“သိတဲ့အတိုင်း၊ စာရေးဆရာဆိုတာ ဘာအာမခံချက်မှ ရှိတဲ့ အလုပ် မဟုတ်ဘူး။
အဆင်မသင့်ရင် ငတ်နိုင်တယ်။ ဆင်းရဲနိုင်တယ်။ ဘဝပျက်သွားနိုင်တယ်။ စာရေးဆရာအဖြစ် အောင်မြင်ဦးမှ၊ အောင်မြင်ရင်လည်း ဒီအောင်မြင်မှုကို အရှည်တည်အောင် ထိန်းတတ်ဦးမှ တော်ကာကျတယ်။ ဘာမှ မသေချာဘူး။

ဒီတော့ ဖောင်ဖျက်ပြီး ကူးရဲအောင် သတ္တိတော့ မွေးရတယ်။”

မြသန်းတင့် ပြောကြားချက်….
Audio

ကျနော်တို့ မိတ်ဆွေတွေ စုပြီးတော့၊ အခု ယုံကြည်ရာ စာကြည့်တိုက်ကလေး ထောင်ဖြစ်တယ်။ သက်တမ်းအားဖြင့်၊ ငါး နှစ် လောက်ရှိပြီ။ ကျနော်တို့တတွေ ကိုယ်တိုင်က စာသမားတွေ၊ စာဂျပိုးတွေ ဖြစ်တာမို့၊ စာအုပ်တွေကိုလည်း ချစ်တယ်။ စာပေမြတ်နိုးသူ အချင်းချင်းကိုလည်း ချစ်တယ်။ စာရေးသူတွေ၊ စာရေးဆရာ တွေကိုလည်း မြတ်နိုးတန်ဖိုးထားမိတယ်။ စာပေနဲ့ ဆက်စပ်တဲ့ အသိုင်းအဝန်းဟာ၊ ကျနော်တို့တတွေရဲ့ ရင်းနှီး တဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးတယ်။

ကျနော်တို့တွေ၊ စာတွေ ဖတ်ကြရင်း၊ တကယ့် စာရေးဆရာ စစ်စစ်ကြီးတွေရဲ့ ဘဝကို ဖတ်မိကြတယ်။ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး တက်တိုး၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး မြသန်းတင့်တို့ရဲ့ ဘဝက စိတ်ဝင်စားစရာ ကောင်းလှတယ်။

ဒီဘက်ခေတ်မှာ၊ ကျနော်တို့ ဆရာကြီး မြသန်းတင့်ကို ကောင်းကောင်းမှီတယ်။
ဆရာ မြသန်းတင့်က ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ၊ ကွယ်လွန်တယ်။
မြသန်းတင့်ရဲ့ စာတွေ ဖတ်ကြည့်ရင်း၊ စာရေးဆရာ တစ်ယောက်ရဲ့ ဘဝကို ကျနော်တို့သတိထားမိကြတယ်။ ဆရာမြသန်းတင့်ရဲ့ ဘဝဟာ၊ စာရေးခြင်း သက်သက်နဲ့သာ အသက်မွေးသူဖြစ်တယ်။ စာရေးခြင်းသက်သက်နဲ့ အသက်မွေးဖို့၊ ဘယ်လောက်တောင် စွန့်စားခဲ့ရသလဲ ဆိုတာကို ကျနော်တို့ စာနာမိတယ်။

ဝင်းငြိမ်းက မြသန်းတင့်ကို အင်တာဗျူးတယ်။
အဲ့ဒီ့ အင်တာဗျူးကို၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ (သို့မဟုတ်) မြသန်းတင့် နှင့် တွေ့ဆုံခြင်း ဆိုပြီး၊ စာအုပ်ပါးပါးလေး ထုတ်ထားတယ်။

အဲ့ဒီ့ စာအုပ်ထဲမှာ၊ ဆရာကြီး မြသန်းတင့်က၊ သူ့ဘဝ နဲ့ ဆက်စပ်ပြီး စာရေးဆရာတွေရဲ့ အကြောင်းကို ပြောတယ်။

“သိတဲ့အတိုင်း၊ စာရေးဆရာဆိုတာ ဘာအာမခံချက်မှ ရှိတဲ့ အလုပ် မဟုတ်ဘူး။
အဆင်မသင့်ရင် ငတ်နိုင်တယ်။ ဆင်းရဲနိုင်တယ်။ ဘဝပျက်သွားနိုင်တယ်။ စာရေးဆရာအဖြစ် အောင်မြင်ဦးမှ၊ အောင်မြင်ရင်လည်း ဒီအောင်မြင်မှုကို အရှည်တည်အောင် ထိန်းတတ်ဦးမှ တော်ကာကျတယ်။ ဘာမှ မသေချာဘူး။ ဒီတော့ ဖောင်ဖျက်ပြီး ကူးရဲအောင် သတ္တိတော့ မွေးရတယ်။” လို့ ပြောခဲ့ဖူးတယ်။

စာရေးဆရာ တစ်ယောက်ဟာ၊ စာပေကို တစ်စိုက်မတ်မတ် ရေးသားနိုင်ဖို့၊ ဘယ်လောက်ထိ၊ ခက်ခဲခဲ့မလဲ။ ဘယ်လောက်ထိ၊ စွန့်စားခဲ့ရမလဲ။ ဘယ်လောက်ထိ၊ ရုန်းကန်ခဲ့ရမလဲ။
စာရေးဆရာ စစ်စစ်တစ်ယောက်ဟာ၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမျိုးကိုလည်း ရောက်ရတယ်။ ရေးချင်ချင် မရေးချင်ချင်၊ အမြဲရေးသားနိုင်အောင် အားထုတ်နေရတယ်။ အသစ်အသစ်သော အကြောင်းအရာ တွေ၊ ရသတွေ၊ စာပေတွေနဲ့ စာဖတ်သူကို ချိတ်ဆက်ပေးနေရတယ်။

ဒီဘက်ခေတ်မှာ၊ သတင်းနဲ့ အချက်အလက်တွေ ပေါက်ကွဲထွက်ကုန်လို့၊ စာရေးဆရာတစ်ယောက်ဟာ မရှိ မဖြစ်နေရာမှာ ရှိတော့မယ် မထင်ပါဘူး။ သို့ပေမယ့်၊ သိစရာ၊ ဖတ်စရာ၊ ကြည့်စရာ၊ နားစွင့်စရာ၊ တွေးတောစရာ၊ ဖြေဖျော်စရာ နည်းပါးတဲ့ ခေတ်ကာလမှာ၊ စာရေးဆရာတို့ရဲ့ အခန်းကဏ္ဍက ကြီးပါတယ်။ ဒီလို အချိန်မျိုးမှာ တောင် စာရေးခြင်းသက်သက်နဲ့ အသက်မွေးဖို့ ခဲယဉ်းတယ် ဆိုရင်၊ အခုတော့ ဆိုဖွယ်ရာ မရှိ။

ပေါ်ပင်တွေ ရေးတဲ့ စာရေးဆရာအမည်ခံတွေ အဖို့၊ ရပ်တည်ဖို့ အဆင်ပြေကောင်းပြေပေမယ့်၊ တကယ့် ယုံကြည်ချက်ရှိရှိ၊ ခံယူချက်ပြည့်ပြည့်ဝဝ နဲ့ ရေးသားတဲ့ စာရေးဆရာစစ်စစ်ကြီးတွေ အဖို့ ခက်ခဲလှတယ်။ ကြမ်း တမ်းလွန်းလှပါတယ်။

ကျနော်တို့ လူ့အသိုက်အဝန်းက၊ ပညာကို စာပေနဲ့ ဖြန့်ချိတတ်တဲ့ စာရေးသူတွေ၊ စာရေးဆရာကြီးတွေရဲ့ အခန်း ကဏ္ဍကို လျစ်လျှူရှုရင်၊ သူတို့ကို တန်ဖိုးထားမှု နိမ့်ရင်….. တဖြည်းဖြည်းနဲ့ တကယ့်စာရေးဆရာ ဆိုတာ ရှားပါး သတ္တဝါ စာရင်း ဝင်နိုင်ပါတယ်။

စာသမားဖြစ်သူ ကျနော်တို့တတွေလည်း၊ စာရေးဆရာကြီးများရဲ့ စာတွေ ဖတ်၊ သူတို့ ဘဝတွေ လေ့လာရင်း၊ လက်ရှိလူ့အသိုင်းအဝိုင်းရဲ့ ဖြစ်တည်မှုကို အခုလိုပဲ တွေးလိုက်မိပါတယ်။

မင်းသေ့
၁၇ ၊ ဧပြီ ၊ ၂၀၁၈ ။

Previous post မြန်မာ့နိုင်ငံရေးလေ့လာချက်
Next post ဖတ်သူ