• ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်နိုင်တဲ့သူ၊ လေးစားနိုင်တဲ့သူ၊ အားကိုးနိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူ ဖြစ်ဖို့ – ကောင်းတာတွေကို ကိုယ့်သဘောနဲ့ ကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကိုယ့်ဟာကိုယ် ကြိုးစားပြီးတော့ အားထုတ်ပြီးတော့ ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်နိုင်ရမယ်။ (ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇ ၊ စာ – ၃၁၀)

မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာတွေထဲက ကျနော့်အပေါ် လွှမ်းမိုးပြုပြင်ခဲ့တဲ့ ဒဿနတွေထဲက တစ်ခု ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်နိုင်တဲ့သူ …တဲ့

ကိုယ့်ကိုယ်ကို မယုံကြည်တဲ့စိတ်တွေ ကျနော် ဖြစ်ဖူးပါတယ်။ ကိုယ့်ကိုယ်ကို မယုံတဲ့သူက confidence မရှိဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းတော့ ဘာကို လုပ်လုပ် သတ္တိရှိရှိ မလုပ်နိုင်ဘူး။ ရဲရဲဝံ့ဝံ့ မလုပ်နိုင်ဘူး။ လုပ်ရင် လည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့။ မဝံ့မရဲနဲ့။ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့။ ဒီလို ဖြစ်တာ ကျနော် မကြိုက်ဘူး။ ငါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိတယ်။ များသောအားဖြင့်တော့ ကိုယ့်ကို ပစ်ပေါက် ခဲ့တဲ့ အုတ်ခဲကျိုးတွေနဲ့ပဲ၊ ကျနော်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း / မရှိခြင်းဟာ စွမ်းရည်သတ္တိနဲ့ ဆိုင်တယ်လို့ ကျနော် ထင်တယ်။ လောက်လောက်လားလား စွမ်းရည်တစ်ခုခုကို တည်ဆောက်နိုင်လေလေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တက်လေလေ ဖြစ်ပါတယ်။ နောက် မှ တွေးမိပါတယ်။ “ငါ့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေကို ကျေးဇူးတင်လိုက်တာ”။

ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့သူ…တဲ့

ကိုယ့်ကိုယ့်ကို လေးစားနိုင်ခြင်းဟာ၊ ကိုယ်ကျင့်သိက္ခာနဲ့ ဆိုင်တယ်လို့ ကျနော် ထင်တယ်။ ကိုယ့်ကိုယ်ကို လေးစား နိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့သူလည်း ဖြစ်တယ်။ ဒီနှစ်ခုက ဆက်စပ်နေတယ်လို့ ယူဆတယ်။ ကိုယ့်ကိုယ်ကို လေးစားနိုင်ဖို့ “ငါ့မှာ လောက်လောက်လားလား လေးစားထိုက်တာ ဘာရှိလဲ” လို့ ခဏ ခဏ မေးခွန်း ထုတ်ပါတယ်။ မှတ်စုစာအုပ်ထဲ စာရင်းချရေးကြည့်လို့ လက်ငါးချောင်းပြည့်အောင် လေးစားစရာအချက် မတွေ့ရင် ငါ့ရဲ့ နေထိုင်ခြင်းဟာ တန်ဖိုးမဲ့ပဲ လို့ တွက်ပါတယ်။ ငါ့ကိုယ်ငါ လေးစားနိုင်ဖို့ ဘာလုပ်ရမလဲ။ ကျနော်တွေ့တဲ့ အဖြေက self-control လို့ ထွက်ပါတယ်။ စောင့်ထိန်းခြင်းလို့ အနက်သဘောကောက်နိုင်ပါတယ်။ မလုပ်သင့် မလုပ် အပ်တာတွေကို မလုပ်ဘဲ စောင့်ထိန်းဖို့၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိဖို့။ ဒါဟာ လေးစားထိုက်တဲ့သူ ဖြစ်ခြင်း ရဲ့ အကြောင်းလို့ နားလည်ပါတယ်။

ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။ စိတ်ဟာ အမြဲတမ်းလိုလို  ကယောက်ကယက် ဖြစ်နေတာတွေ့ရတယ်။  စိတ်က တည်ငြိမ်မနေဘူး။ စိတ်က လှုပ်နေတယ်။ ငါ တည်ငြိမ်ချင်တယ်လို့ ဆန္ဒဖြစ်တဲ့ အခါ၊ မင်းစိတ်ကို ထိန်းချုပ်ပါလို့ အမိန့်ပေးတယ်။ self-control အမြင့်မားဆုံးလူဖြစ်ဖို့ အများကြီး ကြိုးစားရအုံးမယ်။

ကိုယ့်ကိုယ်ကို အားကိုးနိုင်တဲ့သူ….တဲ့။

ကိုယ့်အားကိုယ်ကိုးနိုင်ဖို့။ အမှီအခို ကင်းကင်း ရပ်တည်နိုင်ဖို့။ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်လျှောက် လှမ်းနိုင်ဖို့ အလိုအပ်ဆုံးက ဘာလဲ။ အဖြေကတော့ လုံ့လဝီရိယလို့ ထွက်ပါတယ်။ အားထုတ်မှုလို့လည်း ပြောနိုင် တယ်။ ပျင်းနေတဲ့သူက ကိုယ့်အားကိုယ်ကိုး မရပ်တည်နိုင်ဘူး။ ဝီရိယရှိရှိ လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့သူ ဖြစ်လာတယ်။ ကိုယ့်ဦးနှောက်နဲ့ ကိုယ် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတဲ့သူ ဖြစ်လာတယ်။ ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ် အသက်ရှုနိုင်တဲ့သူ ဖြစ်လာတယ်။ ငါဟာ လူပျင်းလို့ အပြောမခံရ အောင် နေထိုင်ကြိုးစားခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်တုန်းက လူကြီးသူမတွေ ဆုံးမတဲ့ စကားတစ်ခုက နားထဲ စွဲဝင်နေတယ်။ “ယောက်ျားပျင်း ကျောခင်း” တဲ့။ အိပ်မနေနဲ့ တစ်ခုခုကို ကြိုးစားလုပ်။ ဒီစကားဟာ ခေါင်းထဲမှာ ဝင်နေပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူ….တဲ့

ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူဟာ ကိုယ့်ဘဝကို ပစ်စလက်ခတ် မထားဘူးလို့ ကျနော် ယုံကြည်တယ်။ လူမှာ ဦးနှောက်ပါလာပေမယ့် ဦးနှောက်ကို မသုံးဘူး။ ပစ်ထားတယ်။ ဟာသ တစ်ခု ကြားဖူးတယ်။ ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံး ဦးနှောက်ဟာ မြန်မာတွေရဲ့ ဦးနှောက်ပဲ…တဲ့။ သေသည်အထိ တန်ဖိုး ရှိသတဲ့။ ဘာလို့လဲဆိုတော့ သေတဲ့အထိ ဦးနှောက်က မသုံးရသေးဘူး။ အသစ် စက်စက်ပဲ ရှိနေသေးလို့တဲ့။ “မင်းဦးနှောက်က အသစ်ကြီးပါ့ လား” လို့ ပြောရင် ရယ်ကျဲကျဲ မလုပ်ပါနဲ့။

ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူဟာ သူ့ရဲ့ အတွေးအခေါ်ကို ချွန်မြအောင် အမြဲ လုပ်နေတယ်။ သူပြောတဲ့ စကား ကို လက်လွှတ်စပယ် မပြောဘူး။ သေချာ ချင့်ချိန်ပြီးမှ စဉ်းစားပြီးမှ ပြောတယ်။ ပြောမယ်ဆိုရင်လည်း သေချာ လေ့လာပြီးမှ ပြောတယ်။ သူ့ခေါင်းထဲက အသိဗဟုသုတကို အပေါ်ယံပဲ မထားဘူး။ ဂဃနဏ သိအောင်လုပ်တယ်။ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိအောင် လုပ်တယ်။ ပညာသင်ရင်လည်း ဘွဲ့ဒီဂရီရရုံ မသင်ဘူး။ တကယ် တတ်အောင် သင်တယ်။ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားသလို၊ ကလျာဏမိတ္တကို ရှာဖွေပြီး တန်ဖိုးထား ပေါင်းသင်းတယ်။ အလုပ်လုပ် တဲ့အခါမှာလည်း ပြီးစလွယ် မလုပ်ဘူး။ ပြီးပြီးရော မလုပ်ဘူး။ လုပ်ချင်တဲ့အလုပ်၊ လုပ်ရမယ့် အလုပ်ကို သေချာ ရွေးတယ်။ ရွေးချယ်ဆုံးဖြတ်ပြီးတဲ့အလုပ်ကို အဖြစ်ရှိအောင် ပြီးမြောက်အောင် သေချာ လုပ်တယ်။ စာအုပ်ဖတ်ရင် တောင်မှ၊ ဒီစာအုပ်ဟာ ငါ့ ဦးနှောက်နဲ့ ငါ့နှလုံးသားကို ဘယ်လောက် ကျယ်ပြန့်လာစေမလဲဆိုတာ ဆန်းစစ်ပြီးမှ ဖတ်တယ်။

  • ငါ့ဦးနှောက်နဲ့ ငါ့နှလုံးသားကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်တဲ့ စာတွေကို မဖတ်ဘူး။
  • ငါ့ဦးနှောက်နဲ့ ငါ့နှလုံးသားကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်တဲ့ အလုပ်တွေကို မလုပ်ဘူး။
  • ငါ့ဦးနှောက်နဲ့ ငါ့နှလုံးသားကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်တဲ့ လူတွေနဲ့ မပေါင်းဘူး။
  • ငါ့ဦးနှောက်နဲ့ ငါ့နှလုံးသားကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်တဲ့ ဝန်းကျင်မှာ မနေဘူး။

မင်းသေ့

နံနက် ၉း၂၇

၃၀၊ ဧပြီ၊ ၂၀၂၂။

Previous post နိုင်ငံပြုသုခမိန်များ အလိုရှိသည်
Next post တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း