ အာဟာရ မဖြစ်။ အသားစားမှ အာဟာရဖြစ်လိမ့်မည်။ ကျွန်တော်တို့ ဗုဒ္ဓဂုဏ်တော်တို့ကို ပါးစပ်က တစ်တွတ်တွတ်ရွတ်ကြသည်။ အဘိဓမ္မာကျမ်းမှ ပဋ္ဌာန်းများကို အသံမစဲ ခုနှစ်ရက် ခုနှစ်လီ ရွတ်ကြသည်။ သာ သနာက ထိုနည်းလည်းကောင်း အတိုင်းပင်။ နိုင်ငံရေး၌လည်း ကျွန်တော်တို့ အတွင်တွင် ရေရွတ်ကြသည့် စကားလုံးများ ရှိသည်။

• ပြည်သူ ပြည်သူ ပြည်သူ …. လူထု လူထု လူထု….
• ဒီမိုကရေစီ… ဒီမိုကရေစီ….
• ပြည်သူ့အခြေပြု…. ပြည်သူသာ ပဓာန
• ပြည်သူ့အရေး …

ကျွန်တော်တို့ စဉ်းစားဖို့ လိုနေသည်မှာ၊ တကယ့် ပြည်သူ့အရေး ဟုတ်ရဲ့လား… တကယ့် ငြိမ်းချမ်းရေး ဟုတ်ရဲ့ လား… ဆိုသည့် တွေးဆချက်များ ဖြစ်သည်။

အောင်ထွဋ်က၊ မြန်မာပြည်မှာ စောစောစီးစီး ကွယ်လွန်သွားသည်။ မြန်မာပြည်အတွက် လူတော်တစ်ယောက် ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းရသည်။ အောင်ထွဋ်ကတော့၊ ကျွန်တော်တို့ ကျောင်းမှာ ဆိုခဲ့သည့် ကဗျာတစ်ပိုဒ်ကို ဆိုပြခဲ့လိမ့်မည် ထင်သည်။

ခရီးမတ်တပ် လမ်းခုလပ်တွင်
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ…..
စသည့် ကဗျာအပိုဒ်ကို အခါခါ ရွတ်လိမ့်မည် ထင်ပါသည်။

နေဝင်းမောင်၏ အဇ္ဈတ

မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ၊ တစ်ထောင့်တစ်နေရာက အဆူအဆဲ ခံ၍ အရေထူထူ လုပ်သင့်တာကို လုပ် နိုင်ခဲ့သည် နေဝင်းမောင်။ နေဝင်းမောင်က ကျွန်တော်တို့ကို နိုင်ငံတည်ဆောက်ရေး လမ်းစ ဆွဲထုတ်ပေးသွား သည်။ ဖြစ်သင့်သည်များ၊ ဖြစ်နိုင်ချေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တပ်လှန့်ပေးခဲ့သည်။ သီအိုရီ နှင့် အရှိတရားတို့ အကြား ဟာမိုနီဖြစ်ဖြစ် ညှိကြရန် တိုက်တွန်းသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ၊ နှုန်းစံများဖြင့် ခြေချုပ်မမိဖို့ လက်တွေ့လုပ်ပြသွားသည်။ နေဝင်းမောင်ကို မကြိုက်သူ၊ မနှစ်သက်သူတို့ များကောင်းများပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ နိုင်ငံရေးပြဿနာများ၌ ခံစားမှုကို တတ်နိုင်သမျှ ခွာကြည့်နိုင်မှ အရှိတရားနှင့် နီးစပ်ပေလိမ့်မည်။

အသွင်ကူးပြောင်းရေးအစမှာတင်၊ စေ့စပ်ညှိနှိုင်းရေးဓလေ့နှင့် နီးစပ်အောင် အောင်သွယ်ပေးခဲ့သော လူထု အောင်သွယ်တော်ကြီး ဖြစ်ခဲ့သည်။ စနစ်များ၊ အင်စတီကျူးရှင်းများ၏ အသက်ဝင်မှုကို တစ်ဖွဖွ သတိပေးခဲ့ သော စာနယ်ဇင်းသမားကြီးလည်း ဖြစ်ခဲ့သည်။

နေဝင်းမောင်မှာ –
• ယေဘုယျ စာနယ်ဇင်းသမား သက်သက် မဟုတ်၊
• နိုင်ငံရေးသမား သက်သက်မျှလည်း မဟုတ်၊
ပညာရှင်ဆန်သော နိုင်ငံရေးအရွေ့ကို တွန်းသူဖြစ်သည်။

နေဝင်းမောင်၏ စာများထဲတွင်၊ အချက်အလက်များအပေါ် အခြေခံ၍ သုံးသပ်တင်ပြမှုများ တွေ့ရသည်။ စာနယ် ဇင်းသမားလည်း ဖြစ်ပြန်၍ နားမရှုပ်သော၊ မျက်စိမလည်စေသော တင်ပြချက်များဖြင့်၊ ပြည်သူများ လွယ်ကူ ရှင်းလင်းစွာ ဆင်ခြင်သုံးသပ်နိုင်ရန် အဆက်မပြတ်တင်ပြ ပေးခဲ့သူဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ၊ နိုင်ငံတည်ဆောက်ရေးနှင့် ပြိုင်တူ ဖြစ်သင့်သည်ဟူသော တွေးဆချက်ကို ခိုင်ခိုင် မာမာ ချထားသူဖြစ်သည်။ လူ မှ မူ သို့ အကူးပြောင်း၌ မူတို့ အသက်ဝင်ရေး၊ ခေတ်မီ အလုပ်ဖြစ်ရေးကို အဓိက စဉ်းစားသူဖြစ်သည်။

အရွေ့များ

နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်း ဖြစ်သည်… ပြည်သူကြီးပွားချမ်းသာခြင်း သည် နိုင်ငံကြီးပွားချမ်းသာ ခြင်းဖြစ်သည်ဟူသော ယူဆချက်အမြင်ကို၊ သူ့ခေတ် သူ့ကာလက အစိုးရမင်းတို့ ခေါင်းထဲ စွဲဝင်သွားနိုင်အောင် တစ်ဖက်တစ်လှမ်းက လုံ့လထုတ်ခဲ့သူလည်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ စီးပွား ရေး လုပ်ပိုင်ခွင့် အတော်အတန် ရှိလာခဲ့ကြသော ဦးသိန်းစိန်အစိုးရခေတ်၌ တစ်စုံတစ်ရာ အသိအမှတ်ပြုမှုရခဲ့ သည်သာ။

ဦးသိန်းစိန်အစိုးရခေတ်၌ –

ဖုန်း၊ ကား၊ လောင်စာဆီ ကိစ္စသည် ထူးထူးခြားခြား ပြောင်းလဲမှုဖြစ်ကုန်သည်။

ပုဂ္ဂလိက ဘဏ်များ အလျှိုလျှိုပေါ်လာခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မီဒီယာလွတ်လပ်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများကိစ္စ ဖြေလျော့မှုများသည်လည်း မှတ်တမ်းတစ်ခု ဖြစ်ခဲ့သည်။

ပုဂ္ဂလိကပိုင်ပြုမှုနှင့် ငွေကြေးဖောင်းပွမှုကိစ္စရပ်များသည် အတော် ယိုယွင်းသော စီမံခန့်ခွဲမှုဖြစ်သည်။

နိုင်ငံရေး စေ့စပ်ညိနှိုင်းမှု တစ်စုံတစ်ရာ မှတ်တိုင်တစ်ခု ရှိခဲ့သည့် အတွက်တော့၊ ဝမ်းသာစရာဖြစ်ခဲ့ သည်။ ထို့ကြောင့်ပင် အတိုက်အခံ နိုင်ငံရေးအင်အားစုအတွက် ကန်စရာ ကွင်းပီပီပြင်ပြင်ရခဲ့သည်။ ကွင်းကိုလည်း ချဲ့နိုင်ခဲ့သည်။ ကောင်းသော ရလဒ်များ ဖြစ်သည်။

ပြည်သူတို့ ရွေးကောက်ပွဲနှင့် အထိအတွေ့ရှိလာခြင်းသည်ပင်၊ သမိုင်းအတွေ့အကြုံကောင်းတစ်ရပ် ဖြစ်ခဲ့သည်။ မဲပေးတယ်ဆိုတာ…. ဘယ်လို၊ ဘယ်ကဲ့သို့ ဆိုတာတွေ၊ နိုင်ငံရေးပါတီတွေဆိုတာ ဘယ် သို့ ဘယ်ပုံဆိုတာတွေကို လူအများ မှန်းဆမိလာကြသည်က၊ ဒီမိုကရေစီအတွက် ကောင်းသော ချင်းရာလက္ခဏာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ဦးသိန်းစိန်အစိုးရကို အမှတ်ပေး အသိအမှတ်ပြုစရာများ ရှိသလို၊ ထောက်ပြစရာတွေလည်း များစွာ ရှိပါလိမ့်မည်။ နိုင်ငံရေးအရွေ့တစ်ခုကို ရောက်ခဲ့သည်ကိုတော့ ကျွန်တော်တို့ အားလုံးအသိအမှတ်ပြုကြ ရမည်။ ဆိုင်ရာ ဆိုင်ရာ တို့ ကိုယ်စီ တွန်းခဲ့ကြ၍သာ ရွေ့ခဲ့သည်ဟု ကျွန်တော် ယုံကြည်သည်။

သတိထားရမည်မှာ၊ ကျွန်တော်တို့ ပြိုင်တူတွန်းတိုင်း မရွေ့ ဆိုသည့် အချက်ရှိသည်။ အားလုံးက ဦးတည်ရာ တစ်ခုတည်းကို ရှေးရှုသည် မဟုတ်ဘဲ၊ တောင်ဘက်က လူက မြောက်ကို တွန်း၊ မြောက်ဘက်က လူက တောင် ဘက်ကို တွန်း၊ အရှေ့ဘက် လူက အနောက်ဘက်ကို တွန်း၊ အနောက်ဘက်က လူက အရှေ့ကို တွန်းလျှင်၊ တွန်းကား တွန်း၏ မရွေ့ ဖြစ်မည်။ ကျွန်တော်တို့ လားရာတူသော အရပ်ဆီသို့ တွန်းကြဖို့ လိုသည်။

ပန်းတိုင်အတွက်မှတ်တိုင်များ

နေဝင်းမောင်က၊ စာနယ်ဇင်းသမားအဖြစ် သူ့ကိုယ်ကို ဇာတ်ခင်း၍ နိုင်ငံကြီးသား ပီသမှု၊ ဆန္ဒမဲပေးမှု ကိစ္စများ သည် ပြည်သူအတွက် အရေးကြီးကြောင်း အမြဲ ပြောနေခဲ့သူဖြစ်သည်။ နေဝင်းမောင်တွင်၊ စိတ်ကူးယဉ်အိပ်မက် ရှိပါလိမ့်မည်။ သို့သော် နောက်ဆုံးပန်းတိုင် ရောက်ဖို့၊ မှတ်တိုင်တစ်ခုချင်းစီကို ပီပီပြင်ပြင် စိုက်ထူရမည်ဟူသော ခံယူချက် ရှိလိမ့်မည်။

ထို့ကြောင့်ပင်၊ နေဝင်းမောင်က သူ့စာများထဲတွင်၊

• ဒီမိုကရက်တိုက်ဇေးရှင်း နည်းနာ၊ သဘာဝ မှတ်တိုင်၊
• ဖွဲ့စည်းပုံအခြေခံဥပဒေ မှတ်တိုင်၊
• နိုင်ငံတည်ဆောက်ရေး မှတ်တိုင်၊
• တိုင်းပြုပြည်ပြု လွှတ်တော် ပီပြင်ရေး မှတ်တိုင်၊
• အရပ်ဘက် အဖွဲ့အစည်းများ မှတ်တိုင်၊
• အရပ်ဘက် စစ်ဘက် ဆက်ဆံရေး မှတ်တိုင်၊
• ပြည်သူ့နီတိ မှတ်တိုင်၊
• ပြည်သူ့အခြေခံ စားဝတ်နေရေး မှတ်တိုင်၊
• နိုင်ငံရေး လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့် မှတ်တိုင်၊
• နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့၏ စဉ်းစားတွေးဆချက်များ အတွက် မှတ်တိုင်၊
စသည့် စသည့် မှတ်တိုင်များကို အမြဲစိုက်ထူဖို့ ကြိုးစားခဲ့သူဖြစ်သည်။

နေဝင်းမောင်၏ စာများကြောင့်၊ တက္ကသိုလ်ကျောင်းသားဘဝမှာတင်၊ နိုင်ငံရေးကို ပြူးပြဲကြည့်တတ်သည့် စွမ်းရည် ကျွန်တော်ရခဲ့သည်။ လက်တွေ့နိုင်ငံရေး နှင့် သီအိုရီတို့၏ သဘောကို အကဲခတ်မိနိုင်ခဲ့ သည်။ အသွင်ကူး ရေးကာလတို့မှာ၊ စဉ်းစားသင့်သော သဘောထား ရပ်တည်ချက်များကို လေ့လာခွင့်ရခဲ့သည်။

ကျွန်တော်သိသလောက်၊ နေဝင်းမောင်က သူ့ရေးသမျှဆောင်းပါး ခေါင်းကြီးများကို စုစည်းပြီး စာအုပ် သုံး (၃) သာ ရေးသွားနိုင်ခဲ့သည်။ အပြောင်းအလဲ အတွက် လူထု လိုသည် စာအုပ်၊ ချောတိုင်တက်သူများ စာအုပ် နှင့် သန်း ၅၀ ကို အနိုင်ပေးပါ စာအုပ်တို့ ဖြစ်သည်။ သူ့ကွယ်လွန်ပြီးနောက်၊ မပုံနှိပ်သေးရသော ဆက်ဆံရေး အနုပညာ စာအုပ်ပါးကလေး ထွက်လာသည်။ ပေါင်းလျှင် စုစုပေါင်း (၄) အုပ်သာ။ နှလုံးရောဂါကြောင့် စောစောစီးစီး ထွက်ခွာသွားခဲ့ရသည်။

နေဝင်းမောင်ကွယ်လွန်တော့၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပြောဖူးသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံက #လူသားကျိန်စာများသင့်နေသလား မသိ…တဲ့…။ တော်သူ ကောင်းသူများ ဆိုလျှင် စောစောစီးစီးသေကြတယ်.. ဟူ၍။ သူ့ပြောပုံအရဆိုလျှင်၊ အသက်ရှင်နေသူများကပဲ… မတော် မကောင်းသူများ ဖြစ်သွားသလား စဉ်းစားစရာ။ အားလုံးတော့ မဟုတ်ပါ။ တော်သူ ကောင်းသူများရော၊ ဆိုးယုတ်သူများရော ရှိပါသည်။ မတော်လည်း မတော်၊ မဆိုးလည်း မဆိုးသူများ လည်း ရှိပါသည်။

မည်သို့ဖြစ်စေ၊ ထူးထူးခြားခြား သူများထက် ခေါင်း နှစ်လုံး သုံးလုံး သာသူ လူတော်လူကောင်းများ စောစောစီး စီး ကွယ်လွန်ကြခြင်းကို ကျွန်တော်တို့ နိုင်ငံခံရသည်။ နောက်ပြန်ကြည့်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးချစ်မောင် လည်း စောစောစီးစီး ကွယ်လွန်ကုန်ကြသည်။ အခြားသူများလည်း ရှိပါအုံးမည်။ စာဖတ်သူသာ စဉ်းစားပါ။

နေဝင်းမောင်၏ စာများ ဖတ်ပြီး ကျွန်တော်ရခဲ့သော အတွေးစများ ရှိသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးမှာ –
• Activist စစ်စစ်လိုသည်။
• Politician စစ်စစ် လိုသည်။
• Statesman စစ်စစ် လိုသည်။

• နိုင်ငံရေးသမားလိုလို တက်ကြွလှုပ်ရှားသူများ မလိုလား။

• တက်ကြွလှုပ်ရှားသူ (Activist) အလုပ်လုပ်ပြီး၊ နိုင်ငံရေးဂိုက်ဖမ်း သူများ မလိုလား။

မြန်မာနိုင်ငံမှာ –

ကျောင်းဆရာ စစ်စစ်လိုသည်။
စစ်သား စစ်စစ် လိုသည်။
ဘုန်းကြီး စစ်စစ် လိုသည်။
နိုင်ငံရေးသမား စစ်စစ် လိုသည်။
တက်ကြွလှုပ်ရှားသူ စစ်စစ် လိုသည်။
နိုင်ငံတည်ဆောက်ရေးကို ဇောက်ချ၍ တစ်စိုက်မတ်မတ် လုပ်သူများ လိုသည်။

ရောသမား၊ ယိမ်းသမား၊ ဖားသမား၊
ဟိုမယောင်ဒီမယောင်သမားများ၊
အပေါ်ယံသကာအုပ်သူများ မလို။

ရွှီးသမား၊ ဖောသမားများ မလို။

မလို၊ မလို၊ မလို။
လိုသည်။ လိုသည်။ လိုသည်။

မင်းသေ့

စာညွှန်း – အောင်ထွဋ် (နေဝင်းမောင်)
အပြောင်းအလဲအတွက် လူထုလိုသည်

Previous post နေဝင်းမောင်ကထာ
Next post အမျိုးသားရေး တိမ်းညွှတ်ချက်