ဆရာ မြသန်းတင့်ဟာ သူရေးသားခဲ့တဲ့ စာပေတွေထဲမှာ၊ သူ့ရဲ့ စာရေးခြင်းဒဿနတွေကို ထည့်သွင်းမြှုပ်နှံရေး သားခဲ့တာကို ကျနော် တွေ့ခဲ့ရပါတယ်။ စာသမားတစ်ယောက်ဟာ စာရေးဆရာတစ်ယောက်မြှုပ်နှံထားတဲ့ ဒဿန တွေကို ရွှေစတွေ ရှာသလို ရှာကြံရတာ နှစ်ခြိုက်လေ့ရှိတယ်။ တခါတရံ ရွှေစတွေ ရှာတာ ဖြစ်ပေမယ့်၊ အမှတ်မထင် စိန်ရိုင်းတုံးတွေ ကောက်ရတတ်တာလည်း ဖြစ်တတ်ပါတယ်။

ဆရာမြသန်းတင့်က စာရေးဆရာတစ်ယောက်ရဲ့ ရင့်ကျက်မှုအကြောင်းကို ပြောခဲ့ဖူးတယ်။ “စာရေးဆရာ တစ်ယောက်ရဲ့ ရင့်ကျက်မှုဟာ အချက် သုံးချက်ပေါ်မှာ တည်သတဲ့။ (၁) ဘက်စုံပညာရေး၊ (၂) ရသ နဲ့ (၃) ဒဿနတို့ ဖြစ်သတဲ့။”

ဒီနေရာမှာ ဘက်စုံပညာရေးဆိုတာ ဘီအေကို ဆိုလိုတာ မဟုတ်။ အမ်အေကို ဆိုလိုတာ မဟုတ်။ ပါရဂူဘွဲ့တွေကို ဆိုလိုတာ မဟုတ်ပါ။ စာရေးဆရာတစ်ယောက်ဟာ အထွေထွေဗဟုသုတဘယ်လောက်ရှိသလဲ၊ အ​ကြားအမြင် ဘယ်လောက်ရှိသလဲ၊ စာရေးဆရာတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ တည်ဆောက်ဖို့အတွက် ဘယ်လောက် သင်ယူ သလဲဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ စာရေးဆရာဟာ သူကျင်လည်ရာ၊ သူလေ့ကျက်ရာ၊ သူဆည်းပူးရာ၊ သူ စူးစမ်းလေ့လာရာ ကွင်းပြင် ကျယ်ရင် ကျယ်သလောက် နက်နဲနိုင်တဲ့ သဘောအနက်ကို ဆိုလိုခြင်း ဖြစ်ဟန်တူ တယ်။ စာရေးဆရာရဲ့ ရင့်ကျက်ခြင်းဟာ ပညာအပေါ်မှာ အခြေပြုနေတယ်။

နောက်တစ်ချက်ကတော့ “ရသဗေဒကို ဘယ်လောက် သဘောပေါက်သလဲ” ဆိုတဲ့အချက်ဖြစ်ပါသတဲ့။ တနည်း အားဖြင့် ရသကို ဘယ်လောက်ခံစားနိုင်စွမ်း ရှိသလဲဆိုတဲ့အချက်ဟာ၊ စာရေးဆရာတစ်ယောက်ရဲ့ ရင့်ကျက်မှုကို ပြဌာန်းစီရင်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ ရသဝတ္ထုကို ရေးနေခြင်းမှ မဟုတ်ဘူး။ တစ်စုံတစ်ခုကို ဘာသာပြန်နေတယ်၊ သုတအားဖြင့် အတွေးအခေါ်အားဖြင့် သမိုင်းအားဖြင့် ဆက်စပ်နေတာကို ရေးသားနေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် စာရေးတဲ့လက်မှာ ရသကို ခံစားနိုင်စွမ်း ယိုစီးထားမှ၊ အဲသည့်စာဟာ လူ့အဖွဲ့အစည်းကို ထင်တာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ကျနော် ထင်တယ်။ ရသဗေဒကို သဘောပေါက်နားလည်ဖို့အတွက် စာရေးဆရာရဲ့ နှလုံးသားအရည်အသွေးအပေါ်မှာ တည်နေလိမ့်မယ်။ စာရေး ဆရာဟာ ရသကို ဘယ်လောက်ခံစားနိုင်စွမ်း ရှိသလဲဆိုတာ၊ စာရေးဆရာရဲ့ နှလုံးသားသဘာဝအပေါ်မှာ မှီတည် နေလိမ့်မယ်။

နောက်ဆုံးတစ်ချက်ကတော့ “ဒဿန” ဖြစ်ပါတယ်။ ဆရာမြသန်းတင့်ဟာ “ဘဝနှင့်ပတ်သက်တဲ့ ဒဿန ဘယ်လောက်စူးရှနက်ရှိုင်းသလဲ” ဆိုတာကို ညွှန်းတယ်။ စာရေးဆရာတစ်ယောက်ရဲ့ ရင့်ကျက်မှုဟာ ဘဝဒဿန ဘယ်လောက်စူးရှနက်နဲသလဲဆိုတဲ့အပေါ်မှာ မူတည်နေသတဲ့။ ဒါဆိုရင် ဘဝဒဿနဆိုတာ ဘယ်က ရမှာလဲ။ ဘယ်က လာမှာလဲ။ ဘယ်လို ဖြစ်လာသလဲ။

အဲသည့် စာရေးဆရာရဲ့ ဘဝဖြတ်သန်းမှုက လာမယ်လို့ ထင်ပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ ဘဝအခြေအနေ ကို သူ နေထိုင်ရာ ဝန်းကျင်၊ ခေတ်နဲ့ စနစ်တို့က ပုံဖော်နေတတ်တယ်။ စာရေးဆရာ ဖြတ်သန်းတဲ့ ခေတ်ကာလ၊ ခေတ်အခြေအနေဟာ စာရေးဆရာရဲ့ ဘဝဒဿနကို ထင်ဟပ်နေလိမ့်မယ်။ ဘဝဖြတ်သန်းမှု ကြမ်းတမ်းရင်၊ ကြမ်းတမ်းသလောက် စာရေးဆရာရဲ့ ဘဝဒဿနဟာ နက်ရှိုင်းနေလိမ့်မယ်။ ဂျက်လန်ဒန်၊ ချားဒစ်ကင်းနဲ့ ဂျော့ဘားနတ်ရှောတို့ရဲ့ ဘဝဟာ ဖြတ်သန်းမှုကြမ်းတမ်းတဲ့ ဘဝနောက်ခံရှိခဲ့သလို၊ ပီမိုးနင်း၊ ဗန်းမော်တင်အောင်နဲ့ ရွှေဥဒေါင်းတို့ရဲ့ ဘဝတွေဟာလည်း ဆူကြုံနိမ့်မြင့် ဖြတ်သန်းမှုအသီးသီး ရှိခဲ့တာပါပဲ။ စာရေးဆရာတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုဟာ ကလောင်ရဲ့ ရင့်ကျက်မှုကို ပြဌာန်းစီရင်နေတယ်။

ဒါဟာ ဆရာမြသန်းတင့် ပြောခဲ့ဖူးတဲ့ ပညာ ၊ ရသနဲ့ ဒဿနတို့က စီရင်ပြုပြင်တဲ့ ကလောင်တစ်ချောင်းရဲ့ ရင့်ကျက်မှု ပဲ ဖြစ်ပါတယ်။

မင်းသေ့

ည ၉း၂၂

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ
Next post ပြည်သူနဲ့ တန်တဲ့ အစိုးရ