“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။ “စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင် ရေးတယ် မဟုတ်လား။ ချုံကြားမှ ဘုံဖျားသို့ ဆိုလား မသိ။ ဒီတော့ စိတ်နေမြင့်အောင် မြှင့်ပေးမှ၊ ဘဝက လည်း မြင့်မယ်ဆိုတဲ့ သဘောကို တွေ့ရတယ်။ ဒါကို ဆရာကြီး ပီမိုးနင်းကလည်း သူ့ရဲ့ ဘဝတိုးတက်ရေးစာအုပ် တွေမှာ အမြောက်အမြားထည့်သွင်းရေးသားတာတွေ့ရပါတယ်။ ကိုယ့်စိတ်ကိုမှ မြင့်အောင် မထားရင်၊ ဘဝက လည်း နိမ့်ပြီးရင်း နိမ့်နေမှပဲ။ ဒီတော့ ရည်မှန်းချက်ထားရင် မြင့်မြင့်သာထား… လို့ တက်ကျမ်းဆရာတွေက ဟော ပြောလေ့ရှိပါတယ်။ ယုတ္တိဗေဒရဲ့အလိုအရ၊ ဒါကလည်း မှန်သင့်သလောက်မှန်ပါတယ်။ ထားတော့။

နိုင်ငံရေးသတ္တမဇော

ဒီနေရာမှာ နိုင်ငံရေးစိတ်ဇောဟာ ဘာကို ဗဟိုပြုနေသလဲ။ ဘယ်ကို ဦးတည်နေသလဲ၊ ဘယ်ကို မှန်းထားသလဲ ဆိုတာ လေ့လာရမယ် ထင်ပါတယ်။ “ခွဲထွက်ရေး” ဆိုတာကို ဘယ်တော့မှ မပြောတော့ဘဲ၊ ဖက်ဒရယ်ကိုသာ ဖိပြောနေတဲ့အချိန်မှာ၊ “ကွန်ဖက်ဒရေးရှင်း” အထိ ထုတ်ပြောဝံ့တာ ဘယ်သူလဲ။ ဒါဟာ ဘယ်သူဘယ်ဝါဆိုတာ ထက် နိုင်ငံရေးစိတ်ဇောရဲ့ အရည်အသွေးကို ပြနေပါတယ်။ ထိုနည်းလည်းကောင်း နိုင်ငံရေးမျှော်မှန်းချက်ကို ပြသနေသလို၊ သမားရိုးကျ ဇာတ်ညွှန်းဘောင်ထဲကနေ ထွက်ပြီး ရည်မှန်းချက် ထားတယ်ဆိုတာကို ထင်ထင် ရှားရှား ပြနေပါတယ်။  ၂၀၁၅ – ၂၀၂၀ ခုနှစ်ကြားကာလဟာ၊ သမားရိုးကျ စတိုရီဘောင်ထဲမှာပဲ ရှိနေတဲ့ကာလပါ။

  • (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေလိုတယ်၊
  • (၂) ထို့နောက်… ဒီမိုကရေစီ ခိုင်မာကျစ်လစ်လိုတယ်၊
  • (၃) ပြီးမှ၊ ဖက်ဒရယ်စနစ်ကို သွတ်သွင်းတည်ဆောက်မယ်၊
  • (၄) ကွန်ဖက်ဒရေးရှင်းဆိုတာကို မစဉ်းစားသေးဘူး၊
  • (၅) နိုင်ငံသစ် ခွဲထွက်ထူထောင်ဖို့ဆိုတာ ဝေလာဝေး။

စသည်ဖြင့်…. ၊ ဒီလို သမားရိုးကျ အစဉ်အလာစဉ်းစားချက် ဘောင်ထဲကနေ မထွက်ခဲ့ပါဘူး။ ဒီဇာတ်ညွှန်းကို စချိုး ဖျက်သူဟာ ဘယ်သူဖြစ်ပါသလဲ။ ဘယ်သူမှ မစဉ်းစားသေးဘူး…ဆိုတဲ့ ကွန်ဖက်ဒရေးရှင်းကို စစဉ်းစားလာခဲ့ပါ တယ်။

ကာယကံမြောက် အိပ်မက်တွေ

“အိပ်မက်” မှာ “လုံ့လ” ပါလာပြီဆိုရင်၊ ဒါဟာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်တော့ပါ။ ဖြစ်နိုင်ပါတယ်။ ထို့နောက် ကိုယ့်ရဲ့ ဆန္ဒကို အဓိပတိထားပြီး ကြိုးစားလာတဲ့ ဆန္ဒဓိပတိအဆင့်ရောက်လာရင်၊ အိပ်မက်ဟာ တကယ်ဖြစ်လာ တော့မယ်။ ဆန္ဒဓိပတိမှာ ဝီရိယာဓိပတိထပ်ပြီး ယှဉ်တွဲလိုက်ရင်၊ ဒါဟာ ပိုနီးစပ်လာပြီ။ သူ့ကို အိပ်မက်လို့တောင် မပြောနိုင်တော့ဘူး။ နောက်ထပ် ဝီရိယာဓိပတိမှာ၊ ပညာဓိပတိ ထပ်ပြီး လိုက်လာရင်တော့၊ ဒါဟာ တကယ်ဖြစ် လာတော့မယ်။ အဟုတ်ဖြစ်လာတော့မယ်။ ဒီတော့ ချုပ်လိုက်ရင်… အိပ်မက်တွေကို အိပ်မက်အတိုင်းသာ စိတ်ကူး ယဉ် အာသာဖြေအဆင့်လောက်သာ ထားရင် အိပ်မက်ဟာ လေထဲမှာပဲ ရှိနေပါတယ်။

မဖြစ်သေးတာပဲ ရှိတယ်

အိပ်မက်ကို ဆန္ဒဓိပတိအဖြစ် ပြောင်းမယ်။ ဆန္ဒဓိပတိကိုလည်း ဝီရိယဓိပတိနဲ့ ကပ်ပြီး ပိုးထားမယ်။ ဝီရိယလုံ့လ ထုတ်တဲ့နေရာမှာလည်း ပညာပါလာပြီဆိုရင်၊ ဒါဟာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်နေရပြီ။ လက်တွေ့ ကာယ ကံမြောက်အားထုတ်နေသူတွေမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်လို့ ယုံကြည်ပါတယ်။

ဖက်ဒရယ်ဆိုတာ တစ်သံတည်းထွက်ဖို့

မြန်မာလူထုဟာ ဒီမိုကရေစီအိပ်မက်ကို လက်တွေ့အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရအောင် အကောင်အထည် ဖော်ရမယ်လို့ လုပ်ခါရှိသေးတယ်၊ နောက်ကြောင်းပြန် အာဏာသိမ်းခံခဲ့ရပါတယ်။ ဒီတော့ ယခင်တုန်းက ဖက်ဒရယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် မအော်တတ်သေးတဲ့ မြန်မာလူထုဟာ ဖက်ဒရယ်ဆိုတာကို အခု ကျယ်ကျယ်လောင်လောင် အော်နိုင်စွမ်း ရှိလာပြီ။ ၈၈၈၈ လူထုအရေးတော်ပုံမှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဒီမိုကရေစီရေးမှာတင် တစ်နေတဲ့ နိုင်ငံရေးစိတ်ဆန္ဒဟာ၊ နှစ်ပေါင်း (၃၀) ကျော်ကြာအပြီးမှာတော့ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ ရပ်ခံချက်အပေါ်မှာ တစ်ပြည်လုံးရောက်လာခဲ့တယ်။ ဖက်ဒရယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ညီ တစ်ညွှတ်တည်း အော်နိုင်ဖို့အတွက် နှစ်ပေါင်း (၃၀) ကျော်လောက် စောင့်ရသတဲ့လား။ ဒါတောင် စစ်အာဏာသိမ်း လိုက်လို့ ဗမာပြည်မက လူထုအားလုံးက ဖက်ဒရယ်ဆိုတာကို တောကြိုအုံကြားပါမကျန် အော်နိုင်စွမ်း ရှိလာတာလို့ ပြောနိုင်တယ်။ အာဏာများ မသိမ်းရင်၊ ဒီမိုကရေစီလောက်တင် တစ်နေမှာ မြင်ယောင်မိတယ်။

ဘယ်သူ ဘယ်လောက်မှန်းရဲသလဲ

ဖက်ဒရယ်လို့ ပြောပြီဆိုရင် ဒီမိုကရေစီရောပါရဲ့လားလို့ မေးနေစရာ မလိုပါ။ ဘွဲ့ရပြီးတဲ့သူကို ဆယ်တန်းအောင် လက်မှတ်ရှိလားလို့ မေးစရာ မလိုတော့ပါ။ ဘွဲ့ရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ကာလမှာတုန်းက မဟာဘွဲ့အထိ ရအောင် လုပ်ချင်တယ်လို့ ပြောတဲ့သူဟာ မရူးပါ။ စိတ်ဆန္ဒပြင်းပြတာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတာဖြစ်ပါ တယ်။ နံဘေးမှာ ဆယ်တန်းအောင်ဖို့တောင် မနည်းလုပ်နေရတဲ့သူတွေက မဟာဘွဲ့ရချင်တယ် ပြောတဲ့သူကို အရူး လို့ ပြောကောင်း ပြောမှပေါ့။ အခုတော့ သူတို့ ပြောခဲ့တဲ့သူဟာ မရူးဘူးဆိုတာကို နားလည်နေလောက်ပါပြီ။ တကယ် ညံ့နေတာ ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပါပြီ။ ထားပါ။ ဘယ်သူက ညံ့တယ် မညံ့ဘူးဆိုတာကို ပြောချင်တာ မဟုတ်ပါ။ နိုင်ငံရေးအမြော်အမြင်မှာ ဘယ်သူ ဘယ်လောက် မှန်းရဲတဲ့သတ္တိရှိသလဲဆိုတာကို ပြချင် တာ ဖြစ်ပါတယ်။

မှန်းရဲတဲ့ သတ္တိရဲ့နောက်ကွယ်

မှန်းရဲတဲ့သတ္တိရဲ့ နောက်ကွယ်မှာ၊ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စွမ်းရည်နဲ့ ဝီရိယရှိထားတယ်ဆိုတာ မမေ့ သင့်ပါဘူး။ အခုတော့ ကွန်ဖက်ဒရေးရှင်းလောက်ကို အသာထား၊ နိုင်ငံသစ်အထိ မှန်းဖို့ လုပ်နေပြီ။ နိုင်ငံသစ်ဆိုတဲ့ စိတ်ဆန္ဒအားကိုလည်း သိုင်းဝိုင်းစုဖွဲ့နေပြီ၊ ဆန္ဒရဲ့နောက်မှာလည်း ဝီရိယ ထပ် ပေါင်းထည့်နေပြီ။ ဝီရိယကိုလည်း ပညာနဲ့ ယှဉ်စေနေပြီဆိုရင်၊ သေချာတယ်။ မြန်မာ့နွေဦး အကျပ်အတည်းဟာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင် မယ့် ကွင်းပြင် ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ကျနော့် လက်စွဲ

ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့် စာကြည့်ခန်း နံရံမှာ ကျနော် မြေဖြူနဲ့ ရှင်းရှင်းကြီး ရေးထားတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့….

  • တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်….တဲ့။

မင်းသေ့

ညနေ ၅း၂၃

၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)
Next post အမျိုးသားညီညွတ်ရေးအစိုးရ (NUG)