ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ

လက်ရှိ ပစ္စုပ္ပန်အတွက် ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ပြိုလဲပြီလားလို့ မေးခွန်းထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်စွဲအားကြီးတဲ့ ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ကြီးစိုးနေတာ မဆန်းပါဘူး။ ယခင်ကလည်း ကြီးစိုးတယ်။ ယခုလည်း ကြီးစိုးတယ်။ မဟာခေါင်းဆောင်ကြီးဝါဒ နောက်ကွယ်မှာ၊ ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ အများကြိုက် (တနည်း) လူပိန်းကြိုက်ဝါဒ ရှိနေတတ်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် လို့၊ မြန်မာစကားမှာ ရှိတယ်။ ဒါ့ကြောင့် တရားကို ဖြန့်ဖို့၊ ပုဂ္ဂိုလ်ကို အရင်တည်ဆောက် ဆိုတာမျိုးဟာ သမားရိုးကျ လုပ်ရိုးလုပ်စဉ် နည်းနာလို ဖြစ်လာတယ်။

ပုဂ္ဂိုလ်က ခြယ်လှယ်လာ

တရားနဲ့ လူ့အဖွဲ့အစည်းကြားမှာ ရှိတဲ့ ယုံကြည်မှုကို၊ ပုဂ္ဂိုလ်က ခြယ်လှယ်တာမျိုးဖြစ်လာတယ်။ ဒီတော့ ပုဂ္ဂိုလ်ကို ယုံရမလား၊ တရားကို ယုံရမလား ဆိုတာ ဖြစ်လာတယ်။ ဒါပေမယ့် လူပိန်းကြိုက်ဝါဒနဲ့ ဆွဲဆောင်ထားတဲ့အခါ၊ လူအများစုဟာ တရားကို မမြင်ဘူး။ ပုဂ္ဂိုလ်ကိုသာ မြင်တယ်။ ပုဂ္ဂိုလ်နောက်ကိုသာ လိုက်တယ်။ ဒီလိုနဲ့ တရားဟာ ပျက်သုဉ်းပြီး ပုဂ္ဂိုလ်ဟာ အခရာဖြစ်လာတယ်၊ ပုဂ္ဂိုလ်ဟာ ဗဟိုဖြစ်လာတယ်။ နောက်ဆုံးမှာ အဲသည့် လူပုဂ္ဂိုလ် ကိုယ်တိုင်က တရားကို သူလိုသလို ပုံသွင်းလာတော့တယ်။ ဒီလိုနဲ့ အများကြိုက် ပေါ်ပြူလာဝါဒနောက်မှာ၊ မဟာခေါင်းဆောင်ကြီးဝါဒဟာ သက်ဆိုးရှည်လာတယ်။

တရားထက် ပုဂ္ဂိုလ်သာ အခရာ

မဟာခေါင်းဆောင်ကြီးရဲ့ နှုတ်ထွက်စကားမှသာ တရားဖြစ်တယ်။ မဟာခေါင်းဆောင်ကြီးရဲ့ နှုတ်က မထွက်တဲ့ စကားဟာ တရားမဟုတ်ဘူးလို့ လူအများက အထင်ရောက်လာတယ်။ လူတွေဟာ တရားကို ဆန်းစစ်တဲ့နေရာမှာ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်ရှုမြင်တာမျိုး မလုပ်ဘဲ၊ ပုဂ္ဂလဓိဋ္ဌာန်သာ ဗဟိုပြုချည်းကပ်ကြတော့တယ်။ ဒီလိုနဲ့ တရားထက် ပုဂ္ဂိုလ်က ရှေ့ရောက်လာတယ်။ ဒါဟာ မဟာခေါင်းဆောင်ကြီးဝါဒ ခိုင်မြဲနေခြင်းရဲ့ အဓိက အချက် တွေထဲက တစ်ချက်ဖြစ်ပါတယ်။

ထိုနည်းလည်းကောင်း မဟာခေါင်းဆောင်ဝါဒကို ထူထောင်သူတွေကိုယ်၌က၊ လူအများ ထောက်ခံမှုကို လိုလား တယ်။ လူအများ နှစ်သက်သဘောကျမှုကို လိုလားတယ်။ လူများယုံကြည်လေးစားမှုကို တည်ဆောက်ဖို့အတွက်၊ တစ်ဖက်မှာ ရုပ်ပြလှရမယ်။ တစ်ဖက်မှာလည်း ယုတ္တိမှားတချို့ကို သွတ်သွင်းဝါဒဖြန့်ချိထားရတယ်။ တစ်ဖက်မှာ လည်း၊ မဟာခေါင်းဆောင်ကြီးရဲ့ ထာဝရ နောက်လိုက် ဘက်တော်သားတွေကို မွေးမြူထားရတယ်။ ဒီလိုနဲ့ လူ့အဖွဲ့ အစည်းထဲမှာ သူတို့ အင်အားကို တည်ဆောက်တယ်။ မဟာခေါင်းဆောင်ကြီးဝါဒနဲ့ ယှဉ်တွဲဖြစ်တည်နေတာက တော့ group think လို့ခေါ်တဲ့ အုပ်စုဝါဒကြီးရှိတယ်။ လူများရင် အုပ်စုများရင် ထာဝရ အမှန်ပဲ ဖြစ်တယ်။ မှန်ခြင်း မှားခြင်းကို လူများခြင်း / နည်းခြင်းနဲ့သာ တိုင်းတာ အကဲဖြတ်တဲ့ ပုံစံ။

လူအုပ်ကြီးနဲ့ ဖိ

တစ်ဖက်မှာလည်း ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ လူပိန်းကြိုက်ဝါဒကို ထူထောင်ထားမှသာ၊ အုပ်စုဝါဒကို တောင့်တင်း အောင် လုပ်ထားနိုင်တယ်။ အများသဘော အမှားပေါတယ်ဆိုပေမယ့်၊ အများထောက်ခံရင် အမှန်ပဲလို့ ယူဆအောင် လူတွေကို ပိန်းခိုင်းထားလိုက်တယ်။ လူ့အဖွဲ့အစည်းထဲမှာ ဝေဖန်စောကြောမှုကို လုပ်ရင် လူအုပ်နဲ့ ဖိမယ်။ အအုပ် အသင်းနဲ့ ဝိုင်းဖိတဲ့ ဓလေ့ကို သွတ်သွင်းတည်ဆောက်ထားလိုက်တယ်။ ဒီလို့ မဟာခေါင်းဆောင်ကြီးလည်း သက်ဆိုးရှည်တယ်။

မဟာခေါင်းဆောင်ကြီးကို ကိုးကွယ်ဆည်းကပ်တဲ့ ဓလေ့ဟာ ဗမာ့လူ့အဖွဲ့အစည်းထဲမှာ ယခင်ကလည်း ကိန်းဝပ် နေတယ်။ ယခုလည်း ကိန်းဝပ်တည်ရှိနေဆဲဖြစ်တယ်။ လူအများစုဟာ တစ်ဦးချင်းတန်ဖိုးထက် အအုပ်အသင်းရဲ့ တန်ဖိုးကို ပိုတွက်ကြတယ်။ တစ်ဖက်မှာလည်း တစ်ဦးတစ်ယောက်က ချွန်ထွက်လာပြီဆိုရင် ရှိခိုး ဝပ်တွားဖို့ ဝန်မလေးသလို၊ အားကိုးမျှော်လင့်ဖို့လည်း ဝန်မလေးဘူး။ ဒီလိုနဲ့ သူရဲကောင်းဝါဒကလည်း လူ့အဖွဲ့အစည်းထဲမှာ ထိပ်တက်လာတယ်။

သူရဲကောင်းတွေ သိပ်များနေလား

သူရဲကောင်းလုပ်ချင်သူတွေများတဲ့ တိုင်းပြည်ဟာ ကံဆိုးတတ်သတဲ့။ သူရဲကောင်းဖြစ်ချင်သူတွေ မများပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပြီ။ မဟာခေါင်းဆောင်ကြီးဝါဒကလည်း သူရဲကောင်းဝါဒနဲ့ ဆက်စပ်တယ် မဟုတ်လား။ ဗမာ့လူ့အဖွဲ့အစည်းထဲမှာတော့ အဲသည့်ထက် ပိုဆိုးတယ်။

ဗမာလူ့အဖွဲ့အစည်းထဲမှာ …..

  • သူရဲကောင်းဝါဒလည်း ရှိတယ်၊
  • သူတော်ကောင်းဝါဒလည်း ရှိတယ်၊
  • မဟာခေါင်းဆောင်ကြီးဝါဒလည်း ရှိတယ်၊
  • မဟာလူမျိုးကြီးဝါဒလည်း ရှိတယ်၊
  • မဟာအုပ်စုကြီးဝါဒလည်း ရှိတယ်၊

ဒီတော့ မြန်မာပြည်လောက် ကံထူးတာ ရှိသလားလို့ ပြောရမလား၊ သို့တည်းမဟုတ်၊ မြန်မာပြည်လောက် ကံဆိုးတာ ရှိအုံးမလားလို့ မေးရမလို ဖြစ်နေပြီ။

စဉ်းစားချင့်ချိန်တွေးခေါ်ကြပါကုန်…။

မင်းသေ့

ည ၈း၁၆

၁၆၊ မတ်၊ ၂၀၂၂။

Previous post နိုင်ငံရေးသံဝေဂ
Next post သီချင်းထဲက ဒဿန