လွန်ခဲ့တဲ့ (၈) နှစ်လောက်က ဖြစ်မယ်။ ၂၀၁၃ ခုနှစ်လောက်ကပေါ့။ စာကြည့်တိုက်မှူးလုပ်ရင်း၊ စာအုပ်တွေကို မွှေပြီး ဖတ်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။ မှတ်မှတ်ရရ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဆိုအမိန့် စာအုပ်ကလေး။ အင်္ဂလိပ် – မြန်မာ တွဲလျက်ပေါ့။ အဲသည့်စာအုပ်ပါးပါးကလေးထဲက ဆရာတော်ကြီး မိန့်မှာချက် တွေကို မှတ်စုစာအုပ်ထဲမှာ အတော်များများ ကူးမှတ်ထားတယ်။ အခုလည်း ပြန်ပြန် ဖတ်မိတယ်။ ဪ… ပညာရှိ စကားဆိုတာ အမြဲမှန်ပါ့လား။ အချိန်ကာလတွေသာ ပြောင်းသွားမယ်၊ အမှန်တရားဆိုတာကတော့ မပြောင်းဘူး။

ဆရာတော်ကြီးက မိန့်တယ်။

  • လောကကြီးမှာ ကိုယ်သာ အနိုင်ရရေးအတွက် သူတစ်ပါးကို ပြက်ရယ်ပြုကြ၊ ပြစ်တင်ရှုံ့ချ လုပ်နေကြတယ်…တဲ့။

လောကလူတွေဟာ အနိုင်အရှုံးဆိုတာနဲ့ အမြဲတမ်း ပိုင်းဖြတ်တတ်ကြတယ်။ အနိုင်အရှုံးပြီးရင် အချစ်အမုန်းပေါ့။ ချစ်မလား၊ မုန်း။ မမုန်းရင် ချစ်။ အို… ချစ်ခြင်း မုန်းခြင်းတွေနဲ့ ကင်းလွတ်ရာမှာ နေထိုင်တယ်ဆိုတာ အရိယာပုဂ္ဂိုလ် တွေပဲ ရှိရမှာလား။ လောကီလူသားတွေမှာလည်း ရှိပါတယ်။ တတ်နိုင်သမျှ လောကကြီးရဲ့ မှိုင်းတွေကနေ လွတ်ချင်တဲ့သူတွေဟာ အနိုင်အရှုံးတွေနဲ့ ကင်းလွတ်ရာမှာ နေထိုင်ဖို့ ကြိုးစားကြတယ်။ အလားတူပဲ၊ ချစ်ခြင်း မုန်းခြင်းတွေက ကင်းလွတ်ရာမှာ နေလိုကြတယ်။ သူတို့မှာ ချစ်တာလည်း မရှိဘူး၊ မုန်းတာလည်း မရှိဘူး။ ဒီတော့ ချစ်မိပြီဆိုရင် အသည်းစွဲ၊ မုန်းမိပြီဆိုရင်လည်း ခါးခါးသီးသီး။ ချစ်လုံးလုံး မုန်းလျားလျား ဆိုတာမျိုး မရှိဘူးပေါ့။

နောက် Either…or logic ဆိုတာ ရှိသေးတယ်။ ဒါမဟုတ်ရင် ဒါပဲ။ သူတို့ရဲ့ လောဂျစ်က ဒီဘောင်ထဲမှာပဲ ထည့်စဉ်းစားတယ်။ မိတ်ဆွေ မဟုတ်ရင် ရန်သူပဲ။ ရန်သူ မဟုတ်ရင် မိတ်ဆွေ ဖြစ်ရမှာပဲ။ ဟိုလိုလို ဒီလိုလို မရဘူး။ မင်းက ငါ့ဘက်ကလား၊ ငါ့ဘက်က မဟုတ်ရင် သူ့ဘက်ကပဲ။ ဘက်တစ်ဘက်ကို စည်းဖြတ်လိုက်ရမှ၊ ရန်ငါ ပြတ်လိုက်ရမှ၊ စိတ်နေသာတယ်။

အရှင်ဇနကာဘိဝံသရဲ့ နောက်ထပ် မိန့်မှာချက်က အခုလို။

  • လောကကြီးက ကိုယ်ကနိုင်လာတဲ့အခါ ကိုယ့်ဘက်သာ ပါကြပြီး၊ သူနိုင်သွားလျှင် သူ့ဘက်ပါသွားကြ စမြဲ…တဲ့။

အနိုင်နဲ့ အရှုံးပဲ တွက်ဆပြီး ရှင်သန်နေရတဲ့ဘဝမှာ၊ ဘက်တွေက ရှိနေစမြဲပါ။ သူ့ဘက် ကိုယ့်ဘက်။ ရန်သူ့ဘက် မိတ်ဆွေဘက်။ အစရှိသဖြင့်ပေါ့။ ဘက်တွေရဲ့သဘော အမြဲတမ်း ပြောင်းနေတယ်။ အနိုင်အရှုံးဆိုတာလည်း အခြေအနေအရ ပြောင်းနိုင်တာကိုး။ ဒီတော့ ဘက်တွေကလည်း ပြောင်းနေတယ်။ အရောင်တွေကလည်း ပြောင်းနေတယ်။ ပုတ်သင်ညို​တွေ အရောင်ပြောင်းကြတာ မဆန်းဘူး။ သူတို့ဟာ အရောင်နဲ့ လိုက်လျောညီထွေ နေမှ ရှင်သန်နိုင်ကြတာ။ ဒါ သူတို့ သဘာဝလေ။ သူတို့ သဘာဝကို မြင်အောင်ကြည့်ရင် ဒါဟာ လောကအမြင် တစ်ရပ်ကိုတောင် ရနိုင်တယ်။

  • ရှင်သန်နိုင်ဖို့အတွက် အရောင်ပြောင်းကြရတယ်။
  • အကျိုးစီးပွားအတွက် အရောင်ပြောင်းကြရတယ်။
  • လုံခြုံဖို့အတွက် အရောင်ပြောင်းကြရတယ်။

ဒါဟာ သဘာဝလေ။ ပုတ်သင်ညိုမှာ ပုတ်သင်ညို သဘာဝရှိသလို၊ ဒေါင်းမှာ ဒေါင်းသဘာဝ ရှိတယ်။ ခြင်္သေ့မှာ ခြင်္သေ့သဘာဝ ရှိတယ်။ သူ့သဘာဝနဲ့ သူ။

ဆရာတော်ကြီးရဲ့ နောက်ထပ် မိန့်မှာချက်က –

  • အပြိုင်ဆိုတာ နေရာတိုင်းမှာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ပြိုင်ဆိုင်မှုကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်…တဲ့။

ငယ်ငယ်တုန်းက ကျောင်းစာသင်ခန်းထဲမှာ တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်ဖို့ အားပေးတဲ့ ပညာရေးစနစ်ထဲ မှာ ကျင်လည်ခဲ့ရတာ။ နှစ်ပေါင်း ဆယ်နဲ့ချီ။ သူ့ထက်သာမှ ငါလူရာဝင်မယ်လို့ ထင်ခဲ့တာ။ အသက်ကြီးလာတဲ့ အထိ မသိစိတ်မှာ ကိန်းဝပ်နေတုန်း။ ဒါကို ပြင်ပစာပေတွကို နာနာဖတ်၊ နက်နက်တွေးပြီး ဖျောက်နိုင်အောင် ဖျောက်ခဲ့ရ တယ်။ အခု စာရေးတယ်။ သူရေးတဲ့စာကျတော့ လူဖတ်များတယ်၊ ငါ ရေးတဲ့စာကျတော့ လူဖတ်နည်းလိုက်တာ။ ပြိုင်ချင်တုန်း ဆိုင်ချင်တုန်း။ တကယ်တော့ ကိုယ့်အလုပ်ကို ကိုယ်တစိုက်မတ်မတ် လုပ်နေခြင်းသည်သာ အခရာပါ။

  • အပြိုင်ဆိုတာ မရှိတော့ရင် အနိုင်အရှုံးဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။
  • အနိုင်အရှုံးဆိုတာ မရှိတော့ရင် ရန်သူ မိတ်ဆွေရယ်လို့လည်း တွေးမိတော့မှာ မဟုတ်ဘူး။
  • ရန်သူ မိတ်ဆွေရယ်လို့ မတွေးမိရင်၊ လူတိုင်းဟာ ကိုယ့်မိသားစု ဝင်တွေ ဖြစ်သွားပြီ။
  • အားလုံးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ကမ္ဘာကြီးဖြစ်သွားမယ်။
  • ဒါဆို ဘယ်လောက် ကောင်းမလဲ။
  • ဒါပေမယ့် အဲသည်လို ကောင်းတာဟာ ဘယ်တော့မှ ဖြစ်မလာပါဘူး။
  • ဘာလို့လဲဆို တော့ လူတွေကိုး။
  • လူတွေ ဖြစ်နေလို့၊ လူသားကမ္ဘာဖြစ်နေလို့ပေါ့။

ဒီတော့ ပြိုင်ကြရတယ်၊ အနိုင်အရှုံး ပြတ်သားကြရတယ်။ ရန်သူ မိတ်ဆွေ ကွဲပြားကြရတယ်ပေါ့။ ဒီတော့ ဒုက္ခထဲမှာ တဝဲလည်လည်ပေါ့။

မင်းသေ့

ည ၇း၅၇

၂၆၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post ကာရန် မပျက်ကြေး
Next post ဆောင်းပါးရှည်များ စုစည်းမှု (PDF Free Download)