ပြောက်ကျားတော်လှန်သူလူထု၏ အခန်းကဏ္ဍကို နားလည်ပါ

တော်လှန်ရေး၌ အချိန် အကန့်အသတ် ရှိ – မရှိ

မြန်မာ့နွေဦးတော်လှန်ရေးကို ကာလသတ်မှတ်ထားလို့ ရနိုင်ပါသလား။ အဲသည်လို ပြောရင်၊ တော်လှန်ရေးမှာ အချိန်အကန့်အသတ်ရယ်လို့ သတ်မှတ်ချင်သူကို အရူးလို့ ဝိုင်းစွပ်စွဲကြမှာ ကြိမ်းသေနေပါတယ်။ ဘယ်တော်လှန်ရေးက ဘယ်အချိန်ပြီးမယ်လို့ သတ်မှတ်ပြဌာန်းပြီး လုပ်ကြတာရှိသတုန်း… လို့ မေးကြလိမ့်မယ်။ ဟုတ်ပါတယ်။ မရှိပါ။ ဘယ်အချိန်ပြီးစီးမယ်လို့ ဘယ်သူမှ သတ်မှတ်ပြဌာန်းပြီး တော်လှန်ရေးကို မစတင်ကြပါ။ သို့သော်လည်း တော်လှန်ရေးမှာ ဦးဆောင်နေသူတွေအကြားမှာတော့ အချိန်အကန့်အသတ်ထားရပါလိမ့်မယ်။ ၁၉၄၅ ခုနှစ် ကမ္ဘာစစ်ကြီးအပြီးမှာ၊ ဘယ်နှနှစ်အတွင်း လွတ်လပ်ရေးရကို ရရစေ့မယ်ဆိုတဲ့ သံန္နိဋ္ဌာန်ရှိတာတွေ့ရပါ တယ်။ အခုတော့ အဲသည်လို ပြောနိုင်ပြီလား။ ပြောကြတာတွေ ရှိပါတယ်။ သို့သော်လည်း လူထုကို စိတ်အား မြှင့်တင်ပေးတဲ့သဘော၊ လူထုကို သွေးမအေးအောင် ပြောတဲ့သဘောသာ တွေ့ရပါတယ်။ တကယ်ယုံယုံကြည် ကြည်နဲ့ ရဲရဲဝံ့ဝံ့ ပြောနိုင်သော လေသံမျိုး မတွေ့ရပါ။

ဒါဆိုရင် တော်လှန်ရေးဟာ ရေရှည်လား။ ရေရှည်တော်လှန်ရေးကို ဆင်နွှဲမှာလား။

“နိဗ္ဗာန် မဂ်ဖိုလ် ရက်တိုတို” နဲ့ ရောက်နိုင်မယ် မထင်

ရေတိုမှာ မကင်းပြတ်ခဲ့သည်ရှိသော်၊ ရေရှည်အတွက် ဘယ်လို ဗျူဟာမျိုး၊ ဘယ်လို အမြင်မျိုးနဲ့ ရှေ့ဆက်ကြမလဲ။ ​ဒီနှစ်ကုန်မှာ မကင်းပြတ်ခဲ့ရင်၊ ရေရှည်တော်လှန်စစ်သဘောမျိုးသက်ရောက်သွားနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လို တောင့်ခံကြမလဲ။ ဘယ်လိုအမြင်မျိုးနဲ့ ရှေ့ဆက်ကြမလဲ။ အားလုံးကတော့ မြန်မြန်ဆန်ဆန်နဲ့ ပြီးစီးချင်လှတယ်။ ဒါပေမယ့် “နိဗ္ဗာန် မဂ်ဖိုလ် ရက်တိုတို” နဲ့ ရောက်နိုင်မယ် မထင်။

အဲသည့်အခါ ကျနော်တို့ ရှုဒေါင့်ကို အနည်းငယ် ပြောင်းဖို့ လိုပါလိမ့်မယ်။ အဲသည့်အတွက် ပြောက်ကျားတော်လှန်ရေးသမားတွေ ပိုလိုပါလိမ့်မယ်။ ပြောက်ကျားတော်လှန်ရေးသမားတွေရဲ့ အခန်းကဏ္ဍဟာ ရေရှည်တော်လှန်မှုမှာ အရာရောက်နိုင်ပါလိမ့်မယ်။ ထပ်မံရှင်းလင်းပါ့မယ်။

ပြောက်ကျားတော်လှန်ရေးသမား

ပြောက်ကျားတော်လျန်ရေးသမားဆိုတာ ဘာကို ပြောတာလဲ။ ဒီဆိုလိုချက်ဟာ ၁၉၅၈ ခုနှစ်၊ စာဆိုတော်နေ့မှာ ဆရာဇော်ဂျီဟောပြောခဲ့တဲ့ (ထို့နောက် ပြန်လည်ရေးသားခဲ့တဲ့) “ပြောက်ကျားစာရေးဆရာ” ဆိုတဲ့ ဆောင်းပါးရဲ့ သဘောအနက်ကို မှီးငြမ်းပြီးရေးတယ်လို့ ဝန်ခံပါတယ်။

ပြောက်ကျားတော်လှန်ရေးသမား။ ပြောက်ကျားဆိုတဲ့သဘောအနက်ဟာ၊ အချိန်ပြည့် အမြဲတမ်း မဟုတ်ဆိုတဲ့ အနက်ကို ဆောင်တယ်။ သို့သော်လည်း အလစ်အငိုက်ကို ဝင်တိုက်တယ်၊ ခြုံခိုတိုက်ခိုက်တယ်၊ ပစ် ပြေးပြေးတယ် ဆိုတဲ့ သဘောအနက်ကို တွေ့ရပါတယ်။ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုတဲ့ ဗျူဟာမျိုးလည်း ဖြစ်ပါတယ်။ အမြဲတမ်း မဟုတ်ပေမယ့်၊ အခွင့်အခါပေးရင် အချိန်အခါပေးရင် အလစ်အငိုက်ထိုးနှက်ပြီး ရန်သူကို အားပျော့ ချိုးနဲ့စေတဲ့ သဘောဖြစ်တာတွေ့ရပါတယ်။

အမြဲတမ်း မပါဝင်နိုင်ခဲ့သော်

နွေဦးတော်လှန်ရေးမှာ အမြဲတမ်းပါဝင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သို့သော်လည်း လူထုဟာ အမြဲတမ်း မပါဝင်နိုင်ပါ။ အခု ၂၀၂၂ ခုနှစ်မှာ ပိုလို့ သိသာလာနေပါတယ်။ အထွေထွေအကျပ်အတည်းဟာ လူထုဆီကို ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာနေပါတယ်။ လူထုမှာ စားဝတ်နေရေးအကျပ်အတည်း ရှိတယ်ဆိုတာ နားလည်ကြပါ လိမ့်မယ်။ ဒီလို ကျပ်ကျပ်တည်းတည်းအခြေအနေမျိုးမှာ၊ တော်လှန်ရေး၌ အမြဲတမ်း မပါဝင်နိုင်ရကောင်းလားဆို ပြီး ပြစ်တင်မောင်းမဲနေလို့ မရပါ။ လူထုမှာ အပြစ် မရှိပါ။ တော်လှန်ရေးစိတ်ပြင်းထန်ပြီးတော့ လူထုကို ရန်တွေ့ သလိုမျိုးဖြစ်တာကို ရှောင်ကြဖို့ သတိချပ်သင့်ပါတယ်။

လူထုအနေနဲ့လည်း ရေရှည်ဖြစ်လာနိုင်ချေရှိတဲ့တော်လှန်ရေးကို စိတ်ပျက်အားလျော့သွားလို့ မရပါ။ အမြဲတမ်း တော်လှန်ရေးတပ်သား လုပ်စရာ မလိုပါ။ လိုကောင်းမှ လိုပါလိမ့်မယ်။ လိုရင်တော့ အသင့်ရှိနေမယ်ဆိုတာ ယုံကြည် ပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း လူထုတစ်ရပ်လုံး တော်လှန်ရေးမှာ အားလျော့မသွားဖို့၊ တစ်ထစ် လျော့စဉ်းစားခန်း ဖွင့်သင့်ရင် ဖြစ်ရပါလိမ့်မယ်။ အဲဒါကတော့ ပြောက်ကျားတော်လှန်ရေးသမားပါ။

ပြောက်ကျားလို့ ခံယူပါ

လူထုဟာ တော်လှန်ရေးအမြဲတမ်း မလုပ်နိုင်ရင်၊ ပြောက်ကျားတော်လှန်ရေးသမားတော့ လုပ်ကြပါ။ ဒီ့အတွက် တော်လှန်ရေးသတိနဲ့ တော်လှန်ရေးအသိ ရှိဖို့တော့ လိုပါလိမ့်မယ်။ အလွယ်တကူလက်လျော့အရှုံးပေးတာမျိုး မလုပ်သင့်ပါ။ မဖြစ်သင့်ပါ။ ဒီတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ ကန့်ကွက် ကြောင်း၊ အလိုမရှိကြောင်း၊ မထောက်ခံကြောင်း အခွင့်အခါ ကြုံရင် ကြုံသလို ပြသနေဖို့ ဖြစ်ပါတယ်။ ဒါဟာ ပြောက်ကျား တော်လှန်ရေးရဲ့သဘောလို့ ထင်ပါတယ်။ လူမှာ စားဝတ်နေရေးရယ်လို့၊ မိသားစုရေးရယ်လို့ ရှိနေတာကြောင့် အချိန်ပြည့် အာဏာရှင်တော်လှန်ရေးမှာ စိတ်အပြည့် မထားနိုင်တာ အပြစ် မဟုတ်ပါ။

အာဏာရှင်ဆန့်ကျင်ရေးအတွက် လူထုဟာ အချိန်ပြည့်တော်လှန်ရေးသမား မလုပ်နိုင်ပေမယ့်၊ ပြောက်ကျားတော်လှန်ရေးသမားတော့ လုပ်နိုင်ပါလိမ့်မယ်။ လုပ်နိုင်တာ သေချာပါတယ်။ လူထုဟာ ကိုယ့်ရပ်တည် ရှင်သန်ရေးအတွက်သော်လည်းကောင်း၊ စားဝတ်နေရေးအတွက်သော်လည်းကောင်း လုပ်နေကြရင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နိုင်ပါတယ်။ ဒီနေ့အခြေအနေမှာ ပြောက်ကျားနည်းနဲ့ ပါဝင်လိုရင် ပုံစံအမျိုးမျိုးနဲ့ ပါဝင်နိုင်နေပြီ ဖြစ်ပါတယ်။ တော်လှန်စိတ်ကလေး ကပ်ထားဖို့သာ အဓိကလို့ ထင်ပါတယ်။ ဘယ်ပုံဘယ်နည်း တော်လှန်နိုင်တယ်ဆိုတာကို အသေးစိတ် မပြောလိုပါ။

ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်

ပြောက်ကျားသဘောဆိုရာမှာ၊ တခါတရံ ရပ်လိုက်၊ နားလိုက်၊ တခါတရံ လှုပ်လိုက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း ရေရှည်တော်လှန်မှုမှာ ဒါဟာ အင်အားတစ်ရပ်ဖြစ်နေပါလိမ့်မယ်။ ပြောက်ကျားတော်လှန်ရေး အခန်းကဏ္ဍကို လျော့မတွက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ချင်ဇောနဲ့ သွေးအေးပြီး ထုံ့ပိုင်းထုံ့ပိုင်းဖြစ်နေသူတွေကို ဒီလို ဖြစ်ရကောင်းလားဆိုပြီး ပြစ်တင်တာ၊ မောင်းမဲတာ၊ ဆဲဆိုတာ၊ ခံပြင်းပြီး အပြစ်ပြောတာတွေဟာ တော်လှန်ရေးမှာ ရန်သူမွေးတာနဲ့ အတူတူပါပဲ။ ပြစ်တင်မောင်းမဲခြင်းဖြင့် ကိုယ့်ဘက်ကို ပါအောင် မလုပ်နိုင်ပါ။ ဒါဟာ စည်းရုံးရေးနည်းလမ်းကောင်းလည်း မဟုတ်ပါ။ ရန်သူဖြစ်ပြီးသားသူကို ရန်သူ ဘက်တွန်းပို့တာ ကိစ္စ မရှိပါ။ သာမန် ပြည်သူလူထုကို ရန်သူ့ဘက်အားရှိအောင် တွန်းပို့သလို မဖြစ်အောင်တော့ သတိထားရပါလိမ့်မယ်။

ဒီတော့ အမြဲတမ်းတော်လှန်ရေးသမား မလုပ်နိုင်ရင်တောင်မှ၊ လူထုကို ပြောက်ကျားတော်လှန်ရေးသမားအဖြစ် ခံယူကြဖို့ တိုက်တွန်းနှိုးဆော်ရမှာ ဖြစ်ပါတယ်။

ရန်သူတိုးအောင် မလုပ်ပါနဲ့

ဘဝရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေရင်း တော်လှန်ရေးအတွက် အားဖြည့်နိုင်တဲ့အင်အားစုကို ရန်သူ့ဘက် အခြမ်းကို တွန်းမပို့ချင်စမ်းပါနဲ့။ ဒါဟာ သတိချပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ ရေရှည်တော်လှန်ရေးခရီး ဖြစ်ခဲ့သည်ရှိသော်၊ ဒီ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ စိတ်သဘောထားတစ်ရပ်ကို ကြိုတင် တင်ပြထားခြင်း သဘောလည်းဖြစ်ပါလိမ့်မယ်။

မင်းသေ့

ညနေ ၄း၃၆

၂၄၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
Next post ၈၈ – ၂၁  / ယခင် – ယခု