၈၈ အရေးတော်ပုံမှာ၊ အလှကဗျာတွေရေးတဲ့ ကဗျာစာဆို။ တော်လှန်ရေးစာဆို တစ်ယောက်ဖြစ်လာခဲ့။ အဲဒါ ဘယ်သူလဲ။ တင်မိုး ဖြစ်ပါတယ်။ တင်မိုးဖြစ်ပါတယ်။ ကဗျာစာဆို တင်မိုး၊ တော်လှန်​သောစာဆို တင်မိုး။ ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံဖြစ်ပြီး (၁၀) နှစ်အကြာမှာ စစ်အာဏာရှင်တော်လှန်ရေးရလဒ်ဟာ ဇာတ်မျောကြီး ဖြစ်ခဲ့တယ်။ ဒါကို ကဗျာစာဆို တင်မိုးက မချိတင်ကဲနဲ့၊ လူထုကို ကဗျာနဲ့ ပုတ်နှိုးခဲ့ဖူးတယ်။ ဒီကဗျာက ပုတ်နှိုးလို့ ဘယ်သူ နှိုးလာသလဲတော့ မသိ။ တော်လှန်သက်ရှည်ကြာလို့ ရလဒ်မပေါ်ရင် မျောတတ်တာမို့၊ မှိန်းနေရင် အိပ်မနေနဲ့လို့ နှိုးမယ့်သူ လိုတယ်။

တော်လှန်ကဗျာစာဆို တင်မိုးက “ကာရန်ပျက်နေတဲ့ ညများ” ဆိုတဲ့နာမည်နဲ့ ၂၀၀၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှာ ရေးခဲ့တယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ကာရန်ပျက်မနေပါ။ ကာရန်ညှိ၊ ကာရန်သိနေတဲ့ကာလဖြစ်ပါတယ်။ ယခင်က ပျက်ခဲ့သော ကာရန်တချို့ရဲ့ ဇာတ်ကြောင်းကို သင်ခန်းစာ ယူကြရအောင်….။

ကဗျာစာဆို တင်မိုးတို့ မျိုးဆက်လျှောက်ခဲ့တဲ့ ကာရန်ပျက်ညတွေက ဘယ်လိုလဲ။ အခုလို ဖြစ်ပါတယ်။

  • ငတ်နေတာက ဒီမိုကရေစီ
  • ချည်လိုက်တာက လက်ထိတ်
  • ဘယ်လိုလုပ် ကာရန်ချိတ်မလဲ။
  • အရိပ်ကို လိုက်ဖမ်းနေတဲ့
  • မျက်ကန်းတွေပဲ ဖြစ်နေမှာပေါ့။

ဒါဟာ တင်မိုးရေးစပ်တဲ့ ကဗျာရဲ့ ပထမအပိုဒ်ဖြစ်ပါတယ်။ လူထုတော်လှန်ရေးမှာ၊ ကာရန်မချိတ်နိုင်အောင် လက်ထိတ်နဲ့ ညားခဲ့တဲ့ ညတွေ။ ငါတို့ ထပ်ရှိအုံးမလား။ ရှိသင့်သလောက် ရှိနေပြီ။ သို့သော်လည်း ငါတို့ ရန် ငါတို့ ကာကွယ်ရမှာပဲ။ ငါတို့ အားကိုးရာက ငါတို့ ကိုယ်တိုင်သာ ရှိ။ ငါတို့ဟာ အရိပ်လိုက်ဖမ်းနေတဲ့ မျက်ကန်းတွေ မဟုတ်ဘူး။ ငါတို့ဟာ ကာရန်ချိတ်မယ့် မျိုးဆက်။ လက်ထိတ်အချည်မခံဘဲ တွန်းလှန်တဲ့မျိုးဆက်။

ကာရန်ပျက်နေတဲ့ညများ ကဗျာရဲ့ ဒုတိယအပိုဒ်က အခုလို။

  • လက်ထိပ်ချွင်းချွင်းညံကို
  • သီချင်းသံအဖြစ် ပြောင်းပစ်
  • လက်ရှစ်သစ် ချေးအထပ်ထပ်နဲ့
  • ညစ်ပတ်နေတဲ့ နိမိတ်ပုံ
  • ရောင်စုံ စောင်ပုံအထပ်ထပ်နဲ့
  • အိပ်ရေးနှပ် မနေကြနဲ့ဟေ့….။

ကဗျာစာဆိုက ကဗျာရဲ့ ဒုတိယအပိုဒ်မှာ၊ ဟစ်အော်လှုပ်နိုးတဲ့ စကားသံနဲ့ အဆုံးသတ်လိုက်တယ်။ အိပ်ရေး နှပ်မနေကြနဲ့ ဟေ့…တဲ့။ မကြားမှာ စိုးလို့၊ ဟေ့လို့တောင် ဟစ်အော်ခဲ့တယ်။ ငါတို့ ညီအစ်ကိုတွေကို လက်ထိတ်နဲ့ တုပ်နှောင်ခဲ့ပြီးပြီ။ ငါတို့တတွေဆီလည်း မလာဘူး မထင်နဲ့။ အိပ်ရင်းနဲ့ နှပ်နေရင်တော့ လက်ထိတ်နဲ့ ကြုံမယ်။ တော်လှန်သောအရေးတော်ပုံ ဇာတ်မျောနဲ့ ကြုံမယ်။ ဒါကို ငါတို့ မလိုချင်ဘူး။ အတိတ်မှာ အိပ်နေသူတွေလို၊ ငါတို့ အလှည့် မအိပ်ဘူး။

ကဗျာစာဆိုက အခုလို ထပ်ပြီး အမိန့်ပေးတယ်။

  • သံဖြတ်လွှတွေ ရှာခဲ့ကြ
  • ဒီညမှာ ခြေချင်းတွေ ဖြုတ်
  • တုပ်ထားတဲ့ ကြိုးတွေ ဖြတ်
  • ငါတို့ဘက်က ရပ်လှည့်စမ်း။
  • ရန်သူ့ဖိနပ်တိုက်ပြီး
  • မုန့်တစ်ကိုက်နဲ့ ဇာတ်သိမ်း
  • သီချင်းငြိမ့်ပြီး မှိန်းနေဦးမလို့လား။

တော်လှန်ရေးမှာ သီချင်းငြိမ့်ပြီး မှိန်းနေသူတွေ ရှိခဲ့လို့၊ ကဗျာဆရာဟာ မှိန်းမနေဖို့ တပ်လှန့်လိုက်တဲ့ လေသံ။ ချုပ် နှောင်ထားတဲ့ အချုပ်အတည်းတွေကို ကာယကံမြောက် ချေဖြတ် နင်းဖြတ်မှ လွတ်မြောက်လမ်းကို ရလိမ့်မယ်။ အချုပ်အနှောင်တွေကြားမှာ အသားကျမနေဖို့ ချက်ချင်းပဲ အကောင်အထည်ဖော်ရမတဲ့။ သံဖြတ်လွှတွေ ရှာ။ ခြေချင်းတွေကို ဖြုတ်။ တုပ်ထားတဲ့ ကြိုးတွေ ဖြတ်။ ငါတို့ဘက် ရပ်လှည့်စမ်း။

ကဗျာဆရာက အားမနာတော့ပါ။ ငါတို့ဘက် ရပ်ပါလို့ မဆွဲဆောင်တော့ပါ။ ဆွဲဆောင်ရတော့မယ့်အချိန်လည်း မဟုတ်ပါ။ ငါတို့ဘက် ရပ်လှည့်စမ်း။ အမိန့်​ပေးလိုက်တယ်။ လွတ်မြောက်ရာလမ်းအတွက် ငါတို့ အမိန့်ပေးမယ်။

  • ညွှန်းစမ်းဟဲ့ နည်း
  • ထွန်းစမ်းဟဲ့ မီး
  • လွမ်းခန်းနဲ့ မပြီးစေနဲ့။
  • တို့ခရီး မဆုံးသေး….။  ။

နည်းတွေ ညွှန်းပါ။ မီးတွေ ထွန်းပါ။ လွမ်းခန်းနဲ့ ပြီးလို့ မဖြစ်ပါ။ တော်လှန်သက်အီညောင်းရင် မျောလိမ့်မယ် အရင်လို။ ငါတို့အလှည့် မကြုံချင်။ တို့ခရီး မဆုံးသေး…၊ လျှောက်ရမယ် ခပ်ဝေးဝေး။ အရင်လို မမျောကြေး….။

မင်းသေ့

ည ၉း၅၆

၃၀၊ ဒီဇင်ဘာ၊ ၂၀၂၁။                                                                                      

Previous post ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်
Next post မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်