၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့

The Voice Weekly Journal မှာ ဖော်ပြပါရှိပြီး ဆောင်းပါး။

အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုကို ပန်းတိုင်နှစ်ရပ်ဖြင့် ဆန်းစစ်လို့ရသည်။ နိုင်ငံရေးပန်းတိုင်နှင့် မူဝါဒပန်းတိုင်ဟူ၍ ဖြစ်သည်။ နိုင်ငံရေးပန်းတိုင်ကို Political Goal လို့ ခေါ်သည်။ မူဝါဒပန်းတိုင်ကို Policy Goal လို့ ခေါ်သည်။ ဤအချက်ကိုပင် တူးပီ လို့ ဆိုသည်။

လုပ်ဆောင်ချက်များကို အတော်အတန် စောင့်ကြည့်ပြီး ဆန်းစစ်ရာ၌ ၎င်းအစိုးရသည် နိုင်ငံရေးအရ အောင်မြင်သလား၊ မူဝါဒအရ အောင်မြင်သလား၊ နိုင်ငံရေးရော၊ မူဝါဒမှာပါ အောင်မြင်သလား၊ သို့တည်းမဟုတ်၊ နှစ်ခုစလုံး ကျဆုံးသလားဆိုတာကို ဆန်းစစ်ရမည်။

နိုင်ငံရေးအရ

ရွေးကောက်ပွဲနှင့်တက်လာသော အစိုးရများသည် နောက်လာမည့် ရွေးကောက်ပွဲမှာ နိုင်ချင်သည်။ ထို့ ကြောင့် နောက်လာမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုဆန်ဆန် ပေါ်လစီများကိုချသည်။ နိုင်ငံရေးအရ စဉ်းစားချက်အပေါ်အခြေပြု၍ ပြည်သူထောက်ခံမှုရအောင် လုပ်လေ့ရှိသည်။ အထူးသဖြင့် ပြည်သူ၏ မဲကို အုံလိုက်ကျင်းလိုက်ရ၍ တက်လာသော အစိုးရများက လုပ်လေ့ရှိသည်။ ညွန့်ပေါင်းသဏ္ဌာန်ဆိုလျှင် ပုံစံတစ်မျိုးဖြစ်မည်။


မူဝါဒအရ

မူဝါဒတိုင်းသည် နိုင်ငံရေးနှင့် မကိုက်။ မူဝါဒအရ တွက်ခြေကိုက်၍ ထိရောက်သော်လည်း နိုင်ငံရေးအရ ကျရှုံးတတ်သည်။ အကြောင်းမှာ ပြည်သူ၏ မြင်နိုင်မှုရေချိန်ကြောင့်ဖြစ်သည်။ မူဝါဒ၏သဘော၊ သဘာဝကြောင့်လည်းဖြစ်သည်။ မူဝါဒအကောင်အထည်ဖော်မှုသည် အကျိုးရလဒ်တစ်ခုထွက်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရလျှင် ပို၍ ဆိုးသည်။ မူဝါဒ၏ရလဒ်ကို ချက်ချင်းမရနိုင်။ ကနဦး ကြိုတင်လုပ်ထား ရသော အပြင်အဆင်များလည်း ရှိသည်။

မူဝါဒကို ပြည်သူသိနားလည်အောင်လုပ်ဖို့ကလည်း မလွယ်ကူ။ အစိုးရကိုယ်တိုင် လုပ်ရသလို မီဒီယာများ၊ တတ်သိပညာရှင်အုပ်စုများက လည်း လုပ်ရတာရှိသည်။ သို့သော် ပြည်သူ့မှာ အကန့်အသတ် ရှိနေသည်။ ပြည်သူ၏သဘောက သူ စိတ်ပါတာကို စိတ်ဝင်စားသည်။ လတ်တလော သူ့အကျိုးစီးပွားကိုသာ ကြည့်တတ်သည်။ ထို့ကြောင့် ပြည်သူထောက်ခံမှု လျော့နိုင်သော မူဝါဒချမည်ဆိုလျှင် အစိုးရက စည်းရုံးရေးနည်းစဉ်ကိုပါ ထည့်စဉ်းစားရသည်။

မူဝါဒက ပြည်သူထောက်ခံမှုနည်း၊ စည်းရုံးရေးနည်းစဉ် မရှိဆိုလျှင် ရွေးကောက်ပွဲ၌ မဲရဖို့ မသေချာ။ သို့ကြောင့် ပါးနပ်သော အနိုင်ရပါတီက ကိုယ့်ပါတီအစိုးရအတွက် စည်းရုံးရေးကို ပါတီဘက်က လုပ်ပေးလေ့ရသည်။ တစ်ဖက်မှာလည်း ပါတီနှင့် အစိုးရအစေးကပ်ဖို့ လိုပြန်သည်။ အနိုင်ရပါတီဖြစ်ပြီးမှ ကိုယ့်ပါတီ၊ ကိုယ့်အစိုးရနှင့် ခွာပြဲသွားသောပုံစံများလည်း ရှိသည်။ ဤအချက်သည် သတိချပ်ဖွယ်ဖြစ်သည်။
အုံလိုက်ကျင်းလိုက် အနိုင်ရပါတီအတွက်ဆို အစိုးရက မူဝါဒချ၊ ပါတီက ကိုယ့်အစိုးရအတွက် စည်းရုံးရေးလုပ်။ ဤနည်းဖြင့် အပြန်အလှန် အကျိုးပြုနိုင်သည်။


ဖာထေး

အပြောင်းအလဲသည် အမြဲတမ်း သက်သောင့်သက်သာမဖြစ်။ အပြောင်းအလဲက ကြမ်းတတ်သည်။ နာကျင်ရတတ်သည်။ ရောဂါကိုကုလျှင် ဆေးကြောင့် နာတတ်သည်။ စပ်တတ်သည်။ ဆေးနည်းက အဆင့်မမြင့်လျှင် ကုသမှုက အဆင်မချောတတ်။ ဒါ့ကြောင့် ကုသူကို ငြိုငြင်တတ်သည်။ ဝေဒနာပျောက်မှ သည်ဆေးကောင်းသည်ဟု ဆိုချင်ဆိုမည်။ ဆေး၌ ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်သေးသည်။ ဤအချက်ကို ရှေးရှု၍ အစိုးရက ပီအာ (Public Relation) လုပ်ရသည်။ ပီအာ မကောင်းလျှင်၊ မူဝါဒကောင်းသော်လည်း နိုင်ငံရေးအရ ရှုံးနိုင်သည်။ ဒီမိုကရက်တစ်မူဘောင်၌ ဤသို့မဟုတ်ရ။ ပြည်သူ့အကျိုးအတွက် မူဝါဒကောင်း စီရင်ရသလို နိုင်ငံရေး ထောက်ခံမှုမကျအောင်လည်း စည်းရုံးရေး လုပ်ရသည်။ ပီအာလုပ်ရသည်။

ပီအာအလုပ်ကိုပင် အစိုးရအတွက် ဖာထေးသူဟု အငေါ်တူးနိုင်သည်။


နာကျင်မှု

ပါတီများက နိုင်ငံရေးအာဏာရဖို့ မဲဆွယ်သည်။ မဲနိုင်လျှင် အုပ်ချုပ်မှုအာဏာရသည်။ အစိုးရဖြစ်သည်။ အစိုးရဖြစ်လျှင် ပြည်သူအတွက် မူဝါဒချရသည်။ မူဝါဒကို အကောင်အထည်ဖော်ရသည်။ အနာကို သိအောင်လုပ်။ ဆေးတည့်အောင်ပေးရသည်။ ဆေးအာနိသင်မပြခင် နာကျင်မှုဖြစ်နိုင်သည်။ ဆေးကြောင့်လည်း နာကျင်ရတတ်သည်။ တစ်ခါတစ်ရံ ဆေးသည် ဆေးခါးကြီးလိုဖြစ်တတ်သည်။ ထို့ကြောင့်ပင် ပိုပေးလိုက်ရသောမဲကို ပြည်သူက သံသယရှိလာတတ်သည်။

အပြောင်းအလဲတိုင်းသည် ညင်ညင်သာသာမဖြစ်။ နာကျင်ရတတ်သည်။ အရိုးစွဲနေသော အနာများကိုကုသော နည်းနာဖြစ်ပါက ပို၍နာကျင်ရတတ်သည်။ ကိုယ်တွင်းကိုယ်ပ အနာ၊ ရောဂါ အမျိုးမျိုးရှိနိုင်သည်။ ကိုယ်တွင်းအနာများမှာ အတွင်းကို မမြင်ရ၊ မှန်း၍ ကုသရတတ်သေးသည်။ ပညာချို့လျှင် နာကျင်မှု ပိုပြင်းထန်သည်။ နာကျင်မှုကို ကြောက်၍ မကုလျှင်လည်း တကယ့်အနာများ မပျောက်။

ရံဖန်ရံခါ နိုင်ငံရေးအာဏာကိုင်ထားသူသည် နာကျင်မှုကို သိသိနှင့် အပြောင်းအလဲလုပ်ရလေ့ရှိသည်။ ၎င်းကို နာကျင်မှု အပြောင်းအလဲဟု ခေါ်သည်။
လက်လီနိုင်ငံရေး၊ လက်ကားနိုင်ငံရေး

ပြည်သူ့သဘောက အရှည်မကြည့်တတ်။ ရေတိုသာ ကြည့်တတ်သည်။ ထို့ကြောင့် လက်ငင်းအကျိုးကို ကြည့်သည်။ နိုင်ငံရေး၌ လက်လီ၊ လက်ကားသဘောရှိသည်။ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရအနေနှင့် လက်လီနိုင်ငံရေးကိုလည်း အောင်မြင်ရမည်။ လက်ကားနိုင်ငံရေးလည်း အောင်မြင်ရမည်။ ရေတို၊ ရေရှည် ချင့်လုပ်ရန်ဖြစ်သည်။

ရေတိုအတွက်သာကြည့်လျှင် နိုင်ငံရေးအရအောင်မြင်သော်လည်း၊ မူဝါဒအရ မအောင်မြင်နိုင်။ မူဝါဒအရ ဇောင်းပေးကြည့်လွန်းလျှင်လည်း နိုင်ငံရေးအရ ထောက်ခံမှုလျော့နိုင်သည်။ နှစ်ဖက်မျှပြီး စဉ်းစားဖို့ ဖြစ်သည်။ Strategic Adjustment ဟု ဆိုနိုင်သည်။

နိုင်ငံရေးအရ ထောက်ခံမှု၊ မူဝါဒအရ အောင်မြင်မှုမျှခြေကို ထိန်းနိုင်ဖို့ မလွယ်။ နိုင်ငံရေးအရ၊ ပညာပိုင်းအရ မချို့ဖို့ လိုသည်။

လက်လီနှင့် လက်ကားကို ချင့်ဖို့ဖြစ်သည်။ ချိန်ဖို့ဖြစ်သည်။ မျှခြေညှိဖို့ဖြစ်သည်။ နိုင်ငံရေးနှင့် မူဝါဒကို ချိန်ဖို့ ဖြစ်သည်။ မျှခြေညှိဖို့ဖြစ် သည်။ မျှခြေထိန်းနိုင်ခြင်းသည် နိုင်ငံရေးစွမ်းရည်ဖြစ်သည်။ နိုင်ငံရေးအာဏာရှိသူသည် မျှခြေကိုမြင်အောင် ကြည့်နေရသည်။ အပြောင်းအလဲအတွက် မျှခြေကို ပျက်အောင်လည်း ဖျက်ရတတ်သည်။ အပြောင်းအလဲအတွက် မျှခြေကို ထိန်းရတတ်သည်လည်း ရှိသည်။ ပုံသေမရှိ။ အမြဲလိုလို ရေးရာအလိုက် ပြောင်းလဲနေတတ်သည်။

နိုင်ငံရေးသမားသည် နိုင်ငံရေးအရ ကျွမ်းကျင်နိုင်သည်။ ပညာရှင်က ဖော်မြူလာထုတ်သည်။ ဖော်မြူလာ သုံး၊ မသုံးကို လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးသမားက ဆုံးဖြတ်သည်။ ဤနည်းဖြင့် နိုင်ငံရေးမချို့၊ ပညာမချို့နည်းဖြင့် အပြောင်းအလဲကို လုပ်သင့်သည်။ ရေးရာအလိုက် ကျွမ်းကျင်သူများရှိခြင်းသည် အားသာချက်ဖြစ်သည်။


တူးပီ

ဒီမိုကရေစီ၌ ပါတီနိုင်ငံရေးထိပ်ရောက်လာသည်။ အစိုးရသည် နိုင်ငံရေးအရ အောင်မြင်ချင်လျှင်၊ ကိုယ့်မိခင်ပါတီ၏ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုကို ရှေးရှုတတ်သည်။ ပါတီသည် နိုင်ငံရေးအရ အသာစီးရမှ၊ နောက်ရွေးကောက်ပွဲတွင် မဲရမည်။ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရများ၏ အလုပ်ကို ဘယ်သူ့အတွက် လုပ်တာလဲ … လို့ ဆန်းစစ်ရမည်။ ပြည်သူ့အတွက်လား၊ ပါတီအတွက်လား၊ လူမှုလူတန်းစားတစ်ရပ်လား၊ နိုင်ငံတော်အတွက်လားဆိုတာကို စစ်ကြည့်ရန်လိုသည်။

အခြေခံစည်းမျဉ်းအရ အစိုးရတစ်ရပ်ဖြစ်သွားပြီဆိုလျှင် ပါတီနှင့်ပိုင်းခြားလိုက်သည်။ အစိုးရသည် ပါတီအတွက် အစိုးရမဟုတ်တော့။ ပြည်သူ့အစိုးရ၊ နိုင်ငံတော်အစိုးရဖြစ်သည့်အတွက် ပြည်သူ့အကျိုးကို လုပ်ရသည်။ နိုင်ငံတော်အကျိုးကို လုပ်ရသည်။ သို့သော် စည်းမျဉ်းအရ ဘယ်လောက်ပင် ပိုင်းခြားထားစေကာမူ အစိုးရက သွယ်ဝိုက်သောနည်းဖြင့် မိခင်ပါတီနှင့် ပတ်သက်ဆက်နွှယ်ကြသည်။ ဒီမိုကရေစီနှုန်းစံများများရှိလျှင် အစိုးရနှင့်ပါတီ သီးသီးခြားခြားဖြစ်နေသည်။ ဒီမိုကရေစီနှုန်းစံချို့တဲ့လျှင် အစိုးရနှင့်ပါတီက ပူးနေသည်။ ပေါင်းနေသည်။ ပါတီနှင့် အစိုးရ သီးခြားမဖြစ်ပါက ပြည်သူ့အကျိုးကို အမှန်တကယ်ဖော်ဆောင်နိုင်ဖို့ ခက်လှသည်။ အစိုးရသည် သူ့အလုပ်ကို ဘက်အစွဲနှင့် လုပ်နေသလို ဖြစ်မည်။

ဘက်အစွဲရှိသော မူဝါဒသည် မအောင်မြင်တတ်။ အကျိုးမဖြစ်တတ်။ အကျိုးမများတတ်။ ပါတီနှင့် အစိုးရကို ခွာထားမှ ကောင်းသည်။ မခွာဘဲ ပူးနေလျှင် ပါတီမူဝါဒလိုလို၊ အစိုးရရဲ့ မူဝါဒလိုလို ဖြစ်နေသည်။ မကွဲပြား။ ပါတီမူဝါဒကို အစိုးရက အကောင်အထည်ဖော်နေရသလို ဖြစ်နေသည်။ ပါတီကလည်း မိမိ၏ နိုင်ငံရေးဩဇာ လွှမ်းခြုံနိုင်ဖို့ပဲ ကြိုးစားနေတတ်သည်။

ထို့ကြောင့် အင်စတီကျူးရှင်းများက ထိန်းမှု၊ ထေမှုကို ကောင်းအောင် လုပ်ရမည်။ ရှင်းရှင်းလင်းလင်း ပိုင်းခြားထားရမည်။ သီးခြားလွတ်လပ်သော မဏ္ဍိုင်များဖြစ်ရန်လိုသည်။ ပါတီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေး၊ မီဒီယာ၊ ကော်မရှင် … စသည်ဖြင့် သူ့တာဝန်နှင့် သူ၊ သူ့ လုပ်ပိုင်ခွင့်နှင့်သူ၊ သူ့နေရာနှင့်သူ ဖြစ်ဖို့လိုသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကောင်းသည်။ ၎င်းသည် ပေါင်းစည်းခြင်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ Compromise and Consensus သဘောဖြစ်သည်။ အခြားတစ်ဖက်မှာလည်း သီးခြားရှိနေခြင်းက ကောင်းသည်။ သီးသန့် ရှိခြင်းအားဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်။ Separation of Power သည် ထိုသဘောပင်ဖြစ်သည်။


လက်တို့လိုက်သည်

ပြည်သူသည် ပါတီ၏ နည်းစဉ်၊ အစိုးရ၏ လုပ်နည်းလုပ်ဟန်ကို အမြဲအကဲခတ်နေရမည်။ ဒီမိုကရေစီကိုသွားခြင်းသည် ဒီမိုကရေစီကို သုံးခြင်းဖြစ်သည်။ ဒီမိုကရေစီသည် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများသဘောညီ ဆုံးဖြတ်ခြင်းဖြစ်ပါသည်။ တစ်ဖက်မှာလည်း အာဏာများကို ထိန်းဖို့ ထေဖို့၊ လုပ်ပိုင်ခွင့်များကို ပိုင်းခြားထားသည်။ အာဏာများကို ခွဲခြားထားသည်။ အာဏာများစုနေလျှင် အာဏာရှင်ဘက်ကို ယိမ်းသည်။ အာဏာရှင်စနစ်မှာ အာဏာများကို ပေါင်းထားသည်။ ဒီမိုကရေစီတွင် အာဏာများကို ခွဲထားသည်။

ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသည် နိုင်ငံရေးပန်းတိုင်နှင့် မူဝါဒရည်မှန်းချက်ကို သိမ်မွေ့စွာ မျှခြေညှိရန်လိုသည်။ မျှခြေမညှိနိုင်လျှင် ဒီမိုကရေစီ ပျက်တတ်သည်။ ပြည်သူသည် ဒီမိုကရေစီဓလေ့အပေါ် သံသယရှိတတ်သည်။ အပြောင်းအလဲလုပ်ချိန်၊ မျှခြေမညှိနိုင်လျှင် နာကျင်မှု ပြင်းထန်သည်။

ဤအခြေခံ ဒေါက်သုံးတိုင်ကို ကောင်းစွာနားလည်၍ ဒီမိုကရေစီကို သုံးဖို့ဖြစ်သည်။

ပညာဖြင့် မဟာဗျူဟာကျကျ မျှခြေညှိနိုင်ကြပါစေ …။ 

မင်းသေ့

Previous post စာယောင်ပေယောင်
Next post မျက်လုံးအသစ်ဖြင့် ကြည့်ခြင်း