တက္ကသိုလ်မှာ၊ ဘူမိဗေဒဘာသာရပ်ကို အရံဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ဖူးတယ်။ ဘူမိဗေဒဘာသရပ်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်ပါ။ သို့ပေမယ့် အင်ဂျင်နီယာမလုပ်တဲ့ ကျနော့်အနေနဲ့ လက်တွေ့ အသုံး မချနိုင်ခဲ့ဘူး။ ကျနော် စိတ်ဝင်စားတာ လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံ။ ထို့နောက် သမိုင်း။ သမိုင်းထဲကနေ လူ့အဖွဲ့အစည်း တွေအကြောင်း လေ့လာရင်း၊ စာရေးတဲ့ကောင် ဖြစ်လာတယ်။ ဘူမိဗေဒဘာသာရပ်ကို တက္ကသိုလ်ပထမနှစ်မှာပဲ စတင်တွေ့ထိမိတယ်။ မြောက်မြောက်မြားမြား မဟုတ်ပါဘူး။ အနည်းအကျဉ်းလောက်ပါပဲ။ ကျောက်တွေရဲ့ သဘော၊ သဘာဝတွေကို လေ့လာရတော့…. ဘူမိဗေဒမှာ ကျောက်အမျိုးအစားတွေ အများကြီးတွေ့ရတယ်။ သို့သော်လည်း ကမ္ဘာပေါ်မှာ ရှိတဲ့ ကျောက်အမျိုးအစားတွေ ကြိုက်သလောက် စုံလင်များပြားပါစေ၊ အားလုံးကို အခြေခံအားဖြင့် အမျိုးအစား (၃) မျိုးသာ ခွဲနိုင်တယ်လို့ လေ့လာခဲ့ရတယ်။

  • (၁) အသွင်ပြောင်းကျောက်
  • (၂) အနည်ကျကျောက်နဲ့
  • (၃) မီးသင့်ကျောက်တို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဖြစ်တည်နေတဲ့ကျောက်အားလုံးကို ယေဘုယျအားဖြင့် အမျိုးအစားခွဲကြည့်ရင်၊ ဒီအမျိုးအစား (၃) ခုကိုပဲ အခြေခံအားဖြင့် တွေ့ရသတဲ့။ ကျနော်ကတော့ ရေနံအင်ဂျင်နီယာလည်း မလုပ်တော့၊ ဒါက ကိုယ်နဲ့ မဆိုင်ဘူးလို့ တွက်တယ်။ သို့ပေမယ့် ခေါင်းထဲက ရှိထားတဲ့အသိဟာ၊ အသစ်အသစ်သော သိမြင်နားလည်မှုတချို့နဲ့ ပေါင်းစပ်ရောကြို ဆက်စပ်စဉ်းစားမိခဲ့တယ်။ လူ့ပတ်ဝန်းကျင်မှာလည်း ဒါနဲ့ အလားသဏ္ဍာန်တူတယ်လို့ မြင်မိတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေ အများအပြား ရှိတယ်။ နိုင်ငံတွေထဲမှာ လူမျိုးတွေလည်း အစုံစုံ၊ ထောင်နဲ့ သောင်းနဲ့ ချီ ရှိလိမ့်မယ်။ လူ့လောကထဲက လူတွေကို ကြည့်လိုက်ရင်လည်း၊ လူတန်းစားအစုံစုံက ရောပြွမ်းနေတာပဲ။ အဲသည့် အထဲမှာ နေရာတစ်နေရာကို ပေါက်ပေါက်မြောက်မြောက် ရောက်နေသူတွေ ရှိတယ်။ ဘာနေရာတစ်ခုကိုမှ ဆုပ် ဆုပ်ကိုင်ကိုင် မရှိထားသူတွေလည်း ရှိတယ်။

  • နေရာလို့ပဲ ပြောမလား၊
  • အောင်မြင်မှုလို့ပဲ ပြောမလား၊
  • တစ်စုံတစ်ခုမှာ ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားနိုင်ခြင်းလို့ပဲ ပြောမလား၊
  • ထိပ်ဆုံးတစ်နေရာမှာ ခြေကုတ်ယူနိုင်ခြင်းလို့ပဲ ပြောမလား….

ကြိုက်သလို ပြောနိုင်တယ်။ လိုသလို ယူဆနိုင်တယ်။ ဘယ်လိုပဲ ပြောပြော အဲသည်လို နေရာတစ်ခုခု၊ အောင်မြင်မှု တစ်ခုခု၊ ပေါက်မြောက်မှုတစ်ခုခု၊ ထိပ်ဆုံးတစ်နေရာရာကို ရောက်နေသူ အားလုံးကို ယေဘုယျအားဖြင့် တွက်ဆ ကြည့်ရင်၊ ကျနော် အခုနက ပြောခဲ့တဲ့ ဥပမာထဲက ကျောက်သုံးမျိုးထဲက တစ်ခုခုနဲ့ အကြုံးဝင်နေသူချည်းပဲလို့ ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာရာကို ရောက်ခဲ့ပုံမျိုးကတော့ မတူဘူးပေါ့။

အသွင်ပြောင်းကျောက်လိုလူ

တချို့ကတော့ ဒီနေရာကို ကိုယ့်နဂိုမူလနေရာ၊ နဂိုမူလအသွင်အပြင်၊ နဂိုမူလအကျင့်စရိုက်တွေကို လုံးဝ အသွင်ပြောင်းလဲပြီးမှ ရောက်လာကြတာ။ နဂိုမူလရှိထားတဲ့ နေရာမှာပဲ နေရင် လက်ရှိဒီနေရာကို ရောက်ကို ရောက်မလာဘူး။ အဲသည့်နေရာကနေ ထွက်ခွာခဲ့လို့သာ လက်ရှိ ဒီနေရာကို ရောက်နေတာ။ ထိုနည်းလည်းကောင်း၊ နဂိုမူလကိုယ့်အကျင့်စရိုက်အတိုင်း ပြောဆို တွေးခေါ် ပြုမူခဲ့တာတွေကို လုံးဝ ခြားနားအောင် အသွင်ပြောင်းနိုင်ခဲ့လို့ သာ လက်ရှိ ဒီနေရာကို ရောက်နေတာ။ နဂိုမူလအတိုင်းပဲ တွေးမယ်၊ ပြောမယ်၊ ပြုမူမယ်ဆိုရင် လက်ရှိ ဒီလို နေရာမျိုးကို ရောက်နေမှာ မဟုတ်ဘူး။ မြန်မာစကားပုံမှာ တစ်ရွာမပြောင်း သူကောင်း မဖြစ်ဆိုတဲ့ စကားရှိတယ်။ တချို့လူတွေအဖို့ လက်ရှိ ကိုယ်ရောက်နေတဲ့နေရာကနေ အတိတ်ကို ပြန်လှည့်ကြည့်လိုက်ရင်၊ လက်ရှိနေရာနဲ့ လုံးဝ မတူညီတဲ့ ဘဝအနေအထားမှာ ရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ ပြန်စဉ်းစားကြည့်လိုက်ရင်၊ လက်ရှိ ဘဝနဲ့ အတိတ်ဘဝဟာ နယ်ပယ်ခြင်း ဆက်စပ်လို့ မရနိုင်လောက်တဲ့အထိ မတူညီတာတွေ့ရတယ်။ သို့သော်လည်း ဘဝ မှာ ဘယ်လို ဆက်လျှောက်မလဲဆိုတာကို ပြောင်းလဲနိုင်ခဲ့လို့၊ လက်ရှိ ဒီနေရာကို ရောက်နေတယ်ဆိုတာ တွေ့ရတယ်။ သူတို့တတွေက အသွင်ပြောင်းကျောက်နဲ့ ပုံစံတူတယ်။ ဒါက နံပါတ် (၁) ပုံစံ။

အနည်ကျကျောက်လို လူ

နောက်…. နံပါတ် (၂) ပုံစံကတော့၊ အနည်ကျကျောက်လို ဘဝမျိုး လို့ ထင်တယ်။ တစ်ခုခုမှာ ဖြစ်ဖြစ်၊ တစ်နေရာရာ မှာ ဖြစ်ဖြစ် ကျားကုတ်ကျားခဲ၊ ခြေမြဲမြဲနဲ့ အထိုင်ချပြီးတော့ စွဲစွဲမြဲမြဲ လုပ်ခဲ့လို့ လက်ရှိ ဒီနေရာကို ရနေတာ။ ရောက်နေတာ။ သူတို့တတွေက အနည်ကျကျောက်နဲ့ ပုံစံတူတယ်။ သူတို့ ဒီနေရာကို ရောက်ဖို့အတွက် အချိန် ကာလအားဖြင့် ရင်းနှီးပေးဆပ်ခဲ့ရတယ်။ စွဲစွဲမြဲမြဲ မပျင်းမရိ လုပ်ကိုင်ကြိုးစားခဲ့ရတယ်။ လက်ရှိ ဒီနယ်ပယ်မှာ အထိုင်ကျပြီးတော့ ဘဝကို မြှုပ်နှံပြီးတော့ တဖြည်းဖြည်းနဲ့ ဒီနယ်ပယ်မှာ “အကောင်” ဖြစ်လာတာ။ အရပ်စကားနဲ့ ပြောရင်၊ အကောင်ကြီးကြီး အမြှီးရှည်ရှည်ဖြစ်လာတာလို့ ပြောချင်တယ်။ ဘာလိုပဲ ဖြစ်ဖြစ် စွဲမြဲမှု မရှိရင်၊ ဇွဲနပဲနဲ့ ကုတ်ကပ်ပြီး မကြိုးစားရင် လက်ရှိ ဒီနေရာကို ရောက်နေမှာ မဟုတ်ဘူး။ ရောက်လည်း မရောက်ဘူး။ အစိုးရဌာန တွေမှာတော့ ပြောလေ့ ပြောထရှိတယ်။ မလုပ် – မရှုပ် – မပြုတ်….တဲ့။ အနည်ကျပြီး ထိပ်ဆုံးနေရာ တစ်ခုကို ရောက်လာတာဟာ ဒါမျိုးတော့ လုံးဝ ဖြစ်နိုင်မယ် မထင်ဘူး။ အဖားကောင်းရင်တော့ ဖြစ်မပေါ့။ ပြီးတော့ စစ်တပ် ထဲမှာ ပြောတဲ့စကားလည်း ရှိသေးတယ်။ “အနေကြာရင် မေဂျာ ဖြစ်သတဲ့” အဲသည်လိုလည်း မဟုတ်ဘူးနော်။ အခု ပြောနေတာဟာ နယ်ပယ်တစ်ခုခု၊ ကဏ္ဍတစ်ခုခုမှာ ကျားကုတ်ကျားခဲနဲ့ ဇွဲနပဲ ရှိရှိ စွဲစွဲမြဲမြဲ တစိုက်မတ်မတ် ကြိုးစားအားထုတ်ပြီး ဒီတစ်နေရာမှာ တော်ရုံလူလိုက်မမှီနိုင်လောက်အောင် ထိပ်ဆုံးရောက်သွားသူကို ဆိုလိုတာ ဖြစ်တယ်။

မီးသင့်ကျောက်လို လူ

နောက် နံပါတ် (၃) ပုံစံကတော့၊ မီးသင့်ကျောက်နဲ့ တူတယ်။ တချို့ လူတွေဟာ ဘဝပေး ခံခေလှတယ်။ ဘဝမှာ အရွယ်နဲ့ မလိုက်အောင် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြမ်းတမ်းတဲ့ဘဝကို ဖြတ် သန်းခဲ့ရတယ်။ သာမန်ဘဝဖြတ်သန်းမှုမျိုးထက် ပိုတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ဖိနှိပ်ခံ ရမှု​၊ စော်ကားခံရမှုတွေ၊ ငြင်းပယ်ခံရမှုတွေ၊ လျစ်လျှူရှုခံရမှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ကြရတယ်။ တချို့ကလည်း ပြဿနာအခက်အခဲကို အကြောင်းပြုပြီး ဦးကျိုးကျသွားတယ်။ အဲသည့်ထဲက အနည်းစုကတော့ ပြဿနာ အခက်အခဲတွေကို အကြောင်းပြုပြီးတော့ စံချိန်တွေပါ ချိုးနိုင်ခဲ့ကြတယ်။ ဒီလို အခက်အခဲ၊ အကျပ် အတည်းတွေ ကြားထဲကနေ ရုန်းကန် ထမြောက်လာပြီး၊ နယ်ပယ်တစ်ခု၊ တစ်စုံတစ်ခုမှာ ပေါက်ပေါက်မြောက် မြောက် ထူးထူးချွန်ချွန် ဖြစ်သွားတဲ့သူတွေကို တွေ့ဖူးတယ်။ သူတို့တတွေက မီးသင့်ကျောက်နဲ့ တူတယ်။ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဓားတစ်လက် ဖြစ်လာသလို၊ သူတို့ဘဝမှာ ထက်ရှမာကျောတဲ့ ဓား တစ်လက်ဖြစ်ဖို့အတွက် မီးဒဏ်ကိုလည်း နာနာခံခဲ့ရတယ်။  သံတူနဲ့ ထုထောင်းသလို ဘဝရဲ့ အထုအထောင်းဒဏ်ကိုလည်း နာနာခံခဲ့ရတယ်။ ဒီလို မီးဒဏ်နဲ့ ဒီလို အထုအထောင်းဒဏ်တွေက သူတို့ကို ပိုလို့ ကြံ့ခိုင်လာစေခဲ့တယ်။ သူတို့ကို ပိုလို့ မာကျောလာစေခဲ့တယ်။ သူတို့တတွေဟာ မီးသင့်ပြီးမှ ဖြစ်လာတဲ့ ကျောက်တွေလိုပဲ။ တချို့ကျောက်တွေက တကယ့် အဖိုးတန်တွေ။ တန်ဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးရှိသူတွေ ဖြစ်လာတယ်။

ကျနော်ကတော့ ဘူမိဗေဒဘာသာရပ်မှာ သင်ကြားခဲ့ဖူးတဲ့ ဒီဥပမာလေးကို လောက၊ ဘဝမှာ ပေါက်မြောက် ထူးချွန် သူတွေအကြောင်း လေ့လာရင်း သရုပ်ခွဲကြည့်နေမိတယ်။

အနှစ်ချုပ် ဒီလို

ဒီကနေ ဥပမာတချို့ ထပ်ရလာတယ်။ တချို့တတွေရဲ့ ဘဝဟာ ကိုယ့်နေရာနဲ့ ကိုယ့်အသွင်အပြင်ကို လုံးလုံး ပြောင်းလဲပစ်လိုက်ကြရမှာ။ နေရာကိုလည်း မရွေ့နိုင်၊ လုပ်နည်းလုပ်ဟန်ကိုလည်း အသွင်မပြောင်းနိုင်တဲ့အခါ သူတို့ ဘဝမှာ အရာရောက်သင့်သလောက် အရာ မရောက်ဘူး။ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်ဘူး။ အရည်အချင်း ရှိသူဖြစ်ပါလျက်နဲ့ ဒီတစ်နေရာထဲမှာ ဘုတ်ထိုင်ထိုင်နေတဲ့ ဘာမှ ပေါက်ပေါက်မြောက်မြောက် မဖြစ်သူတွေကို တွေ့ဖူးတယ်။ တကယ်တော့ အသွင်ပြောင်းလိုက်ရမှာ။

တချို့တွေကတော့၊ အလုပ်တစ်ခုကို လုပ်ပါရဲ့။ ကြိုးလည်း ကြိုးစားပါရဲ့။ သို့သော် လက်လျှော့လိုက်ကြတယ်။ ဇွဲနပဲ နဲ့ ကုတ်ကပ် မလုပ်ကြဘူး။ အရည်အချင်းရှိပါလျက်နဲ့ ကိုယ်လုပ်ရမယ့် နေရာ၊ ကဏ္ဍ၊ နယ်ပယ်တစ်ခုခုမှာ စွဲစွဲမြဲမြဲ မရှိဘဲ ဖင်မမြဲတဲ့အခါမှာ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်တာတွေကို ခပ်များများ တွေ့ဖူးတယ်။ တကယ်တော့ အထိုင်ချပြီး စိုက်လိုက်မတ်တပ် ရှိရမှာ။

တချို့တတွေကျတော့လည်း အခက်အခဲ၊ ပြဿနာနဲ့ အကျပ်အတည်းကို သည်းမခံနိုင်ဘူး။ ဒီတော့ ရှောင်ပြေးဖို့ ကြိုးစားတယ်။ လမ်းလွှဲလိုက်ဖို့ ဂယ်ပေါက်ရှာတယ်။ ဒီတော့ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်ကြဘူး။

ဒါဟာ ကျနော်ရတဲ့ သင်ခန်းစာ အနှစ်ချုပ်ပါ။

မင်းသေ့

ညနေ ၆း၁၃

၁၅၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post <strong>နိုင်ငံရေးပြဿနာနှင့် ကျောက်ချထားသောအမြင်</strong>
Next post ယဉ်ပါးနိုင်စွမ်း နှင့် မထိုးရသေးတဲ့ဂီယာတွေ