ယဉ်ပါးနိုင်စွမ်း နှင့် မထိုးရသေးတဲ့ဂီယာတွေ

ဘဝမှာ အပြောင်းအလဲတစ်ခုကို လုပ်ဖို့၊ ကြံရွယ်တိုင်း ကျနော် လက်စွဲထားတဲ့ ဒဿနတစ်ခုဖြစ်တဲ့ “ကျနော်တို့ ဘဝမှာ မထိုးရသေးတဲ့ ဂီယာတွေ အများကြီး” ဆိုတဲ့ အဆိုအမိန့်က အမြဲတမ်းလိုလို သတိပေးနေတယ်။ ထိုနည်း လည်းကောင်း တစ်ခုခုကို အောင်မြင်အောင်လုပ်ဖို့အတွက် နည်းလမ်းရှာကြံရခက်ပြီး အကြပ်တွေ့နေရင်လည်း ဒီ ဒဿနကပဲ ကျနော် မတွေ့မိ၊ မသုံးမိသေးတဲ့ နည်းလမ်းတွေကို ဖော်ပြပေးခဲ့တယ်။ “ကျနော်တို့ ဘဝမှာ မထိုးရသေးတဲ့ ဂီယာတွေ အများကြီး ရှိသေးတယ်။” ဒီလိုနဲ့ ကျနော်ဟာ ဖောက်ထွက်ဖို့ နည်းလမ်းသစ်တွေကို ရှာတွေ့မိတယ်။

တခါတရံ အပြောင်းအလဲကို မလုပ်ဖြစ်တာဟာ ကျနော်တို့ရဲ့ မပြတ်သားတဲ့စိတ်ကြောင့်လို့ ထင်တယ်။ ဘာကိုမှ ပြတ်ပြတ်သားသား မတွေးနိုင်၊ မမြင်နိုင်တော့ … ဘာကိုမှလည်း ပြတ်ပြတ်သားသား မလုပ်နိုင်ကြဘူး။ အိရော အိရောနဲ့ အိပဲ့အိပဲ့နဲ့ ဒီအတိုင်းပဲ မျှောလိုက်နေကြတယ်။ ကျနော့်ဘဝမှာ မျှောလိုက်နေသူ ဖြစ်မှာ အကြောက်ဆုံးပဲ။ ဒါ့ကြောင့်လည်း အခြေအနေက မတွန်းပို့ခင် ကျနော် ကိုယ့်ကိုယ်ကို အပြောင်းအလဲဖြစ်အောင် အမြဲ ကြိုးစားလေ့ ရှိခဲ့တယ်။

ဒီအမူအကျင့်နဲ့ ဒီအလေ့အထကပဲ ကျနော့်ကို …

  • “ချောင်းမှသည် မြစ်ကို ပို့ပေးတယ်”
  • “မြစ်မှသည် ပင်လယ်ကို ပို့ပေးတယ်”
  • “ပင်လယ်မှသည် ကျယ်ပြောတဲ့ သမုဒ္ဒရာဆီကို ပို့ပေးတယ်”

ကိုယ်နေထိုင်ကျင်လည်ရာ ဝန်းကျင်ဟာ ပိုလို့ ကျယ်လာသလို၊ ကျယ်ပြောတဲ့ ဝန်းကျင်အလျှောက် ကိုယ့်ရဲ့ စွမ်းရည်နဲ့ ကိုယ့်ရဲ့ အရည်အချင်းဟာလည်း တဖြည်းဖြည်း မြင့်သထက် မြင့်အောင် ကြိုးစားနေရတယ်။ အဲဒါမှ ကိုယ် ရှင်သန်နိုင်မယ်။ ရှင်သန်နိုင်ဖို့အတွက် အရည်အချင်းနဲ့ အရည်အသွေးတစ်ခုတည်းတော့ ရှိလို့ မရဘူး။ ဘဝဟာ တောတွင်းဥပဒေလို နိုင်ရာစားတာတွေ ရှိတတ်လို့ ကိုယ်ဟာ ကျားဖြစ်ရမယ်ဆိုတာတော့ နားလည်ပါ တယ်။ သို့သော်လည်း လူ့လောကဟာ အမြဲတမ်း တောတွင်းဥပဒေကြီးစိုးနေတာတော့ မဟုတ်ပါဘူး။ လူသားဆန်တဲ့လူတွေနဲ့ နေထိုင်ကြရတာပါ။ အဲသည့်အတွက် လိုအပ်တာက တခါတရံ အရည်အချင်း ဖြစ်ချင်မှ ဖြစ်မယ်။ ကိုယ်ဘယ်လောက်တော်နေ၊ သိနေ၊ တတ်နေပါစေ လူရာမဝင်တဲ့သူတွေ၊ လူတောမတိုးတဲ့သူတွေ၊ မရှင်သန်နိုင်တဲ့သူတွေ ခပ်များများ ရှိပါတယ်။ အဲသည်လို ဝန်းကျင်အတွက် လိုအပ်တာကတော့ အရည်အချင်း ချည်း သက်သက် မဟုတ်ပါဘူး။ ရိုးသားမှုနဲ့ ယဉ်ပါးမှုလို့ ထင်ပါတယ်။

လူ့လောကမှာ အရည်အချင်းရှိတိုင်း နေရာရတာ၊ အလုပ်တွေ အများကြီးလုပ်နိုင်တာ မဟုတ်ပါဘူး။ လူသားဆန်တဲ့ ဝန်းကျင်နဲ့ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ဝန်းကျင်မှာ ကျင်လည်ဝင်ဆန့်နိုင်ဖို့အတွက် ရိုးသားမှုနဲ့ ယဉ်ပါးနိုင်မှုဟာ သိပ်အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ အရည်အချင်းရှိတဲ့လူတစ်ယောက်ဟာ ပြောဆိုရ လွယ်ကူတယ်၊ ဆက်သွယ်ရ လွယ်ကူတယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တယ်၊ အလုပ်တွေ အတူတွဲလုပ်ရင် လည်း သက်သောင့်သက်သာ ရှိတယ်၊ သူ့မှာ ယဉ်ပါးနိုင်စွမ်းနဲ့ ရိုးသားမှု ရှိလို့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ရတာတွေ မှာ အဆင်ပြေချောမွေ့တယ်။ တစ်ဖက်မှာလည်း သူဟာ အရည်အချင်းရှိသူဖြစ်လို့ စိတ်ချရတယ်။ ရိုးသားလို့ ယုံကြည်ရတယ်။ ဆက်ဆံရေးညက်ညောလို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို လုပ်ကိုင်လို့ ရတယ်။ ဒါဟာ ဘဝအတွက် အလိုအပ်ဆုံးတွေပဲပေါ့။

ချုပ်လိုက်ရင် …. သုံးခုတည်းပါ။

  • အရည်အချင်း
  • ရိုးသားမှုနဲ့
  • နောက်ဆုံးတစ်ခုက… ယဉ်ပါးမှု။

ဘဝမှာ အပြောင်းအလဲ​တွေကို လုပ်ဖို့တွန့်ဆုတ်နေရင်၊ “ငါ့မှာ မထိုးရသေးတဲ့ဂီယာတွေ အများကြီး ရှိသေးတယ်” ဆိုတဲ့ အသိက ကျနော့်ကို အပြောင်းအလဲဆီ တွန်းပို့ပေးတယ်။ အလားတူစွာပဲ အကျပ်အတည်းကာလအတွင်းမှာ ဖောက်ထွက်ဖို့ နည်းလမ်းအသစ် ရှာမတွေ့ဘဲ၊ အကြပ်ရိုက်နေတိုင်း “ငါ့မှာ မထိုးရသေးတဲ့ဂီယာတွေ အများကြီး ရှိနေသေးတယ်” ဆိုတဲ့ အသိက နည်းလမ်းအသစ်တွေကို ရှာဖွေတွေ့ရှိလာစေခဲ့တယ်။ ဒါက ကျနော့် ဘဝဒဿန အစိတ်အပိုင်း တချို့ပါ။

မင်းသေ့

နေ့လယ် ၁၁း၃၈

၁၅၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ကျောက်သုံးမျိုးနဲ့ လူသုံးမျိုး
Next post ၂၀၂၂ ခုနှစ်ထဲ စစ်ရေးရလဒ် ထွက်ပါ့မလား