“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မှ ဖြေရှင်းလို့ရမယ်” ဆိုတဲ့ စကားမျိုးကို၊ နိုင်ငံရေးသမားတွေရဲ့ လေသံတွေ ထဲမှာ အတော်များများ ကြားရဖူးတဲ့ကာလတစ်ခု ရှိခဲ့ပါတယ်။ အခုလည်း ကြားသင့်သလောက် ကြားနေရတာပါပဲ။ ဒါဟာ “မှားသလား” ဆိုရင် “မမှားပါဘူး”။ သို့သော် အပြည့်အဝတော့ မှန်ကန်နေတာ မဟုတ်ဘူး။ နိုင်ငံရေးသမား တွေဟာ နိုင်ငံရေးအားသန်ကြတာမို့၊ နိုင်ငံရေးမှာ လက်နက်နည်းပါလာမှာကို စိုးရိမ်ဟန်တူတယ်။ နိုင်ငံရေး ပြဿနာကို လက်နက်နည်းနဲ့ ဖြေရှင်းတဲ့အခါမှာ ထိခိုက်သေကြေမှုနဲ့ ပြည်သူလူထုဆုံးရှုံးနစ်နာကြရတာဖြစ်လို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အတွင်တွင် ပြောတာတွေ့ရပါတယ်။

လေသေနတ်နဲ့ ကျည်အစစ်

နိုင်ငံရေးမှာ များသောအားဖြင့် လေသေနတ်ပစ်ကြရတာဖြစ်လို့၊ လူထုသေကြေတာ၊ အသက်အန္တရာယ်ထိခိုက်တာ မျိုးတွေ ဖြစ်လေ့ မရှိပါဘူး။ လက်နက်ကတော့ ကျည်အစစ်နဲ့ ပစ်တာဖြစ်လို့၊ သေနိုင်တယ်၊ ကြေနိုင်တယ်။ ထိခိုက် ဆုံးရှုံးမှု အားကြီးနိုင်တယ်။ ကြားချောင်ထဲက ပြည်သူပါ အထိနာနိုင်လို့ နိုင်ငံရေးသမားအတော်များများဟာ တော်ရုံနဲ့ လက်နက်နည်းကို မသွားချင်ဘူး။ မသွားလိုဘူး။ စစ်တိုက်တာဟာ ပန်းနဲ့ ပေါက်တာ မဟုတ်သလို၊ ကျည် ဆန်မှာ မျက်စိ မပါဘူး။ မှန်ချင်ရာကို မှန်တယ်။ သေနတ်မောင်းခလုတ်ကို ဖြုတ်တဲ့ လက်ညှိုးမှာ ဆင်ခြင်တုံတရား နဲ့ ပညာကပ်ပါလာရင်တော့ တစ်မျိုးပေါ့။ သို့သော်လည်း သွေးပူသွေးဆူနေတဲ့အခါ၊ သေနတ်မောင်းခလုတ်ဖြုတ်တဲ့ လက်ညှိုးမှာ အစဉ်အမြဲ ဆင်ခြင်တုံတရား မလိုက်ပါနိုင်ဘူး။ ဒီတော့ စစ်ရဲ့ဘေးထွေက်ဆိုးကျိုးတွေ ဖြစ်လာရတယ်။ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြီးလာရတယ်။

လက်ရုံးရှိမှ ဘုန်းရှိသတဲ့

လက်နက်ကိုင်ထားတဲ့ စစ်ဗိုလ်တွေဟာ နိုင်ငံရေးလုပ်လာကြတော့၊ နိုင်ငံရေးကွင်းပြင်ထဲမှာ လက်နက်တွေ ရောက်လာတာ သိပ်မထူးဆန်းပါဘူး။ ဒီတော့လည်း စကားလုံးနဲ့ မဖြေရှင်းပဲ၊ လက်နက်နဲ့ ဖြေရှင်းကြတာ ထုံးစံလို ဖြစ်သွားတယ်။ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းတွေမှာတောင် မင်းမှာ သေနတ် ဘယ်လောက် ပိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး ဆွေးနွေးပွဲမှာ အရာပေးခံရခြင်း၊ မခံရခြင်းက သိသာလာတယ် မဟုတ်လား။ ဒီတော့ လက်နက်ကိုင် ထားတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း “Might is Right” ဆိုတဲ့ အယူအဆ အားကြီးလာတယ်။ လက်နက် အင်အားကြီးမှ အသာရမယ်၊ အားကောင်းမယ်ဆိုတဲ့ အယူအဆ။ လက်နက်အားကြီးသူ မှန်ကန်တယ်ဆိုတဲ့ အယူ အဆမျိုး ဖြစ်လာတယ်။ ဒါကို မြန်မာစစ်တပ်ကလည်း အစဉ်အမြဲ ခံယူလာခဲ့တာပါပဲ။ လက်ရုံးအားကြီးမှ ဘုန်းရှိမယ်… ဆိုတာမျိုး။ “ဘုန်း” ရှိတယ်ဆိုတာ လက်ရုံးရှိလို့ပဲ။ ဒီသဘောကို လက်ခံလာတာ ကြာပြီ။ ဒီနေ့ တွေ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခမှာလည်း ထိုနည်းလည်းကောင်းပဲ တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစု အားလုံးဟာ လက်နက်အားကြီးရင် ဘုန်းအား ကြီးမယ်လို့ မှတ်ယူလာကြပါတယ်။ ဒါဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အားလုံးမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘာဝဖြစ်ပါတယ်။ မှားတယ် မှန်တယ်လို့ ခွဲခြမ်းစိတ်ဖြာဖို့ မလိုပါ။

ကျဉ်းမြောင်းသောချည်းကပ်မှု

ဒီနေရာမှ ပြောချင်တာက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခဲ့တာ အရာရောက်ရဲ့လား” ဆိုတာကို မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရေးပြဿနာကို လက်နက်နည်းနဲ့ ဖြေရှင်းကွာ…. လို့ ပြောတယ်လို့ မထင်ပါနဲ့။ နိုင်ငံရေးပြဿနာတွေကို ချည်းကပ်ရာမှာ (၁) နိုင်ငံရေးနည်း၊ (၂) လက်နက်နည်း။ ဒီနှစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ မော်စီတုန်း ပြောခဲ့ဖူးတဲ့ အဆိုအမိန့် ဖြစ်လိမ့်မယ်။ နိုင်ငံရေးမှာ နှစ်မျိုးပဲ ရှိတယ်…တဲ့။ တစ်မျိုးက သွေးထွက်တဲ့ နိုင်ငံရေးနဲ့ နောက်တစ်မျိုးက သွေးမထွက်တဲ့နိုင်ငံရေးတဲ့။ သွေးထွက်တဲ့ နိုင်ငံရေးဟာ လက်နက်ကိုင် လမ်းစဉ်ကို ပြောတာ ဖြစ်တယ်။ ကျနော်ကတော့ နိုင်ငံရေးပြဿနာတွေကို ချည်းကပ်ရာမှာ နည်းနာကို ကျောက်ချ ထားတာဟာ သိပ် ကျဉ်းမြောင်းတယ်လို့ ခံယူတယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ (တနည်း) ဖြေလျော့ဖို့ အတွက် နည်းနာပေါင်းများစွာ ရှိတယ်။ နည်းနာပေါင်းများစွာ သုံးလို့ရတယ်။ နည်းနာပေါင်းများစွာလည်း သုံးသင့်တယ်။ ရှုဒေါင့်ပေါင်းစုံနေချည်းကပ်မှလည်း ရမယ်လို့ ထင်ပါတယ်။ ကျနော့် ယူဆချက်အမြင်မှာတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်ရင်သော်မှ၊ နိုင်ငံရေးပြဿနာတွေကို ဖြေလျော့လို့ ရနိုင်မယ့် နည်းလမ်း တွေ အမြောက်အမြား ရှိတယ်လို့ ထင်တယ်။

ဘယ်လို လူမှုအဆောက်အအုံမျိုးလဲ

နိုင်ငံရေးရဲ့ အကြောင်းရင်းခံ ပြဿနာအားလုံးဟာ လူကြောင့် ဖြစ်တာဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာအားလုံးလိုလို ဟာ လူကို ဗဟိုပြုပြီး ဖြစ်နေတဲ့ ပြဿနာတွေ ချည်းပဲ။ လူတွေ ရှိနေသနေရွေ့ နိုင်ငံရေးပြဿနာတွေဟာ ရှိနေမှာပဲ။ အဲသည့်လူတွေကို ဘယ်လို လူမှုအဆောက်အအုံမျိုးမှာ ထည့်သွင်းတည်ဆောက်မလဲဆိုတာ တကယ် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ခြုံပြီး စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ လူတွေဆိုတာ သူတို့ နှလုံးသားမှာ ဗလာ ဖြစ်မနေဘူး။

လူတွေရဲ့ နှလုံးသားမှာ….

  • ခံယူချက်တွေ ရှိတယ်၊
  • ယုံကြည်ချက်တွေ ရှိတယ်၊
  • ခံစားချက်တွေ ရှိတယ်၊
  • ဒဏ်ရာတွေ ရှိတယ်၊
  • အငြိုးအတေးတွေ ရှိတယ်၊
  • အာဃာတတွေ ရှိတယ်၊
  • မျှော်လင့်ချက်တွေ ရှိတယ်၊

ဒါတွေကို နားလည်ပြီး လူ့အသိုင်းအဝန်းတစ်ခုကို တည်ဆောက်ကြရမှာ။

နှလုံးသားအတွက် ကွင်းပြင်

လူမှုအဆောက်အအုံဆိုတာဟာ လူ့နှလုံးသားတွေအတွက် နေရာခင်းကျင်းပေးထားနိုင်တဲ့ ကွင်းပြင်မျိုးတွေ ရှိရလိမ့်မယ်။ စာပေ၊ သီချင်း၊ ဂီတ၊ အနုပညာ၊ ပန်းချီ၊ သဘင်၊ အားကစား…. စတဲ့အရာတွေဟာ လူ့အဖွဲ့အစည်းရဲ့ နှလုံးသားကွင်းပြင်တွေပဲ။ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ အမြင်တွေ၊ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ သူတို့ရဲ့ ခံယူချက်တွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေ၊ သူတို့ရဲ့ အငြိုးအတေး အာဃာတတွေကို ဒီနှလုံးသားကွင်းပြင်တွေမှာ ဖောက်ထုတ်ခွင့်၊ ဖော်ပြခွင့် ရကြရမှာ။ အဲဒါတွေကို ပိတ်ထား၊ ဖိနှိပ်ထားတဲ့အခါမှာ လူ့အဖွဲ့အစည်းဟာ အူလာတယ်၊ ထုံလာတယ်၊ ဟုံလာတယ်။ အဲသည့် အခါမှာ ပေါက်ကွဲတော့တာပဲ။ ပေါက်ကွဲတဲ့အခါမှာ လူ့အသိုင်းအဝန်းထဲမှာ မဖြစ်သင့်တာတွေ ဖြစ်လာတယ်၊ မကြုံ ဖူးတာတွေ ကြုံလာတယ်။ လူ့အဖွဲ့အစည်းထဲက တင်းအားတွေကို လျော့ဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေ၊ စာပေ ဂီတ အနုပညာရပ်တွေ၊ အားကစားတွေ…. ဒါတွေဟာ ကျယ်ပြန့်စွာ ထွန်းကားနေရမှာ။ ဒီလို ဘက်တွေမှာ မထွန်းကား တော့ လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ မြိုသိပ်ပိတ်ဆို့ထားတဲ့ခံစားချက်တွေဟာ နိုင်ငံရေးပြဿနာတွေအပေါ် မှာ ပိုပြီး ရောက်လာတယ်။

ဒီအကျိုးဆက်တွေဟာ နိုင်ငံရေးပြဿနာတွေကို အပ်နဲ့ ထွင်းရမယ့် ပြဿနာကို ဓားနဲ့ လှီးအောင် တွန်းအားပေးလိုက်တယ်။ ဓားနဲ့ လှီးပြီး ဖြတ်ထုတ်ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာကို ပုဆိန်နဲ့ ထွင်းဖြစ် အောင် တွန်းအားပေးလိုက်တယ်။ ဒီတော့ နိုင်ငံရေးပြဿနာတွေဟာ သေးရာကနေ ကြီးလာတယ်။ ပြဿနာကြီးက ပြဿနာသေးသေးလေး ဖြစ်မသွားဘူး။ နောက်ဆုံး ပြဿနာကြီးတွေကပဲ နောက်ထပ် ပြဿနာ သေးသေးလေးပေါင်း မြောက်မြားစွာကို မွေးဖွားပေးလိုက်တဲ့သဘောတောင် တွေ့ရတယ်။ ဒါဟာ ဘာလဲဆိုတော့ လူ့အဖွဲ့အစည်းတွင်းက နိုင်ငံရေးပြဿနာတွေကို ကျောက်ချထားတဲ့အမြင်နဲ့ ကြည့်မြင်ခဲ့ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါ တယ်။ နိုင်ငံရေးပြဿနာတွေကို ချည်းကပ်ရှုမြင်ရာမှာ ကျောက်ချထားတဲ့အမြင်နဲ့ မချည်းကပ်သင့်ဘူး။ ဖွင့်ထား သောအမြင်၊ ပွင့်နေသော အမြင်နဲ့ ချည်းကပ်မှ ကောင်းမယ်။ နိုင်ငံရေးသမားဟာ လူ့အဖွဲ့အစည်းတွင်းက ခံစားချက်တွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ သိနားလည်ရမယ်။

လူ့သဘာဝကို သိအောင်လုပ်

နိုင်ငံရေးပြဿနာအားလုံးရဲ့ အခြေခံဆိုတာ လူလို့ ပြောခဲ့ပြီးပြီ။ နိုင်ငံရေးကွင်းပြင်ထဲမှာ ရောက်နေတဲ့သူတွေဟာ လူအကြောင်းကို စိတ်မဝင်စားလို့ကို မရဘူး။ လူအကြောင်းကို စိတ်ဝင်စားရမယ်။ လူ့အဖွဲ့အစည်းအကြောင်းကို စိတ်ဝင်စားရမယ်။ လူအကြောင်းလို့ ပြောတဲ့နေရာမှာ လူတစ်ဦး၊ လူတစ်ယောက်ရဲ့ သဘော၊ သဘာဝကိုပါ စိတ်ဝင်စားတဲ့အထိ နက်နဲ သိမ်မွေ့ဖို့ လိုတယ်။

  • လူတစ်ယောက်ရဲ့ နှလုံးသားဟာ ဘယ်လို ခံစားဖြစ်တည်နေတတ်သလဲ။
  • လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဘယ်လိုသိမြင်နားလည်နေတတ်သလဲ။
  • လူတစ်ယောက်ရဲ့ အသွေးအသားဟာ ဘယ်လို သဘော၊ သဘာဝမျိုး ရှိသလဲ။
  • လူတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လို ရှင်သန်ကြီးပြင်းလာသလဲ။

ဒါဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့သူတွေ သိနားလည် ထားရမယ့်ကိစ္စတွေသာ ဖြစ်တယ်။ မဖြစ်မနေ သိနားလည်ထားဖို့ လိုတယ်။ ဒီလို အမြင် ကျဉ်းမြောင်းနေလေလေ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုပြဿနာနဲ့ နိုင်ငံရေးပြဿနာတွေဟာ မုန့်လုံးစက္ကူကပ်၊ ဂျာအေး သူ့အမေ ရိုက်နေမှာပဲ။ လုံးချာလိုက်နေမှာပဲ။ ဘယ်တော့မှ ပြေလည်သွားမယ် မထင်ဘူး။ ဘယ်တော့မှ ပြေလျော့သွားမယ် လို့လည်း မယူဆနိုင်ဘူး။

အမှုမဲ့ အမှတ်မဲ့နေကြတာများတယ်

လူတွေဟာ အစားစားရရုံ၊ အဝတ်ဝတ်ရရုံ၊ နေထိုင်စရာ ရှိရုံနဲ့ တင်းတိမ်ကျေနပ်နေတတ်တာမျိုး မဟုတ်ဘူး။ လူတွေမှာ အာသာချင်ခြင်းတွေ ရှိတယ်။ အလိုရမ္မက်တွေ ရှိတယ်။ လိုအင်ဆန္ဒတွေ ရှိတယ်။ မျှော်လင့်ချက်တွေ ရှိတယ်။ ဒီတော့ လူ့ဦးနှောက်ဟာ ဘယ်လို တွေးခေါ်တတ်သလဲ၊ ဘယ်လို ထင်မြင်သလဲဆိုတဲ့ သဘာဝကိုပါ သိနားလည်ထားဖို့ လိုတယ်။ မြန်မာပြည် ပညာရေးက ဒါကို မသင်ပေးနိုင်ခဲ့ပါ။ မြန်မာ့လူ့အဖွဲ့အစည်းထဲက ဦးစီး ဦးဆောင်နေတဲ့ သူတွေ ကိုယ်တိုင်ကိုယ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိနားလည်အောင် လုပ်ဖို့ဆိုတာလည်း အမှုမဲ့ အမှတ်မဲ့နေကြတာ များတယ်။ ဒီတော့ မြန်မာပြည်မှာ ပြဿနာတွေဟာ ဘယ်တော့မှ ဆုံးနိုင်မယ် မထင်ဘူး။

ဖြေလျော့နိုင်စွမ်း ရှိတယ်

စာပေ၊ ဂီတ၊ အနုပညာနဲ့ အားကစားတွေဆိုတာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပေမယ့်၊ နိုင်ငံရေးပြဿနာ တွေကို သေချာပေါက် ဖြေလျော့နိုင်ပါတယ်။ စာပေ၊ ဂီတ၊ အနုပညာနဲ့ အားကစားတွေဟာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပေမယ့်၊ နောက်ထပ် နိုင်ငံရေးပြဿနာ အသစ်တွေ မမွေးဖွားရအောင် ကာကွယ်တားဆီးပေးနိုင်ပါ တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းလို့ရမယ်ဆိုတဲ့ ကျောက်ချထားတဲ့အမြင် ကြီးစိုးနေသရွေ့ မြန်မာပြည်က ပြဿနာတွေဟာ ပြေလည်နိုင်စရာ မရှိပါ။ ထိုနည်းလည်းကောင်း နိုင်ငံရေးနည်းမှာ သွေးထွက်တဲ့ နည်းနဲ့ သွေးမထွက်တဲ့နည်း နှစ်နည်းသာ ရှိတယ်လို့ ကျောက်ချထားရင်လည်း ဒါဟာ ကျဉ်းမြောင်းတဲ့ နိုင်ငံရေး အမြင်သက်သက်သာ ဖြစ်လို့ လူ့အဖွဲ့အစည်းဟာ အရည်အသွေးတက်မလာနိုင်ပါ။

နိုင်ငံရေးသက်သက်နဲ့ မရ၊ လက်နက်ရှိရုံဖြင့် မရ

နိုင်ငံရေးဟာ လူ့အဖွဲ့အစည်းကို ပိုကောင်းအောင် တည်ဆောက်ဖို့အတွက် လုပ်ဆောင်ရတာပါ။ လူမှုအဆောက် အအုံကောင်းတစ်ခုကို တည်ဆောက်ဖို့အတွက် နိုင်ငံရေးသက်သက်နဲ့ချည်း မရပါဘူး။ နိုင်ငံရေးအပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား… စတာတွေကိုပါ ထည့်သွင်း တွက်ချက်ရ မှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် သိပ္ပံနဲ့ နည်းပညာကိုတောင် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့နေရာမှာ၊ နိုင်ငံရေး သိပ်သန်လွန်းနေတာ မကောင်းလှသလို၊ နေရာတကာ လက်နက်ရှိရင် တည်ဆောက်နိုင်ပြီ ဆိုတဲ့ အယူအဆမျိုးဟာလည်း နလပိန်းတုံးစဉ်းစားနည်းသက်သက်သာ ဖြစ်ပါတယ်။ ပိုကျယ်ပြန့်တဲ့အမြင်နဲ့ ဖွင့်ထားသော ချည်းကပ်နည်းတွေနဲ့ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးက လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

  • ဒါကို တကယ့်ပညာတတ်ဟာ နားလည်နိုင်စွမ်း ရှိလိမ့်မယ်။ သူတော်ကောင်း လူ,အ ကြီးတွေကတော့ နားမလည်နိုင်ဘူး။ ပညာမဲ့သူယုတ်တို့ကလည်း နားလည်နိုင်စွမ်း မရှိဘူး။

မင်းသေ့

နေ့လယ် ၁၂း၃၃

၁၆၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post အရေးတော်ပုံနှင့် အရေးတော်ပုံတပ်သား
Next post ကျောက်သုံးမျိုးနဲ့ လူသုံးမျိုး