၂၀၁၇ ၊ စက်တင်ဘာ ၁၃ ရက်နေ့
The Voice Weekly Journal မှာ ဖော်ပြပါရှိပြီး ဆောင်းပါး။

မြို့မေတ္တာခံယူသည့် နိုင်ငံခေါင်းဆောင်တွေများလာလေလေ၊ နိုင်ငံဆုတ်ယုတ်လေလေဟုဆိုလျှင် ရနိုင်ကောင်းသည်။ အထူးသဖြင့် ပြည်သူ့ထောက်ခံမှုဖြင့် တက်လာသော ခေါင်းဆောင်များ လုပ်ပိုင်ခွင့်များ အပြိုင်းအရိုင်း ရနေချိန်၌ဖြစ်သည်။

လုပ်သင့်လုပ်ထိုက်သော အလုပ်များကို စီမံခန့်ခွဲရာ၌ မြို့မေတ္တာခံယူချင်စိတ်ကဲသော စိတ်ဖြင့် အလုပ်လုပ်သောအခါ မတွင်ကျယ်သော၊ အလုပ်မဖြစ်သော၊ အပေါ်ယံလုပ်ဆောင်သော လုပ်ရပ်များကို တွေ့လာရသည်။ ဒီမိုကရေစီဟူသည် ပြည်သူ့သဘောထားကို အခြေပြုသည်ဖြစ်သော်လည်း အစိုးရအလုပ်သည် စာအုပ်ထဲမှ စည်းမျဉ်းတွေလောက်မလွယ်။ နှုန်းစံများကို ရွတ်အော်တတ်ခြင်းလောက် မလွယ်။ လက်ခုပ်သံချူခြင်းလောက် မလွယ်။ ဤအချက်ကို ယခု နဖူးတွေ့ ဒူးတွေ့ တွေ့လာကြရသည်။

အစိုးရသစ်ကာလ၌ ကြုံတွေ့ရသော အဓိကအခြင်းအရာမှာ ပြည်သူ့မေတ္တာမညှိုးနွမ်းရေးဖြစ်သည်။ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော၊ ပြည်သူကို ချွေးသိပ်ပေးနိုင်ဖို့လည်း ကြိုးစားကြရသည်။ ကြိုးစားသလောက် မပေါက်မြောက်နိုင်သော အရည်အသွေးပြဿနာကလည်း ရှိလာသည်။ စေတနာနှင့် အရည်အချင်းတို့အကြားက လွန်ဆွဲမှုသည် လုပ်ပိုင်ခွင့်ရသော ခေါင်းဆောင်များအကြား တဖြည်းဖြည်း ကြီးထွားလာသည်။

လူကောင်းသည်၊ လူ့ပတ်ဝန်းကျင်ကို ဆိုးကျိုးမပေး။ သို့သော် … ကောင်းသော စိတ်တစ်ခုတည်းနှင့် လူ့အကျိုးကို ပြုနိုင်စွမ်းရန် ခဲယဉ်းလှသည်။ ပြည်သူတို့က နိုင်ငံရေးသမားများ၏ ချွေးသိပ်စကားများကို ငြီးငွေ့လာလျှင် နိုင်ငံရေးအနာဂတ် မကောင်းနိုင်။ နိုင်ငံရေးက’တို့ … ပါလည်း မထူးပါဘူး …’ ဆိုသည့်အမြင်ဖြင့် နိုင်ငံရေးကိစ္စများကို ပေယျာလကန်ပြုနိုင်သည်။ ထိုအခါ လူထုပါဝင်မှုကျဆင်းသော ဒီမိုကရေစီခရီးကို ဖြတ်သန်းရနိုင်သည်။

လက်ရှိခေါင်းဆောင်များက ပြည်သူကို စိတ်မပျက်စေသင့်။ ပြည်သူကို ချွေးသိပ်စကားများဖြင့် သားချော့တေးလည်း ရွတ်မနေသင့်။ လုပ်သင့်လုပ်ထိုက်တာကို၊ လုပ်နိုင်သလောက် လုပ်ကြရမည်ပင်ဖြစ်သည်။ အထူးသဖြင့် စိုးရိမ်ချက်များဖြင့် အုပ်ချုပ်မှုကို မစီမံမခန့်ခွဲသင့်။ စိုးရိမ်ချက်များ ဖြင့် စီမံကိန်းများကို လက်မှတ်မထိုးသင့်။

စည်းရုံးရေးကာလ မဟုတ်

အုပ်ချုပ်ရေးကာလနှင့် စည်းရုံးရေးကာလကို ကွဲကွဲပြားပြား နားလည်ထားသင့်သည်။ အုပ်ချုပ်ရေးကာလသည် စည်းရုံးရေးကာလ မဟုတ်။ အုပ်ချုပ်ရေးကာလမှာ စည်းရုံးရေးကို အမြဲဗဟိုပြု စဉ်းစားနေခြင်းက နိုင်ငံရေးမသမာမှု မည်သည်။ အုပ်ချုပ်ရေးက စည်းရုံးရေးနှင့် ပူးတွဲလုပ်ဆောင်ရသော အရာမဟုတ်။ ဤသို့ လုပ်ဆောင်ခြင်းကိုလည်း သာမန်ပြည်သူတို့ သတိမထားမိနိုင်။ ပြည်သူမသိလည်း ရိုးသားပါ။

တော်လှန်ရေးဖြင့် စည်းရုံးရေးဖြင့် နှစ်ပေါင်းများစွာ နှစ်ပါးသွားနေရသော နိုင်ငံရေးသတ္တဝါများ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ မူဝါဒချမှတ်ရေး နေရာများကို မထင်မှတ်ဘဲရောက်လာသောအခါ ဖြစ်တတ်သောသဘာဝရှိသည်။ နဂိုရှိရင်းစွဲ အမူအကျင့်များက ဖောက်မထွက်နိုင်သည့် အကျပ်အတည်းကို အကြီးအကျယ်ကြုံရသည်။ ကိုယ်တွင်းအကျပ်အတည်းဟုပင် ဆိုနိုင်သေးသည်။

တစ်ဖက်မှာလည်း လူထုအချစ်တော် ခေါ်ခံရသည့်အရသာနှင့် ဂုဏ်ပုဒ်။ တစ်ဖက်မှာလည်း လက်တွေ့ဆုံးဖြတ်ရသည့် လက်မှတ်ထိုးပွဲများ။ ယခင်ကလို လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးဆိုသည့်အဆင့်နှင့်မရ နိုင်တာကို အားလုံးသိကြသည်။ နားလည်ကြသည်။ သို့သော် … မိမိတို့ ကိုယ်တိုင်လည်း အမှာစကားပြောရုံ၊ ပွဲတက်မျက်နှာပြရုံကလွဲလို့ ထူးထွေသော လုပ်ငန်းစဉ်များကို မစဉ်းစားမိကြ။

တစ်ခုခုလောက်ကို ကိုယ်ပိုင်သဘောထားအမြင်ဖြင့် ဆုံးဖြတ် လုပ်ကိုင်လိုက်လျှင်လည်း နောက်ကွယ်က စိုးရိမ်ချက်က ဖွားဖက်တော်လို ပါလာသည်။ သူများတကာထက် ချွန်ထွက်ပြီး လုပ်လိုက်ကိုင်လိုက်ပါက ဖြစ်လာနိုင်သည့်စိုးရိမ်ချက်ကို စီမံခန့်ခွဲနိုင်ဖို့ခက်လှသည်။ သည်လိုနှင့် မလုပ်၊ မရှုပ်၊ မပြုတ်/လက်ညှိုးထောင် ခေါင်းညိတ်သမားများဖြစ်လာသည်။

လက်ညှိုးထောင်/ခေါင်းညိတ်

နိုင်ငံရေးဆိုတာ အုပ်ချုပ်ရေးအနုပညာလို့ အဓိပ္ပာယ်ဖွင့်သည် မဟုတ်လား။ အုပ်ချုပ်မှုအတွက် စွမ်းနိုင်မှ နိုင်ငံရေးအာဏာကိစ္စကို စဉ်းစားရန် ကောင်းသည်။ အာဏာကိစ္စ စဉ်းစားလျှင်လည်း အုပ်ချုပ်ရေးအတွက် ပြင်ဆင်ထားသင့်သည်။ ပြင်ဆင်ချိန်မရခဲ့သော တော်လှန်ရေးလမ်းကြောင်းက လာခဲ့လျှင်တောင်မှ ပွင့်လင်းလွတ်လပ်သော ဦးနှောက်များကို လက်ကမ်းသင့်သည်။ ကြိုဆိုသင့်သည်။ မွေးစားသင့်သည်။ နိုင်ငံရေးအာဏာက အကန့်အသတ်ဖြင့်သာ ရှည်ကြာလိမ့်ဦးမည်ဆိုတာကို သတိပြန်ချပ်သင့်သည်။

နိုင်ငံရေးကိစ္စသည် လက်ညှိုးထောင် ခေါင်းညိတ်ကိစ္စမဟုတ်။ အုပ်ချုပ်ရေးအနုပညာတတ်စွမ်းခြင်းသည် နိုင်ငံရေးစွမ်းရည်ဖြစ်သည်။ မူဝါဒဖြစ်စဉ်ကို နားလည်ခြင်းသည် နိုင်ငံရေးစွမ်းရည်ဖြစ်သည်။ စည်းရုံးရေးစွမ်းရည်တစ်ခုတည်းဖြင့် နိုင်ငံကို အုပ်ချုပ်လို့ ရနိုင်ကောင်းသည်ဆိုသော အယူအဆကို ကလော်ထုတ်ပစ်မှ ကောင်းသည်။

အနာဂတ်မှာ လူထုကိုယ်တိုင်က စည်းရုံးရေးဖြင့် ထောက်ခံမှုပြုမည်မဟုတ်တော့။ လုပ်ရပ်၊ ရလဒ်ဖြင့်သာ လက်ထဲကမဲကို စဉ်းစားတော့မည်ဆိုတာကို ကြိုတင်တွေးထားသင့်ပြီ။

အရင်ဟာ အနောက်၊ အနောက်ဟာ အရင်

ဦးစားပေးမှားခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ဖန်တီးစေသော အကြောင်းတစ်ရပ်ဖြစ်သည်။ အရင်ဟာ အနောက်၊ အနောက်ဟာ အရင် မဖြစ်သင့်။ မနိုင်မနင်းလည်း မဖြစ်သင့်။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်မဖြစ်သင့်။ မနိုင်မနင်းဖြစ်မှာ ကြောက်ပြီး ဘာမှမလုပ်ဘဲ မျှောလိုက်သွားလျှင်လည်း အုပ်ချုပ်ရေးဟာ ပြည်သူ့စိတ်ပျက်စရာဖြစ်တော့မည်။ ဖြစ်နေပြီလားပင် မပြောတတ်။

စကားလုံးတွေကို လူထုက အမြဲကြားနေရသည်။ ယခု သူတို့ လိုချင်တာ … စကားလုံးတွေမဟုတ်။ ရလဒ်၊ ရလဒ်…။ အလုပ်ဖြစ်ရေးဖြစ် သည်။ အဖြစ်လုပ်ရေး မဟုတ်။

ငြိမ်းချမ်းရေး၊ စားဝတ်နေရေး၊ စစ်ဘက် ကျုံ့ဝင်ရေး၊ သဘာဝအရေး၊ ပညာရေး၊ ကျန်းမာရေး … စသည့် အရေးအရာတို့မှာ မည်သည်က အခရာကျသနည်း။ မည်သည်က အရင်နည်း။ မည်သည်က နောက်နည်း။ အကျိုးစီးပွားများကို စီမံခန့်ခွဲခြင်းသည် နိုင်ငံရေးအလုပ်ဖြစ်သည်။ အကျိုးစီးပွားများကို ခွဲခြမ်းစိတ်ဖြာ၍ ကြည့်တတ်ခြင်းက နိုင်ငံရေးအမြော်အမြင်ဖြစ်သည်။ အမြော်အမြင်ဖြင့် အလုပ်လုပ်နိုင်သော အုပ်ချုပ်သူ လူတန်းစားတစ်ရပ် ဖြစ်ထွန်းစေရန် ဆန္ဒရှိရုံမှအပ ကျွန်တော်တို့ မတတ်နိုင်သောကိစ္စဖြစ်သည်။

ဘယ်လိုအုပ်ချုပ်မှာလဲ

ဘယ်သူ အုပ်ချုပ်တယ်ဆိုတာထက် ဘယ်လို အုပ်ချုပ်တယ်ဆိုတာက ပိုအရေးကြီးသည်။ ဘယ်သူဘယ်ဝါဆိုတာ ဘက်ပြဿနာဖြစ်သည်။ ဘယ်လိုဆိုတာ နည်းနာပြဿနာဖြစ်သည်။ နိုင်ငံရေးနည်းနာတို့ဖြင့် အုပ်ချုပ်ရေးနည်းနာများကို ကဏ္ဍအလိုက်ခွဲပြီး မကြည့်နိုင်သမျှ လမ်းဘေးက ကျုးကျော်များ၊ ခွက်လက်ဆွဲတောင်းစားသော ကလေးသူငယ်များ၊ ကျည်ဆံများအကြားက သားသည်မိခင်များ … အများအပြားကို တွေ့မြင်နေရလိမ့်ဦးမည်။ ဤကား အရှိတရား။

အုပ်ချုပ်ရေးသည် စည်းရုံးရေးလောက် မလွယ်။ နိုင်ငံရေးစွမ်းရည်သည် ဝါဒဖြန့်ချိရေးနည်းနာကို တတ်ကျွမ်းခြင်းမဟုတ်။ ကျယ်ပြန့်သော သဘောကို ဆောင်သည်။ အုပ်ချုပ်တတ်ခြင်း၊ ဆုံးဖြတ်တတ်ခြင်း၊ စည်းရုံးတတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်းသည် အစိုးရလုပ်သူအတွက် အရေးကြီးသည်။ အားလုံးသည် နိုင်ငံရေးစွမ်းရည်ထဲတွင် အကျုံးဝင်သည်။ လက်ရှိ ခေါင်းဆောင်လုပ်နေသူများ၊ နိုင်ငံရေးစွမ်းရည်ကို ယေဘုယျနားလည် ခြင်းဘောင်မှ ဖောက်ထွက်နိုင်ကြပါစေ။

မဲများက ထာဝရသစ္စာမရှိ

လူတွေထဲက မဲများက သောင်ပြိုကမ်းပြိုမှုကို ထာဝရ ထိန်းသိမ်း သွားမည်ဟု ထင်ပါသလား။ ရလဒ်အခြေပြု မဲပေးမှုများဖြစ်ထွန်းမှ ဒီမိုကရေစီ ဖွံ့ဖြိုးလိမ့်မည်။ သို့မဟုတ်က မလွယ်။ အာမခံချက်ရှိသော ပြည်သူ့အကျိုး အကောင်အထည်ဖော်ရေး ယန္တရားလိုသည်။ ရွေးကောက်ပွဲက ဆင်းသက်လာသော ခေါင်းဆောင်များ လက်တွေ့နှင့်နီးမှ ကောင်းသည်။ အော်တိုမင်ဘစ်စမတ်ပြောသော ဖြစ်နိုင်ခြေရှိတာကိုလုပ်တာ နိုင်ငံရေး … ဆိုသည့် အယူအဆကို နိုင်နိုင်နှလုံးသွင်းနိုင်မှကောင်းမည်။

နိုင်ငံရေးသမားသည် နောက်လာမည့် ရွေးကောက်ပွဲအတွက်သာ ကြည့်သည်။ နိုင်ငံ့ခေါင်းဆောင်သည် တိုင်းပြည်၏ လာမည့် နှစ် ၅၀/ ၆၀ ကို ကြိုကြည့်သည်။ နိုင်ငံခေါင်းဆောင်နှင့် သာမန်နိုင်ငံရေးသမားတို့၏ ကြည့်ပုံ မြင်ပုံကွဲမှု၊ ကွာမှုကြောင့် အနေအထားများ ကွာခြားသွားရခြင်းဖြစ်သည်။ လုပ်ရဲကိုင်ရဲရှိမှု၊ တွေးရဲမှုတို့က မူဝါဒဆုံးဖြတ်မှု အရည်အသွေးကို ပြဋ္ဌာန်းသည်။

လုပ်ရဲဖို့ လိုတယ်
လုပ်တတ်ဖို့ လိုတယ်
လုပ်ရကောင်းမှန်းသိဖို့ လိုတယ်

အုပ်ချုပ်ရေးဆိုတာ မလွယ်ပါ။ အုပ်ချုပ်သူများ၏အထက်၌နေပြီး ဆုံးဖြတ်ချက်များချရတာ ပို၍မလွယ်ပါ။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၌ ဤသို့တွေ့ရသည်။ လုပ်တတ်သူများက မလုပ်ရဲကြ။ မလုပ်တတ်သူများက လုပ်ရဲနေကြသည်။ လုပ်ရကောင်းမှန်းသိသူများက လုပ်ပိုင်ခွင့်မရကြ။ လုပ်ရကောင်းမှန်းမသိသောသူများက လုပ်ပိုင်ခွင့်များကို မှန်းမျှော်အားထုတ်နေသည့် အနေအထား။

နိုင်ငံ့စားဝတ်နေရေးကိစ္စသည် ထင်သလောက်မလွယ်။
မူဝါဒကိစ္စသည် ကလေးကစားစရာ မဟုတ်။
အုပ်ချုပ်ရေးသည်၊ စည်းရုံးရေးသက်သက် မဟုတ်။
စီမံခန့်ခွဲမှုသည်၊ လက်ညှိုးထောင်၊ ခေါင်းညိတ်မဟုတ်။

လုပ်ပိုင်ခွင့်ရသူများ သတိချပ်ဖို့လိုသည်မှာ ပြည်သူ့အကျိုးဆိုသည့် ဖွင့်ဆိုချက်အနက်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားဖို့ဖြစ်သည်။ ထို့နောက် တကယ့်ပြဿနာကို ရှာဖို့ဖြစ်သည်။ နိုင်ငံရေးအလုပ်သည် ပြဿနာရှာဖို့ဖြစ်သည်။
ပြဿနာမဟုတ်တာကို ပြဿနာလုပ်မိပါက ပေါ်လစီအမှားဖြစ်တော့မည်။ သတိချပ်ပါကုန်။

ပေါ်လစီကဏ္ဍကို စဉ်းစားရာ၌ လုပ်ဖို့ လိုနေသည်နှင့် လုပ်သင့်သည်ဆိုတာကို ကွဲကွဲပြားပြား ခွဲခြားနားလည်ဖို့ အရေးကြီးသည်။ လုပ်ရမည့်အလုပ်ကို လုပ်ရကောင်းမှန်းသိဖို့ ပထမအရေးကြီးသည်။ သိပြီးလျှင် လုပ်ရဲဖို့ လိုသည်။ လုပ်ရဲရုံဖြင့်မရ။ လုပ်တတ်ဖို့လိုသည်။

နိုင်ငံရေးအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ စီမံခန့်ခွဲမှုအလုပ်နှင့် မြို့မေတ္တာခံယူရေးအလုပ်များကို လက်ရှိလုပ်ပိုင်ခွင့်ရှိသူများ ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား နားလည်နိုင်ကြပါစေကုန်။

မင်းသေ့

The Voice Weekly Journal https://voicejournalmm.com/archives/5956

Previous post တူးပီ နှင့် နာကျင်မှု အပြောင်းအလဲ
Next post နေဝင်းမောင်ကထာ