• လက်မှုပညာသည်တစ်ယောက်က အလုပ်ကောင်းကောင်းလုပ်တော့မယ်ဆိုရင် ပထမဆုံး သူ့ကိရိယာ တန်ဆာပလာတွေကို ထက်ရှအောင် လုပ်ရမယ်… လို့ ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။

နွေဦးတော်လှန်ရေးဟာ သီးသီးသန့်သန့်ကာလတစ်ခုယူပြီး လက်နက်ကိရိယာတွေကို ထက်ရှအောင် သွေးယူချိန်၊ မရခဲ့ပါဘူး။ အကြမ်းမဖက်နည်းနဲ့ အာဏာဖီဆန်ရင်း၊ အခြေအနေက လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခံရလို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်တဲ့အခါမှာ လည်း၊ ရေကန်အသင့် ကြာအတင့် ပြင်ဆင်ထားတာမျိုး မရှိ။ မုဆိုးစိုင်သင်နဲ့ လေ့လာရင်း သင်၊ သင်ရင်း တော်လှန် ကြရတာဖြစ်ပါတယ်။ အတုမြင် အတတ်သင် ဆိုတဲ့ မူကို ကိုင်ဆွဲပြီး၊ အချိန်ကာလ အတိုင်းအတာတစ်ခုအတွင်းမှာ လက်နက်နဲ့ ယှဉ်ပါးလာကြတဲ့ တော်လှန်မျိုးဆက်လူငယ်တွေ ခပ်များများ ရှိလာခဲ့ပါတယ်။ လက်နက်ကိုင်လမ်းစဉ် မှာ ခံစားချက်အလျောက် ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့တာ တချို့ ရှိကောင်း ရှိလိမ့်မယ်။ သို့သော်လည်း လူထုဟာ ဝိုင်းထိန်းနိုင်ကြသလို၊ လက်နက်ကိုင်ထားတဲ့တော်လှန်မျိုးဆက်မှာ အသိနဲ့ သတိကပ်ပါထားနိုင်တာကို တွေ့မြင် ရတယ်။

ကနဦးအစပိုင်းမှာ မထက်ရှတဲ့လက်နက်ကိရိယာတန်ဆာပလာတွေနဲ့ ပြန်လည်တွန်းလှန်ရသည် ဖြစ်သော်လည်းပဲ၊ ထိထိရောက်ရောက် ပုန်ကန်နိုင်တာမျိုးတွေ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ စိတ်ဆန္ဒဓိပတိရဲ့ သတ္တိကြောင့်လို့ ယူဆ ပါတယ်။ ဆန္ဒဦးဆောင်တဲ့၊ စိတ်ဆန္ဒကြီးမှူးတဲ့လုပ်ရပ်မျိုးဟာ တဖြည်းဖြည်းနဲ့ အရာထင်လာတာကို တွေ့ရပါ တယ်။ အကျပ်အတည်းကြားထဲကပဲ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ပေါင်း စည်းပြီးတော့၊ လေ့ကျင့်ပြင်ဆင်ရေးတွေ လုပ်သင့်သလောက် လုပ်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ တွေ့မြင်နေ ရဆဲလည်း ဖြစ်ပါတယ်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေထဲမှာ၊ နိုင်ငံရေးဦးဆောင်တပ်ဦးနဲ့ ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား နိုင်ငံရေးအရ ပေါင်းစည်းတယ်လို့ မထုတ်ပြန်၊ မကြေညာပေမယ့် – ထိထိရောက်ရောက် ကူညီနေတာ၊ ပံ့ပိုးနေတာ၊ ထောက်ပံ့နေ တာတွေကို တွေ့မြင်ရပါတယ်။ ဘယ်အဖွဲ့က ဘယ်လိုမျိုး အတွင်းစည်းမှာ၊ ထဲထဲဝင်ဝင် ကူညီနေတယ်လို့ အမည် နာမ တပ်ပြီး မပြောလိုပါ။ သို့သော်လည်း ဒီသတင်းစကားကို နားလည်ပြီးတော့ – လူထုဟာ အမျိုးသားညီညွတ်ရေး အတွက် အထောက်အပံ့ကောင်းဖြစ်စေတဲ့ အပြုအမူ၊ အပြောအဆိုမျိုးတွေ သတိထားလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်လွတ်စပယ် လုပ်လိုက်၊ ပြောလိုက်တဲ့ အပြုအမူ တစ်ခု၊ စကားတစ်ခွန်းကြောင့် အမျိုးသားညီညွတ်ရေးကို အက်သံထွက်စေတဲ့ကိစ္စမျိုး မဖြစ်စေဖို့ ဖြစ်ပါတယ်။

  • ချစ်စကို ရှည်စေ…. မုန်းစကို တိုစေ လို့ ပြောတယ် မဟုတ်လား။
  • အချစ်ပင်ကို စိုက်ရင် အချစ်ပန်းပွင့်ပါမယ်။
  • အမုန်းပင်ကို စိုက်ရင် အမုန်းပန်းပွင့်ပါလိမ့်မယ်။

တခါတရံ စိတ်ခံစားချက်ကို သတိနဲ့ ချွန်းအုပ်ပြီး၊ ကိုယ့်အပြုအမူ၊ ကိုယ့်အပြောအဆိုကြောင့် အမျိုးသားညီညွတ်ရေး ကို နှဲ့ချိုးသလို မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး မဟုတ်လား။ ရန်သူကိုတောင် မိတ်ဆွေ ဖြစ်အောင်လုပ်ရသေးတာပဲ၊ ရန်သူ မဟုတ်သေး မိတ်ဆွေရင်းမဖြစ်သေးတဲ့သူတွေကို ကိုယ့်လူရင်းတွေဖြစ်အောင် ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဖြစ်နိုင်ရင် တော်လှန်ရေးမှာ ရန်သူသစ် မမွေးကြဖို့ သတိရှိ သင့်တယ်။ ကြားနေတချို့ ရှိကောင်း ရှိလိမ့်မယ်၊ စောင့်ကြည့်အကဲခတ်သူတွေ ရှိကောင်း ရှိနေသေးတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ပါးပါးနပ်နပ်နဲ့ ချစ်စကို ရှည်စေဖို့ လိုပါတယ်။ ကိုယ့်ဘက် မရပ်သေးတဲ့သူတွေကို စိတ်ခံစားချက်အခံနဲ့ ရန်သူ့ဘက်ကို တွန်းပို့လိုက်တာမျိုးကို မလုပ်ဖြစ်အောင် သတိထားဖို့ ဖြစ်ပါတယ်။

မော်စီတုန်းရဲ့ သင်ကြားချက် တချို့ ရှိတယ်။

  • ရန်သူ့ဘက် ပါနေသူကို ကြားနေအောင် လုပ်။
  • ကြားနေသူကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်း။

ဒါဟာ တော်လှန်ရေးမှာ သုံးခဲ့တဲ့ နည်းပရိယာယ်လို့ နားလည်ပါတယ်။ တော်လှန်မျိုးဆက်ဟာ – တော်လှန်ရေးလုပ် ရင်း ၊ စည်းရုံးရေးပါ လုပ်ကြရပါလိမ့်မယ်။ အောက်ခြေမြေပြင်မှာ၊ လူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ စည်းရုံးရေး လောက် ထိရောက်တာ မရှိဘူး။ ဒါကို သတိချပ်ဖို့ ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မလိုလားအပ်တဲ့ စရိုက်တချို့တွေ့နေရပါတယ်။ အဲဒါကတော့ “ငါနဲ့ မတူ ငါ့ရန်သူ” ဆိုတဲ့ လူမှုဓလေ့ဖြစ်ပါတယ်။ သို့သော်လည်း အဲဒါထက် တစ်ဆင့်တက်ပြီး ဖြစ်လာတာကို ထပ်တွေ့ရပါတယ်။

  • ငါနဲ့ မတူ ငါ့ရန်သူ။
  • ငါ့ရန်သူကို ရန်မမူရင် ငါ့မိတ်ဆွေ မဟုတ်…ဆိုတဲ့ အပြုအမူတွေဖြစ်ပါတယ်။

တော်လှန်ရေးအတွင်းမှာ စည်းရုံးရေးကို ထည့်သွင်းကြရမှာ ဖြစ်ပါတယ်။ တော်လှန်နေရင်း၊ အမျိုးသားညီညွတ်ရေး မျိုးစေ့ကို ချခဲ့နိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အလွန် အသုံးဝင်ပါလိမ့်မယ်။ တော်လှန်မျိုးဆက်ဟာ မခံချင်စိတ်နဲ့ တော်လှန်ကြတယ်ဆိုပေမယ့်၊ အမြော်အမြင်နဲ့ အရှည်ကို တွေးပြီး အမျိုးသားညီညွတ်ရေးမျိုးစေ့ကို ကြဲပက်ခဲ့ကြဖို့ဖြစ်ပါတယ်။

မင်းသေ့

ည ၈း၂၇

၅၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ဘာ့ကြောင့် ဖက်ဒရယ်
Next post စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ