နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ၊ အကျိုးစီးပွားတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ တစ်ဦးချင်း အကျိုးစီးပွားတွေရှိတယ်။ အဖွဲ့အကျိုးစီးပွား ရှိတယ်။ လူမျိုးအကျိုးစီးပွားရှိတယ်။ အုပ်စုအကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားမြေပုံတွေရဲ့ တည်နေရာကို ကောင်းကောင်း မြင်နိုင်မှ၊ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ သိလိမ့်မယ်။ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိမှ၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း တဲ့အခါမှာ ထိရောက်လိမ့်မယ်။ နိုင်ငံရေးရဲ့ အဓိက ဗဟိုချက်ဟာ အကျိုးစီးပွား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါကို ပစ်ပယ်ထားလို့ မရဘူး။

နိုင်ငံရေးမှာ မပြောသောစကားကို နားလည်ရေး

နိုင်ငံရေးမှာ နှုန်းစံတွေကို ပြောကြလိမ့်မယ်။ အခြေခံစံတန်ဖိုးတွေကို ပြောကြလိမ့်မယ်။ ယုံကြည်ချက်တွေကို ပြောကြလိမ့်မယ်။ ခံယူချက်တွေကို ပြောကြလိမ့်မယ်။ ဒါတွေဟာ နိုင်ငံရေးပြဿနာတွေထဲမှာ အရေးမပါဘူးလား ဆိုတော့ ပါပါတယ်။ သို့သော်လည်း တခါတရံ လက်တွေ့နိုင်ငံရေးမှာ နှုန်းစံတွေ၊ တန်ဖိုးတွေ၊ ယုံကြည်ချက်၊ ခံယူ ချက်ဆိုတာတွေဟာ အကျိုးစီးပွားတွေကို ကာဗာယူ၊ ဖုံးကွယ်ပေးထားတဲ့ သဘောအနက်ရှိတယ်။ ဒါ့ကြောင့် လက်တွေ့မှာ ဘာဖြစ်နေသလဲ၊ အခြေခံနှုန်းစံတန်ဖိုးတွေဟာ ဘယ်လို ရွေ့နေတတ်သလဲဆိုတာကို မျှကြည့်ဖို့ ဖြစ်ပါတယ်။ တစ်ဖက်တည်းကို မှန်ပြောင်းတစ်ခုတည်းနဲ့ ကျောက်ချကြည့်ရင်တော့၊ နိုင်ငံရေးပြဿနာကို ကောင်း ကောင်း ဖြေရှင်းနိုင်မယ်လို့ မထင်ပါ။ လူတွေရဲ့ စကားတွေကို နားထောင်ရမှာ ဖြစ်သလို၊ မပြောသော ဘာသာ စကားတွေကိုလည်း နားလည်ရပါလိမ့်မယ်။ ဒါကို နိုင်ငံရေး body language လို့ ပြောရင် ရနိုင်မယ်ထင်တယ်။ အကျိုးစီးပွားဆိုတာ မပြောဘဲ နားလည်ရမယ့် ဘာသာစကားတစ်ခုဖြစ်ပါတယ်။

အကျိုးစီးပွားပဋိပက္ခ

အကျိုးစီးပွားကြောင့်၊ စစ်ပွဲ​တွေ ဖြစ်ရတယ်။ ပဋိပက္ခတွေ ဖြစ်ရတယ်။ နိုင်ငံရေးပြဿနာအားလုံးလိုလိုဟာ အကျိုးစီးပွားပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ အကျိုးစီးပွားပဋိပက္ခဟာ၊ နိုင်ငံရေးပဋိပက္ခကို ဖြစ်စေတယ်လို့တောင် အပ်ကျမက်ကျ ပြောနိုင်ပါလိမ့်မယ်။ အခြေခံသာမန်လူထုဟာ နိုင်ငံရေးပြဿနာတွေကို နှုန်းစံတန်ဖိုးတွေအတွက်နဲ့ ဖြစ်ပွားရတယ်လို့ သိနားလည်ထားကြပါတယ်။ သို့သော်လည်း လက်တွေ့နိုင်ငံရေးက အဲသည်လို အမြဲတမ်း ဖြစ်မနေပါဘူး။ အုပ်စုတိုက်ပွဲတွေအတွင်းမှာ အကျိုးစီးပွားပဋိပက္ခတွေကို မြင်နိုင်တယ်။ အစုအဖွဲ့တွေထဲမှာ အကျိုးစီးပွားချင်း တိုးတိုက်မှုတွေဖြစ်တာတွေကို တွေ့နိုင်တယ်။ လူမျိုးအကျိုးစီးပွားလို့ ပြော ပေမယ့်၊ တစ်ဦးချင်း ကိုယ်ကျိုးစီးပွားတွေ ပါနိုင်တယ်။ တကယ်တော့ အကျိုးစီးပွားပဋိပက္ခဆိုတာ နိုင်ငံရေးမှာ၊ သီးသီးသန့်သန့် လေ့လာရမယ့် ဘာသာရပ်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ပဋိပက္ခ စတိုင်လ်နဲ့ ဒီဇိုင်း

ကမ္ဘာ့သမိုင်းစဉ်ကို ကြည့်ရင်လည်း နိုင်ငံတွေအချင်းချင်းကြားမှာ ဖြစ်ပျက်တဲ့ အကျိုးစီးပွားပဋိပက္ခတွေ ရှိပါတယ်။ နိုင်ငံတွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးစီးပွားကို ချဲ့ထွင်ကြရင်း၊ အချင်းချင်း ထိပ်တိုက်တွေ့တာတွေဖြစ်လာ ကြတယ်။ ပေးထားချက်တွေနဲ့ ဖြစ်တည်မှုတွေ မတူကြတဲ့အခါ၊ ပဋိပက္ခတွေရဲ့ စတိုင်လ်နဲ့ ဒီဇိုင်းကလည်း မတူပါ ဘူး။ ကွဲပြားပါတယ်။

အဓိက ဇာစ်မြစ် (၃) ခု

ပဋိပက္ခတွေမှာ စတိုင်လ်ကိုယ်စီ ရှိတယ်။ ဒီဇိုင်းကိုယ်စီ ရှိတယ်။ စစ်ပွဲတွေဖြစ်တာချင်းတူပေမယ့်၊ ဖြစ်ပွားသော အကြောင်း ဇာတ်မြစ်နောက်ခံတွေ ကွဲပြားတယ်။ ဒေသတွင်းမှာ ပေးထားချက်တွေ မတူဘူး။ အထူးသဖြင့် နိုင်ငံတွေ အချင်းချင်း ဖြစ်တဲ့ ပဋိပက္ခတွေမှာ ပထဝီနိုင်ငံရေးပေးထားချက်တွေ မတူဘူး။ ၂၁ ရာစုအတွင်းမှာ နိုင်ငံအချင်း ချင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို လေ့လာကြည့်ရင်၊ အဓိက အချက် (၃) ချက်ပေါ်မှာ မူတည်ပြီးတော့ အများဆုံး ဖြစ်တာတွေ့ရတယ်။

  • (၁) ပထဝီနိုင်ငံရေးပြဿနာ
  • (၂) အမှတ်အသားသရုပ်ပြဿနာနဲ့
  • (၃) အကျိုးစီးပွားပဋိပက္ခ တို့ ဖြစ်တယ်။

ခေတ်သစ်ကမ္ဘာမှာ ဒီအချက် (၃) ချက်ဟာ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ ပြဿနာအားလုံးရဲ့ ဗဟိုချက်လို ဖြစ်နေတယ်။ ဒါကို တွက်ဆနားလည်ကြဖို့ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့၊ လူအုပ်စုတွေ အချင်းချင်းကြားမှာ ဖြစ်တဲ့ အကျိုးစီးပွား ထိပ်တိုက်တိုးမှုတွေ အမြောက်အမြား ရှိတယ်။

အကျိုးစီးပွားမြေပုံကို ခြုံငုံမြင်နိုင်စွမ်း

နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ သတ္တဝါတွေဟာ၊ အကျိုးစီးပွားပဋိပက္ခတွေကို မြင်အောင် ကြည့်နိုင်စွမ်း ရှိဖို့ လိုပါလိမ့်မယ်။ ဘယ်သူ့ဆီမှာ ဘယ်လိုအကျိုးစီးပွား ကိန်းအောင်း ဖြစ်တည်နေသလဲဆိုတာ မြင်အောင်ကြည့်ဖို့ လိုပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲက ဦးစီးခေါင်းဆောင်လုပ်နေသူတွေဟာ၊ အကျိုးစီးပွားမြေပုံကို အပေါ်က မိုးပြီး ကြည့်နိုင်မှ အကျိုးစီးပွားစီမံခန့်ခွဲရေးအလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ အကျိုးစီးပွားတွေကို ကောင်းကောင်း စီမံခန့်ခွဲတာမျိုး မလုပ်နိုင်ရင်၊ ပြဿနာတွေဟာ မပြေလည်ပါ။ နိုင်ငံရေးခေါင်းဆောင်တွေဟာ အကျိုးစီးပွားမြေပုံကို ခြုံငုံကြည့်မြင်နိုင်စွမ်း ရှိရပါလိမ့်မယ်။ မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကို စမ်းသလို မဖြစ်သင့်ပါ။ ကိုယ့်နေရာကွက်ကွက်လေးထဲက အကျိုးစီးပွားကိုသာ မြင်နေလို့ မရပါ။ ဆက်စပ်နေတဲ့ အကျိုးစီးပွား ကွင်းပြင်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်မြင်နိုင်ဖို့ လိုပါတယ်။

ကိုယ်ကြည့်နိုင်တဲ့ အကျိုးစီးပွားမိုးကုတ်စက်ဝိုင်းကို မူတည်ပြီးတော့၊ နိုင်ငံရေးအမြော်အမြင်ဆိုတာ ဖြစ်လာရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအမြင်မှာ ပါးနပ်စွာ တွေးခေါ်နိုင်ဖို့အတွက် အကျိုးစီးပွားမြေပုံကို ကြေလည်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်၊ နှုန်းစံတွေကို များများ ရွတ်ပြီး စကားလုံးတစ္ဆေခြောက်ခံရခြင်းဘေးက မကင်းလွတ်နိုင်ပါ။ ဒါကို နားလည်သဘောပေါက်ဖို့ ဖြစ်ပါတယ်။

အကျိုးစီးပွား ဇယားကွက်

လောလောဆယ် မြန်မာပြည် မြေပုံကို ရှေ့မှာ ချပါ။ ပထဝီဒေသအပိုင်းအခြားမျဉ်းတွေကို ခဏ ဖယ်ထားပါ။ ဘယ်နေရာမှာ ဘယ်သူ့အကျိုးစီးပွားရှိတယ်ဆိုတာကို မြေပုံမှာ ထောက်ပါ။ ဘယ်သူလဲ။ ဘာအကျိုးစီးပွားလဲ။ ထို့နောက် အကျိုးစီးပွားချဲ့ထွင်မှု ပုံစံ ဒီဇိုင်းက ဘယ်လို ဘယ်ကဲ့သို့လဲ။ ဒါကို လေ့လာဆန်းစစ်ကြည့်ဖို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုထဲမှာဆိုရင်လည်း ထိုနည်းလည်းကောင်းဖြစ်မယ်။ အင်စတီကျူးရှင်းတစ်ခုထဲမှာလည်း ထိုနည်း လည်းကောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်နေရာ ဘယ်ကဏ္ဍက ဘယ်အပိုင်းမှာ ဘယ်သူ့အတွက် ဘယ်လို အကျိုးစီးပွား မျိုး ရှိနေတတ်သလဲဆိုတာကို မြင်အောင် ကြည့်ဖို့၊ ကောင်းကောင်း ကြေလည်ကြစေဖို့ ဖြစ်ပါတယ်။

နုနယ်သော / ရင့်မာသော

နုနယ်သေးတဲ့ နိုင်ငံရေးဖြတ်သန်းမှု မှာတော့၊ ယုံကြည်ချက်တွေ ၊ ခံယူချက်တွေနဲ့ နှုန်းစံတွေဟာ ဗဟိုချက်ကျနေ ပါလိမ့်မယ်။ ရင့်မာလာတဲ့ နိုင်ငံရေး ဖြတ်သန်းမှုမှာတော့ အကျိုးစီးပွားတွေကသာလျှင် ဗဟိုချက်ကျနေတာကို ထင်ထင်ရှားရှားတွေ့နိုင်ပါလိမ့်မယ်။

  • နိုင်ငံရေးအရ ပါးရည်နပ်ရည်ရှိကြပါ။
  • သို့မဟုတ်ရင် အလိမ်ခံထိမယ်။

နိုင်ငံရေးမှာ အသည်းမကွဲချင်ရင်၊ အကျိုးစီးပွားမြေပုံကို ကြေကြေလည်လည် နားလည်သဘော ပေါက်ထားဖို့ အထူးလိုအပ်ပါလိမ့်မယ်။

မင်းသေ့

နံနက် ၁း၀၁

၃၊ မတ်လ၊ ၂၀၂၂။

Previous post လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား
Next post ပေါင်းပင်တွေကို ရှင်းပစ်ပါ