လူမှုအရင်းလို့ပဲ ခေါ်ခေါ်၊ လူမှုကော်စေးလို့ပဲ ခေါ်ခေါ် မြန်မာတွေရဲ့ ဓလေ့ယဉ်ကျေးမှုထဲမှာ အချင်းချင်း ရိုင်းပင်း ကူညီတတ်မှုဟာ အကျပ်အတည်းကာလအတွင်းမှာ၊ သိသိသာသာ ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ပြုနေပါတယ်။ လူမှုအရင်းကို (Social Capital) လို့ အနက်ပြန်တယ်။ လူ့အသိုင်းအဝိုင်းထဲမှာ အချင်းချင်းအကြား အပြန်အလှန် ရိုင်းပင်းကြမှုဖြစ်ပါတယ်။ ဒါဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ လူအချင်းချင်းအကြား ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက မြန်မာတွေရဲ့ဓလေ့ကို ကြည့်ရင်၊ ယုံကြည်မှုအချင်းဝက်တိုတယ်လို့ ဆိုပေမယ့်၊ တကယ်အရေးရယ်အကြောင်းရယ်ပေါ်လာရင် မြန်မာတွေရဲ့ လူမှုကော်စေးဟာ ကပ်အားကောင်းကောင်းနဲ့ လူ့အဖွဲ့အစည်းကို စည်းနှောင်ထားနိုင်တာတွေ့ရပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လေ့လာသုံးသပ်မှု ကိန်းဂဏန်းတွေအရ၊ မြန်မာပြည်ဟာ ရစရာမရှိအောင် ထိုးကျ နေတဲ့ လူမှုစီးပွားအခြေအနေကို ရောက်နေပါတယ်။ ထိုနည်းလည်းကောင်း၊ စီးပွားရေးအရ တိုင်းထွာတဲ့ ကိန်းဂဏန်းတွေအရ မြန်မာပြည်ဟာ ချိနဲ့ နိုင်ငံ၊ ကျရှုံးနိုင်ငံအဖြစ် ပြောရလောက်တဲ့ စီးပွားရေးကျဆင်းမှုမျိုးမှာ ရှိနေပါတယ်။ သို့သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းဟာ အချင်းချင်းရိုင်းပင်းပြီး တောင့်ခံနိုင်စွမ်းက အတော်မြင့်မား နေတာတွေကို တွေ့ရပါတယ်။ စစ်ဘေးနဲ့ ကပ်ဘေး အပါအဝင် အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်တွေ အရ၊ ချွတ်ခြုံကျတဲ့နိုင်ငံအဖြစ်ကို ဦးတည်နေတာကို တွေ့နေရသော်ငြားလည်း၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ လူမှုအရင်းဟာ ခုခုခံခံ တောင့်ခံထားနိုင်တာကိုလည်း တွေ့နေရပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ကပ်ဘေးနဲ့ စစ်ဘေး၊ အကျပ်အတည်းတွေ ကျရောက်နေသော်လည်း ထိန်းမနိုင် သိမ်းမရ ဖြစ်သလို ဗြဲလရမ်းကြီးဖြစ်မနေဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ ကိုယ့်ရွာကို ကိုယ်တွေအချင်းချင်း ထိန်းကျောင်းနိုင်ကြတယ်၊ စည်းနှောင်နိုင်ကြတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အထိန်းအကွပ်မဲ့ လူ့အဖွဲ့အစည်း ဖြစ်မနေဘူး။ သူတလူ ငါတမင်း လုပ်ချင်ရာလုပ်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်မနေဘူး။ အနိုင်ကျင့် ဗိုလ်ကျတဲ့သူတွေ ကို ရပ်အား၊ ရွာအားနဲ့ ခုခံနိုင်တယ်။ တော်လှန်နိုင်တယ်။ ဒါကို တွေ့နေရတယ်။

ဒါဟာ မြန်မာတွေရဲ့ ဗီဇအရည်အချင်းလား၊ သို့တည်းမဟုတ် အကျပ်အတည်းကို ကြုံလာတဲ့အခါ အလိုအလျောက် ထွက်ပေါ်လာတဲ့ လူသားအရည်အသွေးတွေလားဆိုတာ သဲသဲကွဲကွဲတော့ မသိပါ။ မြန်မာပြည်သမိုင်းကို လေ့လာ ကြည့်ရင်၊ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကို အကြီးအကျယ် ကြုံတွေ့ဖူးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရပေမယ့်၊ မြန်မာတွေဟာ ကိုယ့်မြို့ကို ကိုယ်ထိန်းကြတယ်၊ ကိုယ့်ရွာကို ကိုယ်စောင့်ကြ တယ်။ ဒီလိုနဲ့ အစည်းမပြေတဲ့ နိုင်ငံတစ်ခုကို ပြန်လည်ထူထောင်နိုင်လိုက်ကြတာပါပဲ။ မြန်မာနဲ့ အနီးနားဝန်းကျင် က တိုင်းပြည်တွေကို ကြည့်ရင်၊ ဒုတိယကမ္ဘာစစ်အပြီး ဝါးအစည်းပြေသလို ဖြစ်ခဲ့မှုတွေက ဒင်းကြမ်းပြည့်နေခဲ့ပါ တယ်။ လူမျိုးအချင်းချင်း သတ်ဖြတ်မှုတွေ၊ ကျူးကျော်သိမ်းပိုက်ခံရမှုတွေနဲ့ စစ်ပွဲတွေ ဆက်ရှိနေခဲ့ပါတယ်။ မြန်မာ ပြည်တွင်းမှာလည်း ပြည်တွင်းစစ်တွေ ရှိခဲ့တယ်ဆိုပေမယ့်၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ သန်းနဲ့ချီတဲ့ လူမျိုးရေး သတ်ဖြတ်မှုတွေ မရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ အရှေ့ပါကစ္စတန်၊ အနောက်ပါကစ္စတန်ဆိုပြီး နယ်မြေအားဖြင့် ကွဲ ထွက်သွားတယ်။ တရုတ်နိုင်ငံဟာ၊ ထိုင်ဝမ်ကျွန်းကို လက်လွှတ်လိုက်ရတယ်။ ပြည်မကြီးတရုတ်က သက်သက်၊ ထိုင်ဝမ်တရုတ်က သက်သက်။ ဒါတောင်မှ ကွန်မြူနစ်တရုတ်နီတွေဟာ တိဘက်ကို စစ်ရေးအင်အား အလုံးအရင်းနဲ့ အတင်းအဓမ္မစုစည်းသိမ်းပိုက်ခဲ့လို့၊ လူအမြောက်အမြား သေကြေခဲ့ရတယ်။ ဗီယက်နမ်ဟာ တောင်ဗီယမ်နမ် မြောက်ဗီယမ်နမ် အကွဲအပြဲနဲ့ ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ ကမ္ဘောဒီးယားမှာ ခမာနီတွေ ကြီးစိုးချိန်၊ ပိုပေါ့လက်ထက် မှာ လူသတ်ကွင်းတွေနဲ့ လူပေါင်း သိန်းနဲ့ချီ သေကြေခဲ့ရတယ်။

မြန်မာပြည် ချိနဲ့နိုင်ငံဖြစ်ခဲ့ရတာ တက်လာခဲ့တဲ့အစိုးရတွေရဲ့ စီမံအုပ်ချုပ်မှုနဲ့ ပေါ်လစီရှေ့ရှုချက်တွေ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ မြန်မာလူထုကတော့ အချင်းချင်းအကြားမှာ၊ အဆိုးကြီး ဖြစ်မသွားအောင် ရိုင်းပင်းခဲ့ကြတယ်။ ကူညီခဲ့ ကြတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီး လက်တွဲကျော်ဖြတ်ခဲ့ကြတယ်။ ဒါဟာ မြန်မာတွေရဲ့ အရည် အချင်းပါပဲ။ မြန်မာတွေဟာ အကျပ်အတည်းကြားမှာ ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ဗီဇသတ္တိအရ သိနားလည်ကြတယ်။ အချင်းချင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ စည်းဝါးညှိနိုင်ကြတယ်။ ဒါဟာ မြန်မာတွေရဲ့ ဗီဇ အရည်အချင်းပဲ လို့ ထင်တယ်။

နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ အနောက်နိုင်ငံအာဘော်တွေလွှမ်းတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပုံဖော်သလို၊ ဆီးရီးယားတို့၊ ဆိုမာလီယာတို့လို ကျရှုံးနိုင်ငံမျိုး မြန်မာပြည်က မရောက်သေးပါဘူး။ ဒါဟာ ဖော့တွေးတာလည်း မဟုတ်သလို၊ လက်ရှိ ပဋိပက္ခတွေကို လျစ်လျှူရှုတာလည်း မဟုတ်ပါဘူး။ စစ်ပွဲတွေ၊ တိုက်ပွဲ​တွေ ဖြစ်နေတဲ့ ဒေသတွေမှာ အတိဒုက္ခရောက်နေတဲ့ပြည်သူလူထုဟာ သောင်းနဲ့ချီ ရှိပါတယ်။ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ် စတဲ့ ဒေသတွေကို ပါ ပေါင်းလိုက်ရင် ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာ သိန်းဂဏန်း ရှိပါလိမ့်မယ်။ မြို့ပြနေ လူထုကလည်း နေသာတယ်လို့ မဟုတ်ပါ။ ကျပ်တည်းတာ၊ ဆင်းရဲတာ၊ ရုန်းကန်နေရတာ၊ လူလုပ်ဘေးကြောင့် ပျက်စီးသွားရတဲ့ ဥစ္စာဓနနဲ့ အသက်အိုးအိမ်တွေ များစွာရှိနေပါတယ်။ မြန်မာတွေဟာ အချင်းချင်း ဒုက္ခရောက်နေတာကို မမြင်လိုဘူး၊ မရှုစားလိုဘူး။ ဒုက္ခဆင်းရဲရောက်နေသူတွေကို မြင်တွေ့ရခြင်းဟာ ကိုယ်ဆင်းရဲဒုက္ခရောက်နေသကဲ့သို့ ခံစားရတယ်။ ဒါ့ကြောင့် ရိုင်းပင်းတယ်၊ စာနာတယ်၊ ဝေမျှ တယ်။ ကိုဗစ်ရောဂါကပ်ဘေးကို အလူးအလဲခံရလို့၊ လူပေါင်း သောင်းနဲ့ချီ၊ သိန်းနဲ့ချီ သေကြေခဲ့ပေမယ့်၊ မြန်မာတွေ ဟာ အချင်းချင်း ရိုင်းပင်းကြလို့ အဆိုးကြီးဖြစ်မသွားခဲ့ဘူး။ မြန်မာပြည်မှာ အဆိုးကြီးဖြစ်သွားခဲ့မယ်ဆိုရင်တောင်၊ မြန်မာလူထုရဲ့ အသိဉာဏ်နိမ့်ပါးမှုကြောင့် ဖြစ်လာတဲ့အဆိုးကြီး မဟုတ်ဘဲ၊ အုပ်ချုပ်သူ၊ စီမံသူ၊ ခေါင်းဆောင်သူ တွေ အသိဉာဏ်တိမ်လို့၊ ညံ့လို့ ဖျင်းလို့ ဖြစ်လာတဲ့အဆိုးကြီးတွေပဲ ဖြစ်လာစရာရှိကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

မင်းသေ့

နေ့လယ် ၂း၁၆

၉၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ဆုတံဆိပ်များ ဘွဲ့ထူးဂုဏ်ထူးများနှင့် ကျွန်မွေးမြူရေး နိဿရည်း
Next post ယုံကြည်စိတ်ချရမှု