စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။

နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ

နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ် တွေကို ခြုံငုံနားလည်တတ်တဲ့ ဉာဏ်ရှိရမယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်းနဲ့ နီးကပ်တဲ့ ဆက်ဆံ ရေးရှိတဲ့ နိုင်ငံတကာနိုင်ငံရေး အခင်းအကျင်းကို အကြမ်းဖျင်းနားလည် သဘောပေါက်ထားရမယ်။ ပညာရှင်တွေရဲ့ သဘောထားအမြင်နဲ့ လက်တွေ့ကွင်းပြင်ထဲမှာ ကျင်လည်နေတဲ့ နိုင်ငံရေးသတ္တဝါတွေရဲ့သဘောထားအမြင်တွေကို အကဲခတ်နိုင်ရမယ်။ မှန်းဆနိုင်ရမယ်….။ ….စသည်ဖြင့် အများကြီး ရှိနိုင်ပါတယ်။ ဒါကတော့ သိပ် ထူးထွေ ပြောစရာ မလိုတဲ့ ကိစ္စပါ။ ဒါပေမယ့် နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ၊ “သာမန်ဗဟုသုတရရုံလောက်” ဖတ်ကြဖို့တင် ရည်ရွယ်တာ မဟုတ်ဘဲနဲ့၊ အဲသည့်ထက် ပိုတဲ့ ရည်ရွက်ချက်ရှိရင်တော့ အခု ပြောခဲ့တာတွေနဲ့တင် မလုံလောက်တော့ဘူးလို့ ကျနော် ထင်တယ်။

အဲသည့်အတွက် သီးသီးသန့်သန့် ရှိထားရမယ့် အလေ့အကျင့် တစ်ခု ရှိနေပါတယ်။

ခေတ်ရဲ့ ကြေးမုံပြင်

အထူးသဖြင့် ကိုယ်ရေးတဲ့နိုင်ငံရေးဆောင်းပါးတွေဟာ သူများတွေ ရေးသားထားတာတွေကို ပြန်ပြောင်းပြောပြ တယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျနော် နိုင်ငံရေးဆောင်းပါးတွေကို ရေးတဲ့အခါ၊ လက်တွေ့နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ရေးလေ့ရှိပါတယ်။ လက်တွေ့ဖြစ်ရပ်တွေကို ထင်ဟပ်တာမျိုးကို လိုချင်တယ်။ စာအုပ်တွေ ဖတ်ပြီး ထင်ရာ မြင်ရာ စွတ်ပြောနေ၊ ရေးနေတာမျိုး မလိုချင်ဘူး။ “စာပေဆိုတာ ခေတ်ရဲ့ ကြေးမုံပြင်” လို့ ပြောကြတယ် မဟုတ်လား။ ဒီတော့ ခေတ်ကို ထင်ဟပ်တဲ့ နိုင်ငံရေးဆောင်းပါးမျိုးတွေပဲ ကျနော် ရေးချင်ပါ တယ်။ ဒီလို ဖြစ်အောင် အမြဲတမ်း အားထုတ်တယ်။

နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ လိုအပ်တာတွေ ခပ်များများ ရှိပေမယ့်၊ အလိုအပ်ဆုံးသော တစ်ခုကို ပြောပါ ဆိုရင် ခင်ဗျား ဘာလို့ ပြောမလဲ။ ကျနော့်အတွက် အဖြေရှိပါတယ်။ ကျနော့်မှာ အဖြေရှိပါတယ်။

အဲသည့်အဖြေကတော့ —-

  • နားထောင်နိုင်စွမ်း ဖြစ်ပါတယ်။

ဖိုးပြောချင် မလုပ်နဲ့

စာရေးဆရာတော်တော်များများက ဖိုးပြောချင်တွေ ဖြစ်ကြတာများတယ်။ နှုတ်နည်းတဲ့ စာရေးဆရာတွေလည်း ရှိပါတယ်။ သို့သော်လည်း သူတို့ သဘောခွေ့တဲ့သူနဲ့ သူတို့ အာတွေ့တဲ့အကြောင်းအရာကို ​ပြောဖြစ်ကြရင်တော့ ခရားရေလွှတ် တတွတ်တွတ်နဲ့ စကားတွေ ဖောင်ဖွဲ့ ပြောတတ်ကြတယ်။ အဲသည်လို ပြောတဲ့အခါ၊ တစ်ဖက်လူက တိုးမပေါက်နိုင်လောက်အောင်ကို ဖြစ်ပြီး စကားဝိုင်းဟာ စာရေးဆရာရဲ့ ဟောပြောပွဲလို ဖြစ်သွားတတ်တယ်။ စာရေးဆရာတွေဟာ သူတို့ ခံတွင်းလိုက်ရင် လိုက်သလို စကားတွေကို အများကြီး ပြောတတ်တဲ့အကျင့် ရှိကြတယ်။ ဒါပေမယ့် …. တစ်ခုတော့ လိုအပ်ပါတယ်။

ဖိုးနားထောင် လုပ်

  • စာရေးဆရာတစ်ယောက် (အထူးသဖြင့်) နိုင်ငံရေးဆောင်းပါးတွေကို ရေးတဲ့စာရေးဆရာတစ်ယောက်ဟာ ဘယ်အချိန်မှာ နားထောင်သူသက်သက်သာ ဖြစ်နေရမယ် ဆိုတာ သိရမယ်၊ နားလည်ရမယ်။ အထူးသဖြင့် လက်တွေ့ကျတဲ့ နိုင်ငံရေးဝေဖန်ချက်၊ သုံးသပ်ချက်ဆောင်းပါးတွေကို ရေးနိုင်ဖို့ ကိုယ့်ရဲ့ နားထောင်နိုင်စွမ်း ကို အမြင့်ဆုံး မြှင့်မှ ရလိမ့်မယ်။ နေရတကာမှာ ဖိုးပြောချင်ဖြစ်နေရုံနဲ့ ရှုပ်ထွေးပြီး ကျယ်ပြန့်နက်နဲလှတဲ့ နိုင်ငံရေးအခင်းအကျင်းကို ကောင်းကောင်း နားလည်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒီလို နားလည်နိုင်ဖို့အတွက် နားထောင်တတ်သူ၊ နားထောင်နိုင်သူ ဖြစ်ကို ဖြစ်မှ ရမယ်လို့ ကျနော် ယူဆတယ်။

လူတွေဆီက နှိုက်ထုတ်သင်ယူ

စာအုပ်ထဲက မပါတဲ့အကြောင်းအရာတွေကို သိနားလည်ဖို့ လိုပါတယ်။ အဲသည့်အတွက် နားထောင်နိုင်မှုကို မြှင့်မှ ရမယ်။ လက်တွေ့ဖြစ်ရပ်တွေကို သိနားလည်ဖို့နဲ့ စာအုပ်တွေထက် ကျော်လွန် သိနားလည်ဖို့အတွက် လူတွေဆီက လေ့လာဖို့ လိုတယ်။ လူတွေဆီမှာ စာအုပ်ထဲမှာ မပါတဲ့ သတင်းတွေ၊ အချက်အလက်တွေ၊ သဘောထားအမြင်တွေ ရှိနေတတ်တယ်။ အထူးသဖြင့် ကိုယ့်ထက် အတွေ့အကြုံရင့်ကျက်တဲ့သူ၊ ကိုယ့်ထက် အတွေ့အကြုံများပြားတဲ့သူ၊ ကိုယ့်ထက် ဝါရင့်တဲ့သူ၊ ကိုယ့်ထက် ဖြတ်သန်းမှု များတဲ့သူတွေဆီက များများနားထောင်တတ်ဖို့ လိုပါတယ်။

စာသမားအတော်များများဟာ လူတွေနဲ့ တွေ့ရင် ကိုယ်က အရင်ပြောလိုက်မဟဲ့…. ဆိုတာမျိုး၊ ကိုယ်က အရင် ဩဝါဒ ခြွေလိုက်မဟဲ့…. ဆိုတာမျိုး၊ ကိုယ့်ရဲ့ ဟောပြောချက်ကို ဒီလူတွေ နားထောင်ရမယ်… ဆိုတာမျိုး လုပ်တတ် ကြတယ်။ ကျောင်းဆရာဟာ လူတွေနဲ့တွေ့ရင် အားလုံးကို သူ့တပည့်တွေလို့ ထင်တတ်သလို၊ ဘုန်းကြီးတွေက လည်း လူတွေနဲ့ တွေ့ရင် အားလုံးကို သူ့ ဒကာ – ဒကာမတွေလို့ ထင်နေတတ်ပါတယ်။ စာရေးဆရာတွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ငါဟာ ဘာကောင်မှန်းသိအောင် ပြလိုက်မဟဲ့…ဆိုတဲ့ သမားဂုဏ်ပြ ဟန်ပန်မျိုး ၊ အပြုအမူမျိုး လုပ်တတ်ကြပါတယ်။

စာမရေးဆရာ

နိုင်ငံရေးစာရေးတဲ့သူမှ မဟုတ်ပါဘူး။ စာရေးဆရာအားလုံးလိုလိုဟာ နားထောင်တတ်တဲ့ စွမ်းရည် မြင့်မြင့်မားမား ရှိရမယ်လို့ ယူဆပါတယ်။ စာရေးဆရာအတော်များများဟာ နားထောင်နိုင်တဲ့စွမ်းရည်ထက် ဟောပြောနိုင်တဲ့ စွမ်းရည်ကို ပိုလိုချင်ကြတယ်၊ ပိုလိုလားကြတယ်။ တကယ်လိုနေတာက နားထောင်နိုင်စွမ်းပါ။ စာရေးဆရာ တစ်ယောက်ဟာ နားထောင်နိုင်စွမ်းထက် ပြောဟောနိုင်စွမ်းကို ပိုဇောင်းပေးနေပြီဆိုရင်တော့ အဲဒါ စာရေးဆရာ မဟုတ်တာ့ဘူး၊ စာပြောဆရာ ဖြစ်သွားပြီ။

ဒီခေတ်မှာတော့ ယခင်က ရှိခဲ့တဲ့ စာပြောဆရာတွေ အာဏာသိမ်းကာလမို့၊ စာပြောဆရာ မလုပ်နိုင်တော့တဲ့အပြင် စာမရေးဆရာဘဝကိုပါ ရောက်သွားကြပြီ။

မင်းသေ့

ည ၇း၂၇

၂၂၊ ဧပြီ၊ ၂၀၂၂။

Previous post ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဗျူဟာ
Next post နိုင်ငံပြုသုခမိန်များ အလိုရှိသည်