ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့တော့ ပြောတယ်။

ဒါပေမယ့် သူကတော့ ဟိုးအရင်ကတည်းက အောင်နိုင်ခဲ့ပြီး သူ။

သူ့ကိုယ်သူ အောင်နိုင်ခဲ့ပြီးသူ။

ဆန့်ကျင်ဘက်လူတစ်စုရဲ့စိတ်တွေကို လွှမ်းမိုး အနိုင်ယူပြီးခဲ့ပြီးသူ။

AUDIO

သူ့ကို အမျိုးမျိုးတင်စားကြတယ်။ သူ့ကို ချစ်သူရှိတယ်။ မုန်းသူရှိတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ကင်းအောင် သူနေထိုင်တယ်။ သူက တခြားသူ မဟုတ်။ အိုင်းရင်းလေဒီ။ သံမဏိမိန်းမ။

သူ့ကို ဘယ်အရာတွေက ယိုင်နဲ့အောင် လုပ်နိုင်မှာလဲ။ သူကိုယ်တိုင် ဖြည့်ကျင့်ခဲ့တဲ့ ကိုယ်ကျင့်တရား ဒဿန တွေဟာ ထုလိုက် ထည်လိုက် ရှိနေပြီ။ သူဟာ ရိုးရှင်းစွာနေထိုင်တယ်။ ရိုးသားစွာ ပြုမူတယ်။ သူမှာ့ သူ့အဖေ လို ညှိ့ဓာတ်ရှိတယ်။ သူ အခုလို နိုင်ငံရေးဇာတ်ခုံပေါ်ကို အလွယ်တကူ ရောက်လာခဲ့တာ မဟုတ်ဘူး။ သူ့ဖြတ် သန်းမှုက ကြမ်းတယ်။ သူ့ဖြတ်သန်းမှုက ရှည်လျားတယ်။ သူ့လို ဘယ်သူတောင့်ခံနိုင်မှာလဲ။

တိုင်းပြည်နဲ့ လူမျိုးအတွက် သူ့ခင်ပွန်းကို ပစ်ခဲ့တယ်။ သူ့သားတွေကို ပစ်ခဲ့တယ်။ သူ့အတ္တကို ပစ်ခဲ့တယ်။ ကံအကြောင်းတိုက်ဆိုင်လို့ နိုင်ငံရေးအဝန်းအဝိုင်းထဲ ရောက်ခဲ့တယ်။ ဒါပေမယ့် သူ့မှာက မျိုးစေ့ ရှိထားပြီး သား။ ရှိမထားတဲ့ အကြောင်းတရားကို ရေလောင်းပေါင်းသင်ပေးလို့ မရဘူး။ ဘယ်လိုလုပ်လုပ် ဖြစ်မြောက်လာ မှာ မဟုတ်ဘူး။

ဒါပေမယ့် သူ့မှာ မျိုးစေ့ကောင်းရှိတယ်။ တိုင်းပြည်က နိုင်ငံရေးသမားကြီးတွေက မျိုးဆက်သစ်ကို တင်တယ်။ သူက ချက်ချင်း ရှေ့ရောက်မလာခဲ့ဘူး။ သူ့ကို တားဆီးသူတွေ ရှိတယ်။ သူ့မှာ အဟန့်အတားတွေ ရှိတယ်။ သူ့ ရှေ့သွားတွေကို ကြည့်တယ်။ သူက သင်ခန်းစာယူတယ်။ သူနေရမယ့်နေရာကို သူသိတယ်။ သူရှေ့တန်းမှာ မနေခဲ့ပါဘူး။ အစက ခပ်ရှိုရှိုပါပဲ။ သို့ပေမယ့် သူ့အစွမ်းအစက သူ့ကို ပြောင်ရောင်လာ စေတယ်။ သူ့က တောက်မည့်မီးခဲ တရဲရဲ။


သူက အဟောအပြောကောင်းတယ်။ မြန်မာပြည်သူတွေရဲ့နားနဲ့ကိုက်အောင် သူ ဟောတတ်၊ ပြောတတ်တယ်။ သူကိုယ်တိုင်က အနောက်တိုင်းပညာတတ်တစ်ယောက်။ သို့ပေမယ့် သူက ကိန်းကြီးခမ်းကြီး မဟုတ်ဘူး။ လူထု က သူ့အပြုံးမှာ ပျော်ဝင်သွားတယ်။ သူ့အပြုံးတွေက ချိုတယ်။ ရိုးသားခြင်းက လာလို့ဖြစ်မယ်။

တော်လှန်ရေးကို ဦးဆောင်တဲ့ စကားလုံးတွေကို သူ သိန်းနဲ့သန်းနဲ့ချီပြောခဲ့ဖူးပြီးပြီ။ သူ့ရဲ့အားထုတ်မှုက သာမန် မဟုတ်ဘူး။

ဒီမိုကရေစီရဲ့ အနက်ကို ကောင်းကောင်းသဘော မပေါက်ပေမယ့်၊ ဒီမိုကရေစီဆိုတာ ကူညီရာ၊ ကယ်ဆယ် ရာ ဆိုတာကို ပြည်သူက နားလည်တယ်။ ဒါ့ကြောင့် ဒီမိုကရေစီဆိုတာကို ပြည်သူက အော်ဟစ် တောင်းဆို တယ်။

သူဟာ ဒီမိုကရေစီရဲ့ သင်္ကေတဖြစ်လာတယ်။ စစ်အာဏာရှင်ကို ဖြိုဖျက်မယ့် အချက်ပြမီးဖြစ်လာတယ်။ သူ့ နဘေးမှာ နိုင်ငံရေးသမားဟောင်းကြီးတွေ ရှိတယ်။ သူ့က နည်းမှီးတယ်။ ကလန်ကဆန် မလုပ်ဘူး။ ငါတကော မကောဘူး။ တိုင်းပြည်ရဲ့ အခြေအနေကို မြင်အောင်ကြည့်တယ်။ တော်လှန်ရေး ဆိုတာ သွေးထွက် ဖို့ မသင့်ဘူး လို့ သူနားလည်တယ်။
ငြိမ်းချမ်းရေးနည်းက သူ့ရဲ့ နိုင်ငံရေးနည်းဖြစ်လာတယ်။ ငြိမ်းချမ်းရေးနည်းနဲ့ တိုက်ပွဲဝင်သူကို လက်နက်နည်း က မနိုင်ခဲ့ဘူး။ သူ့ရဲ့ နည်းနာဟာ နှလုံးသားထဲက လာတယ်။ မေတ္တာတရားက လာတယ်။ လက်ရဲဇက်ရဲနဲ့ လက်နက်ကိုင်သူတွေကို သူက စကားလုံးတွေနဲ့ပဲ ဖယ်ထုတ်ပစ်တယ်။ စကားလုံးတွေမှာ စွမ်းအားရှိတယ်။

သူ့ကို မလိုသူတွေက စွပ်စွဲမှုတွေ လုပ်တယ်။ မိန်းမလို မိန်းမရ … ပေးစားတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်တယ်။ သူကတော့ အပြုံးမပျက်။ သူလျှောက်တဲ့လမ်းကို တည့်တည့်မတ်မတ် လျှောက်ဆဲ၊ လျှောက်မြဲ။

သူ့မှာ စွမ်းအားရှိတယ်။ သူ့စွမ်းအားက ကိုယ်တွင်းကလာတယ်။ ပြင်ပအရာတွေကို အားကိုးဟန် မတူဘူး။ ယုံစားလို့မရမှန်းလည်း နားလည်ထားပုံရတယ်။ နိုင်ငံရေးဆိုတာ လူတွေနဲ့ ကစားရတာ။ သူက တခါတရံ နယ်ရုပ်ဖြစ်လို့။ သို့ပေမယ့် သူ ကျရှုံးမသွားဘူး။ သူမှာ နိုင်ငံရေးပရိယာယ်ကောင်းကောင်းရှိတယ်။ သူကိုယ် တိုင်က သိမ်မွေ့တယ်။ သူ့မျက်လုံးတွေက စူးရှလွန်းတယ်။ ဘယ်သူ အကြည့်ခံနိုင်မှာလဲ။ ရိုးသားမှုမရှိသူတွေ သူ့နဲ့ မျက်နှာချင်း ဆိုင်ရဲသလား။ တော်တော်များများကတော့ မလုံမလဲဖြစ်မယ်နဲ့ တူတယ်။

သူ့ကို သိချင်ရင် ၊ သူ့စကားတွေကို နားထောင်ကြည့်သင့်တယ်။ သူ့လုပ်ရပ်တွေဟာ အခုထက်ထိ ခိုင်ခိုင် ကျည်ကျည် ရှိနေဆဲ။ ရေရှည် ဖြောင့်မတ်မှုကို တော်ရုံလူ လုပ်နိုင်သလား။ ဘာကိုမှ မငဲ့ကွက်ဘဲ ယုံကြည်ချက် ကို မြဲမြဲ ကိုင်နိုင်သလား။ သူကတော့ လုပ်နိုင်ခဲ့တယ်။
အခု သူက နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တစ်ယောက်။ သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေ ရှိပါလိမ့်မယ်။ သို့ပေ မယ့် သူက နတ်ဘုရားမဟုတ်ဘူး။ သူက လူ။ လူထဲက လူ။ ဒါပေမယ့် သူတကာနဲ့ မတူတဲ့ လူ။

Photo Credit –

သူ့ကို ဘယ်အရာတွေက ထူးခြား၊ ခြားနားစေတာလဲ။ ကိုယ်ကျင့်တရားနဲ့ ဉာဏ်ပညာကပဲဖြစ်ပါလိမ့်မယ်။ ကိုယ့်ကျင့်တရားမှာ စံထားရတဲ့ ပုဂ္ဂိုလ်။ အာရှမှာ မိန်းမသားတွေက အရေးပါတဲ့နေရာတွေမှာ အရာရောက်လေ့ မရှိဘူး။ သို့ပေမယ့် သူကတော့ အရေးလည်းပါတယ်။ အရာလည်းရောက်တယ်။ ဖြစ်မှာပေါ့။ သူက တန်ဖိုးနဲ့လူ ကိုး။

သူဟာ လူသားဆန်ဆန် မိသားစု ဘဝမှာ နေထိုင်ခဲ့ပါတယ်။ သူဟာ အိမ်ထောင်ပြုခဲ့တယ်။ သူဟာ သားတွေကို မွေးဖွားခဲ့တယ်။ သူကိုယ်တိုင် ဗုဒ္ဓအဆုံးအမကို နှလုံးသားထဲမှာ တည်ထားတယ်။ မိခင်ကို ပြုစုစောင့်ရှောက် တယ်။ မိခင် နာမကျန်းဖြစ်လို့ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ၊ တိုင်းပြည်က သူ့ပုခုံးပေါ် တာဝန်တံပိုး တပ် ပေးကြတယ်။ သူစဉ်းစားတယ်။ တိုင်းပြည်အတွက်မို့ သူ မငြင်းဘူး။ ငြင်းလို့လည်း မဖြစ်ဘူး။ သူဟာ သမိုင်းလို အပ်ချက်အတွက် ပေါ်ပေါက်လာရတာ။ တိုင်းပြည်က သူ့ကို လိုအပ်နေတယ်။ အဲသည်အချိန်မှာ သူ့ကို တိုင်း ပြည်က လိုအပ်နေတယ်။ အလိုရှိနေတယ်။

စွန့်လွှတ်အနစ်နာခံမှုတွေဟာ ဘယ်က လာသလဲ။ စိတ်ဓာတ်ခွန်အားကြီးမြင့်သူတွေဆီက လာပါတယ်။ မြန်မာ ပြည်က သူ့ကို ရလို့ ကံကောင်းတယ်။ တော်လှန်ရေးကာလမှာ သူဟာ ဗဟိုချက်ဖြစ်ခဲ့တယ်။ သူ့ဟာ တော်လှန်ရေးအတွက် မီးပြတိုက်ဖြစ်ခဲ့တယ်။ သူ့ရဲ့ သင်္ကေတကိုကြည့်ပြီး လှုပ်ရှားရတယ်။ လှုပ်ရှားမှုတွေ ဟန်ချက်ညီညီဖြစ်ဖို့ သူနဲ့ ချိတ်ဆက်ရတယ်။ သူ့ အေးအေးလူလူ အကျဉ်းကျခံရသူ မဟုတ်ဘူး။ သူ့မှာ စိတ် ဇောပြင်းပြင်းပြပြ ရှိနေတယ်။ တိုင်းပြည်က လူတွေ ခံစားရတာဟာ သူ ခံစားရတာပဲ။ သူ့ရင်ထဲမှာ မချိတင်ကဲ ဖြစ်နေခဲ့တယ်။ သူဟာ နေအိမ်အကျယ်ချုပ်ကျနေပေမယ့် တိုင်းပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေက သူ့နား ထဲမှာ အဆက်မပြတ်ကြားနေရတယ်။ ကြားရတိုင်း သူ ခံစားနေရတယ်။ သူတို့အစား သူကိုယ်တိုင် ခံစားလိုက် ချင်ပါရဲ့လို့ ဆုတောင်းခဲ့မိမှာ။

အကျဉ်းအကျပ်တွေနဲ့ နှစ်ပါးသွားခဲ့တာ ကြာပြီ။ အခုဆို တော်လှန်ရေးက တစ်ပိုင်းတစ်စ အောင်မြင်လို့။ သို့ပေမယ့် နိုင်ငံရေးဟာ ရေရှည်။ တိုင်းပြည်ကလူတွေက သူ့အပေါ်ပဲ မှီခိုနေကြတယ်။ ဒါကတော့ မကောင်း ဘူး။ သူ့အသက် ၇၀ ကျော်ပြီ။ သူကိုယ်တိုင် အိုမင်းနေခဲ့ပြီ။ ဒါပေမယ့် အခုထိ ဇွဲသန်သန်နဲ့လျှောက်တုန်း။

သူ့မှာ အချိန်များများစားစား မကျန်ဘူး။
ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူကတော့ ဟိုးအရင်ကတည်းက အောင်နိုင်ခဲ့ပြီး သူ။ သူ့ကိုယ်သူ အောင်နိုင်ခဲ့ပြီးသူ။ ဆန့်ကျင်ဘက်လူတစ်စုရဲ့စိတ်တွေကို လွှမ်းမိုး အနိုင်ယူပြီးခဲ့ပြီးသူ။

တိုင်းပြည်အုပ်ချုပ်ရတာကို မလွယ်ပါ။ သူ့အဖို့ မလွယ်ပါ။ ဒါကို သူသိတယ်။ သူ့နဘေးမှာ ကဖျက်ယဖျက် လုပ် မယ့်သူတွေ အများကြီးရှိတယ်။ သူယုံကြည်ရတဲ့သူ နည်းနေတယ်။ သို့ပေမယ့် သူ မျှော်လင့်တယ်။ လုပ်ရပ်တွေ ဟာ အဟောသိကံဖြစ်မှာ မဟုတ်ဘူး….လို့။
တောင်ကြီးကို လုပ်ရပ်တွေနဲ့ပဲ ရွေ့ပစ်လို့ရတယ်။ လေတွေနဲ့ ရွေ့လို့ မရဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဟာ မယုံနိုင်စရာပဲ။ မြန်မာပြည်ဟာ ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းခဲ့တဲ့နိုင်ငံ…တဲ့။ ဒါကို ဗုဒ္ဓဘာသာကိုးကွယ်သူဆိုသူတွေ ကိုယ်တိုင် ညစ်ထေးမှုတွေကို ပြုမူနေတယ်။ ဒါပေမယ့် သူ မမှုဘူး။ သူလုပ်စရာ ရှိတာကို ခိုင်ခိုင်မတ်မတ် လုပ်နေရမှာပဲ။

၁၉၈၈ ခုနှစ်ကနေ အခုချိန်ထိ။ သူ့ရဲ့ နိုင်ငံရေးအပြုအမူတွေ၊ နိုင်ငံရေးနည်းနာတွေကို ကြည့်လိုက်ပါ။ သူ့မှာ နိုင်ငံရေးနည်းအရ လွဲခဲ့၊ မှားခဲ့တာ ရှိကောင်းရှိမယ်။ ဒါပေမယ့် အခုအချိန်ထိ မလွဲမမှားဘဲ ရှိခဲ့တဲ့အရာတော့ ရှိ နေတယ်။ “ကိုယ်ကျင့်တရား” “ကိုယ်ကျင့်တရား” ။


ကိုယ့်ကျင့်တရားမှာ အခုထိ သူ မမှားခဲ့ဖူးဘူး။ နောင်လည်း မှားမှာ မဟုတ်ဘူး။ သူက ကောင်းသူ သက်သက်မျှ မဟုတ်ဘူး။ တော်သူလည်း ဟုတ်တယ်။ ထူးချွန်သူလည်း ဟုတ်တယ်။ စွန့်လွှတ်အနစ်နာခံသူလည်း ဟုတ် တယ်။ အရေထူ၊ ခံနိုင်ရည်စွမ်း ပြင်းထန်သူလည်းဖြစ်တယ်။ သူ့ရဲ့စကားလုံးတွေက ထိရောက်ဆဲ၊ ပြတ်သားဆဲ …

နိုင်ငံတကာကို သူ ခြေဆန့်တယ်။ သူ့ကို ကြိုဆိုသူတွေ အမြောက်အများပဲ။ ဒါပေမယ့် သူ မြောက်မသွားဘူး။ သူက အမြဲ တည်တည်ငြိမ်ငြိမ်။ သူ့ကို ဆုတံဆိပ်တွေ ပေးတယ်။ သူ ဝမ်းသာဂုဏ်ယူကြောင်း ကြွားလုံးမထုတ် နေဘူး။ သူ့ဆီက ဆုတံဆိပ်တွေကို ပြန်သိမ်းတယ်။ သူက မမှုဘူး။ သူက တောင်းပြီး ရလာတာ မဟုတ်ဘူး။ သူက တောင်းယူသူ မဟုတ်ဘူး။ ဘယ်တော့ကမှလည်း မတောင်းခဲ့ဘူး။

သူမတောင်းဘဲ လူထုက ပေးခဲ့တာ ရှိတယ်။ ယုံကြည်မှု။ ယုံကြည်မှု။ အခုအချိန်ထိ ပြည်သူလူထုရဲ့ ယုံကြည်မှု ကို သူ ရယူပိုင်ဆိုင်ဆဲ။ သေဆုံးပြီးနောက်ပိုင်းမှာလည်း ယုံကြည်ကိုးစားမှုကို ရနေအုံးမှာပဲ။ သူဟာ ပြည်သူ့ရဲ့ ယုံကြည်မှုကို တန်ဖိုးထားတယ်။ သူ့ကို ယုံကြည်ပါလို့ တစ်ခွန်းမှ မပြောခဲ့ဖူးဘူး။ သူဟာ ယုံကြည်စေတဲ့ လုပ် ရပ်တွေနဲ့သာ သက်သေပြခဲ့တယ်။
မြန်မာပြည်မှာ သူ့လိုလူ မရှိနိုင်တော့ဘူး။

• သူက သမိုင်းအစဉ်အလာကြီးမားတဲ့ အသိုက်အဝန်းက ဆင်းသက်လာသူ။
• သူက သမိုင်းဝင်သူ။
• သူက စွန့်လွှတ်အနစ်နာခံသူ။
• သူက အမြဲပန်းပန်နေသူ။
• သူက တိုင်းပြည်အတွက် အရာအားလုံးကို စွန့်ရဲသူ။
• သူက အရေထူသူ။
• သူက စိတ်ဓာတ်စွမ်းအား ပြင်းပြထက်သန်သူ။
• သူက မိန်းမသား။
• သူက သံမဏိကြိုးမျှင်။
• သူက ကိုယ်ကျင့်တရားမှာ မြဲမြံခိုင်မာသူ။
• သူက နိုင်ငံရေးအမြော်အမြင်ရှိသူ။
• သူက ဩဇာတိက္ကမကြီးမားသူ။
• သူက ထူးချွန်ထက်မြက်သူ။
• သူက ဒီမိုကရေစီရဲ့ သင်္ကေတ။
• သူက ငြိမ်းချမ်းရေးရဲ့ အမှတ်သရုပ်။
• သူက မြန်မာပြည်ရဲ့ ရှားပါးမျိုးစိတ်။
• သူက ပြည်သူလူထုရဲ့ အချစ်တော်ခံ။
• သူက ပြည်သူလူထုရဲ့ အယုံကြည်ခံ။
• သူက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ။

မင်းသေ့
၁၁ ၊ အောက်တိုဘာ ၂၀၁၈

Writer Ju Previous post ဂျူး (သို့မဟုတ်) ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့သူ
Profile Essay Next post ဒေါက်တာခွန်ကျော်ဦး (သို့မဟုတ်) နှလုံးလှဆရာဝန်