ဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ “ကျော်စွာ ၁၀၀” စာအုပ်မှာ၊ အမေရိကန်ပြည်ထောင်စု ဖြစ်မြောက် လာဖို့အရေးမှာ၊ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျော့ဝါရှင်တန်အကြောင်း ဖတ်ရပါ တယ်။ ဂျော့ဝါရှင်တန်ကို အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတအဖြစ် လူအများသိကြတယ်။ အမေရိကန်ပြည်ထောင်စုဖြစ်လာပြီး ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ ဂျော့ဝါရှင်တန်ဟာ၊ သူ့ရဲ့ သမ္မတ ရာထူးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ သဘောထားလေးတစ်ခု သွားတွေ့တယ်။ အဲသည့်စာအုပ်မှာ အခုလို ဖော်ပြထားတယ်။

  • “ကိုယ်တိုင်ကလည်း တန်ဖိုးအာဏာကို အကြာအရှည်ယူထားလိုစိတ် မရှိ။ သူက မင်း၊ အာဏာရှင်ဆိုသူမျိုး မဖြစ်လို၊ အာဏာကို အေးအေးသာသာ လက်လွှတ်တဲ့အစဉ်အလာလည်း သူက စပြီး ဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို ပြည်ထောင်စုမှာ ကနေ့အထိ ဖြစ်ပါတယ်။” (ကျော်စွာ ၁၀၀ ၊ စာ – ၁၅၈)

ဒီစာလေးဖတ်မိတော့၊ ကိုယ့်တိုင်းပြည်က ပထမဆုံး ခေါင်းဆောင်တို့ ဝန်ကြီးချုပ်တို့ အကြောင်းကို အတွေးရောက်သွားတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်ရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုဟာ ဝန်ကြီးချုပ် ရာထူး ထမ်းဆောင်တဲ့အပေါ်မှာ ဘယ်လို သဘောထားသလဲ။ နောက် အာဏာသိမ်းခေါင်းဆောင်ဖြစ်လာ တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကလည်း နိုင်ငံတော်ခေါင်းဆောင်ရာထူးအပေါ်မှာ ဘယ်လို သဘောထားသလဲ။ ထို့နောက် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုမှာ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စောမောင်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ထို့နောက် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်။ ထို့နောက် ဒီမိုကရက်တစ် အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ အခုတော့ စစ်အာဏာသိမ်း စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်။

သူတို့တတွေမှာ နိုင်ငံတော်အာဏာကို ရယူထားတဲ့ ရာထူးနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားရှိသလဲဆို တာကို တွေးမိတယ်။

ဦးနု စရိုက်

  • ဦးနုဟာ အရပ်သားတစ်ယောက်ပါ။ တော်လှန်ရေးသမားဆိုတာထက် နိုင်ငံရေးသမားတစ် ယောက်လို့ ပြောရင် ပိုမှန်မယ်။ စာသမားပေသမား။ စာရေးဆရာလည်း ဖြစ်တယ်။ ဗုဒ္ဓဝါဒီ တစ်ယောက်လည်းဖြစ်တယ်။ ဦးနုဟာ ပါလီမန်ဒီမိုကရေစီခေတ်မှာ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့ တယ်လို့ ဆိုပေမယ့်၊ ဒီမိုကရက်တစ်ပေါ်ပြူလစ်တစ်ယောက်လို့ ပြောရင် ပိုမှန်နိုင်မယ်။ သူ ဝန်ကြီးချုပ်ရာထူး မြဲမြံဖို့အတွက် အများကြိုက်ပေါ်ပြူလာဝါဒကို နောက်ပိုင်းမှာ သုံးလာတာတွေ့ ရတယ်။ အထူးသဖြင့် ဘာသာရေးအားဖြင့် ဆွဲဆောင်စည်းရုံးတဲ့နည်းကို ဦးနုက ကျယ်ကျယ်ပြန့် ပြန့် သုံးခဲ့တယ်။

ပါလီမန်ခေတ်မှာ ကြီးကျယ်တဲ့ နိုင်ငံရေးအကွဲအပြဲကတော့၊ ဖဆပလ အကွဲအပြဲဖြစ်ပါတယ်။ ဖဆပလ ထဲကနေ ၊ ကွန်မြူနစ်ပါတီ အထုတ်ခံရပြီးနောက်ပိုင်း ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ရဲ့ အာဏာလွန်ဆွဲအားပြိုင်မှု အားကြီးခဲ့တယ်။ ဒါ့ကြောင့်လည်း ဖဆပလဟာ သန့်ရှင်း – တည်မြဲရယ်လို့ ကွဲကုန်တယ်။ သန့်ရှင်း – တည်မြဲ အကွဲအပြဲကို သာမန်အားဖြင့် ကြည့်ရင် နိုင်ငံရေးဂိုဏ်းဂဏ အကွဲအပြဲလို့ ထင်ရပေမယ့်၊ နိုင်ငံ့ ခေါင်းဆောင် အာဏာရာထူးကို မက်မောခြင်း (တနည်း) အသာတကြည် လက်မလွှတ်လိုခြင်းရဲ့ အကျိုး အပြစ်လို့ နားလည်ရတယ်။

ခေါင်းဆောင် အဆက်ဆက်

လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ၊ နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့သူတွေ အားလုံးဟာ အာဏာကို အသာတကြည် လက်လွှတ်ဖို့၊ ဘယ်သူမှ မစဉ်းစားခဲ့ကြဘူး။ အဲသည့်အထဲမှာ ဦးနုလည်း ထိပ်ဆုံးကပါဝင် တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလည်း ထိပ်ဆုံးက ပါဝင်နေတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် အစ၊ အရပ်သားအစိုးရအဖွဲ့ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ထိုနည်း လည်းကောင်းပဲ။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင် ရှေ့ပိုင်းက စဉ်းစားချက်ရယ်လို့ကို မရှိခဲ့ဘူး။ အာဏာသိမ်းမှုဖြစ်ခါကျမှ၊ အမျိုးသားညီညွတ်ရေး ခေါင်းစဉ်တပ်တယ်။ ဒုက္ခရောက်ချိန်မှ၊ အမျိုးသားညီညွတ်ရေးကို သတိရတယ်ဆိုတဲ့သဘော။ ရွေးကောက်ပွဲ ကာလမှာ ကတော့၊ “ညွန့်ပေါင်းအစိုးရ – စဉ်းစားချက် မရှိဘူး၊ မလိုချင်ဘူး” ဆိုတဲ့ သဘောထားသာ ကြီးစိုးခဲ့တယ်။

အာဏာအပေါ် တပ်မက်စိတ်

ပါလီမန်ခေတ် နိုင်ငံ့ခေါင်းဆောင် ဦးနုဟာ ဝန်ကြီးချုပ်ရာထူးကို နှစ်ကာလအတော်ကြာ ရယူပြီးနောက် ပိုင်းမှာ၊ ဒီထိုင်ခုံကို သူအပိုင်လို့ ထင်ကောင်းထင်ခဲ့မှာပေါ့။ သို့တည်းမဟုတ် ဒီထိုင်ခုံဟာ ငါနဲ့သာ သင့်တော်တယ်၊ ကျော်ငြိမ်း – ဘဆွေတို့နဲ့ လားလားမှ မသက်ဆိုင်စေရဆိုတာလည်း ဖြစ်ကောင်းဖြစ်လိမ့် မပေါ့။ တစ်ဖက်မှာလည်း လူထုအလိုရှိနေသရွေ့၊ ငါ ဝန်ကြီးချုပ်လုပ်သင့်တယ် လုပ်ရမယ်ဆိုတဲ့ စိတ်မျိုး လည်းဖြစ်လိမ့်မယ်။ ဒါ့ကြောင့်လည်း ဗမာလူထုအကြိုက် ဘာသာရေးနည်းနဲ့ မဲဆွယ်တာတွေ၊ ဆွဲဆောင် တာတွေ၊ ဘာသာရေးနဲ့ နိုင်ငံရေးမြူဆွယ်တာတွေကို လုပ်ခဲ့တာ အထင်းသား တွေ့ရတယ်။ ဦးနုဟာ နိုင်ငံရေးသမား ပီသပါတယ်။ ပါးရည်နပ်ရည်ရှိတယ်။ လူထုကျအောင် ပြောဟောနိုင်စွမ်း ရှိတယ်။ နိုင်ငံရေး အကင်းပါးတယ်။ ဒါ့ကြောင့်လည်း သူဟာ ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ ဘယ်လို လုပ်ရမလဲဆိုတာ ကောင်းကောင်း သိတယ်။

ဦးနုလို လူတော်တစ်ယောက်၊ လူကောင်းတစ်ယောက် နိုင်ငံ့ခေါင်းဆောင် အဖြစ် တာဝန်ယူနိုင်ခဲ့တာ မြန်မာပြည်အတွက် မကောင်းဘူးလားဆိုတော့၊ ကောင်းတယ်။ ကောင်းပါတယ်။ သို့သော်လည်း ဦးနုဟာ ဘယ်လောက်ပဲ ဘုရားတရားစကားကို အတွင်တွင် ပြောစေခဲ့အုံးတော့၊ အာဏာနဲ့ လုပ်ပိုင်ခွင့်၊ ရာထူး အခွင့်အရေးကို နှစ်ခြိုက်မက်မောတတ်တဲ့ စရိုက်ကတော့၊ လူ့ဗီဇအရ ဖျောက်ကို မဖျောက်နိုင်ခဲ့ပါဘူး။ ဦးနုဟာ ဒီစရိုက်ကို မဖျောက်နိုင်ခဲ့ပါဘူး။

ဘုန်းကြီးလို တရားဟောတဲ့ ဦးနု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဂျော့ဝါရှင်တန်ဟာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်မှာ၊ ဦးနုလောက်တော့ ဘာသာရေးစကားတွေကို အမြောက်အမြား ပြောဟောခဲ့မယ်လို့တော့ မထင်ဘူး။ ဦးနုကတော့ ဘုန်းကြီး တစ်ပါး၊ ဓမ္မကထိက ဆရာတော်တစ်ပါးကဲ့သို့ ဘာသာရေးအကြောင်း ပြောဟောတာတွေ လုပ်ခဲ့တယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘုရားတရားစကားကို ပြောခဲ့ဟောခဲ့သည် ဖြစ်စေ၊ သူကိုယ်တိုင် အာဏာ အပေါ်မှာ မက်မောတဲ့စိတ်ကိုတော့ မလျော့နိုင်ခဲ့ဘူး။ ကျော်စွာ ၁၀၀ ထဲက အရေးအတိုင်း ဥပမာပြရေး ရမယ်ဆိုရင်တော့ ….

  • ဦးနု ကိုယ်တိုင်က တန်ခိုးအာဏာကို အကြာအရှည်ယူထားလိုစိတ် ရှိတယ်။ သူက မင်း၊ အာဏာရှင်ဆိုသူမျိုး မဖြစ်လို၊ သို့သော်လည်း အများကြိုက် ပေါ်ပြူလာဖြစ်အောင် လုပ်ပြီး အာဏာကို ကြာရှည်ရယူထားလိုတယ်။ ဒီလိုဖြစ်အောင်လည်း သူဟာ အားထုတ်ခဲ့တယ်။ အာဏာကို ​အေးအေးသက်သာ လက်လွှတ်တဲ့ အစဉ်အလာမျိုး သူက စပြီး လုပ်ရမယ်ဆိုတာ မျိုး မစဉ်းစားခဲ့။ စဉ်းစားခဲ့တယ်ဆိုရင်တောင် လက်တွေ့ မကျင့်သုံးနိုင်ခဲ့။ သူ ဖြစ်ခဲ့သလို၊ နောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်အဆက်ဆက်ကလည်း နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီးရင် အာဏာကို အသာတကြည် အေးအေးသာသာ လက်လွှတ်တာမျိုး မလုပ်။ ဘယ်လို ဆက်ထိန်းထားရမလဲ၊ ဘယ်လို ဆက်ကိုင်ထားရမလဲဆိုတာသာ စဉ်းစားအားထုတ်ခဲ့။ အဲသည်လိုမျိုး စစ်အစိုးရ ခေါင်းဆောင်တွေလည်း ဖြစ်ခဲ့။ ဒီမိုကရေစီအရပ်သားအစိုးရလည်း ဖြစ်ခဲ့။

ဘယ်သူမှ အသာတကြည် လက်မလွှတ်ချင်ကြ

မြန်မာ့နိုင်ငံရေးဓလေ့မှာ၊ နိုင်ငံတော်အာဏာကို ရယူပြီးရင် မဖြစ်တော့မှ လက်လွှတ်တာမျိုးသာ ရှိခဲ့တယ်။ သို့တည်းမဟုတ် တစ်ယောက်ယောက်က ဖြုတ်ချ၊ သိမ်းယူ၊ လုယူခံရလို့သာ လက်လွှတ်ရတာ မျိုး ရှိတယ်။ အာဏာကို အသာတကြည် အေးအေးသာသာ လက်လွှတ်တဲ့ အစဉ်အလာမျိုး မဖြစ်ခဲ့။ မရှိခဲ့။ အာဏာဟာ လူကို ဖောက်ပြန်စေသလို၊ လူကလည်း အာဏာကို ဖောက်ပြန်အောင် လုပ်ခဲ့တယ်။ ဒီနေ့ အထိ မြန်မာ့နိုင်ငံရေးဓလေ့မှာ၊ တည်ဆဲရာထူးကို အသာတကြည် လက်လွှတ်တဲ့ အစဉ်အလာမျိုး၊ ဘယ်သူကမှ မစတင်နိုင်သေးဘူး။ နောင်လည်း အဲသည်လို လုပ်နိုင်မယ်လို့ မထင်ဘူး။

  • ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးလောက် “လောကမှာ ဘယ်အရာမှ အမြဲဘူး၊ အရာ အားလုံး သင်္ခါရပဲ၊ သေရင် အားလုံးကို ထားခဲ့ရမှာ” ဆိုတဲ့ စကား ပြောတဲ့ လူမျိုး၊ ပြောတဲ့ နိုင်ငံ မရှိဘူးလို့ ထင်တယ်။ သို့သော်လည်း သေရင် အားလုံးကို ထားခဲ့ရမှာလို့ ပြောကြပေမယ့်၊ မြန်မာ ခေါင်းဆောင်တွေဟာ အာဏာကို သေသည့်တွင်းဝအထိ ယူသွားချင်တာကတော့၊ ထိပ်ဆုံးက ပြေးနေတဲ့ နိုင်ငံစာရင်းမှာ ရှိပါတယ်။
  • ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် မသွားလို့ နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် မလိုက်တာလား။ သို့မဟုတ် ရှေ့က ဘယ်လောက် ဖြောင့်ဖြောင့်သွားသွား၊​ နောက်နွားတစ်သိုက် ကောက်ကောက် ကို လိုက်ချင်သလား….၊ မသိပါ။

မင်းသေ့

ည ၈း၁၇

၁၉၊ မတ်၊ ၂၀၂၂။

Previous post ဝေဖန်ရေးသမားတစ်ယောက်၏ သံဝေဂကထာ
Next post နိုင်ငံရေးသံဝေဂ