ဖြစ်လာလတ္တံ့သော အနာဂတ်နိုင်ငံတော်သစ်မှာ၊ နိုင်ငံတည်ဆောက်ရေးသမားတွေ ခပ်များများ လိုပါတယ်။ နယ်ပယ်အသီးသီးမှာ လိုနေပါတယ်။ နယ်ပယ်အလိုက် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ အထူးလိုအပ်နေပါတယ်။ သို့သော်လည်း “စွမ်းတဲ့သူတွေ စုပေါင်းနိုင်ဖို့” တော့ လိုပါလိမ့်မယ်။ စွမ်းတဲ့သူတွေ စုပေါင်းမှ ဆောင်မှ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် တန်ဖိုး ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ “စွမ်းတဲ့သူတွေ” ပညာပြိုင်နေတာနဲ့ တိုင်းပြည်တောင် ပြန်ပျက်နိုင်ပါတယ်။ စွမ်းတဲ့သူတွေ ‘သမားစွမ်း’ ပြတာ လျော့ကြဖို့ သတိချပ်ရပါလိမ့်မယ်။

မြန်မာပြည်မှာ လူမျိုးစုအသီးသီး ရှိပါတယ်။ လူမျိုးစုတွေမှာ တိုင်းပြုပြည်ပြုချင်စိတ်ရှိသူတွေ လိုနေပါတယ်။ တိုင်း ပြည်ပြုတဲ့အခါ စေတနာတစ်ခုတည်းနဲ့ မရပါဘူး။ ဉာဏ်ပါရပါလိမ့်မယ်။ ဉာဏ်ချည်းသက်သက်နဲ့လည်း မရပါဘူး။ အမြော်အမြင် လိုအပ်ပါတယ်။ အမြော်အမြင်နဲ့လည်း မလုံလောက်ပြန်ပါဘူး။ သဘောထားကြီးမှု၊ သည်းခံမှု လိုအပ် ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက လူမျိုးစုအသီးသီးမှာ ကိုယ့်လူမျိုး ကိုယ့်ဒေသကောင်းကျိုးကို ကျေးဇူးပြု နိုင်မယ့်သူတွေ လိုအပ်ပါတယ်။ သို့သော်လည်း စွမ်းသူတွေ ဖြစ်ခြင်းကြောင့် ‘မာန’ ပြိုင်တာမျိုးတွေတော့ လျော့စေ ချင်ပါတယ်။

မြန်မာပြည်မှာက စွမ်းသူတွေ ခပ်များများ ရှိပါတယ်။ သို့သော်လည်း စွမ်းသူတွေ အချင်းချင်း စုပေါင်းဆောင်ရွက်မှု မှာ အားနည်းလွန်းလှတယ်။ ကိုယ်တတ်တဲ့ပညာစွမ်းတွေကို ထုတ်ဖော်ပြိုင်ဆိုင်နေတာနဲ့ ရှေ့မရောက်ပါဘူး။ တိုင်းပြည်တည်ဆောက်တဲ့အလုပ်ဟာ ပြိုင်ဆိုင်ပြီး လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ စုပေါင်းပြီး လုပ်ရတဲ့အလုပ်ဖြစ် ပါတယ်။ ဒါကို နားလည်စေချင်ပါတယ်၊ သတိချပ်စေချင်ပါတယ်။

  • ရှမ်းတွေအတွက် ရှမ်းနိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ရက္ခိုင်တွေအတွက် ရက္ခိုင်နိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • မွန်တွေအတွက် မွန်နိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ကရင်တွေအတွက် ကရင်နိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • တအာင်းတွေအတွက် တအာင်းနိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ကယားတွေအတွက် ကယားနိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ချင်းတွေအတွက် ချင်းနိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ကချင်တွေအတွက် ကချင်နိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ဝ-ကိုးကန့်တွေအတွက် ဝ-ကိုးကန့်နိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ပအိုဝ်းတွေအတွက် ပအိုဝ်းနိုင်ငံပြုသုခမိန်တွေ လိုတယ်။
  • ဗမာတွေအတွက် ဗမာနိုင်ငံပြုသုခမိန်တွေ လိုတယ်။ 

လူမျိုးစုအသီးသီးကို အခြေပြုပြီး နိုင်ငံကို ဝိုင်းကြဝန်းကြဖို့ ပညာတတ်တွေ အမြောက်အမြား လိုတယ်။ အဲသည့် ပညာတတ်တွေဟာ သူတော်ကောင်းလက္ခဏာနဲ့ယှဉ်တဲ့ ပညာတတ်တွေ ဖြစ်ဖို့ လိုတယ်။ ဒီလိုလူတွေဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် နိုင်ငံပြုသုခမိန်တွေ ဖြစ်ပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာ၊ အနုပညာသမား၊ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား … စသည်ဖြင့် အမြောက် အမြား ရှိနေပါတယ်။ သို့သော်လည်း တိုင်းပြုပြည်ပြုစိတ်နဲ့ လူ့အဖွဲ့အစည်းကို သိုင်းဝိုင်းတည်ဆောက်ကြဖို့ လိုပါ တယ်။

တိုင်းပြည်ကို ပြုတဲ့နေရာမှာ စွမ်းတဲ့သူတွေ စုပေါင်းနိုင်ကြဖို့ လူထုက အထူး မျှော်လင့်နေပါတယ်။ လူထုကိုယ်တိုင် က လူ့အဖွဲ့အစည်းတွင်းက အက်သံတွေကို နားမထောင်ချင်ပါ။ နိုင်ငံရေး ခန္တီတရား ရင့်ကျက်ကြဖို့ ဖြစ်ပါတယ်။ ပညာကြီးသူဟာ သဘောထားကြီးနိုင်သလို၊ သတိကြီးသူဟာ မှားပြီးသား အမှားကို ထပ်မမှားအောင် ရှောင်နိုင်ပါ တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အသစ်တွေ မဟုတ်ပါ။ အဟောင်းတွေ ဖြစ်ပါတယ်။ လူသစ်တွေက အမှားဟောင်းတွေကို ပြန်လုပ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာ အဆိုးကျော့ စက်ဝန်းထဲက မထွက်နိုင်ဖြစ်နေရပါတယ်။ ဒါကို သတိချပ်ဖို့ပါ။

လူသစ်တွေက အမှားဟောင်းတွေကို ပြန်မလုပ်မိကြဖို့ လိုပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ မျက်နှာသစ်နိုင်ငံရေးသမားတွေ ပေါ်ထွက်လာကြပါတယ်။ မျက်နှာသစ်နိုင်ငံရေးသမားတွေဟာ အတိတ်က မှားခဲ့ ဖူးတဲ့ အမှားဟောင်းတွေကို ထပ်ကျော့မလုပ်မိဖို့ လိုပါတယ်။ အဲသည့်အတွက် လေ့လာမှု၊ စူးစမ်းမှုနဲ့ သတိလိုအပ်ပါ တယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့အရာတွေ အတော်များများဟာ မဖြစ်ခဲ့ဖူးသေးဘူးဆိုတာ ရှားပါတယ်။ အရာအားလုံး လိုလိုက ကမ္ဘာကြီးမှာ ဖြစ်ဖူးပြီးသားတွေချည်းပါပဲ။ ဒါကို နားလည်ပြီး အမြင်ကျယ်ကျယ်နဲ့ ရှေ့ဆက်ကြဖို့ ဖြစ်ပါ တယ်။

နောက်တစ်ခုကတော့ အချိန်ကာလအလျှောက် ရင့်ကျက်ပြီး အဆင့်မြင့်လာကြဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးသမားအဆင့်မှာတင် ရပ်မနေဘဲ နိုင်ငံတည်ဆောက်ရေးသမားတွေ ဖြစ်လာကြဖို့။ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေကလည်း စစ်ခေါင်းဆောင်အဖြစ်မှာတင် “တစ်” မနေဘဲ၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံပြုသုခမိန်ကြီးတွေ ဖြစ်ကြဖို့။ အမြော်အမြင် ကြီးကြီးနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ရေခံမြေခံကောင်းတွေ လက်တွေ့ စီမံကြဖို့ အထူးမျှော်လင့်ပါတယ်။

ဖြစ်နိုင်ရင် လူသစ်တွေက အမှားဟောင်းတွေကို ပြန်မလုပ်ကြဖို့ အထူး သတိပြုစေလိုပါတယ်။ လက်ရှိ အဆင့်မှာ တင် ရပ်တန့်မနေဘဲ၊ တစ်ဆင့်မြင့်တဲ့ ကြီးမြင့်မှုဆီကို တက်လှမ်းကြဖို့ ဖြစ်ပါတယ်။

  • စစ်ရေးခေါင်းဆောင်မှသည် နိုင်ငံတည်ဆောက်ရေးသမားအဖြစ်သို့။
  • လူမျိုးစုခေါင်းဆောင်မှသည် နိုင်ငံပြုသုခမိန်အဖြစ်သို့။
  • နိုင်ငံရေးသမားမှသည် တိုင်းပြုပြည်ပြုသမားအဖြစ်သို့။

ကူးပြောင်းထမ်းရွက်ကြစေလိုပါတယ်။

မင်းသေ့

နံနက် ဝး ၄၉

၂၇၊ ဧပြီ၊ ၂၀၂၂။

Previous post စာမရေးဆရာ
Next post ဒီလိုလူ