မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ ကြီးစိုးများပြားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူမျိုးစုတွေ အများအပြားရှိပေမယ့်၊ ဗမာလူအုပ်စုထက် မကျော်လွန်ပါ။ ဗမာအပြင် ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူမျိုးစုတွေလည်း ရှိနေပါသေးတယ်။ သူတို့နဲ့ပါ ပေါင်းလိုက်ရင်၊ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အရေအတွက်အများဆုံး ဖြစ်တာတွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအစကို လေ့လာကြည့်ရင်၊ တိုင်းပြည်တည်ထောင်ပြီး မရှေးမနှောင်းမှာပဲ သံဃာ့အဖွဲ့အစည်း လည်း ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ ယခင်က ပျူ-မြန်မာတို့မှာ ရိုးရာနတ်ကိုးကွယ်မှုနဲ့ ဟိန္ဒူ ယဉ်ကျေးမှုရောစွက်နေတဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု ဖြစ်ထွန်းခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဗုဒ္ဓဘာသာ မှာ သံဃာ့အဖွဲ့အစည်းရယ်လို့ သီးသီးသန့်သန့် မပေါ်သေးပါ။ ပထမမြန်မာနိုင်ငံလို့ ပြောတဲ့ ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကျမှ၊ သံဃာ့အဖွဲ့အစည်းစတင်ပေါ်ပေါက်ဖို့ အကြောင်းဖန်လာပါတယ်။

မင်း နဲ့ ရဟန်း

တကယ်တော့ တိုင်းပြည်တည်ဆောက်ရေးမှာ၊ လူမှုရေးအားဖြင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ ဘာသာရေးကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့ဟန်တူတယ်။ သံဃာ့အဖွဲ့အစည်းရယ်လို့ မရှိသေးခင်၊ “မင်းနဲ့ ရဟန်း” ပေါင်းပြီး၊ သံဃာ့အဖွဲ့အစည်းကို စတင် တည်ထောင်ခဲ့ပါတယ်။ မင်းဆိုသည်မှာ – အနော်ရထာကို ညွှန်းပြီး၊ ရဟန်းဟာ – ရှင်အရဟံကို ညွှန်းပါတယ်။

ပညာမင်းကြီး စည်သူဦးကောင်း ပြုစုတဲ့ “မြန်မာနိုင်ငံပညာရေးသမိုင်း” (History of Education in Myanmar: Before the British Conquest and After) မှာ၊ ဘုန်းကြီးသံဃာ့အဖွဲ့အစည်းရဲ့ မြန်မာ့လူ့ အဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သတ်နေမှုတွေကို ရေးသားတင်ပြပါတယ်။ မင်းနဲ့ သာသနာရဲ့ ဆက်ဆံရေး။ ဘုန်းကြီးသံဃာနဲ့ ပညာရေး…. စသည်ဖြင့် ထည့်သွင်းရေးသားတာ ဖတ်ရပါတယ်။ ဒီကျမ်းစာအုပ်မှာ၊ သံဃာ့အဖွဲ့အစည်းပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီး၊ အခုလို ရေးသားတာတွေ့ရပါတယ်။

  • “…သံဃာ့အဖွဲ့အစည်းများသည် ဘုရင်မင်းမြတ်က ကိုးကွယ်ချီးမြှင့်ခံရသော ဆရာတော် (ရာဇဂုရု – မင်းဆရာ) ၏ ရုံးတော်မှ ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည်။ မင်းဆရာ (ရာဇဂုရု) အဖြစ် ရွေးချယ်ခန့်အပ်ခြင်းဓလေ့ကို (၁၁) ရာစု၌ အနော်ရထာဘုရင်က ရှင်အရဟံအား ခန့်အပ် ခဲ့ရာမှ၊ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မင်းဆရာတော်ကို ဘုရင်တစ်ပါး နန်းတက်သည်နှင့် ရွေးချယ် ခန့်အပ်ရသည် ဖြစ်ရာ ၁၈၈၆ ခုနှစ် မင်းဆက်ပြုတ်သည်အထိ မင်းဆရာတော်များ၏ အစဉ်မှာ သမိုင်းတစ်လျှောက် ပြတ်လပ်ခဲ့သည် မရှိပေ…။”

အပြန်အလှန် – အညမည

တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်ခဲ့သူ ဘုရင်တွေဟာ – လူ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့၊ သာသနာကို ကြားခံအနေနဲ့ အသုံးချခဲ့တာတွေ ရှိပါတယ်။ ဘုန်းကြီးသံဃာတွေကလည်း သာသနာတော်ကို မင်းချီးမြှောက်တဲ့ သာသနာဖြစ်မှ၊ ၎င်းတို့သာသနာဟာ ကြီးပွားရှင်သန်နိုင်တာမို့၊ သာသနာပြုလုပ်ငန်းစဉ် တွေမှာ၊ အစိုးရမင်းကို အားကိုးအားထားပြုလေ့ရှိပါတယ်။ အစိုးရမင်းတွေ လူထုအပေါ် အာဏာအားဖြင့် အမိန့် မတည်နိုင်ရင်၊ ဘုန်းကြီးသံဃာနဲ့ လူထုကို နားချပေးဖို့ စည်းရုံးတတ်ပါတယ်။ အနော်ရထာနဲ့ ရှင်အရဟံတို့ နှစ်ဦး မင်းနဲ့ သာသနာ စတင်အုတ်မြစ်ချဖြစ်တည်ခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ မင်းစဉ်မင်းဆက် တစ်လျှောက် တဖြည်းဖြည်း အခြေခိုင်ခံ့လာပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ ဘာသာသာသနာရဲ့ဖေးမမှုနဲ့ ပိုခိုင်မာကျစ်လစ်စွာတည်ရှိခဲ့မှုတွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဗုဒ္ဓဘာသာရဲ့ လွှမ်းမိုးမှု အားကြီးလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ အစိုးရမင်းတွေဟာ ဘာသာရေးရဲ့ အရေးပါမှုကို သိနားလည်ပြီး၊ သံဃာဥသျှောင်ဆရာတော်ကြီးတွေကို ရာဇပလ္လင်အတွက် အထောက်အပံ့အဖြစ် မြင်လာကြပါတယ်။ ဒီလိုနဲ့ နိုင်ငံရေးအားဖြင့် ဘာသာရေးကို အသုံးချဖို့ တစ်စတစ်စ ဖြစ်တည်လာခဲ့ပါတော့တယ်။

သာသနာကို ဘယ်သူပိုင်လို့ ရသလဲ

သံဃာ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့အတွက်၊ သာသနာပိုင်ဆိုတဲ့ ရာထူးကို ဘုရင်တွေက တီထွင်ခဲ့ပါ တယ်။ သံဃာ့ဥသျှောင် အဖြစ် သုံးနှုန်းပေးအပ်တာလည်း ရှိပါတယ်။ သံဃာ့ရာဇာ ဆိုတဲ့ အသုံးအနှုန်းကိုလည်း တွေ့ရတယ်။ သံဃာ့အဖွဲ့အစည်းမှာ၊ ဘုန်းကြီးဘုရင် ဆိုတာ ရှိသလား။ သံဃာအားလုံးကို အုပ်ချုပ်တဲ့ ဘုရင်ဆိုတာမျိုး ရှိသလား။ ရှိတယ်ဆိုရင်ရော ဒါဟာ သဘာဝကျရဲ့လား။ ဘုရင်ချီးမြှောက်ခံရတဲ့ ရဟန်းဟာ သာသနာတော်မှာ အထွဋ်အထိပ်အဖြစ် ရောက်ရှိပြီး၊ သာသနာပိုင်အဖြစ် ရောက်ရှိလာပါတယ်။ သမိုင်း ဆရာ ဒေါက်တာသန်းထွန်းဟာ သာသနာပိုင်ဆိုတဲ့ အသုံးအနှုန်းကို မနှစ်မြို့လို့၊ “သာသနာကို ဘယ်သူမှ မပိုင်ဘူး” လို့ ပြောခဲ့၊ ရေးခဲ့ဖူးတယ်။

ဒီနေရာမှာ “ရာဇဂုရု – မင်းဆရာ” ဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါသေးတယ်။ အနော်ရထာဟာ၊ ရှင်အရဟံကို “မင်းဆရာ” အဖြစ် ချီးမြှောက်ပြီး၊ တိုင်းပြည်တည်ဆောက်ရေးမှာ၊ သံဃာ့အဖွဲ့အစည်း ထူထောင်ပြီး လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို ဘာသာရေးနည်းအားဖြင့် တည့်မတ်ဖို့ ကြံရွယ်လုပ် ဆောင်ခဲ့ပါတယ်။ ပထမမြန်မာနိုင်ငံဖြစ်ထွန်းမှုမှာ၊ အာဏာနဲ့ သာသနာဟာ ပူးတွဲပြီး အုတ်မြစ်ချ တည်ဆောက်ခဲ့တဲ့သဘောလို့ နားလည်ပါတယ်။

သံဃာ့ဘုရင်

ဗမာဘုရင်မင်းအဆက်ဆက်မှာ၊ သံဃာ့အဖွဲ့အစည်းဟာ တဖြည်းဖြည်း ခိုင်မာအားကောင်းလာပြီး၊ “မင်းဆရာ” ဆိုတဲ့ ဘွဲ့နဲ့ သံဃာ့ဥသျှောင်၊ သံဃာ့ရာဇာ၊ သာသနာ့ဥသျှောင်ဆိုတဲ့ ရာထူးအပေါ် တပ်မက်မှု ကလည်း အခြေကျခိုင်မာလာပါတယ်။ သံဃာ့အဖွဲ့အစည်းမှာ၊ အစိုးရမင်းတွေရဲ့ အာဏာစက် တည်ဆောက်မှုပုံစံလို အထက်အောက် စနစ်ရယ်လို့ မရှိဘူးလို့ နားလည်ပါတယ်။ အားလုံးဟာ ဘုံသဘောနဲ့ တစ်ပြေးညီ တည်ရှိတဲ့သဘောပါ။ သို့သော်လည်း လူ့အဖွဲ့အစည်းထဲမှာ၊ သံဃာ့အဖွဲ့အစည်း ကို ထိန်းကျောင်းဖို့၊ အစိုးရမင်းတွေရဲ့ အာဏာစက်တည်ဆောက်ပုံလို အထက်အောက်စနစ်နဲ့ တည်ဆောက်မှုဟာ တဖြည်းဖြည်း မြဲမြံလာပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာ၊ သံဃာ့မဟာ နာယက အဖွဲ့လို အဖွဲ့တွေကို ဖွဲ့စည်းပြီး နိုင်ငံအဆင့် (ဗဟို)၊ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် … စသည်ဖြင့် ထက်အောက်ပုံစံနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ ခေတ်သစ်မြန်မာ့လူ့အဖွဲ့အစည်း ထဲမှာ၊ သံဃာ့အဖွဲ့အစည်းဟာ အစိုးရဌာနဆိုင်ရာတွေရဲ့ ဗြူရိုကရေစီဖွဲ့စည်းပုံလို၊ ထက်အောက်စနစ်နဲ့ အဆင့်လိုက် ထိန်းချုပ်စီမံနဲ့ ပုံစံ ဟာ ပီပီပြင်ပြင် ဖြစ်လာပါတယ်။

ထက် – အောက် စနစ်

တကယ်တော့ အနော်ရထာနဲ့ ရှင်အရဟံတို့စတင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုနောက်ပိုင်း အစဉ် အဆက်တစ်လျှောက်လုံးမှာ၊ “သာသနာပိုင်” တွေ (တနည်း) “မင်းဆရာတော်” တွေရဲ့ လမ်းညွှန်မှုနဲ့၊ ကျေးရွာအလိုက်၊ မြို့ရွာအလိုက် ကျောင်းအုပ်စုအလိုက် ဒေသအသီးသီးသီးမှာ သံဃာ့အကြီးအမှူးတွေ ရွေးချယ်ပြီး သံဃာ့အဖွဲ့အစည်းကို တဖြည်းဖြည်း အပြန့်ကျယ်အောင် ဖွဲ့စည်းခဲ့ပါတယ်။ သံဃာ့အဖွဲ့ အစည်းထဲမှာ သံဃာတွေအချင်းချင်း ဂိုဏ်းဂဏ ပြဿနာဖြစ်လာရင်လည်း၊ အစိုးရမင်းတွေဟာ သာသနာ တော် ပြုပြင်ရေးတွေကို ဝင်ရောက်လုပ်ဆောင်တာတွေ့ရပါတယ်။

ဆရာ – ဒကာ ဆက်ဆံရေး

အနော်ရထာက စတင်လိုက်တဲ့ “မင်းဆရာ – ရာဇဂုရု” ရာထူးဘွဲ့ထူးဟာ၊ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ် တဲ့ အစိုးရမင်းတွေကိုတောင် ဩဇာပေး လွှမ်းမိုးနိုင်တဲ့ မြန်မာ့သမိုင်းရဲ့ထူးခြားတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ အခါခပ်သိမ်း လောကီလူမှုကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ကြပေမယ့်၊ ဘုရင်တွေကို ပြည်သူပြည်သားအပေါ် ကြင်နာဖို့ ထောက်ထားဖို့နဲ့ တရားမျှတစွာ စီမံအုပ်ချုပ်ဖို့ ဆုံးမတာ၊ တိုက်တွန်းတာတွေ ရှိတတ်ပါတယ်။

ဆုံးမလွယ်သော အစိုးရမင်းနဲ့ ကြုံရင်၊ ဘုန်းကြီးတွေဟာ ပြည်သူပြည်သားအပေါ် ငဲ့ညှာဖို့ ရဲတင်းစွာ တိုက်တွန်း ဆုံးမနိုင်ပြီး၊ ခက်ထန်ကြမ်းတမ်းသော အစိုးရမင်းနဲ့ ကြုံရင်တော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ် သာ နေ၍၊ လောကီအမှု ဝင်မစွက်ဖက်ဘူးဆိုတဲ့ မူကို ကိုင်ပြီး ရဲတင်းစွာ ဆုံးမ တိုက်တွန်းဖို့ မဝံ့ရဲတာကို တွေ့ရတယ်။ တချို့သော ဘုန်းကြီးသံဃာတွေကတော့ ပညာရှိနည်းနဲ့ မတင်မကျ မိန့်ဆို ဆုံးမတာမျိုး ရှိပေမယ့်၊ ရာဇမာန်မျက်မှာ စိုးရွံ့ပြီး ပြတ်ပြတ်သားသား ဆုံးမတိုက်တွန်းတာမျိုး မလုပ်ရဲပါ။ သဒ္ဓါ – ပညာ နည်းတဲ့ အစိုးရမင်းကို မင်းဆရာ ဘုန်းကြီးဟာ အလိုမရှိတတ်ပါ။ သို့သော် သဒ္ဓါယိုဖိတ်ရင်တော့ လူထုအပေါ် ညှင်းဆဲလည်း ဘုန်းကြီးက ကြည်ဖြူကောင်း ကြည်ဖြူနိုင်သေးတယ်။ အကြောင်းကတော့ သူ့အကျိုးစီးပွားဘက်ကို ယိမ်းလို့ ဖြစ်တယ်။ အာဏာနဲ့ သာသနာအကြားမှာ၊ ဆရာ – ဒကာ ဆက်ဆံရေးကို ပုထုဇဉ်ဘုန်းကြီးတွေလည်း မလွန်ဆန်နိုင်ပါ။

မင်းသေ့

ည ၉း၃၁

၂၁၊ မတ်၊ ၂၀၂၂။

Previous post အနီ – အစိမ်း လော့ဂျစ်
Next post ဝေဖန်ရေးသမားတစ်ယောက်၏ သံဝေဂကထာ