ကိုယ်လေ့လာဖို့ ခက်တဲ့ ဘာသာရပ်ရဲ့ Key Word တွေကို

ကျေကျေညက်ညက် နားလည်ပိုင်နိုင်နေ ပါစေ။

ဒါဆိုရင်၊ ဖတ်ဖို့ ခက်တဲ့ စာအုပ်က၊ အလှမ်းမှီလာပြီ။

Audio

တချို့စာအုပ်တွေက၊ စာဖတ်သူရဲ့ အားထုတ်မှုကို တောင်းတယ်။ စာဖတ်သူက တစ်စုံတစ်ရာ အားစိုက်မှု မရှိဘဲ၊ အဲ့စာကို ဖတ်လို့မရဘူး။ ဖတ်လို့ ရတယ် ဆိုအုံးတော့၊ နားမလည်နိုင်ဘူး။ ပြီးတော့၊ တချို့စာအုပ်တွေက၊ သူ့ကို မဖတ်ခင်၊ သူ့အရင် ကြိုတင် ကျေကျေလည်လည် ဖတ်ထားရမယ့် စာအုပ်တွေ ရှိတယ်။ စာအုပ် လေး ငါး ဆယ် အုပ်ကို ကျေကျေလည်လည် နားလည်ထားမှ၊ အဲ့ဒီ့ စာအုပ်ကို ဖတ်လို့ရတာမျိုး ရှိတယ်။

အင်မတန် အဆင့်မြင့်တဲ့ စာတွေက အဲသည်လို ဖြစ်တတ်တယ်။

အဲ…. ကျနော်က ဒီလိုပြောလို့ ၊ ဖတ်ရလွယ်၊ နားလည်လွယ်တဲ့ အရာတွေက သေးနုပ်တယ်၊ သိမ်ဖျင်းတယ်လို့ ဆိုလို၍ မရကြောင်း သတိချပ်စေချင်ပါတယ်။ ကြီးကျယ်တဲ့ သဘောတရားတွေကို၊ ရှင်းလင်းနားလည်၊ လွယ် လွယ်ကူကူ ရေးသားထားတဲ့ စာပေတွေ အများကြီး ရှိပါတယ်။ သို့ပေမယ့်၊ တချို့သော ပညာရပ်ဆိုင်ရာ စာအုပ် တွေ၊ စာတမ်းတွေက လွယ်လွယ်ကူကူ ဖတ်လို့ မရတာ များတယ်။

သူ့ရှေ့မှာ စာအုပ်ပေါင်း ရာဂဏန်းလောက် ဖတ်ထားမှ နားလည်လို့ရတာတွေ ရှိတယ်။
သူ့ရှေ့မှာ၊ ဘာသာရပ် တချို့ကို သေချာ စနစ်တကျ နားလည်ထားမှ၊ ဖတ်လို့ လိုက်မှီတဲ့ စာတွေ ရှိပါတယ်။

တခြား တစ်ဖက်မှာလည်း၊ ဘာသာရပ်က ကြီးကျယ်ပြီး၊ ရေးသူက ညံ့လွန်းတဲ့အခါမှာ ဖတ်ရ ခက်တာတွေ ရှိပါ တယ်။ ဒါတွေကို ထပ်ပြီး မပြောလိုပါဘူး။

အခုဟာက၊ ရေးသူ၊ ပြုစုသူကလည်း တော်တယ်။ ထူးချွန်တယ်။ စနစ်တကျ ပြေပြစ်စွာ ရေးသား ထားတယ်။ ရေးထားတဲ့ အကြောင်းအရာကလည်း၊ ကျယ်တယ်၊ နက်တယ်၊ ရှုပ်တယ်၊ များတယ် ဆိုတဲ့ စာအုပ်မျိုးတွေကို ပြောတာ ဖြစ်ပါတယ်။

အဲ့တော့၊ ကျနော် ပြောချင်တာက၊ စာဖတ်တဲ့ အခါမှာ၊ နားလည်ဖို့ ခက်တာတွေ ရှိပါလိမ့်မယ်။ တွေ့ပါလိမ့်မယ်။ အဲ့ဒီ့အခါမှ ရပ်မပစ်လိုက်ဘဲနဲ့၊ အခု ကျနော် ပြောတဲ့ အချက် တချို့နဲ့ တိုင်းကြည့်ပါ။ အကယ်၍ ကိုယ့်မှာ၊ ဒီ စာအုပ်ကို ဖတ်ဖို့ အခံတချို့ လိုအပ်မယ်ဆိုရင်၊ သေချာ စူးစိုက်ပြီး အခြေခံကို ပြန်သွားပါ။ အခြေခံကျကျ၊ သဘောတရား နိုင်နိုင်ရေးထားတဲ့ Basic Concept တွေကို စိတ်ရှည်ရှည်နဲ့ နားလည်အောင် လုပ်ပါ။

ပြီးတော့၊ ကိုယ်လေ့လာဖို့ ခက်တဲ့ ဘာသာရပ်ရဲ့ Key Word တွေကို ကျေကျေညက်ညက် နားလည်ပိုင်နိုင်နေ ပါစေ။ ဒါဆိုရင်၊ ဖတ်ဖို့ ခက်တဲ့ စာအုပ်က၊ အလှမ်းမှီလာပြီ။ ထို့အတူပဲ၊ နားလည်ဖို့ ခက်တဲ့ စာအုပ်က၊ တစ် ကြောင်းဖတ်တိုင်း၊ နားလည်လို့ ရနေပြီ။

ဒါ့ကြောင့်၊ တချို့စာအုပ်တွေဟာ စာဖတ်သူရဲ့ အားစိုက်မှုကို တောင်းဆိုတယ် ဆိုတာ သိစေချင်ပါတယ်။ ဒီလိုနဲ့ တော်တော်များများသော၊ ဘာသာရပ် ကျယ်ကျယ်ကြီးကြီးတွေကို နိုင်နိုင်နင်းနင်း လေ့လာနိုင်တဲ့သူ၊ ဖတ်နိုင် မှတ်နိုင် နားလည်နိုင်တဲ့သူဖြစ်လာပါလိမ့်မယ်။
ဒါက၊ ကျနော် ကြုံရတဲ့ စာဖတ်ခြင်းကနေ ကြုံတဲ့ အဖြစ်တချို့ကို မျှဝေခြင်းဖြစ်ပါတယ်။

မင်းသေ့
ည ၉ း ၅၆
၂၈ ၊ ၄ ၊ ၂၀၁၈

Previous post စာရေးဆရာဘဝ
Next post စာကိုလက်နဲ့ဖတ်