ပါတီနိုင်ငံရေးမှာ ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်မှ ရတယ်…. ဆိုတဲ့ စကားကို မှတ်မှတ် ထင်ထင် ရှိလိုက်မိပါ၏။

AUDIO

နာမည် အရင်းက ဒေါက်တာခွန်ကျော်ဦး။ ကျနော်က သူ့ကို တွေ့ရင် ‘အားပူးဂျီး’ လို့ နှုတ်ခွန်းဆက် စကားဆို သည်။ သူကလည်း ‘အားပူးလေး’ လို့ ခပ်ဖြီးဖြီး မျက်နှာနဲ့ တုန့်ပြန်ပြောတတ်သည်။ ဒေါက်တာခွန်ကျော်ဦး ဆိုတာ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်။ ဆရာဝန်တစ်ယောက်လည်းဖြစ်ပါသည်။ ကျနော်နှင့် အသက်ချင်းက သားအဖလို ကွာသည်။ ဒေါက်တာခွန်ကျော်ဦးက (၅၀) ကျော်။ ကျနော်က (၃၀) နီးပါး။

မန္တလေးတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံမဟာတန်းတက်ရင်း အတူတွေ့ကြသည်။ ဖြူသော ၊ ရိုးသော ၊ ဖြောင့် သော ဒေါက်တာခွန်ကျော်ဦးနှင့် ရင်းနှီးသွားကြသည်။ ကျနော်ကတော့ ဆရာခွန် လို့ ခေါ်သည်။ ဘော်ဆိုင်း ဘက်က ပအိုဝ်း တိုင်းရင်းသား။ မန္တလေးရောက် ပအိုဝ်း တစ်ယောက်လို့ ဆိုရမည် ထင်သည်။ မန္တလေးဆေး တက္ကသိုလ်ကျောင်းထွက်။ ဇနီးနာမည်က ဒေါ်မီမီဌေး။ သူ့ဇနီးကလည်း ဆရာဝန်တစ်ယောက်။ ဆရာဝန် မောင်နှံလို့ ပြောနိုင်သပ။

အတွင်းဓာတ်ခံ ရိုးသူများနှင့် ကျနော်က တရင်းတနီးပေါင်းတတ်သည်။ သည်လို ပေါင်းသင်းဆက်ဆံရတာကို လည်း တန်ဖိုးထားသည်။ ခေတ်ကာလသည် ရိုးသောသူများ ရှားချေသည် တကား။ ဒေါက်တာခွန်ကျော်ဦး၏ ဘဝဖြတ်သန်းမှု အသေးစိတ်ကို ကျနော် မသိပါ။ အကြမ်းဖျင်းသာ သိထားသည်။ သို့သော် ကျနော်နှစ်မြို့သည် က အတိတ်၏ ဖြတ်သန်းမှု မဟုတ်။ ဖြတ်သန်းမှုအပေါ် သဘောထားသည့်၊ သူ့စိတ်သဘောထားကို ဖြစ်သည်။

ရုပ်ပုံကား

ရိုးသော ၊ ရှင်းသော၊ ပေါင်းသင်းဆက်ဆံရ လွယ်ကူသော၊ ကိန်းကြီးခမ်းကြီးမနိုင်သော၊ လွတ်လပ်ပွင့်လင်း သော၊ အတန်းအစားမခွဲခြားသော၊ ပညာတတ်ဂုဏ်သရေတန်းစားအထာ မရှိသော၊ ချစ်ခင်ဖွယ်၊ နှစ်လိုဖွယ် အပြုံးတို့ ပိုင်ဆိုင်သော ဒေါက်တာခွန်ကျော်ဦးကို ကျနော်တွေ့ရသည်။

ကျနော် တွေ့ဖူးသလောက် ဒေါက်တာခွန်ကျော်ဦးမှာ လေးသော နက်သော သဘောကိုလည်း တွေ့ရသည်။ ပြုံးသောရွှင်သော သဘောကိုလည်း တွေ့ရသည်။ ပုပ်သော၊ မှိုင်းသော သဘောကို မတွေ့ရ။ ညစ်သော ထွေးသောသဘောကို မတွေ့ရ။ အကျပ်အတည်းတစ်ခုခုအပေါ် နှလုံးသွင်းမျှတသော သဘာထားကို တွေ့ ရသည်။

လောကထဲက လူတစ်ယောက် ဖြစ်သောကြောင့် အခက်အခဲ၊ အကျပ်အတည်း ရှိပါလိမ့်မည်။ သို့သော် ညည်းညူသော သဘောကို ကျနော် မခံစားရ။ သူ့အခက်အခဲတချို့ကို ကျနော့်ကို ပြောပြသည်။ ရံဖန်ရံခါ ရင်ဖွင့်သည်။ တကူးတကတော့ မဟုတ်။ ကျနော်တို့ သွားရင်းလာရင်း ကြုံရင်းဆုံရင်း လက်ဖက်ရည် သောက် ကြရင်း ပြောဖြစ်ကြခြင်းဖြစ်သည်။ မိသားစုအရေး နည်းနည်း၊ တိုင်းရေးပြည်ရေး များများဖြစ်သည်။ အစုအဖွဲ့ ၏ သဘော၊ အများ၏ သဘော၊ အုပ်စု၏ သဘောသည် ရှိတတ်သည် ဖြစ်၍ ရွေ့အောင်လုပ်ဖို့ ခက်ခဲလှသည်။ တဖြည်းဖြည်းချင်းသာ သွားရပေလိမ့်မည်။

ကျနော်ကတော့ လူငယ်ပီပီ ငြီးချင်း ထုတ်သည်။ ကျနော့် ငြီးချင်းများကို သည်းငြီးခံနားထောင်ရှာသည်။ ပြီးတော့ ‘ကိုသေ့… ဒါက ဒီလို ဒီလို၊ ဟိုဟာက ဟိုလို ဟိုလို…’ ပြောတတ်သည်။ ကျနော်ကလည်း ခေါင်း တငြိမ့်ငြိမ့်။ သူကလည်း တွေးတွေးဆဆ။


သည့်နောက်ပိုင်း ဒေါက်တာခွန်ကျော်ဦးကို ကယားပုဆိုး၊ ပအိုဝ်း လွယ်အိတ် အမြဲလိုလိုတွေ့ရတတ်သည်။ အတန်းထဲဝင်လာရင် မျက်နှာထားရှုရှု၊ လက်တစ်ဖက်လွှဲလွှဲ… ဝင်လာတတ်သည်။ မျက်နှာမှာ နှုတ်ခမ်းမွှေး ရှိသည်။ မုတ်ဆိတ်တော့ မရှိ။ ကျနော့်မြင်လျှင် အမြဲလိုလို စတတ်၊ နောက်တတ်သည်။ နောက်များမှာ ကျနော် က အရင် စနောက်သည်။ သူ့ထက် လက်ဦးမှု အရင်ယူလိုက်ခြင်းဖြစ်သည်။

ကျနော့် မျက်နှာထားကို အမြဲလိုလို သူမြင်ရသည် ထင်သည်။ ကျနော့် မျက်နှာမှိုင်းနေလျှင်၊ ကျနော့် သူငယ် ချင်းများကို ‘ဒီနေ့ မင်းသေ့ မျက်နှာမကောင်းပါ့လား…’ လို့ ပြောပြောတတ်သည်။ ကျနော်ကတော့ ဒီလူကြီး ကျနော့်ကို ဂရုစိုက်တာ သိရလို့ ဘဝင်ခိုက်နေသည်။


ကျနော်တို့ နှစ်ယောက်၏ ခင်မင်ရင်းစွဲသည် စရင်း၊ နောက်ရင်း၊ ဆွေးနွေးကြရင်း ရင်းနှီးသွားကြသည်သာ ဖြစ်သည်။ သူကလည်း ကျနော့်ကို လူငယ်ခြေတက်လေး ဆိုတာ မြင်ပြီး ရင်းနှီးသွားဟန်ရှိသည်။ ကျနော်က လည်း ဒီလူကြီးပျော်တတ်တယ်…ဆိုပြီး ခင်မင်သွားသည်။ အရွယ်အားဖြင့် ယောက္ခမ-သမက်….။ အဲ… မှားလို့။ သားအဖ အရွယ်ဖြစ်သော်လည်း မိတ်ဆွေများလို ပေါင်းသင်းဖြစ်ကြသည်။ ကျနော်ကလည်း မရှိန်သလို၊ သူက လည်း အထာဆိုတာ မရှိ။ ပကတိ ရိုးစင်းလွန်းပါသည်။

ဘဝနောက်ခံ

ဒေါက်တာခွန်ကျော်ဦး၏ ငယ်ဘဝကို အကျဉ်းအားဖြင့် တီးခေါက်မိသည်။ သူကိုယ်တိုင် ကျနော့်ကို ပြောပြဖူး သည်။ ကြမ်းတမ်းသော ငယ်ဘဝ၊ ချို့တဲ့သော မိသားစု၊ တောင်ပေါ် တောရွာလေးမှာ မွေးဖွားကြီးပြင်းလာခဲ့သူ။ ဘော်ဆိုင်းသတ္တုတွင်းဒေသတစ်ဝိုက်သည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေဖြစ်ခဲ့ဖူးသည်။ ယခုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေပြီ။ ကျနော်က ကျနော့် ထရော်မာတွေအကြောင်း ပြောတော့၊ သူကလည်း သူ့ငယ်ဘဝ ထရော်မာတွေ အကြောင်း ပြောသည်။

သို့သော် သူ ထူးချွန်ပါသည်။ တောင်ပေါ်တောရွာ ဇနပုဒ်မှသည် မြို့ကြီး မန္တလေးဆေးတက္ကသိုလ်ကို တက်နိုင် ခဲ့သည်။ ဆေးကျောင်းသားဘဝ ချို့တဲ့စွာ ဖြတ်သန်းခဲ့မှုလည်း ရှိခဲ့သည်။ ငယ်စဉ်က ဆင်းရဲခဲ့ခြင်းကြောင့် ဆင်းရဲခြင်းအကြောင်းကို ကောင်းကောင်းသိသည်။ ဘဝနာသည်။ အောက်သက်ကျေသည်။ အောက်ခြေက လာခဲ့သည် ဖြစ်ခြင်းကြောင့် အောက်ခြေလူထု ဘဝကို စာနာသည်။ ငဲ့ညှာသည်။ အောက်ခြေမိသားစုဘဝကို သူကောင်းကောင်းသိသည်။ သိမှာပေါ့။ သူကိုယ်တိုင် ဖြတ်သန်းလာခဲ့ရသည်ကိုး။

သူ့အလုပ်

ဆရာဝန်ဖြစ်တော့ ဆေးခန်းဖွင့်သည်။ ဆင်းရဲသားနှင့် ရဟန်းသံဃာ၊ ကိုရင်၊ ဘုန်းကြီးကို အခမဲ့ဆေးကုပေး သည်။ သူတတ်နိုင်သည့် ဆေးပညာဖြင့် လက်လှမ်းမှီသလောက် အကျိုးပြုသည်။ မန္တလေးဖောင်တော်ဦး အခမဲ့ဆေးရုံဖြစ်ရန် သူ ကျေးဇူးပြု ထောက်ပံ့ခဲ့သည်။ ထို့နောက် တိုက်ခြင်း ခိုက်ခြင်းများ ခံရသေးသည်။ သို့သော် သူ မမှု။ သူ့အလုပ် သူ တစိုက်မတ်မတ်လုပ်သည်။ ပုသိမ်ကြီးဘက် နှမ်းကြီးရွာက သူ့ကို မသိသူ မရှိ။ ရွှံ့ထဲ ဗွက်ထဲက ဖြတ်ပြီး ဆေးကုသည့် အလုပ်ကို သူ လုပ်ခဲ့သည်။ တခြား ပရဟိတ လုပ်ငန်းများကိုလည်း လုပ်သည်။

စာတော်သော်လည်း ဆေးကျောင်းတက်ရန် ခက်ခဲသော ကျောင်းသားများကို ထောက်ပံ့သည်။ ကူညီသည်။ တတ်အားသရွေ့ သူကိုယ်တိုင် ငွေစိုက်ထုတ်သလို၊ နီးစပ်ရာ သူငယ်ချင်း ၊ သူလက်လှမ်းမှီရာ သူ့အသိုင်း အဝိုင်းဆီက အလှူခံသည်။ ဆော်ဩသည်။ သူတွင်မက သူ့အမျိုးသမီးကလည်း စွမ်းစွမ်းတမံ ပါဝင်သည်။ လင်မယားနှစ်ယောက် ဓာတ်ခံတူ၍ ဘက်ညီကြသည်။ သူ့ပရဟိတ လုပ်ငန်းသည် တစ်နှစ်၊ နှစ်နှစ် မဟုတ်။ သူ ဆရာဝန်ပေါက်စ ဘဝကနေ ယခုအချိန်ထိလို့ ပြောလို့ရမည်။ ပရဟိတကို အပြလှအောင် လုပ်ခြင်းလည်း မဟုတ်။ For Show မဟုတ်။ အစစ်အမှန်ဖြစ်သည်။ နည်းနည်းလှူပြီး များများ ကြေညာခြင်းအလုပ်ကိုလည်း သူ မလုပ်။ ဓာတ်ပုံပေါ်မှာ ရုပ်ထွက်ကောင်းအောင် သူ မလုပ်။ ဒါ ကျနော် အကဲခတ်မိသလောက်ဖြစ်သည်။

သူ့ဟန်

ဒေါက်တာခွန်ကျော်ဦးနှင့် ပတ်သက်၍ ကျနော် သဘောကျသည့် အချက်များ ရှိသေးသည်။ ဤကား၊ ဟာသဓာတ်ခံ။ ဟာသဉာဏ်ဖြစ်သည်။ ရွှင်သော စကားလုံးများ သူပြောတတ်သည်။ မန္တလေးတက္ကသိုလ်၊ ညနေ ကျောင်းဆင်း၊ အကြော်ဆိုင်ထိုင်၊ ကောက်ညင်းပေါင်းနှင့် ဗယာကြော်စား၊ ရေနွှေးပူမှုတ်သောက်ချိန် တွင် သူ့စကားများ ရွှင်နေတတ်သည်။ ကျနော့်ကို နဘေးက အတန်းဖော်များ စနောက်သည်ကို သူက ပျော် နေဟန်ရှိသည်။ ကျနော်က မျက်လုံးပြူးကြောင်နှင့် တစ်ခုခုကို အံ့ဩတကြီး မေးခွန်းထုတ်လိုက်လျှင်လည်း တဟီးဟီး တဟားဟား ရယ်နေတတ်သည်။ ထို့နောက် ကောင်မလေးများနှင့်ပတ်သက်ပြီး မြှောက်ပေးတတ် သေးသည်။ သို့သော် သူမြှောက်ပေးတာ လှသည်။ အဆင်းဘီးတပ်ခြင်း မဟုတ်။

ကျောင်း ညစာစားပွဲများရောက်လျှင် ခပ်ရွှင်ရွှင် အဖြစ်ဆုံးက ဒေါက်တာခွန်ကျော်ဦး။ ကျနော်တို့ လူငယ်တွေ ထက်ပင် ကဲသေးသည်။ ကာရာအိုကေကို စည်းဝါးတကျ ဆိုသည်။ ထို့နောက် ခန္ဓာကိုယ် ယိမ်း၍ ကွေးနေ အောင် ကသေးသည်။ ကျနော်က လူငယ်ပီပီ။ ပုဆိုးနှင့်။ သူက ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်နှင့်။ ရံဖန်ရံခါ သူ့အမျိုးသမီးကို ပွဲဆီ မ,ချ လာသေးသည်။ သူငယ်ချင်း နှစ်ယောက် လင်မယားဖြစ်သွားသော အတွဲဟု ကျနော့် စိတ်ထဲ မှတ်ချက်ချမိသည်။

ကျနော့်တွေ့ရှိချက်

လျှို့ဝှက်ချက် တစ်ခုတော့ ကျနော်တွေ့ထားသည်။ သူ့အမျိုးသမီးကိုတော့ အတော်ချစ်ရှာသည်။ ဒါကတော့ စကားလုံးလှအောင် ပြောခြင်းဖြစ်သည်။ အမှန်တကယ် ပြောချင်သည်မှာ နည်းနည်းကြောက်သည်ဟု ဆိုချင် တာဖြစ်ပါသည်။ အင်း…. ဇနီးကို ချစ်လွန်းရှာသော အမျိုးသားပေကိုး… ဒီလောက်တော့ ရှိပေမှာပေါ့… လို့ ကျနော် ကောက်ချ မချချင် ချချင်နှင့် ချလိုက်သည်။ ဆရာခွန့် ဇနီးက နည်းနည်း စွာမည့်ပုံ။ ဆရာခွန်က ခပ်အေးအေး။ သို့သော် ဆရာခွန် ကံကောင်းပါသည်။ အရွယ် (၅၀) ကျော်သော်လည်း လှတုန်းပတုန်း ပျော်တတ်ရွှင်တတ်သော၊ သူ့နိုင်ငံရေးအလုပ်များကို အားပေးကူညီသော၊ ထက်သောမြက်သော အမျိုးသမီး တစ်ယောက်ကို ရထား ၍ ဖြစ်သည်။ အသက်ကြီးထိ မြတ်နိုးစွာ ချစ်တတ်သော ဇနီးမောင်နှံကို တွေ့လိုက်ရ၍ ကြားထဲက ကျနော်ပင် အငှားကြည်နူးလိုက်ရသေးသည်။ အယ်…. ငါ့ကျ ဒီလိုဖြစ်ပါ့မလား ဆိုပြီးတော့တောင် တွေးလိုက်မိသေး။

ေဩာ်…. ဘာမဆိုင် ညာမဆိုင် တခြားသူအကြောင်း ရေးနေရင်း ကိုယ့်အကြောင်းကို ဝင်,ဖျာခင်း တတ်သည့် အကျင့်လေး…၊ မင်းသေ့မှာ ရှိပါရောလား။

နိုင်ငံရေးကိစ္စ

နိုင်ငံရေးသည် ထင်သလောက် မလွယ်။ လူ့ကိစ္စကို လူတွေနှင့် စုပေါင်း လုပ်ရသည်ဖြစ်ခြင်းကြောင့် လူ့ ပြဿနာများ ကြုံရသည်။ ဒေါက်တာခွန်ကျော်ဦး ကျင်လည်ခဲ့သည်က ဆေးပညာလောကနှင့် ပရဟိတ လောက။ ပါတီနိုင်ငံရေးကို သည့်နောက်ပိုင်းမှ ဝင်ထမ်းရခြင်းဖြစ်သည်။ မြန်မာပြည်မှာကလည်း ပါတီနိုင်ငံရေး လမ်းကြောင်းပေါ် ရောက်လာသည်က မကြာသေး။ ၂၀၁၀ မှာ စနိုင်၍၊ ၂၀၁၅ မှ ခြေတစ်လှမ်းလှမ်းနိုင်ခြင်း ဖြစ်သည်။

ဒေါက်တာခွန်ကျော်ဦးအနေဖြင့် အခက်အခဲတချို့ရှိပါလိမ့်မည်။ ဆေးပညာအလုပ်၊ ပရဟိတအလုပ်၊ ပြည်သူ့ ကိုယ်စားလှယ်အလုပ်၊ ပါတီနိုင်ငံရေးအလုပ်တွေနဲ့ ဖိစီးနေပါလိမ့်မည်။ သို့သော် သူ့မျက်နှာမှာ အပြုံးကို အမြဲလိုလို တွေ့နေရသည်။ ကိုယ့်ကြောင့် တပါးသူအပေါ် ဒုက္ခမဖြစ်စေလိုသော ကျင့်ထုံးကို သူလိုက်နာသည်။ ကိုယ့်အပူ တစ်ပါးသူအပူ မဖြစ်အောင် သူ နေထိုင်ပါသည်။ မှန်သည် ထင်ရာကို ပြတ်ပြတ်သားသား လုပ်တတ် သော သူ့အမူအကျင့်ကြောင့် စိတ်ညစ်ရသည်များ ရှိပါလိမ့်မည်။ မလျော့မတင်း စောင်းကြိုးညင်း….။

စာရေးဆရာ (ဆရာ) ကျော်ဝင်း ပြောခဲ့ဖူးသည့်….
ပါတီနိုင်ငံရေးမှာ ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်မှ ရတယ်…. ဆိုတဲ့ စကားကို မှတ်မှတ် ထင်ထင် ရှိလိုက်မိပါ၏။

မင်းသေ့
ည ၈ း ၁၀
၁၈ ၊ မေ ၊ ၂၀၁၉ ။

Aung San Suu Kyi' Sketch Previous post အောင်ဆန်းစုကြည် (သို့မဟုတ်) သူ
Next post မြန်မာ့နိုင်ငံရေးလေ့လာချက်