အသက် (၂၀) ကျော်၊ လူငယ်ဘဝမှာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ထိစပ်ဖို့ အကြောင်း ဖန်လာခဲ့တယ်။ ကျနော်ဟာ ပါတီဝင်နိုင်ငံရေးသမား မဟုတ်ပေမယ့်၊ ပါတီနိုင်ငံရေးနဲ့ ထိထိစပ်စပ်၊ ပူးပူးကပ်ကပ်ရှိလွန်း လှတယ်လို့ ပြောနိုင်တယ်။ တစ်ဖက်မှာလည်း ကွန်မြူနတီအလုပ်မှာဝင်ရောက် ခြေဆန့်ရင်း၊ ဆက်နွှယ်တဲ့ အလုပ်တွေကို ခပ်များများ လုပ်ခဲ့တယ်။ ကွန်မြူနတီထဲမှာ အများဆုံးလုပ်ဖြစ်ခဲ့တာက တော့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးစာသင်တဲ့ ကျောင်းဆရာ အလုပ် ဖြစ်ပါတယ်။ ကျနော် ဒီနယ်ထဲ စဝင်လာတော့ ၂၀၁၂ ခုနှစ်၊ နိုင်ငံရေးဖြေလျော့မှုတွေ ခပ်များများ ဆက်တိုက်လိုလို လုပ်လာခဲ့တဲ့အချိန်။ ၂၀၁၃ လောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ခပ်များများ လွတ်လာတယ်။ အဲသည့်အထဲမှာ နာမည်ကြီး နိုင်ငံရေးသမားတွေလည်း ခပ်များများ ပါတယ်။

  • နိုင်ငံရေးဖြေလျော့မှုနဲ့လည်း ကြုံချိန်၊
  • နိုင်ငံတကာအသိုက်အဝန်းကလည်း ပြည်တွင်းထဲ ပြန်တိုးလာခွင့်ရချိန်၊
  • နိုင်ငံရေးပွင့်လင်းမှု တစ်စုံတစ်ရာလည်း ရချိန်၊
  • နိုင်ငံရေးသမားတွေလည်း လွတ်မြောက်ချိန်ဆိုတော့၊
  • နိုင်ငံရေးမှာ Demand side လည်း အားကြီးလာချိန်၊

နိုင်ငံရေးသမားတွေဟာ၊ ၂၀၁၃ – ၁၄ နောက်ပိုင်းမှာ အတော်ကြီး မျက်နှာပွင့်ကြတယ်။ သူတို့ကို ယခင်က လူထုက ပေါ်ပေါ်ထင်ထင် အားပေးခွင့်မရတာတွေဟာ၊ အတိုးချပြီး အားပေးခွင့်ရသလို ဖြစ်ခဲ့တယ်။ ထောင်ကထွက်လာတဲ့ နိုင်ငံရေးသမားတွေဟာ၊ လွတ်လွတ်လပ်လပ်လည်း လှုပ်ရှားခွင့် ပြန်ရလာသလို၊ လူထုနဲ့လည်း နီးနီးကပ်ကပ် ထိစပ်ခွင့်ရလာခဲ့တယ်။ ထောင်ထဲမှာ ဂူအောင်းသိုင်းကျင့်ပြီး ထွက်လာတဲ့ နိုင်ငံရေးအတွေးအခေါ်တွေလည်း ကျနော်တို့ ကြားခွင့်ရလာခဲ့တယ်။ စင်ပေါ်တက်ခွင့်ရတဲ့ နိုင်ငံရေး သမားတွေဆိုရင်၊ စင်အောက်က လူထုကို လက်ခုပ်သံ တဖြောင်းဖြောင်း ခြွေနိုင်ခွင့် ရခဲ့တဲ့အချိန်ပေါ့။ တချို့လည်း လက်ခုပ်သံ မခြွေကြပါဘူး။ စဉ်းစားစရာ အတွေးနက်နက်တွေကို ချပြ ဟောပြောခွင့်ရခဲ့တဲ့ အချိန်။

ကြွေခဲ့ ခိုက်ခဲ့

အဲသည့်အချိန်မှာ ကျနော်လည်း နိုင်ငံရေးသမားတွေရဲ့ ဟောပြောချက်နဲ့ ဆွေးနွေးချက်​တွေကို ကြွေခဲ့ပါ တယ်။ ခိုက်တယ်လို့ ပြောရင် ပိုမှန်မပေါ့။ ဒီတော့ သူတို့အပေါ်လည်း အထင်ကြီးလေးစားစိတ် ဖြစ်မိတယ်။ အဲသည့်အချိန်မှာ၊ ကျနော်ဟာ စာရေးဆရာဖြစ်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလ ဖြစ်ပေမယ့်၊ ကျနော့်ကို နိုင်ငံရေးဘက်က ဆွယ်ခဲ့တယ်။ ကျနော်ဟာ နိုင်ငံရေးသမား ဖြစ်ချင်စိတ် ပေါက်ခဲ့တယ်။ ဒါပေမယ့် ကျနော် တွန့်ဆုတ်နေတယ်၊ တုံ့ဆိုင်းနေတယ်။ နိုင်ငံရေးသမားစရိုက်နဲ့ ငါ့စရိုက် ဟာ တကယ်ကိုက်ညီရဲ့လားဆိုတာကို မေးခွန်း အထပ်ထပ် မေးခဲ့တယ်။ ကျနော် ကိုယ်တိုင် နိုင်ငံရေး ဘက် ယိမ်းတာ အားကြီးခဲ့ကြောင်း ဝန်ခံပါတယ်။ ဒါ့ကြောင့်လည်း စာရေးတဲ့အခါ၊ နိုင်ငံရေးကနေ မလွတ်နိုင်ဘဲ ကျနော် စာတွေ အများကြီး ရေးလာခဲ့မိတယ်။ ဒါပေမယ့် ကျနော် နိုင်ငံရေးသမား ဖြစ်မလာ ခဲ့ပါ။ တိတိကျကျ ပြောရရင်၊ ပါတီနိုင်ငံရေးသမား ဖြစ်မလာခဲ့ပါ။ ဘာလို့လဲဆိုတော့၊ ကျနော့် နဂိုမူလ ဗီဇ ဓာတ်ခံရဲ့ အခြေခံသဘောကြောင့် ဖြစ်ပါလိမ့်မယ်။

အားကျစိတ် ဖြစ်ခဲ့

လူထုထောက်ခံအားပေးပြီး၊ လူထုက အကျကြီး ကျနေတဲ့ နိုင်ငံရေးသမားတွေကို တွေ့ရ ကြုံရရင်တော့ ကျနော်ဟာ သူတို့ကို အားကျမိခဲ့ပါတယ်။ လူ့အတ္တစိတ်သဘောဟာ၊ ကိုယ့်ကို လူအများ အားပေးတာ၊ ချီးမြှောက်တာ၊ နေရာပေးတာ၊ ရှေ့တန်းတင်တာမျိုးကို သဘောကျပါတယ်။ ကျနော်လည်း လူထဲက လူတစ်ယောက်ဖြစ်တာမို့၊ ဒီလို အားပေးတာတွေ၊ ချီးကျူးတာတွေ၊ အားကျခံရတာတွေ၊ နေရာပေး၊ ရှေ့တန်းတင် ဆက်ဆံခံရတာမျိုးတွေကို သဘောကျပါတယ်။ ဒီအားကျစိတ်ဟာ ကျနော့်ကို နိုင်ငံရေး ဘက်ကို ဆွဲခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ အဲသည့်လို စိတ်ဖြစ်တိုင်း၊ မေးခွန်း နာနာ မေးခဲ့ပါတယ်။

  • (၁) အာဏာနိုင်ငံရေးကို မင်း တကယ် လုပ်မှာလား။
  • (၂) မင်း တကယ် အာဏာရဖို့ ရည်ရွယ်သလား။
  • (၃) အာဏာ ရဖို့ တွန်းတိုက်ရတာတွေ ရှိရင် မင်း လုပ်မှာလား။
  • (၄) မင်း မယုံကြည်သော်လည်း အာဏာရဖို့၊ လူထုထောက်ခံဖို့ ဆိုရင် မင်း ဒါကို ပြောနိုင် လုပ်နိုင်သလား။

နံပါတ် (၁) နဲ့ (၂) ကို မေးတဲ့အခါ၊ ကျနော် ဝေဝါးခဲ့ပါတယ်။ သို့သော်လည်း နံပါတ် (၃) နဲ့ (၄) မေးခွန်းကို မေးမိတဲ့အခါမှာတော့၊ ကျနော့် အဖြေက ပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ အဖြေကတော့ “ဟင့်အင်း” ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။

ကျနော့် အယူအဆ

ကိုယ် မြင်တာ၊ ကိုယ်တွေ့တာ၊ ကိုယ် ယုံကြည်တာအတွက် တွန်းချင် တွန်းမယ်၊ တိုက်ချင် တိုက်မယ်၊ ရာထူးတစ်ခုအတွက် အာဏာတစ်ခုအတွက် ရည်ရွယ်ပြီး တွန်းရ တိုက်ရ တာကို ကျနော် လုံးဝ မလုပ်ချင်။ လုပ်ရင်လည်း ကျနော့် စိတ်က မလုံဘူး။ ကျနော့် စိတ်မှာ မသတီဘူးလို့ ပြောရင် ပိုမှန်မယ်။ စိတ် က မသန့်ဘူး။ ကိုယ့်စိတ်ထဲမှာ မသိုးမသန့် ဖြစ်နေတာမျိုး ကျနော် မကြိုက်ဘူး။ နောက်တစ်ခုက အာဏာ အတွက်သော်လည်းကောင်း၊ လူထုထောက်ခံဖို့အတွက် သော်လည်းကောင်း ကိုယ် မယုံကြည်တာ ကိုယ် ရဲရဲဝံ့ဝံ့ ပြောနိုင်သလားဆိုတော့ ကျနော် မပြောနိုင်ဘူး။ မပြောချင်ဘူး၊  ပြောချင်စိတ် မရှိဘူး လို့ ပြောရင် ပိုမှန်မယ်။

ဒီလို စိတ်နဲ့ နိုင်ငံရေးသမားဖြစ်ခဲ့ရင်တောင်၊ “လူကြိုက်နည်းတဲ့ နိုင်ငံရေးသမား” “လူမုန်းများတဲ့ နိုင်ငံရေးသမား” ပဲ ဖြစ်မယ်။ ပါတီထဲဝင်ရင်လည်း ပါတီမှာ ချောင်ထိုးခံရမယ်၊ သို့မဟုတ် ရန်သူများမယ်။ သစ္စာဖောက် စာရင်း အသွင်းခံရမယ်၊ ကလန်တယ်လို့ အပြောခံရမယ်၊ လူကြီးကြိုက်မှာတော့ မဟုတ်ဘူး။ လူထုနဲ့ ဆက်ဆံရင်လည်း လူပိန်းကြိုက်ပြောရမှာ ဝန်လေးလို့၊ လူအများ သိပ်ထောက်ခံမှု ရဖို့ မလွယ် ဘူး။ ဒီတော့ ကျနော်ဟာ နိုင်ငံရေးသမား မဖြစ်ဘဲ၊ စာရေးဆရာ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် စာရေးဆရာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် လက်ခုပ်သံတွေက ပေးတဲ့ ဘေးဒုက္ခတော့ မကင်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားထက်စာရင် စာရေးဆရာက တော်သေးတယ်လို့ ထင်တယ်။

တချို့ တချို့တွေ

တချိန်က ကျနော် အထင်ကြီး အားကျခဲ့ရတဲ့ နိုင်ငံရေးသမားတွေထဲမှာ၊ လူပိန်းကြိုက်ပဲ ပြောပြီး လူထု နောက်မြီးဆွဲဖြစ်နေတဲ့ နိုင်ငံရေးသမားတွေကိုလည်း တွေ့ခဲ့ပါတယ်။ အဲသည့်အထဲမှာ လူပိန်းကြိုက် မဟုတ်ပေမယ့်၊ ကိုယ်ယုံကြည်လက်ခံတာကို ရဲရဲဝံ့ဝံ့ ပြောနေဆဲ လုပ်နေဆဲ နိုင်ငံရေးသမားတွေလည်း တွေ့ခဲ့ပါတယ်။ အဲသည့်အထဲမှာ၊ လူအများသဘောထားနဲ့ ဆန့်ကျင်ဘက်ကို ရဲရဲတင်းတင်း ယုံယုံကြည် ကြည် လျှောက်နေသူတွေလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ “လျှောက်နေသူတွေ” လို့ သုံးနှုန်းလိုက်လို့၊ သိပ်အများကြီးလည်း ရှိမယ် မထင်ပါနဲ့။ သိပ်မရှိပါဘူး။ နည်းနည်းလေးပါ။

ချောက်ကမ်းပါး (၂) ခု

စစ်အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာ၊ မြန်မာပြည်ဟာ ချောက်ကမ်းပါးကြီး နှစ်ခုထဲ ရုတ်တရက် ထိုးကျ သွားတယ်။ အဲဒါကတော့ “ရယ်ဒီကယ်ချောက်ကမ်းပါး” နဲ့ “ပေါ်ပြူလစ်ဇင်ချောက်ကမ်းပါး” တို့ပဲ ဖြစ်ပါတယ်။ အစွန်းရောက်ချောက်ကမ်းပါးနဲ့ လူပိန်းကြိုက်ချောက်ကမ်းပါးလို့ တိတိကျကျ ပြောချင်ပါ တယ်။ ဒီချောက်ထဲ ထိုးကျသွားတဲ့အခါ၊ အများကြိုက် လူပိန်းကြိုက် မလိုက်တဲ့ နိုင်ငံရေးသမားတွေဟာ၊ ထိုးချခံရတာတွေ့ရတယ်။ ဆဲဆိုခံရတာတွေ့ရတယ်။ လူအုပ်ကြီးက ဝိုင်းပြီး နိုင်ငံရေးသင်းသတ်တာကို ခံရတယ်။ တချိန်က လူတွေရဲ့ အားပေးထောက်ခံခြင်းရခဲ့တဲ့ နိုင်ငံရေးသမားဟာ၊ လူအုပ်ကြီးရဲ့ ဆီလို အပေါက်ရှာပြီး ဆဲဆိုပြစ်တင် မောင်းမဲခြင်းကို ခံရတယ်။

  • “တချိန်က ကိုယ့်ကို ချီးမြှောက်ခဲ့တဲ့ လက်တွေရဲ့ ပုတ်ချခြင်းကို ခံရတယ်။”
  • “တချိန်က ကိုယ့်အတွက် တီးခဲ့တဲ့ လက်ခုပ်သံတွေဟာ ဆဲဆိုသံတွေအဖြစ် ပြောင်းသွားတယ်”
  • “တချိန်က ကိုယ့်ကို ချီးကျူးအားပေးခဲ့သူတွေကပဲ အခု ကိုယ့်ကို ဆဲဆိုနေသူတွေ ဖြစ်နေတယ်”
  • “တချိန်က ကိုယ့်ကို အားပေးသူတွေကပဲ အခု ကိုယ့်ကို ထိုးချနေသူတွေ ဖြစ်နေတယ်”
  • “လူရင်းက ထိုးတဲ့ ဓားက ပိုနက်တယ် မဟုတ်လား”

ရန်သူတွေရဲ့ ဆဲဆိုပြစ်တင်ခြင်းတွေက၊ လူတစ်ယောက်အတွက် တောင့်ခံနိုင်စွမ်း ရှိပါတယ်။ ရန်သူတွေ ဆိုတာ ကိုယ့်ကို အမြဲ ထိုးနှက် တိုက်ခိုက် နေတာမို့၊ ရန်သူတွေရဲ့ ဆဲဆိုမှုတွေဟာ သိပ် အဆန်းတကြယ် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ယုံကြည်လေးစားခဲ့တဲ့သူတွေ၊ ကိုယ့်ကို ထောက်ခံခဲ့တဲ့သူတွေက ဆဲဆို ပြစ်တင်နေရင်တော့ လူတစ်ယောက်ဟာ အတော် ထိခိုက်ရပါတယ်။ အထူးသဖြင့် ကိုယ့်ကို လက်ခုပ်တီး အားပေးသူတွေကပဲ ကိုယ့်ကို ထိုးချနေသူတွေဖြစ်နေရင် တောင့်ခံနိုင်ဖို့ ခဲယဉ်းလှပါတယ်။

ကိုယ့်ကိုယ်ကို သတိပေးခဲ့

တကယ်တော့ ကျနော်ဟာ အဲသည်လို အခြင်းအရာတွေကို တွေ့မြင်နေရလို့၊ ကိုယ် မကြုံခဲ့ပေမယ့် ကိုယ့် ကိုယ်ကို အတော် သတိပေးနေမိခဲ့တယ်။

  • “မင်းသေ့၊ မင်း သိပ် မပျော်နဲ့။ လူတွေ ချီးကျူးတိုင်း၊ လူတွေ မြှောက်ပင့်တိုင်း မင်း မြှောက် မသွားနဲ့။ သိပ် မြူးတူးမနေနဲ့။ လူတွေဟာ သူတို့စိတ်နဲ့ ခံတွင်းတွေ့ရင်တော့ မင်းကို အားပေး လိမ့်မယ်၊ ချီးကျူးလိမ့်မယ်၊ ထောက်ခံနေကြလိမ့်မယ်။ ဒါပေမယ့် တချိန်ကျတော့ သူတို့ စိတ်နဲ့ ခံတွင်းမတွေ့တဲ့အခါ မင်းကို ချီးမွှမ်းခဲ့တဲ့ ပါးစပ်တွေကပဲ မင်းကို တံတွေးနဲ့ ဝိုင်းထွေးလိမ့်မယ်။ အဓိကကတော့ ပညာရှိ သူတော်ကောင်း မကဲ့ရဲ့ ထိုက်အောင် နေပါ၊ ပညာရှိသူကောင်း ချီးမွှမ်းထိုက်အောင်​ နေပါ၊ လူအများ မချီးကျူး၊ မမြှောက်ပင့်၊ မထောက်ခံစေအုံးတော့ ကိစ္စ မရှိဘူး။ ပညာရှိ သူတော်ကောင်းကဲ့ရဲ့ထိုက်အောင်တော့ မနေပါနဲ့”

ဒါဟာ ကျနော် ရတဲ့ နိုင်ငံရေးသံဝေဂပါ။ ကိုယ့်ကို အားပေးချီးကျူးနေတာတွေဟာ ဝမ်းသာစရာပါ။ ပျော်စရာပါ။ ကျေနပ်စရာလည်း​ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလို အားပေးချီးကျူးမှုတွေကြားမှာပဲ မနှစ်မြောစေဘဲ၊ အကန့်အသတ်နဲ့သာ ကျေနပ်ဖို့၊ အကန့်အသတ်နဲ့သာ ပီတိဖြစ်ဖို့ ကျနော့်ကို အထက်ပါ အကြောင်းအချက်တွေက သတိပေးတားမြစ်နေပါတယ်။ ဒါ့ကြောင့် ကျနော်ဟာ အားပေးထောက်ခံမှုတွေ ကြားမှာ၊ သာယာမသွားဖို့ ကိုယ့်ကိုယ်ကို သတိချပ်နိုင်ခဲ့တယ်။

ကြည်နူးစရာမှ ကြောက်စရာသို့

တခါတခါ အတွေးလွန်မိတယ်ဆိုရင် “ငါ့ကို မြှောက်ပင့်ခဲ့တဲ့ လက်တွေကပဲ ငါ့ကို ရိုက်ချနိုင်တယ်” ဆိုတဲ့ အထိ ကျနော်ဟာ ကြောက်လန့်ခဲ့ဖူးတယ်။ ဒီတော့ တကယ်တွေးကြည့်ရင်၊ အားပေးထောက်ခံမှုတွေဟာ အမြဲတမ်းလိုလိုတော့ သာယာစရာ ဖြစ်မနေဘူး။ တခါတရံ အားပေးထောက်ခံသူ များလွန်းရင် ကြောက် တောင် ကြောက်စရာ ကောင်းလာတတ်တယ်။

လောက သဘာဝဟာ မလွယ်ပါဘူး။

မင်းသေ့

ည ၈း၄၂

၁၈၊ မတ်၊ ၂၀၂၂။

Previous post အာဏာရမ္မက်
Next post ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ