လူဟာ စိတ်အာသာ အတွက် တစ်ခါတစ်ရံ အပေါ်ယံ ပကာသနတွေကို

လုပ်မိကောင်း လုပ်မိပါလိမ့်မယ်။

ကိစ္စ မရှိပါဘူး။

သို့ပေမယ့် တစ်ခါကနေ နှစ်ခါ

နှစ်ခါကနေ သုံးလေးငါးခါ… ဆက်တိုက်ဆက်တိုက်

အဲ့လို အပြုအမူမျိုး ကို လုပ်မိပြီ ဆိုရင်တော့ သတိထားဖို့ ပြောလိုက်ချင်ပါတယ်။

Audio

စာပကာသနသမားတွေ အကြောင်း တစ်ခု ထပ်ပြောချင်ပါတယ်။ စာသမားတွေက စရိုက်စုံတယ်။ အမျိုးအစား လည်း စုံတယ်။ စာသမား အမည်ခံပြီး၊ စာယောင်ပေယောင် လုပ်နေသူတွေလည်း ရှိတယ်။ အထူးသဖြင့်၊ အဲ့လို လူတွေက များပါတယ်။ စာသမား မှန်ရင် စကားပြောတဲ့ အခါ စာလိုလို ပေလိုလို လုပ်တာတွေ ရှိတယ်။ သူ့ကို သူ တွေးစစ လုပ်သလိုလို တွေလည်း ရှိတယ်။ တကယ်တော့ အဲ့လောက် မဟုတ်ဘူးရယ်။ ဂိုက်ဆိုဒ်များနေတာ။ ပြီးတော့ စာအုပ်တွေကို အပေါ်ယံ ဖတ်ပြီးတော့ သံယောင်ဖမ်းတတ်တယ်။ စာအုပ်ထဲက ဆရာကြီးတွေ အတိုင်း လေသံ ပစ်တတ်တယ်။ ဒါကို စာသမား ပေါက်စ တော်တော်များများ ကြုံဖူးကြတယ်။ သို့ပေမယ့်၊ စာဖတ်သမား ထဲက အနည်းစုပဲ အဲ့ဒီ့ အပြုအမူကို ကျော်နိုင်ကြတယ်။

စာနဲ့ ပတ်သတ်တဲ့သူတွေက လေကြီးလေကျယ် နိုင်တာ များတယ်။ စာဖတ်ပေဖတ်သမားတွေလည်း လေကြီး လေကျယ်တွေ များတယ်။ စာရေးတဲ့သူ ဆို ပိုလို့တောင် ဆိုးသေး။ စာကို ဖြစ်ဖြစ်မြောက်မြောက် ရေးပြီဆိုရင် တော့ သိပ်မဖြစ်တော့ဘူး။ မတောက်တစ်ခေါက် ရေးတတ်ပြီ၊ စာတိုပေစ ရေးလို့ ကိုယ့်ကိုယ်ကို သတိမကပ် ရင် အဲ့လို သောက်ကြီး သောက်ကျယ်တွေ လုပ်တတ်ကြတယ်။ ဒါကလည်း ချစ်စရာ အပြုအမူ ဖြစ်တယ်လို့ မြင်လို့ ရပါတယ်။ တခါတရံလည်း ချစ်စရာ မဟုတ်ဘူး။ သောက်မြင်ကပ်စရာ၊ မျက်စိစပါးမွှေး စူးစရာ ဖြစ်တယ်။

အရက်သမား စကားနဲ့ ပြောမယ်ဆိုရင်၊ သောက်တာက နည်းနည်း လေတက်ပြနေတာက များများဖြစ်နေတယ်။ စာဖတ်ပေဖတ်သမားတွေ ဒီလို အပြုအမူတွေကို သတိထားဖို့ လိုပါတယ်။ စာသမား မှန်ရင် နှစ်လိုဖွယ် ဖြစ်ပြီး ၊ ပေါင်းလို့ သင်းလို့ ကောင်းရမှာ။ တကယ်တော့ အဲ့လို မဟုတ်ကြတာ များတယ်။ စာသမားမှန်ရင် ဘုဂလန့် လို့ ပြောခံရတယ်။ ထင်ခံရတယ်။
တကယ်တော့ အဲ့လို မဖြစ်သင့်ဘူး။ စာသမားမှန်လာရင်၊ သာမန်လူထက် အသိက သာလာလို့ သူ့ရဲ့ ပြောပုံ ဆိုပုံ၊ နေပုံထိုင်ပုံ၊ တွေးပုံခေါ်ပုံက ပိုကောင်းလာရမယ်။ ပိုပြီး နှစ်လိုဖွယ် ဖြစ်ရမယ်။ အဲ့ဒါမှ ကောင်းမယ်လေ။ စာသမားဖြစ်လာပြီး၊ အရင်ကထက် ပေါင်းလို့သင်းလို့ ပိုခက်လာမယ်ဆိုရင် မကောင်းပါဘူး။ အရင်ကထက် နှစ်လိုဖွယ်ဖြစ်တဲ့ အပြုအမူ ဖြစ်မလာရင် စာရဲ့ အကျိုးအာနိသင် မပြသလို ခံစားနေရမယ်။ အဲ့ဒါ မကောင်းဘူး လေ။ အနုတ်လက္ခဏာထွက်တာပေါ့။

စကားပုံမှာ၊ မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်တယ် လို့ ပြောကြတယ်။ စာကို စ ဖတ်ခါစမှာ အဲ့လို ဖြစ်တတ်တာ သဘာဝပါပဲ။ သို့ပေမယ့် အဲ့ဒါက အမြဲ မကောင်းဘူး။ စာဖတ်သက် ကြာလာ၊ များလာတာနဲ့ အမျှ အဲ့လို အပြု အမူမျိုးက ပိုပြီး ပါးပါး လာသင့်တယ်။ လူ့ဂွစာ စရိုက်ဟာ ၊ ကောင်းသလိုလို နဲ့ မကောင်းဘူးနော်။

ကျနော် ဥပမာ တစ်ခု ပြောပြပါ့မယ်။

စာသမား ဖြစ်ချင်တဲ့ချာတိတ် တချို့၊ ဂီတ စာဆိုကြီးဖြစ်ချင်တဲ့ ချာတိတ် တစ်ချို့ကို တွေးကြည့် မြင်ကြည့်ပါ။ ကျနော်လည်း အဲ့လို ဖြတ်သန်းဖူးပါတယ်။ စာသမား ချာတိတ်က စာရေးဆရာဖြစ်ချင်တယ်။ အဲ့တော့ စာရေး ဆရာကြီးတွေကို ကြည့်တယ်။ လေ့လာတယ်။ သူတို့ အပြုအမူအတိုင်း အတုခိုးပြီး နေကြည့်တယ်။ စာရေးဆရာ ကြီးက ဆေးပြင်းလိပ်ကို သောက်တယ်။ သူ့ စိတ်ထဲမှာ၊ သိပ်စတိုင်ကျတယ်လို့ ထင်လာတယ်။ ငါလည်း အဲ့လို နေကြည့်မယ် ဆိုပြီး၊ ပုခုံးမှာ လွယ်အိတ်ကြီး လွယ်။ ဆေးပြင်းလိပ်ကြီးကို နှုတ်ခမ်းမှာ တေ့။ အဲ့လို ဂိုက်ဖမ်းရင်း၊ ကြိုးစားလိုက်တာ ချာတိတ်ခမျာ စာရေးဆရာကြီး မဖြစ်ဘဲ၊ ဆေးပြင်းလိပ်စွဲသွားတဲ့ အဖြစ်မျိုး တွေ့ဖူး၊ ဖတ်ဖူး မယ် ထင်ပါတယ်။ ဒီလိုပဲ ဂီတ စာဆိုကြီး အားကျလို့၊ စာဆိုကြီးက အရက်ကလေးနဲ့ အာစွတ်တာကို သဘောကျ ပြီး စာဆိုကြီး မဖြစ်ဘဲ အရက်သောက်ကျင့် စွဲသွားတဲ့ ချာတိတ်တွေကို တွေ့ဖူးမယ် ထင်ပါတယ်။

ဒါဟာ အတုခိုး မမှားဖို့ ဖြစ်ပါတယ်။

လူတိုင်းမှာ သူ့စရိုက်နဲ့ သူ ဖြစ်တာတော့ မှန်ပါတယ်။ သို့ပေမယ့်၊ စာသမား မှန်ရင် ဘုဂလန့် ဖြစ်ရမယ်။ ဂေါက် တောက်တောက် ဖြစ်ရမယ်၊ ဂွစာ ဖြစ်ရမယ် ဆိုတာကတော့ တရားသေ မဟုတ်ပါဘူး။ အဲ့လို စရိုက်ဟာ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အင်မတန် မနှစ်မြို့ဖွယ် အပြုအမူဖြစ်တယ်။ ဒါကို လူတိုင်းက သဘောကျ သလိုလိုနဲ့ တကယ်ပေါင်းကြည့်ရင် မကောင်းတာ သိလာပါလိမ့်မယ်။

စာကို ပကာသနလို ဖတ်သူတွေကိုတော့ မပြောလိုပါဘူး။ တကယ့်စာသမားတွေကို အဲ့လို ပကာသနသမားတွေ ရောပြီး မြင်ကြမှာစိုးလို့ ရေးဖြစ်တာဖြစ်ပါတယ်။ စာအုပ်ဆိုတာကို လူလည်ခေါင်မှာ တစ်ပွေ့တစ်ပိုက်ကြီး ပိုက် ပြီးသွားရတာကို နှစ်သက်ကြပါလိမ့်မယ်။ ကျနော်လည်း သဘောကျတာပါပဲ။ ဒါပေမယ့် စာနဲ့ ထိတွေ့ခြင်းဟာ ပကာသနထက် ပိုသင့်တယ်။ နောက်ပြီး စာအုပ်ကြီးကြီးကို ဓာတ်ပုံရိုက်ပြပြီး လူမြင်အောင် အွန်လိုင်းမှာ တင်။ စာသမား ဂိုက်ဖမ်း။ ပြီးတော့ ခေါင်းထဲက မနူးမနပ်။ အဆံချောင် ဆိုရင်တော့ ဘယ်ကောင်းမလဲ။ ဒီထက် ၊ စာသမား အရေခြုံပြီး လေကြီး လေကျယ်တွေ ရေးရင် ၊ ပြောရင် လူ့အသိုင်းအဝိုင်းအတွက် မျက်စိ ရှုပ်စရာ ဖြစ်ပါတယ်။


လူဟာ ကိုယ့်လွတ်လပ်ခွင့်အတိုင်း ကိုယ် နေချင်သလို စိတ်ကြိုက်နေကြမှာ ဖြစ်ပေမယ့်၊ စာသမားမှန်ရင် အကာ နဲ့ မပြီးဘဲ အနှစ်ကို ကျကျနန ရောက်အောင်သွားစေချင်တဲ့ ဆန္ဒနဲ့ ရေးလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့်၊ စာရဲ့ အနှစ်သာရကို ဆုပ်ကိုင်ပြီး ကိုယ့်ဘဝ အတွက် တကယ် အကျိုးရှိအောင် လုပ်စေချင်လို့ လက်တို့ လိုက်တာ ဖြစ်ပါတယ်။

လူဟာ စိတ်အာသာ အတွက် တစ်ခါတစ်ရံ အပေါ်ယံ ပကာသနတွေကို လုပ်မိကောင်း လုပ်မိပါလိမ့်မယ်။ ကိစ္စ မရှိပါဘူး။ သို့ပေမယ့် တစ်ခါကနေ နှစ်ခါ နှစ်ခါကနေ သုံးလေးငါးခါ… ဆက်တိုက်ဆက်တိုက် အဲ့လို အပြုအမူမျိုး ကို လုပ်မိပြီ ဆိုရင်တော့ သတိထားဖို့ ပြောလိုက်ချင်ပါတယ်။

မင်းသေ့
ည ၉ း ၄၃
၂၆ ၊ မေ ၊ ၂၀၁၈

Previous post မိန့်မှာချက်တွေ
Next post တူးပီ နှင့် နာကျင်မှု အပြောင်းအလဲ