အနီရယ်လို့ ပြောလို့၊ အစိမ်းရယ်လို့ ပြောလို့ နိုင်ငံရေးအရောင်တွေရဲ့ စည်းခြားမှုလို့ ထင်ချင်စရာ ရှိတယ်။ အများသဘောအရ နားလည်ထားလို့ ဒီလိုပဲ သုံးနှုန်းလိုက်ရတယ်။ ဒီနေရာမှာ အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံပြီး မဆိုလိုပါ။ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်ခဲ့သူတွေနဲ့ ဖြစ်နေသူတွေရဲ့ နိုင်ငံရေးသဘောထားကိုပဲ ညွှန်းဆိုတာ ဖြစ်ပါတယ်။

အနီ

၁။ ​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ အခြေခံ သဘောထားတစ်ခုကို သွားတွေ့တယ်။ “ငါတို့ကို လူအများ ထောက်ခံနေရင် ပြီးပြီ၊ ငါတို့ နိုင်တယ်” ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ လူထု လူအများက ထောက်ခံနေဖို့သာ လိုတယ်၊ ကျန်တာ သိပ်အရေးမကြီးဘူး ဆိုတဲ့ ယူဆချက်နဲ့ လူအများ ထောက်ခံမှုရရေးသာ အာရုံစိုက်တယ်။ တခြား လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်ရမယ့် အရာတွေအပေါ်မှာ ဂရုဓမ္မမထားဘဲ၊ ဒီအချက်ကိုသာ တွင်တွင် ဆုပ်ကိုင်ထားတာတွေ့ခဲ့ရ တယ်။ ငါတို့ဟာ လူအများထောက်ခံနေရင် ပြီးပြီ ဆိုတာဟာ တစ်ဝက်သာ မှန်တယ်။ အလုံးစုံ မမှန်ဘူး။ တခါတရံ လူအများ ထောက်ခံရင် အားလုံးပြီးပြီ ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်ခဲ့တဲ့အရာတွေကြောင့်၊ မဖြစ်သင့် မဖြစ်ထိုက်တဲ့ နိုင်ငံရေးထောင်ချောက်၊ နိုင်ငံရေးမိုင်းဗုံးတွေကို နင်းမိသလိုတောင် ဖြစ်ခဲ့တယ်။ ဒါကိုလည်း သူတို့ဟာ ဂရုမထား။ ဘယ်လို နိုင်ငံရေးအကျပ်အတည်းပဲ ဖြစ်ဖြစ် လူထုထောက်ခံမှု ရနေ သရွေ့ ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်တယ် ဆိုတဲ့ အယူအဆကို ဆွဲကိုင်ထားတာတွေ့ရတယ်။ ဒါဟာ ပေါ်ပြူလစ်ဇင် ချောက်ကမ်းပါးထဲ ကိုယ့်ဘာသာကို ခုန်ချပစ်လိုက်တဲ့သဘောလို့တောင် နားလည်ရတယ်။

အစိမ်း

၂။ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ အခြေခံသဘောထားကို တွေ့ခဲ့ရတယ်။ အဲဒါကတော့ “ငါတို့မှာ လက်နက်ရှိရင် ရပြီ၊ ငါတို့ကို တပ်မတော်က ထောက်ခံနေရင် ရပြီ၊ ဒါဆိုရင် ငါတို့ လုပ်ချင်တာ လုပ်နိုင်တယ်၊ ငါတို့ ဖြစ်ချင်တာ ဖြစ်နိုင်တယ်၊ တခြား ဘယ်အရာမှ သိပ် အရေးမကြီးဘူး၊ ငါတို့ နောက်မှာ တပ်မတော် အင်စတီကျူးရှင်းကြီး ရှိနေရင် ပြီးပြီ” ဆိုတဲ့ အခြေခံသဘောထားဖြစ်ပါ တယ်။ ဒါကလည်း တစ်ဝက်သာ မှန်တယ်။ အကုန် မမှန်ဘူး။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ လက်နက်ကိုင်ထားရင် ပြီးပြီ၊ တပ်အင်စတီကျူးရှင်းကို ငါတို့ ထိန်းထားနိုင်ရင် အားလုံးပြီးပြီ ဆိုတဲ့ အယူ အဆနဲ့ လက်လွှတ်စပယ်လုပ်တဲ့ကိစ္စရပ်တွေက၊ နိုင်ငံကို အကြီးအကျယ် ဒုက္ခရောက်စေတယ်။ မျက်စိ တစ်ဆုံး မကြည့်ဘဲ၊ မျက်တောင်မွှေးတစ်ဆုံးသာ ကြည့်တဲ့ အမြော်အမြင်တွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ် တယ်။

နိုင်ငံရေးပဋိပက္ခ

၃။ ယနေ့ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာအရပ်ရပ်ဟာ အနီနဲ့ အစိမ်း အုပ်စုကို ခေါင်းဆောင်နေတဲ့ ခေါင်း ဆောင်တွေရဲ့ အခြေခံသဘောထားကနေ ဆင်းသက်လာတယ်လို့ ယူဆနိုင်တယ်။ လက်ရှိ တည်ဆဲ  အခြေအနေမှာလည်း ငါတို့ဟာ လက်နက်ရှိရင် အားလုံးကို လုပ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ ထိပ်တက် နေဆဲပဲ။ ၂၀၂၁ စစ်အာဏာသိမ်းမှုကို လုပ်ခဲ့တာလည်း၊ လက်နက်နဲ့ လက်နက်ကိုင် အင်စတီကျူးရှင်းကို အားကိုးပြီး၊ ငါတို့ လုပ်လို့ ရတယ် ဆိုတဲ့ အမြင်ကျဉ်းကျဉ်း အတွေးအခေါ်နဲ့ လုပ်ခဲ့တာဖြစ်တယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု အခင်းအကျင်း မဖြစ်ခင်ကလည်း၊ ငါတို့ကို လူထုထောက်ခံနေသရွေ့ ဘယ်လို အရာမှ မှုစရာ မလိုဘူး၊ အာဏာသိမ်းရင်လည်း သိမ်းရဲရင် သိမ်းလေ ဆိုတဲ့ အခြေခံအယူအဆနဲ့ လုပ်သင့် လုပ် ထိုက်တာတွေကို မလုပ်ခဲ့လို့ ၊ အခု မြန်မာပြည်ဟာ နူရာ ဝဲဆွဲ၊ လဲရာ သူခိုးထောင်း၊ မြွေပူရာ ကင်းမှောင့်၊ ဘူးလေးရာ ဖရုံဆင့် ဖြစ်ခဲ့ရတယ်။ ထိုနည်းလည်းကောင်းပဲ၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ၊ အပ်နဲ့ ထွင်းရ မယ့်ကိစ္စဟာ၊ ဓားနဲ့ ခွဲရသလို။ ဓားနဲ့ ခွဲရမယ့်ကိစ္စဟာ ပုဆိန်နဲ့ ပေါက်ရသလို ဖြစ်ခဲ့တယ်။ ရောဂါဘယ စွဲကပ်နေတဲ့လူတစ်ယောက်နဲ့ ပြောရင်လည်း၊ လိမ်းဆေး သောက်ဆေးလောက်နဲ့ ပြီးရမယ့် အရာက ၊ ထိုးဆေးနဲ့ ကုရတယ်။ ထိုးဆေးလောက်နဲ့ ကုရမယ့်အရာက ခွဲထုတ်ပစ်ရတဲ့ အဆင့်ထိ ရောက်လာတယ်။ ခွဲထုတ်ပြီး ကုလို့ ရတဲ့ အနာက၊ ခြေတွေ လက်တွေ လှီးဖြတ်ပစ်ရလောက်တဲ့အထိ ဖြစ်နေတယ်။

ဒါဟာ ဘယ်တော့ ဆုံးခန်းတိုင်မလဲ။ တည်ဆဲအခြေအနေတွေ အနေအထားတွေနဲ့ ကြည့်ရင်တော့ လုံးဝ မမျှော်လင့်နိုင်သေးပါ။

မင်းသေ့

ည ၉း၁၄

၃၁၊ မတ်၊ ၂၀၂၂။

Previous post အကြဉ်ခံနိုင်ငံရေးသမား
Next post မင်းဆရာ ဘုန်းကြီး