ကျနော် ရေးတဲ့ ဆောင်းပါးအများစုဟာ ဝေဖန်ရေးဆောင်းပါးတွေလို့ ပြောလို့ ရပါတယ်။ များသောအားဖြင့်၊ နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေနဲ့ လူမှုဝေဖန်ချက်ဆောင်းပါး အများစု ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ကျနော် ရေးလေ့ရှိပေမယ့်၊ စာပေဝေဖန်ရေး မဆန်ဘူးလို့ ထင်ပါတယ်။ စာပေမှာကတော့ စာအုပ်အကြောင်း၊ စာရေးဆရာအကြောင်း၊ စာရေးခြင်း အကြောင်း၊ စာဖတ်ခြင်းအကြောင်း၊ စာပေရဲ့သဘောသဘာဝအကြောင်း ရှင်းလင်းတင်ပြတာမျိုးသာ ကျနော် အရေးများပါတယ်။ စာအုပ်အညွှန်းအရေးများပေမယ့်၊ စာအုပ်ဝေဖန်ချက်တော့ ကျနော် အရေး နည်းပါတယ်။ တခါတရံလည်း လူမှုရေးနဲ့ နိုင်ငံရေးဆက်နွှယ်နေတဲ့အပိုင်းတွေကို ရွေးထုတ်ပြီး၊ လူမှု-နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးတွေ အရေးများပါတယ်။

ဝေဖန်တယ်ဆိုတာ

ဝေဖန်တယ်ဆိုကတည်းက၊ ဆိုးကွက်၊ ညံ့ကွက်၊ ဟာကွက်၊ လစ်ကွက်၊ ချို့ယွင်းချက်ကို ထောက်ပြ ဝေဖန် ရတာပဲဖြစ်ပါတယ်။ တခါတရံ အတိတ်သမိုင်းမှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆိုးကွက်၊ ညံ့ကွက်တွေကို ကျနော်တွေ့တယ်။ တခါတရံလည်း လက်ရှိပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ၊ လွဲချော်နေတာတွေ၊ ချွတ်ချော်တိမ်းပါးနေတာတွေ၊ ဆိုးကွက်၊ ညံ့ကွက်တွေ၊ ဖျင်းကွက်၊ ဟာကွက်တွေကို တွေ့ရတယ်။ အဲသည့်အခါ၊ ဒါကို ပြုပြင်နိုင်ဖို့ (သို့မဟုတ်) မြင်သာထင်သာရှိအောင်လို့ မီးမောင်းထိုးပြ ဝေဖန်ရတာပဲဖြစ်ပါတယ်။

ငါဟာ အဆိုးမြင်ဝါဒီလား

ဝေဖန်ရေးဆောင်းပါးတွေ ရေးတဲ့အခါ၊ ကျနော့်ကိုယ် ကျနော် အမြဲ သတိထား ကြည့်မိတာ ရှိပါတယ်။ ဝေဖန်ရေးသမားဟာ၊ အဆိုးမြင်ဝါဒီ တစ်ယောက်လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်ပြန်ကြည့်ပါတယ်။ ငါဟာ ဆိုးကွက်ညံ့ကွက်ကိုချည်း ရွေးပြီး မြင်သလား၊ သို့တည်းမဟုတ် အကောင်းကို မြင်တဲ့အခါ ချီးမြှောက်ဖို့ မေ့လျော့နေသလား၊ သို့မဟုတ် မေ့ချင်ယောင်ဆောင်နေမိသလား … စသည်ဖြင့် ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်ပါတယ်။ တခါတရံလည်း ဝေဖန်ရေးဆောင်းပါးတွေ ရေးရတာဟာ သိပ်အကုသိုလ်များတဲ့အလုပ်လို့ ထင်ပါတယ်။

၂၀၁၉ ခုနှစ်လောက်တုန်းက၊ ကျနော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲသည့်ဆောင်းပါးရဲ့ ဆိုလို ချက်ကတော့ “နိုင်ငံရေးအလုပ်ဟာ စိတ်မထားတတ်ရင် အတော်အကုသိုလ်များတဲ့အလုပ်ပဲ” လို့ ကျနော် ငြီးတွားပြီး ရေးခဲ့ဖူးပါတယ်။ အခုလည်း အဲသည်လို ပြောရလိမ့်မယ် ထင်ပါတယ်။ “ဝေဖန်ရေးဆောင်းပါး တွေ ရေးတဲ့အလုပ်ဟာ စိတ်မထားတတ်ရင် အတော် အကုသိုလ်များတဲ့အလုပ်ပဲ” လို့ ထင်ပါတယ်။ ဒါကို လည်း သတိချပ်မိပြီး၊ ငါဟာ ကိုယ့်ထမင်း ကိုယ်စားပြီး အကုသိုလ် ယူနေသလားလို့ ခဏ ခဏ မေးမိပါ တယ်။

အားမလို အားမရစိတ်နဲ့

တကယ်တော့ ကျနော်ဟာ “အားမလို အားမရ” စိတ်တွေရဲ့ ဝေဖန်ရေးဆန်တဲ့ဆောင်းပါးတွေ ရေးမိပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ဝေဖန်ရေးသမားလို့လည်း မခံယူပါ။ ဝေဖန်တတ်တဲ့သူလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်လောက်တုန်းက၊ စာဖတ်မိတ်ဆွေတစ်ယောက်နဲ့ တွေ့ရင်းဆုံရင်း သူက ကျနော့်ကို မှတ်ချက်ပေးတယ်။ တကယ်တော့ ကိုမင်းသေ့က ဝေဖန်ရေးဆရာ တစ်ယောက်ပဲဗျ….တဲ့။ အဲသည့်ကျမှ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်။ ငါ ဝေဖန်လေကန်တာတွေ သိပ်များနေသလားလို့ ပြန်မေးတယ်။

ကျနော်က မြန်မာ့လူ့အဖွဲ့အစည်းထဲက နိုင်ငံရေးဖြစ်ရပ်တွေကို လေ့လာပါတယ်။ အတိတ်က ဖြစ်ရပ်ကို လည်း လေ့လာတယ်။ လက်ရှိပစ္စုပ္ပန်လက်ငင်းအခြေအနေကိုလည်း လေ့လာတယ်။ အနာဂတ်မှာ ကောင်းချင်ဇောနဲ့ စိတ်က အားမလို အားမရ ဖြစ်တာတွေ ကျနော် တွေ့ပါတယ်။ ဒါဟာ မဖြစ်သင့်ဘူး၊ ဒါက မဖြစ်ထိုက်ဘူး၊ တကယ်တော့ ဒါက ဒီလို ဖြစ်ရမှာ၊ ဘာလို့ အခုလို ဖြစ်ရသလဲ…. ဆိုတာမျိုး စိတ်ထဲ မှာ ကြိတ်မနိုင် ခဲမရနဲ့ အားမလို အားမရ ဖြစ်မိပါတယ်။ ဒီလိုနဲ့ ကျနော်ဟာ ဆောင်းပါးတွေ ရေးမိတယ်။ တခါတရံ ဆောင်းပါး ရေးရင်းနဲ့ တွေးမိတာတွေ ရှိပြီး ဒေါသဖြစ်တယ်။ တခါတရံလည်း ဒေါသဖြစ်ပြီး ဒါက ဒီလို ဖြစ်ရမှာကွ…. လို့ စိတ်ထဲမှာ ကြိမ်းဝါးပြီး ဆောင်းပါးတစ်ပုဒ်ကို ရေးမိပါတယ်။

  • အမှားကို အမှန် ဖြစ်ချင်တဲ့စိတ်ဟာ ကျနော့် စိတ်မှာ ကြီးစိုးနေပါတယ်။
  • လွဲနေတာကို တည့်ပေးချင်စိတ်က ကျနော့်စိတ်မှာ ကြီးစိုးနေပါတယ်။
  • စောင်းနေတာကို ဖြောင့်မတ်စေချင်တဲ့စိတ်က ကျနော့်ဆီမှာ ကြီးစိုးနေပါတယ်။

ဝေဖန်ရေးသမား ဖြစ်မှန်း မသိခဲ့

တကယ်တော့ ကျနော့်ကိုယ် ကျနော် ဝေဖန်ရေးသမားဖြစ်လို့ ဖြစ်မှန်း ကျနော် မသိခဲ့ပါ။ ကျနော် ရေးတဲ့ ဆောင်းပါးအများစုဟာ ပြုပြင်ရေးသိပ်ကဲနေတာတွေ့ရပါတယ်။

  • ခေတ်ကို ပြုပြင်ချင်တယ်၊
  • လူ့အဖွဲ့အစည်းကို ပြုပြင်ချင်တယ်၊
  • စနစ်ကို ပြုပြင်ချင်တယ်၊
  • ပတ်ဝန်းကျင်ကို ပြုပြင်ချင်တယ်၊
  • စိတ်နေသဘောထားတွေကို ပြုပြင်ချင်တယ်၊
  • အမူအကျင့် စရိုက်တွေကို ပြုပြင်ချင်တယ်၊
  • လွဲနေတာတွေ တည့်စေချင်တယ်၊
  • ကောက်နေတာတွေ ဖြောင့်စေချင်တယ်၊
  • မှားနေတာတွေ မှန်ကန်စေချင်တယ်၊

စာတွေ ဖတ်ရင်း၊ စာတွေက ကျနော့်ကို အကြောင်းအကျိုး အကောင်းအဆိုး အမှား အမှန်ဆိုတာကို ဝေဖန်ပိုင်းခြားပြသခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်ဟာ လောကဝန်းကျင်ထဲက ဖြစ်ရပ်တွေကို ….

  • အကြောင်း အကျိုး ဆက်စပ် ကြည့်မြင်ဖို့ ကြိုးစားခဲ့တယ်။
  • အကောင်းအဆိုး ခွဲခြားနားလည်ဖို့ ဆင်ခြင်ခဲ့တယ်။
  • အမှား အမှန် ဝေဖန်ပိုင်းခြားကြည့်ဖို့ ကြိုးစားခဲ့တယ်။

ဒီလိုနဲ့ အကြောင်းအကျိုး မညီညွတ်ဘဲ၊ ယုတ္တိမတန်တာတွေ၊ ယထာဘူတ မကျတာတွေကို တွေ့မိမြင်မိ တယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဒါကို သိမ်းမထားနိုင်ဘူး။ ကျနော် ဖွင့်ဟချင်တယ်၊ ပြောချင်တယ်။ ဒါဟာ မှားနေတယ်၊ ဒါဟာ လွဲနေတယ်၊ ဒါဟာ ယုတ္တိမရှိဘူး၊ ဒါဟာ ယထာဘူတာ မကျဘူးလို့ ကျနော် သိပ်ပြောချင်တယ်။ ဒါ့ကြောင့် ကျနော် စာရေးတယ်။ စာရေးတဲ့အခါမှာလည်း၊ လူအများကို တိုက်ရိုက် ပေးနိုင်တဲ့ ဆောင်းပါးတွေ အရေးများတယ်။ တချို့သော (အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ) စတာတွေဟာ ကိုယ် တင်ပြချင်တာ၊ ကိုယ်ပြောချင်တာကို နည်းနည်း သွယ်ဝိုက်တဲ့သဘော ရှိတယ်လို့ ကျနော် ထင်တယ်။ ဒါ့ကြောင့် ဆောင်းပါးတွေကို ကျနော် အရေးများခဲ့တယ်။ ဆောင်းပါးတွေဟာ တိုက်ရိုက် တင်ပြလို့ရတယ်။ ပြီးတော့ အချက်အလက် အကန့်အသတ်ရယ်လို့ မရှိဘဲ ကိုယ်ပြောချင်တာအတွက် လိုအပ်တဲ့ အချက်အလက်ကို အပြည့်အဝ ထည့်သွင်းရေးသားလို့ ရတယ်။ ဒီလိုနဲ့ ကျနော် ရေးတဲ့ ဆောင်းပါးတွေဟာ ဝေဖန်ရေးဆောင်းပါးတွေလို ဖြစ်လာတယ်။

လူမှု – နိုင်ငံရေး ဝေဖန်ချက်တွေ

ဝန်ခံရရင်၊ ကျနော်ဟာ လူမှု-နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးတွေ (socio-political critic articles) ရေးရတာ ခံတွင်းတွေ့ပါတယ်။ ဒီဆောင်းပါးတွေမှာ၊ ကြောင်းကျိုး ဆင်ခြင်မှုတွေကို ထည့်သွင်းနိုင်တယ်။ သုံးသပ်ချက်၊ ကောက်ချက်ချတာတွေကို နိုင်နိုင်နင်းနင်း လုပ်နိုင်စွမ်း ရှိတယ်။ ကောင်းတာကို ချီးမွှမ်းနိုင် ပြီး၊ ဆိုးကွက်ကို ရှုတ်ချကန့်ကွက်နိုင်တယ်။ ဝေဖန်ရေးဟာ အဆိုးသက်သက်ကိုပဲ ထောက်ပြတာမဟုတ် ပါ။ ကောင်းတာကို ချီးမြှောက်ပြီး ဆိုးတာကို ကဲ့ရဲ့ခြင်း၊ သရော်ခြင်း သဘောတွေလည်း ပါဝင်ပါတယ်။ သို့သော်လည်း လူ့အဖွဲ့အစည်းရဲ့သဘောက၊ “ဆိုးကွက် ညံ့ကွက်ကို ခပ်နာနာ ပြောမှ၊ ပြမှ” ပြင်ရကောင်း မှန်း သိတာ။ ကောင်းတာလေးချည်း ကွက်ချီးမွှမ်းခန်း ထုတ်နေလို့တော့၊ ဒီနေရာမှာပဲ သာယာနေမယ်၊ တန့်နေမယ်။ ဒီတော့ ညံ့ကွက်၊ ဖျင်းကွက်ကို နာနာ ဖိရေးရ၊ ပြောရတာလို့ ကျနော် နားလည်တယ်။

ဒါ​ပေမယ့် တစ်ဖက်မှာ ကြည့်ရင်လည်း၊ သူများရဲ့ အားနည်းချက်ကို ရှာကြံရင်း ကိုယ်ဟာ အဆိုးမြင်ဝါဒီ၊ အဆိုးမြင် အယူအဆစွဲ ကပ်ငြိလာသလားဆိုတာလည်း သတိထားရပြန်တယ်။ အရာရာကို အဆိုးမြင်စိတ် နဲ့ အပြုသဘောဆောင်ပြီး မမြင်နိုင်ရင်၊ ဘယ်လိုလုပ် ကောင်းတဲ့ ဦးတည်ချက်ကို ရောက်တော့မလဲ။ ဒီတော့ ကျနော်ဟာ ဝေဖန်ချက် ဆောင်းပါးတွေ ရေးရင်း၊ အပြုသဘောဆောင်တဲ့ ဦးတည်ချက်တွေ ဖြစ်အောင် အမြဲ အားထုတ်တယ်။ သို့သော်လည်း အမြဲတမ်းလိုလိုတော့ ဒီသဘောတွေ မဖြစ်ပါဘူး။ ကျနော့် ဆောင်းပါးတွေမှာ သရော်တဲ့ဟန်တွေ ပါတယ်လို့ စာဖတ်မိတ်ဆွေတချို့က ပြောကြတယ်။ ကျနော်ဟာ သိပ်ပြီး လှောင်ပြောင်တတ်သတဲ့။ ငါဟာ အဲသည်လို တကယ်ဖြစ်နေသလား…. အကုသိုလ် သဘောဆောင်သလားဆိုတာ ကိုယ့်ကိုယ်ကို ခဏ ခဏ ပြန်ပြန် ချင့်ချိန်နေရတယ်။

နှစ်လိုဖွယ်ဖြစ်သောသူသာ

တခါတရံလည်း စာတွေသာ ရေးနေရတာ၊ ရုတ်တရက် မှန်ထဲမှာ ကိုယ့်ပုံကို ပြန်မြင်လိုက်တဲ့အခါ အတော် ကြောက်စရာကောင်းနေတယ်။ ကျနော်ဟာ ကြောက်စရာကောင်းသောသူ မဖြစ်လို၊ နှစ်လိုဖွယ် ဖြစ်သော သူသာ ဖြစ်လိုတယ်။

“လူမှု-နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေ ရေးရင်း၊ စိတ်မထားတတ်ရင် ဒါဟာ အကုသိုလ် ဖြစ်ရတဲ့ အလုပ်ပါပဲလား” လို့ တွေးမိရင်း၊ ဒီစာကို ရေးမိပါတယ်။ ဒါကို သံဝေဂကထာလို့ ခေါင်းစဉ်တပ်ရင်လည်း ရကောင်းရနိုင်လိမ့်မယ် ထင်တယ်။

မင်းသေ့

ည ၈း၁၁

၂၀၊ မတ်၊ ၂၀၂၂။

Previous post မင်းဆရာ ဘုန်းကြီး
Next post အာဏာရမ္မက်