လက်နဲ့ စာဖတ်တာက၊ ကြေညက်သော စာဖတ်နည်းပါပဲ။
• ကိုယ့်ခန္ဓာကိုယ်ထဲ၊
• ကိုယ့် ဦးနှောက်ထဲ၊
• ကိုယ့်နှလုံးသားထဲ…. ကို တစိမ့်စိမ့် စိမ့်ဝင်ပျံ့နှံ့နည်းနဲ့ စာဖတ်ခြင်းပါပဲ။

Audio

ကျနော် စာသမားဖြစ်လာတဲ့ အခါမှာ၊ စာဖတ်နည်း တော်တော်များများကို သုံးကြည့်တယ်။ အကောင်းဆုံး စာဖတ်နည်းရယ်လို့ မရှိပါဘူး။ ကိုယ်နဲ့ ကိုက်တဲ့ စာဖတ်နည်းက အကောင်းဆုံးပါပဲ။ သို့ပေမယ့်၊ စာဖတ်နည်း တွေထဲမှာ၊ စာတွေထဲကနေ အကျိုးအမြတ်အများဆုံး ရခဲ့တဲ့ စာဖတ်နည်းကို ကျနော် ရခဲ့တယ်။ ကျနော့် အတွက် ရခဲ့တယ်လို့ ပြောရမယ်။ တခြားသူတွေနဲ့ တူချင်မှ၊ တူပါလိမ့်မယ်။

အဲ့ဒီ့ စာဖတ်နည်းထဲက တစ်ခုကတော့၊ လက်နဲ့ ဖတ်ခြင်းပါပဲ။

သာမန်အားဖြင့်၊ လူတွေက စာကို မျက်စိနဲ့ ဖတ်တယ်။ နည်းနည်း နားလည်တဲ့သူက၊ နားနဲ့ ဖတ်တယ်။ အင်္ဂလိပ် လို မှတ်ချင်ရင်၊ Visual reading လို့ ခေါ်တယ်။ Audio reading လို့ ခေါ်တယ်။ လက်နဲ့ စာဖတ်တာက၊ အပေါ်ယံ ဖတ်တာ မဟုတ်ပါဘူး။ surface reading မဟုတ်ပါဘူး။ deep reading ဖြစ်ပါတယ်။ deep learning ဖြစ်ပါတယ်။

လက်နဲ့ စာဖတ်ခြင်း အကျိုးကျေးဇူးကြောင့်၊ ကျနော် စာအတော်များများသင်နိုင်ခဲ့တယ်။ စာသင်ရင်လည်း၊ အိုင်ဒီယာတွေ၊ အမြင်၊ ရှုထောင့်တွေ မထပ်စေဘဲ သင်နိုင်ခဲ့တယ်။ စာတွေ အတော်များများ ရေးနိုင်နေတယ်။ စာရေးရင်လည်း၊ အိုင်ဒီယာတွေ မထပ်ဘဲ ရေးနိုင်ခဲ့တယ်။ ဒါက လက်နဲ့ စာဖတ်ခဲ့ခြင်းရဲ့ အကျိုးလို့ မြင်မိတယ်။

လက်နဲ့ စာဖတ်တယ် ဆိုတာ၊ မျက်လုံးနဲ့ ဖတ်ခြင်းထက်တော့၊ ပိုပြီး နက်နက်ဖတ်တဲ့ သဘောရှိပါတယ်။ ရသ စာပေလို စာအုပ်မျိုးက မျက်လုံးနဲ့ ဖတ်ရင် လုံလောက်တယ်။ သို့ပေမယ့်၊ ပညာရပ်ဆိုင်ရာ၊ အတွေးအမြင်ဆိုင် ရာ နဲ့ သဘောတရားရေးဆိုင်ရာ စာအုပ်တွေက၊ လက်နဲ့ ဖတ်လေ ပိုပြီးထဲထဲဝင်ဝင် နားလည်လေလေဖြစ်ပါ တယ်။

လက်နဲ့ ဘယ်လိုဖတ်မလဲ….

စာကို လက်နဲ့ဖတ်တယ်ဆိုတာ၊ မှတ်စုထုတ်ပြီး ၊ ဖတ်တာ ဖြစ်ပါတယ်။ မှတ်စုကလည်း စာကြောင်းတိုင်းကို ဖတ် တာ မဟုတ်ပါဘူး။ စာပိုဒ်တိုင်းလည်း မလိုပါဘူး။ စာအုပ်တစ်အုပ်မှာ၊ ရွှေစတွေ ကိန်းနေတယ်။ စာအုပ်ထဲမှာ၊ စိန်ရိုင်းတွေ ရှိတယ်။ သို့ပေမယ့်၊ စာတိုင်းက စိန်မဟုတ်ဘူး။ စာတိုင်းက ရွှေမဟုတ်ဘူး။ စိန်တွေက၊ ကျောက်စရစ်ခဲတွေ နဲ့ ရောနေတယ်။ ရွှေတွေက၊ သဲတွေ၊ မြေကြီးတွေနဲ့ ရောနေတယ်။

ဒါ့ကြောင့်၊ ရွှေတွေကို ရွေးထုတ်ဖို့ ကိုယ်ရဲ့ စာဖတ်ကိရိယာကို သုံးရမယ်။ ဒါကတော့၊ ဘောပင်၊ ခဲတံနဲ့ ရောင်စုံ ဆော့ဖ်ပင်တွေ ဖြစ်ပါတယ်။ စာဖတ်သူရဲ့ လက်ထဲက၊ ဘောပင်တစ်ချောင်းဟာ၊ စာအုပ်ထဲက ရွေတွေ စိန်တွေ ကို တူးဖို့၊ ပေါက်ပြားတစ်လက်နဲ့ တူတယ်။ တူရွင်းတစ်လက်နဲ့ တူတယ်။

လက်ထဲမှာ၊ ဘောပင် တစ်ချောင်း ကိုင်ပြီး စာဖတ်မယ်။
လိုင်းသားမယ်။ ခရေပွင့်ပြမယ်။ စာအုပ် မာဂျင်နဘေးမှာ၊ မှတ်ချက်ရေးမယ်။ ကောက်ချက်တွေ ရေးမယ်။ အဝိုင်းဝိုင်းမယ်။ လေးထောင့်ပုံးခတ်မယ်။ ကွင်းစကွင်းပိတ် လုပ်မယ်။ လိုအပ်ရင်၊ ကိုယ့်ရဲ့ မှတ်စုစာအုပ်ထဲမှာ၊ ရေးကူးမယ်။ ကြည့်ကူးမယ်။ ရေးရင်း၊ ကူးရင်း ကိုယ့်အတွေးပေါ်လာရင် ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုပါ ထပ်ရေးမယ်။

ရေးနေကူးနေရင်းလည်း၊ စာကို မြန်မြန်ရေးကူးဖို့ထက် သေချာကြည့်ပြီး လက်ရေးလှလှနဲ့ စိမ်ပြေနပြေ ရေး ကြည့်ပြီး ကူးမယ်။ ရေးနေရင်း၊ ကူးနေရင်းနဲ့ ရေးနေတဲ့ စာရဲ့ သဘောတရားတွေက ကိုယ့်ကိုယ်ထဲကို စိမ့်ဝင် နေမယ်။ ပျံ့နှံ့နေမယ်။

ရေးနေတဲ့ စာရဲ့ အနှစ်အသားတွေက၊ ကိုယ့်ဦးနှောက်ထဲမှာ တစိမ့်စိမ့်ဝင်နေတယ်။ အိုင်ဒီယာတွေက ကူးလူး နေမယ်။ အချင်းချင်း ဓာတ်ပြုနေမယ်။ ပေါင်းစပ်ပြီး အိုင်ဒီယာ ဒြပ်စင်အသစ်တွေ ထွက်နေမယ်။ ကိုယ်စားလိုက် တဲ့ အစာက၊ အာဟာရ အဖြစ် ခြေညက်နေမယ်။ ကြေညက်နေမယ်။

လက်နဲ့ စာဖတ်တာက၊ ကြေညက်သော စာဖတ်နည်းပါပဲ။
• ကိုယ့်ခန္ဓာကိုယ်ထဲ၊
• ကိုယ့် ဦးနှောက်ထဲ၊
• ကိုယ့်နှလုံးသားထဲ…. ကို တစိမ့်စိမ့် စိမ့်ဝင်ပျံ့နှံ့နည်းနဲ့ စာဖတ်ခြင်းပါပဲ။

စာပါ အကြောင်းအရာကို၊ နက်နက်နဲနဲ နားလည်ဖို့၊ စာပါ အကြောင်းအရာကို နက်နက်နဲနဲ သဘောပေါက်ဖို့၊ စာဖတ်သမားဟာ လက်နဲ့ စာဖတ်ခြင်း နည်းကို ကျကျနန လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်နဲ့ စာဖတ်ပြီး၊ ကိုယ့်ရဲ့ နှလုံးသား ကြွက်သား၊ ဦးနှောက်ကြွက်သားများ ကြံ့ခိုင်၊ မာကျောပြီး အဖိုးအနဂ္ဂထိုက်နိုင်ကြပါစေ။

မင်းသေ့
ည ၇ း ၂၀
၅ ၊ မေလ ၊ ၂၀၁၈ ။

Previous post ဖတ်သူ
Next post မိန့်မှာချက်တွေ