၂၀၁၈ မတ်လ ၂၀ ရက်နေ့
The Voice Daily သတင်းစာ၌ ဖော်ပြပါရှိပြီး ဆောင်းပါး။

နေဝင်းမောင် ပြောခဲ့ဖူးတာ ရှိတယ်။
နေဝင်းမောင် ဆိုလို့၊ မရိုမသေ လုပ်တယ်လို့ မမှတ်စေလို။ ရေးသူက၊ လေးစားကြည်ညိုသူ ဖြစ်သလို၊ ဖတ်သူ ကလည်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ Egress သင်တန်း ဆင်းပွဲတစ်ခုမှာ၊ ပြောခဲ့တာပါ။

သူ့စကား

“သမ္မတလုပ်ချင်တဲ့သူ ပေါ်မှ၊ ဝန်ကြီးလုပ်ချင်တဲ့သူ ပေါ်မှ၊ အဲ့လိုမှ မဟုတ်ရင်၊ ခင်ဗျား စဉ်းစားကြည့်လေ။ ခင်ဗျားမှ မလုပ်ရင်၊ လုပ်ချင်စိတ် မပေါ်ရင် စစ်ဗိုလ်တွေချည်းပဲ ဒီတိုင်းပြည် ကို အုပ်ချုပ်သွားကြမှာ။”

“အဲ့တော့၊ ဒီလိုတော်တဲ့သူတွေ ရည်မှန်းချက် ကြီးစေချင်တယ်။”

“သူများကို ကယ်ချင်တယ်၊ တိုင်းပြည်ကြီးကို ကယ်တင်ချင်တယ်ဆိုရင်တော့၊ ကိုယ့်ရှိမှပဲ ကယ်လို့ရမယ်။ အဲ့တော့၊ ဒီလို ကိစ္စမျိုးဆိုတာ၊ တိုင်းပြည်ကြီးနဲ့ ပက်သက်တဲ့ ကိစ္စဖြစ်လို့၊ တိုင်းပြည်တည်ဆောက်ရေးနဲ့ ပက်သက်တဲ့ ဘာသာရပ်များကို၊ ခြောက်ခြားတဲ့ အထိ သိနိုင်ဖို့ လိုတယ်။ အဲ့လို လုပ်နိုင်မှပဲ၊ တိုင်းပြည်ကို ကယ်တင်နိုင်တဲ့သူဖြစ်နိုင်မယ်….”

အဲ့တော့၊ နေဝင်းမောင် ပြောခဲ့တဲ့ အထဲမှာ၊ အဓိက နှစ်ချက် ပါတယ်။
နိုင်ငံရေး ရည်မှန်းချက်ထားဖို့ ကိစ္စ နဲ့၊ ‘ခြောက်ခြားလောက်အောင်’
တတ်သိခြင်းကိစ္စ။

နိုင်ငံရေးရည်မှန်းချက်ထား

တော်တဲ့သူ၊ တတ်တဲ့သူဖြစ်ပင် ဖြစ်ငြားသော်လည်း၊ နိုင်ငံရေး ရည်မှန်းချက် မထားရင်၊ နိုင်ငံရေး အာဏာ မရတတ်ဘူး။ နိုင်ငံရေးအာဏာကို မှန်းတဲ့သူတိုင်းကလည်း၊ တော်သိတတ် မဖြစ်နိုင်ဘူး။ စွမ်းဆောင်ရည် လည်း ရှိတယ်။ နိုင်ငံရေးလုပ်ပိုင်ခွင့်လည်း ရတယ် ဆိုရင်၊ အဲ့ဒီလူက တိုင်းပြည်အတွက် အတော် အကျိုးဖြစ်တယ်။ ဒီလိုပဲ၊ သူ့မှာ စိတ်ကောင်း စေတနာကောင်း ထည့်ပေါင်းနိုင်ရင်၊ ပိုလို့ တန်ဖိုးဖြစ်တဲ့ နိုင်ငံတည်ဆောက်ရေး သမား ဖြစ်တယ်။

ကျနော်တို့၊ မြန်မာပြည်မှာ တော်တဲ့သူ၊ တတ်တဲ့သူတွေ ရှိတယ်။ သူတို့ရဲ့နိုင်ငံရေးဓလေ့မှာ၊ အတော်များများက ခပ်ကင်းကင်း နေလိုတဲ့ စိတ်အခံ ရှိတယ်။ ဒါကို၊ ဗမာနိုင်ငံရေးတန်ဖိုး ကျမ်းကို ရေးတဲ့ ဒေါက်တာမောင်မောင် ကြီးလည်း ရေးခဲ့ဖူးတယ်။ မြန်မာပြည်မှာ၊ နိုင်ငံရေးနဲ့နွှယ်ရင်ကို၊ ညစ်ထေးသလိုလို ခံစားရတဲ့ ကိစ္စ။ အဲ့ဒါက အင်မတန် အရေးကြီးတယ်။ သို့ပေသော်ငြားလည်း၊ လူတိုင်း နိုင်ငံရေး စိတ်ဝင်စားရမယ်လို့ အစွန်းရောက် အယူအဆမျိုး ကျနော့်မှာ မရှိ။


တစ်စုံတစ်ရာ၊ အစွမ်းရှိတဲ့သူတွေ၊ ပေါက်ပေါက်မြောက်မြောက် ရှိထားတဲ့သူတွေက လူ့အသိုင်းအဝိုင်းကို ပိုကောင်းဖို့၊ ရာဇရေးကို ထည့်လေ့လာသင့်တယ်။ ထည့်စဉ်းစားသင့်တယ်။ ထည့်ကြံစည်တွေးတောသင့်တယ်။ နိုင်ငံရေးနဲ့ မပက်သက်ချင်ပါဘူးလို့၊ သာမန်အတွေးမျိုးနဲ့ လမ်း မဆုံးစေချင်ဘူး။

လူတွေက၊ ကိုယ့်အကန့်နဲ့ ကိုယ်နေချင်တယ်။ ဝင်ရှုပ်ရှုပ်ရှုပ်ရှုပ် မလုပ်ချင်ဘူး။ အထူးသဖြင့်၊ ပညာတတ်တွေ အများစုက၊ အေးအေးလူလူပဲ နေချင်တယ်။ လူတွေနဲ့ ရှုပ်တာ၊ တွန်းကြတိုက်ကြတဲ့အထဲမှာ ဝင်မပါချင်ကြဘူး။ အဲ့တော့၊ နိုင်ငံရေးမှာ လူတော်တွေ ပါးလျလာတယ်။ ထိုနည်းလည်းကောင်းပဲ၊ မြန်မာ့ နိုင်ငံရေးဓလေ့အရ၊ လူတော်ကြောက်ရောဂါ ရှိကြတယ်။ အဖွဲ့အစည်းတွေထဲ၊ နိုင်ငံရေးပါတီတွေထဲမှာ တော်သူ၊ တတ်သူ ရှိလာရင် အုပ်စုဖွဲ့တာ၊ ဂိုဏ်းဖွဲ့တာ တွန်းတာ တိုက်တာ၊ ခြေထိုးတာ၊ နိုင်ငံရေးကစားကွက် ထွင်လွန်းတာတွေ လုပ်ကြ တယ်။ အဲ့ဒီအခါမှာ၊ တော်သူ တတ်သူတို့က နိုင်ငံရေးပါးမဝရင်၊ ချောင်ထဲ ရောက်ကုန်တယ်။ ထွက်ကုန်ကြ တယ်။ နောက်ဆုတ်ကုန်ကြတယ်။ နောက်တန်းမှာပဲ နေကြတော့တယ်။ နောက်ဆုံး စိတ်ပျက် အားလျော့ကုန် ကြတယ်။ ဒါကလည်း၊ အားလုံးက မှားတယ်.. အားလုံးက မှန်တယ်လို့ မပြောချင်ပါဘူး။

နိုင်ငံရေးနယ်ပယ်ထဲမှာ၊ ဒီလိုတွေက နေရာတိုင်းမှာ ရှိကြတာပါပဲ။ ဒါကို နားလည်ပြီး တော်သူ၊ ထူးချွန်သူ၊ နိုင်ငံ့ အပေါ် စေတနာ ထက်သန်သူမှန်ရင်၊ အဲ့လို အခက်အခဲတွေကို ပြန်လည် တွန်းထုတ်နိုင်ရမယ်။ ကာကွယ်နိုင် ရမယ်။ ကျော်လွှားနိုင်ရမယ် မဟုတ်လား။ စိတ်ပျက်ပြီးတော့၊ ထွက်သွားတာ၊ အဖွဲ့အစည်းထဲကနေ နှုတ်ထွက် သွားတာတွေ မဖြစ်သင့်ပါဘူး။ စိတ်ရှည်ဖို့လည်း လိုတာပေါ့။
နေဝင်းမောင် ပြောသလို၊ တော်သူ တတ်သူတွေ နိုင်ငံရေး ရည်မှန်းချက် မထားရင်၊ မတော်သူ၊ မတတ်သူတွေ၊ အာဏာရူးတွေ၊ စားဖားတွေ၊ သာကူးတွေပဲ လက်ထဲ နိုင်ငံရေးအာဏာ ရကုန်ကြလိမ့်မယ်။ ဒါက၊ အနာဂတ် မျိုးဆက်သစ်တွေ အတွက် သတိထား စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။

ခြောက်ခြားလောက်အောင်

တိုင်းပြည် အကျိုးဆောင်သူက၊ လောက်လောက်လားလားရှိထားရမှ ရမယ်။ ကျနော် ငယ်ငယ်က ဒေးကာနက်ဂျီရေးတဲ့ အတ္ထုပ္ပတ္တိ တစ်ခုထဲမှာ ဖတ်ဖူးတယ်။

“နိုင်ငံရေးမှာ ပေါက်မြောက်ဖို့ ဆိုရင်၊ တစ်ဖက်ဖက်မှာ ပါရဂူမြောက် ထူးချွန်ထားရမယ်” ကိုတဲ့ စကား။ တစ်ခုခုမှာ မထူးချွန်ဘဲ၊ ဘယ်နေရာမှ ဝင်ဆန့်လို့ မရဘူး။ အပေါ်ယံ ရှပ်သိထားရုံနဲ့ လူ့အကျိုးကို ဘာမှ လောက်လောက် လားလား ဆောင်နိုင်စရာ အကြောင်းမရှိဘူး။ အခန့်မသင့်ရင်၊ ပိုပြီးတော့တောင် ဆိုးကျိုးဖြစ်ပါလိမ့်အုံးမယ်။

ကိုယ့်မှာ မရှိဘဲနဲ့လည်း ပေးလို့ မရဘူး။ ကိုယ်ကိုယ်တိုင်က ဘာမှ မသိ၊ မတတ်ဘဲနဲ့ သူများ တကာကို တတ် သိအောင် လုပ်မပေးနိုင်ဘူး။ လောက်လောက်လားလား မသိဘဲနဲ့လည်း၊ ဘာကိုမှ လောက်လောက်လားလား တွန်းရွေ့နိုင်စရာ၊ အကြောင်း မရှိဘူး။

လောက်လောက်လားလား တတ်သိ မထားသူဟာ၊

• ပြုပြင်ပြောင်းလဲရေးဖြစ်ဖြစ်၊
• ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ဖြစ်၊
• နိုင်ငံတည်ဆောက်ရေးမှာ ဖြစ်ဖြစ်…. ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မယ် မထင်ပါဘူး။

ကျနော်တို့ မြန်မာ လူမျိုးအကျင့်က၊ ပျင်းတယ်။ ရွှီးချင်တယ်။ ဖြီးချင်တယ်။ အပေါ်ယံ လုပ်တယ်။ အဖြစ် လုပ်တယ်။ အလုပ်ဖြစ်အောင် မလုပ်ချင်ဘူး။ အလကား လိုချင်တယ်။ အချောင်လိုက်ချင်တယ်။ ဖြတ်လမ်းက လိုချင်တယ်။ လွယ်လွယ်နဲ့များများ လိုချင်တယ်။ တစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်ဖို့ ဆိုရင်၊ ခက်တယ်။ စုဖွဲ့မှု မတတ်ဘူး။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်မှု အားနည်းတယ်။ ခံစားမှု လွန်ကဲတဲ့ အမူအကျင့် ရှိတယ်။

မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်။

အုပ်စုလိုက်ကြီးနဲ့ ချီပြီး ကောင်းခဲ့လို့ တိုးတက်ပေါက်မြောက်သွားတယ် ဘယ်လို သာဓက ရှိခဲ့သလဲ။ သိပ်များ များစားစား ရှိခဲ့မယ် မထင်ပါဘူး။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း နောက်ကို အားလုံးပြိုင်တူ ခြေစုံရပ် နိုင်ငံလုံးချီ ကြွအောင် မ,နိုင်ခဲ့တာတွေပဲ ရှိတယ်။ အဲ့တော့၊ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေး နဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ၊ လူစွမ်းကောင်းတွေ လိုတယ်။ နိုင်ငံရေးဦးဆောင်မှု ပေးတဲ့ အထဲမှာ၊ ဆင်ခြင် တုံတရား ဦးစီးတဲ့ သူတွေ များများလိုတယ်။ လူငယ်၊ လူလတ်ပိုင်းတွေ များများလိုတယ်။ တက်ကြွ၊ ဖျတ်လတ် သူတို့ များများလိုတယ်။

မလိုအပ်ဘူး မလိုချင်ဘူး

လေးနေ၊ ထိုင်းနေ၊ မှိုင်းနေတဲ့သူတွေ များဖို့ မလိုဘူး။
အမြဲ သံသယထားပြီး၊ မယုံသင်္ကာဖြစ်နေတဲ့သူတွေ မလိုဘူး။
အချောင်ခိုချင်တဲ့သူတွေ များများ မလိုဘူး။
တစ်ခုခုကို ဖင်မြဲမြဲ မကြိုးစားချင်တဲ့၊ ဟိုစပ်စပ် ဒီစပ်စပ်သမားတွေ မလိုအပ်ဘူး။
မလိုချင်ဘူး။

တတ်တယ်ဆိုရင်လည်း၊ ပန်းပဲရွာမှာ အပ်သွားရောင်းနိုင်တဲ့ သူလို ထူးချွန်နေဖို့ လိုတယ်။ ခေါင်းတစ်လုံးသာနေ ရုံနဲ့ မလုံလောက်ဘူး။ ခေါင်းအလုံးပေါင်းများစွာ သာနေမှ ရမယ်။ နှာတစ်ဖျားသာနေဖို့၊ မလိုဘူး။ လိုက်မမှီနိုင် အောင်ကို၊ ရှေ့က ပြေးနေဖို့ လိုတယ်။
အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ အာချောင်တဲ့ နိုင်ငံရေးသမားတွေ မလိုဘူး။ အလုပ်နဲ့ သက်သေပြနိုင်တဲ့၊ အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူတွေလက်ထဲ၊ နိုင်ငံရေး လုပ်ပိုင်ခွင့် ရစေချင်တယ်။ သူတို့တတွေ လုပ်ပိုင်ခွင့် ရကြဖို့၊ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ လိုတယ်။ ဝင်ပြိုင်ချင်စိတ် ရှိရမယ်။ ဝင်ပြိုင်နိုင်အောင်လည်း၊ အဲ့လိုလူ တွေ ပါလာဖို့၊ လူ့အသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်။

နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း၊ လူတွေတွေ မွေးရမယ်။ မွေးစားရမယ်။

လူတော်မွေးမြူရေးလည်း လုပ်ရမယ်။
လူတော် မွေးစားရေးလည်း လုပ်ရမယ်။

မင်းသေ့
စာပြီးချိန် နေ့လည် ၂း ၄၈
၅ ၊ မတ်လ၊ ၂၀၁၈

The Voice Daily Newspaper http://thevoicemyanmar.com/perspective/18822-nwm

The Voice Daily News
Previous post မျက်လုံးအသစ်ဖြင့် ကြည့်ခြင်း
Next post လူထု လို ၊ မလို