ဆုတံဆိပ်များ ဘွဲ့ထူးဂုဏ်ထူးများနှင့် ကျွန်မွေးမြူရေး နိဿရည်း

သိုသိုသိပ်သိပ်နေ “keep low profile” လို့ ပြောကြတယ်။ သိုသိုသိပ်သိပ်နေဆိုတာဟာ တမင်တကာ လေ့ကျင့်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ပါဝါရဲ့ ဥပဒေသတွေကို ပို့ချတဲ့စာအုပ်တွေမှာ၊ လျှို့လျှို့ဝှက်ဝှက်နေဖို့၊ သိုသိုသိပ်သိပ်နေဖို့၊ တိတ်တိတ်လေးနေဖို့ အတွက် အမြဲ ပို့ချတာတွေ့ရတယ်။ မြန်မာစကားပုံမှာလည်း၊ လူပြောမသန် လူသန် မပြော… လို့ အဆိုရှိတယ်။ ဖြစ်နိုင်ရင် ဟောင်ဖွာဟောင်ဖွာ မလုပ်ဘဲနဲ့ လုပ်စရာရှိတာတွေကို ကြိတ်လုပ်နေဖို့ တိုက်တွန်းတာတွေ ဖတ်ရဖူးတယ်။

သိုသိုသိပ်သိပ်နေခြင်းဟာ လူ့ဗီဇကို လွန်ဆန်ပြီး ကျော်ဖြတ်ရတဲ့ကိစ္စ လို့ ထင်တယ်။ မက်စ်လိုရဲ့ လူသားလိုအပ် ချက် အဆင့်ဇယား မှာ၊ လူဟာ အသိအမှတ်ပြုခံလိုချင်တယ်ဆိုတာကို ပြထားတယ်။ ဟုတ်တယ်။ ဒါဟာ အမှန်ပဲ။ လူတွေ မပြောနဲ့၊ လူနဲ့ နီးစပ်တဲ့ ခွေးကလေးတွေတောင် အသိအမှတ်ပြုခံရတာကို ကြိုက်တယ်။ အသိအမှတ်ပြု ခံရတာကို ပျော်တယ်။ “မြှောက်ပေးရင် ​ေ-ွး တက်အောင် ကတယ်” ဆိုတာကို အရပ်စကားမှာ ပြောဖူးကြတာ ကြားဖူးမပေါ့။ တကယ်တော့ လူတွေဟာ အမြှောက်ကြိုက်တယ်။ အသိအမှတ်ပြုတာကို ကြိုက်တယ်။ လက်ခုပ် ဩဘာကို ကြိုက်တယ်။ ဒါကို လွန်ဆန်နိုင်ဖို့ သိပ်ခက်တယ်။ အရိယာသံဃာတော်တွေဟာ လူအသိအမှတ်ပြုခံချင် စိတ်နဲ့ ထင်ပေါ်ကျော်ကြားလိုစိတ်ကို သင်းသတ်နိုင်ကြတယ်။ ထိုနည်းလည်းကောင်း သိပ်ကို အကြံကြီးတဲ့သူတွေ ဟာ သိုသိပ်နိုင်စွမ်း မြင့်မားကြတယ်။ တချို့က ပြောတယ်။ “ဒီကောင် ငြိမ်နေတာ အလကား မဟုတ်ဘူး၊ ဆင်ကြံ ကြံနေတာ ဖြစ်မယ်” လို့ ပြောကြတယ်။ ဒါကို ကြားဖူးကြမပေါ့။

ဆုတံဆိပ်တွေနဲ့ မြှောက်ပေးတတ်တယ်

လူဆိုတာ ကိုယ့်လုပ်ရပ်ကို “ငါလုပ်တာကွ” လို့ မဏ္ဍပ်တိုင်ဖက်တက်ပြချင်တဲ့သတ္တဝါပဲ။ ကိုယ့်လုပ်ရပ်ကို လူအများ ချီးကျူးတာ လိုချင်တယ်။ ကိုယ်ပြောတာ၊ ကိုယ်လုပ်တာ၊ ကိုယ်ပြုမူတာကို လူအများချီးမွမ်းရင် သိပ်ကျေနပ်တယ်။ လူတွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်ဆန္ဒအားကို အနောက်ကနေ တွန်းပေးနေတာ၊ မောင်းပေးနေတာဟာ အသိအမှတ်ပြု၊ အားပေး၊ ချီးမွမ်းခြင်းတွေက ဖြစ်တယ်။ ဆုတံဆိပ်တွေ ပေးအပ်တယ်။ ဒါဟာ အသိအမှတ်ပြုတာ ပဲ။ မြှောက်ပေးတာပဲ။ လုပ်ချင်စိတ်ရှိအောင် မီးထိုးပေးတာ။ တစ်ဖက်က ကြည့်ရင်လည်း၊ ဒါဟာ လက်သပ်မွေး တာပဲ။ ကိုယ့်ဘက်ရပ်အောင် လုပ်တာပဲ။ တနည်းအားဖြင့် ပြောရင်၊ သိပ်မွှေ့တဲ့ အချုပ်အနှောင်ပေါ့။ ဒါကို လူသား အတ္တက ပျော်မွှေ့တယ်။

ဘာအတွက် ဆုလဲ

ကောင်းတာလုပ်လို့ ဆုတံဆိပ်ရရင် – ကောင်းတာကို များများလုပ်ဖို့ အားပေးခံရတာ။ ဆိုးတာလုပ်လို့ ဆုတံဆိပ် ရရင် – အဲသည်လို ခပ်ဆိုးဆိုးကို များများလုပ်ဖို့ မီးထိုးပေးတာ။ ဒါဟာ ဆုတံဆိပ်တွေရဲ့သဘောပဲ။ ကိုယ် ရထားတဲ့ ဆုဟာ လူသတ်ဆုလား။ လူ့ဘောင်ကောင်းကျိုးသယ်ပိုးတဲ့ဆုလား။ တကယ့်လက်တွေ့မှာ လူသတ်ဆုနဲ့ လူ့ဘောင် ကောင်းကျိုးသယ်ပိုးဆုဟာ သဲသဲကွဲကွဲ မရှိလှဘူး။ လူသတ်ဆုကို လူ့ဘောင်ကောင်းကျိုးသယ်ပိုးဆုလို့ ထင်အောင် ဇာတ်ညွှန်းအမျိုးမျိုး ဖန်တီးထားခြင်း ခံနေရတတ်တယ်။

စာပေနိုဘယ်ဆုကို ငြင်းခဲ့သူတွေနဲ့ အဂ္ဂ တစ်သိန်း

နိုဘယ်ဆုကို ငြင်းပယ်ခဲ့တဲ့သူတွေကို ကြားဖူးမပေါ့။ ယန်းပေါဆာ့ထ်ဟာ စာပေနိုဘယ်ဆုကို ငြင်းခဲ့တယ်။ ဟင်နရီကစ်ဆင်းဂျားနဲ့ ပူးတွဲပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးခံရသူ ဗီယက်နမ်နိုင်ငံက သံတမန် Lê Đức Thọ က ဗီယက်နမ်နိုင်ငံဟာ တကယ်ငြိမ်းချမ်းရေးမရသေးဘူး…လို့ ဆိုပြီး နိုဘယ်ဆုကို ငြင်းပယ်ခဲ့ဖူးတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်က နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတယ်။ ဒါပေမယ့် ဦးသန့်ဟာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို မေတ္တာရပ်ခံခဲ့တယ်။ သူ့အစား ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်စ်) အဖွဲ့ကြီးကို ပေးအပ်ဖို့ မေတ္တာရပ်ခံခဲ့တယ်။ သူတို့တတွေဟာ ပုထုဇဉ်တွေပါ။ သင်္ကန်းပတ်ထားတဲ့ ရဟန်းတွေ မဟုတ်ဘူး။ သံသရာ အချုပ်အနှောင်တွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတွေ မဟုတ်ဘူး။ အလွန်ဆုံးရှိ၊ ဒဿနအချုပ်အနှောင်ကနေ ကင်းလွတ်ချင်သူတွေလို့သာ အများဆုံး ပြောနိုင်လိမ့်မယ်။ မြန်မာပြည်မှာတော့ သင်္ကန်းဝတ်ထားတဲ့ ဘုန်းတော်ကြီး၊ ဆရာတော်ကြီး၊ သံဃာတော်ကြီးတွေ ကိုယ်တိုင် ဆုတံဆိပ်ကို မက်မက်မောမော လိုလားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်။ “အဂ္ဂမဟာပဏ္ဍိတဘွဲ့” ကို လိုချင်လို့၊ သာသနာရေးဝန်ကြီးဌာနမှ ငွေတစ်သိန်းနဲ့ လျှောက်လွှာတင်ပြီး၊ လျှောက်ရင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရသတဲ့။ ရပ်ထဲရွာထဲမှာ “အဂ္ဂ တစ်သိန်း”ဆိုတဲ့ စကားကို ကြားဖူးတယ်။ ငွေ တစ်သိန်းနဲ့ လျှောက်လွှာတင်ပြီး၊ အဂ္ဂမဟာပဏ္ဍိတဖြစ်သွားတဲ့ ဘုန်းကြီးတွေကို ဆိုလိုသလား၊ သို့တည်းမဟုတ် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရဘုန်းကြီးတွေ အပါး တစ်သိန်း ရှိတာလား။ မပြောတတ်ဘူး။ ထားတော့။

ဪ… ဒါနဲ့ စကားမစပ်။

မြန်မာပြည်က အမျိုးသားစာပေဆုတောင် ပုံပျက်ပြီး အသုံးချခံဖြစ်နေတာ ကြာပေါ့။ တိုင်းပြည်အတွင်း သမာသမတ်ကျမှု ကျဆုံးတဲ့အချိန်ကာလတွေအတွင်း ရရှိထားတဲ့ ဆုတံဆိပ်တွေဟာ၊ အသန့်စင်ဆုံးလို့ ပြောနိုင်ဖို့ ခဲယဉ်းလှတယ်။ ညစ်ထေးတဲ့ ဆုတံဆိပ်တွေကို ငမ်းငမ်းတက်အလိုရှိတဲ့လူတစ်စုဟာ ခေတ်တိုင်းမှာ ရှိတယ်။

အရှင်ဇနက နဲ့ သန်းထွန်း

အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ထိုက်တန်ခဲ့သူ ရှိခဲ့ဖူးတယ်။ အရှင်ဇနကာဘိဝံသ ဖြစ်တယ်။  သက်တော် (၃၀) လောက်နဲ့ သင်္ဂြိုဟ်ဘာသာဋီကာကို ရေးသားနိုင်ခဲ့သူ အရှင်ဇနကာဘိဝံသကို ကျောက်စာဝန်က – အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ ထိုက်တန်တဲ့ကျမ်းဖြစ်တယ်။ သို့သော်လည်း – ရဟန်းက ငယ်နေတယ်၊ ကျမ်းကကြီးနေ တယ်၊ ဘွဲ့ဆပ်ကပ်ဖို့ ဆိုင်းပါအုံး…လို့ မှတ်ချက်ပြုတယ်။ နိုင်ငံတော်လွတ်လပ်ရေးရပြီးမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို အရှင်ဇနကာဘိဝံသ ဆပ်ကပ်ခံရတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ ထိုက်တန်လောက်အောင် အရည်အချင်းရှိခဲ့သူ အရှင်ဇနကာဘိဝံသဟာ၊ သူ့ရဲ့ ကျမ်းစာတွေမှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို တပ်ပြီး ဖော်ပြခဲ့တာ မျိုး မရှိဘူး။ အဲသည်လို ရဟန်းမျိုးဖြစ်တယ်။ နောက် တစ်ယောက်က ဒေါက်တာသန်းထွန်း ဖြစ်တယ်။ ဒေါက်တာသန်းထွန်းဟာ သူ့ရဲ့ သမိုင်းသုတေသနစာအုပ်တွေကို ထုတ်ဝေတဲ့ မျက်နှာဖုံးမှာ၊ သန်းထွန်း ရေးတယ် လို့သာ တပ်တယ်။ ဒေါက်တာသန်းထွန်းလို့ ဘယ်တော့မှ မတပ်။ စာအုပ်ထုတ်ဝေသူတွေက သူ့စကားကို နားမထောင်ဘဲ ဒေါက်တာသန်းထွန်းလို့ တပ်လို့သာ၊ စာအုပ်မျက်နှာဖုံးမှာ ဒေါက်တာနာမည်တွေ့ရခြင်းဖြစ်တယ်။ သန်းထွန်း ရေးတယ် ဆိုတဲ့ စကားလုံးကိုသာ ဖော်ပြတဲ့ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တချို့ကို တွေ့ဖူးမပေါ့။ သန်းထွန်း ဆိုတဲ့ နာမည်သာတပ်ထားတဲ့ စာအုပ်ဟာ၊ ဒေါက်တာသန်းထွန်းရဲ့ မူလသဘောထား စစ်စစ်ဖြစ်တယ်။ ဒေါက်တာသန်းထွန်းလို့ တပ်ထားတဲ့စာအုပ်တွေက ထုတ်ဝေသူတွေ အလိုကျ တပ်တာဖြစ်တယ်။ ဒါကို ဒေါက်တာသန်းထွန်းဟာ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှာ ရှင်းရှင်းလင်းလင်း ရေးတာ ဖတ်ဖူးတယ်။ ဒါဟာဘာလဲဆိုတော့ – ဘွဲ့တံဆိပ်တွေနဲ့ ဂုဏ်ထူးတွေကို ကျော်ကြည့်နိုင်စွမ်းရှိတဲ့ ရဟန်းပညာရှိ၊ လူပညာရှိတို့ရဲ့ အပြုအမူကို ဥပမေယျအဖြစ် ထုတ်ပြခြင်းဖြစ်တယ်။

ဘယ်သူ ငြင်းနိုင်စွမ်း ရှိသလဲ

ဆုတံဆိပ်ဆိုတာ ဘယ်လောက်စွမ်းသလဲ။ အနတ္တတရားကို လက်ကိုင်ထားပြီး တဏှာယောက်ျားလက်သမားရဲ့ ဆိုးဝါးယုတ်မာပြုပြင်ရာကို အမြဲခံနေရခြင်းဘေးက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ဘုန်းကြီးတွေကိုတောင် ဆုတံဆိပ် တွေနဲ့ တုပ်နှောင်နိုင်စွမ်းရှိတယ်ဆိုတာ သိနားလည်ဖို့ ဖြစ်ပါတယ်။ ဘယ်သူက ဆုတံဆိပ်တွေကို ငြင်းဆန်နိုင်စွမ်း ရှိမှာလဲ။

လူတွေဟာ သူများတကာတွေ လိုလိုချင်ချင် ဆုမပေးဘဲနဲ့တောင် လျှို့လျှို့ဝှက်ဝှက်နဲ့ ဆုတံဆိပ်တွေကို ငွေကြေး အကုန်ခံပြီး ဝယ်ယူနေကြသေးတာပဲ။ ဒီနေ့ခေတ်ဆိုရင် ပိုဆိုးပေါ့။ ဘွဲ့တွေကို ဝယ်တယ်။ ဒီဂရီတွေကို ဝယ်တယ်။ မြင်မြင်သမျှ ပါမောက္ခလို့တော့ မပြောချင်ဘူး။ မြင်မြင်သမျှ ဒေါက်တာဗျ… လို့ ပြောချင်တယ်။ ဒေါက်တာဘွဲ့တွေ ကို ဝယ်ယူနေကြတာ အပုံအပင်ပဲ။ ရှေ့မှာ ဂုဏ်ပုဒ်ထည့်တာ၊ ဒေါက်တာ။ နောက်မှာ ဂုဏ်ပုဒ်ထည့်တာ ဘာညာ သာရကာ။

ဧည့်သည်ရှေ့ ဂျွမ်းလှိမ့်ထိုးပြတတ်တဲ့ကလေး

လူတွေဟာ အသိအမှတ်ပြုခံရဖို့ကို တနည်းနည်းနဲ့ ကြိုးစားနေတတ်ကြတယ်။ အသိအမှတ်ပြုခံချင်မှုကို အမြဲတမ်း ငမ်းငမ်းတက်လိုချင်တဲ့လူတွေက ဘယ်သူနဲ့ တူသလဲဆိုတော့ – အိမ်မှာ ဧည့်သည်ရောက်လာလို့၊ ဂျွမ်းလှိမ့်ထိုးပြ တတ်တဲ့ ကလေးတစ်ယောက်နဲ့ တူတယ်။ အသက်ကြီးလို့ လူကြီးဖြစ်လာပေမယ့်၊ တနည်းနည်းနဲ့ အသိအမှတ်ပြု ခံလိုမှုကို တောင့်တနေတာ ဧည့်စိမ်းရှေ့မှာ ဂျွမ်းလှိမ့်ထိုးပြတတ်တဲ့ကလေးနဲ့ တူတယ်။ သူငယ်နာမစင်သေးတဲ့ အပြုအမူပေါ့။  

သူလိုလူ ရှားတယ်

ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကိုယ်လုပ်စရာရှိတာကို လုပ်နေတဲ့သူ ဆိုတာ ရှားပါတယ်။ ဂုဏ်ထူးဆောင်ဘွဲ့ တွေ၊ ဆုတံဆိပ်တွေကို ငြင်းဆန်နိုင်တဲ့သူဟာ သိပ်ရှားပါတယ်။ လူ့အသိုင်းအဝိုင်းကြီးက အသိ အမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကိုယ်လုပ်သင့်လုပ်ထိုက်တာဟာ ဘာလဲဆိုတာကို တိတိကျကျ သိပြီးတော့ နေ့စဉ် တစိုက်မတ်မတ် အားထုတ်လုပ်ကိုင်နေတဲ့သူဟာ ရှားတယ်။ ကိုယ့်လုပ်ရပ်ကို တစ်ယောက်ယောက်ကသော် လည်းကောင်း၊ တစ်ဖွဲ့ဖွဲ့ကသော်လည်းကောင်း၊ လူတစ်စုကသော်လည်းကောင်း အသိအမှတ်ပြု စေချင်တာ လူ့ရဲ့ ဗီဇပါ၊ လူ့ရဲ့ သဘာဝပါ။ တကယ်အတွေးအခေါ်လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို လုပ်နိုင်တဲ့သူတွေက သာလျှင် ဆုတံဆိပ်နဲ့ အသိအမှတ်ပြုခြင်း ၊ မပြုခြင်းတွေကို ငြင်းပယ်နိုင်တယ်။ တနည်းအားဖြင့် ဆုတံဆိပ်၊ ဘွဲ့တံဆိပ်တွေနဲ့ အသိအမှတ်ပြုခြင်းဆိုတာတွေရဲ့ ကင်းဝေးရာမှာ နေထိုင်နိုင်စွမ်း ရှိတယ်။

လူလုံးပြချင်တယ်

သိုသိုသိပ်သိပ် နေနိုင်ဖို့ ဆိုတာ မလွယ်ပါ။ တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်ပြီးရင်၊ လူလုံးပြချင်တာ လူ့စိတ်ပါ။ လူ့စိတ်ဟာ ထင်ပေါ်ချင်တယ်၊ ကျော်ကြားချင်တယ်။ လက်ခုပ်ဩဘာကို ကြိုက်နှစ်သက်တယ်။ လူ့သဘာဝကို ကြေကြေညက်ညက် သိနားလည်တဲ့သူတွေဟာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့၊ အသိအမှတ် ပြုခြင်း၊ မြှောက်ပင့်ခြင်း၊ ချီးမြှောက်ခြင်းနဲ့ ဆုတံဆိပ်တွေ အပ်နှင်းခြင်းကို လုပ်ပြီး ကိုယ့်လူဖြစ်အောင် လုပ်တတ် ကြတယ်။ ကိုလိုနီစနစ်ဘာလို့ သက်ဆိုးရှည်ခဲ့သလဲ။ အိန္ဒိယမှာ နှစ်ပေါင်း (၃၀၀) နီးပါး။ မြန်မာပြည်မှာ နှစ်ပေါင်း (၁၀၀) ကျော်။ တခြားတခြားသော နိုင်ငံငယ်တွေမှာလည်း ထိုနည်းလည်းကောင်း။ အင်္ဂလိပ်က ပညာတတ်တော့ လူတွေကို ဘယ်လို ခိုင်းရမလဲဆိုတာ သိတယ်။ လူတွေကို ထိန်းချုပ် ကိုင်တွယ်လို့ လွယ်အောင်၊ တချို့တွေကို သင်းခွဲထားတယ်။ တချို့တွေကို ချီးမြှောက်၊ မြှောက်စားထားတယ်။ divided and rule လို့ခေါ်တဲ့ ခွဲခြားအုပ်ချုပ် ခြင်းကို ဗြိတိသျှအင်္ဂလိပ်က ကောင်းကောင်းတတ်မြောက်ခဲ့တာပဲ။ ဗြိတိသျှ အင်ပါယာကို ထူထောင်ဖို့၊ အင်္ဂလိပ်နံ့ ထွက်တဲ့ တိုင်းရင်းသားကို မွေးပြီး ဗြူရိုကရေစီကို ထူထောင်ပြီး စနစ်တကျ ဂုတ်သွေးစုတ်ခဲ့တာ။ ဒါကို အသိရှိတဲ့ ကောင်က သိတယ်။ မသိတဲ့ကောင်ကတော့ ကျွန်ဆက်ခံတယ်။ အင်္ဂလိပ်ခေတ်မှာ ရွှေစလွယ်ရမင်းကြီးဆိုတာ ကြားဖူးမပေါ့။ သူ့ကို ဩဇာခံဖို့ ဆုတံဆိပ်တွေနဲ့၊ စလွယ်​နဲ့ ချီးမြှောက်တာ အုပ်စိုးသူလူတန်းစားရဲ့ ဉာဉ်ပဲ။ ဒါကိုလည်း ကျွန်ဓာတ်ခံရှိတဲ့သူတွေက သာယာတယ်။ ဗြိတိသျှအင်ပါယာထဲမှာ၊ ဆာဘွဲ့တို့ ၊ လော့ဘွဲ့တို့ဆိုတာ လည်း ရှိသေးတယ်။

နိုင်ငံရေးပယောဂတွေနဲ့ ဆု

ဒီနေ့ခေတ်မှာ ဆုတံဆိပ်အမျိုးမျိုးကို အဖွဲ့အစည်းအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ ပေးနေကြတာပဲ။ စစ်အေးခေတ် ကာလမှာတုန်းက ကွန်မြူနစ်အုပ်စုဘက်ကလည်း ဆုတံဆိပ်တွေ ပေးတယ်။ အနောက်အရင်းရှင်အုပ်စုကလည်း ဆုတံဆိပ်တွေ ပေးတယ်။ ဆိုဗီယက်ယူနီယံကပေးတဲ့ စတာလင်ငြိမ်းချမ်းရေးဆု ဆိုတာတောင် သခင်ကိုယ်တော် မှိုင်းကြီး ရခဲ့သေးတာပဲ မဟုတ်လား။ ကမ္ဘာမှာတော့ နိုဘယ်ဆုဟာ ထင်ရှားတယ်။ ဒိုင်းနမိုက်ကို တီထွင်တဲ့ အဲယ်ဖရက်နိုဘယ်ဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဓနဥစ္စာတွေကို လူသားကမ္ဘာကောင်းကျိုးအတွက်၊ မြုပ်နှံဖို့ ရည်ရွယ်ခဲ့တယ်။ ဒီလိုနဲ့ နိုဘယ်ဆုကို ပေးအပ်ဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အချိန်ကာလ​တွေ ကြာညောင်းလာတဲ့ အခါ၊ နိုဘယ်ဆုကိုယ်တိုင်က နိုင်ငံရေးရဲ့ အသုံးချခံဖြစ်လာခဲ့တယ်။ တနည်းအားဖြင့် အနောက်နိုင်ငံတွေရဲ့ ဘက်တော်သားအဖြစ် မွေးမြူဖို့၊ ပေးအပ်တဲ့ ဆုတံဆိပ်လိုဖြစ်လာခဲ့တယ်။ ပညာရပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက် ပြီး ပေးအပ်တဲ့ဆုတွေဟာ တစ်စုံတစ်ရာသန့်စင်ကောင်း သန့်စင်လိမ့်မယ်။ ပညာရပ်ဆိုင်ရာအကျိုး၊ လူသား အကျိုးအတွက် တကယ့် အထောက်အပံ့ကောင်းဖြစ်ကောင်းဖြစ်နေနိုင်တယ်။ သို့သော်လည်း နိုင်ငံရေးနဲ့ နွှယ်တဲ့ ဆုတံဆိပ်တွေကတော့ လူမွေးတာသာ ဖြစ်တယ်။ ဘက်တော်သားမွေးတာသာ ဖြစ်တယ်။ တနည်းအားဖြင့် “စတား” မွေးတာသာ ဖြစ်တယ်။ နိုင်ငံရေးနယ်ပယ်မှာ၊ လုံးဝ သန့်စင်နေတယ်ဆိုတာ မရှိဘူး။ ခြောက်ပစ်ကင်းစင် သဲလဲစင် ဆိုတာမျိုး လုံးဝ မရှိဘူး။ တစ်ခုခုကို ရည်ရွယ်ပြီး လုပ်ကြတာပဲ။ တနည်းအားဖြင့် နိုင်ငံရေးနဲ့ ဆက်နွှယ် နေတဲ့ ဆုတံဆိပ်တွေမှာ အမြဲတမ်းလိုလို နိုင်ငံရေးပယောဂပါနေတယ်။

ဘွဲ့ထူးဂုဏ်ထူးအမျိုးမျိုး

လူသားဗီဇမှာ အသိအမှတ်ပြုခံချင်စိတ်ဟာ မသေမချင်းပါနေတယ်။ သံသရာဝဲဩဃက မလွတ်မြောက်မချင်း ပါနေတဲ့ကိစ္စဖြစ်တယ်။ ဒါ့ကြောင့်လူတွေကို အသိအမှတ်ပြုပေးခြင်းအားဖြင့် ကိုယ့်လူဖြစ်​အောင် လုပ်နိုင်တယ်။ တချို့သော ဘွဲ့ထူးဂုဏ်ထူးတွေဟာ တမင်တကာ တီထွင်ထားတာ။ ဘာသာရေးနဲ့ပတ်သက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရှိတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘွဲ့ထူးဂုဏ်ထူး​တွေ ရှိတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ဘွဲ့ထူးဂုဏ်ထူးတွေ ရှိတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ဘွဲ့ထူးဂုဏ်ထူးတွေ ရှိတယ်။ အကျင့်သီလနဲ့သက်ဆိုင်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေရှိတယ်။ စွန့်လွှတ်အနစ်နာခံခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းနဲ့ပတ်သက်ပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ရှိတယ်။ လူမျိုးရေးနဲ့ပတ်သက်ပြီး၊ အမျိုးသားရေးနဲ့ပတ်သက်ပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ရှိတယ်။

ဒီနေရာမှာ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်ခြင်းဟာ လူသားတွေ ဖန်တီးထားတဲ့ စတိုရီတွေထဲက အောင်မြင်တဲ့ narrative တစ်ခုလည်းဖြစ်တယ်။ ကောင်း၏ မကောင်း၏ ဆိုတာကို ယတ္တိပြတ်ပြောခြင်း မဟုတ်။ အားလုံးသည် ကောင်းတယ်လို့လည်း မဆိုလို။ အားလုံးသည် လူ့အဖွဲ့အစည်းအတွက် မလိုအပ်၊ အလကား အဟောသိကံပဲလို့ ဆိုလိုတာလည်း မဟုတ်။ လူ့အခြေခံဗီဇစိတ်မှာ ပါနေတဲ့ အသိအမှတ်ပြုခံချင်စိတ်ကို အခြေခံပြီး လူ့အဖွဲ့အစည်း ထဲမှာ လူတွေ လုပ်ကြ၊ ပြုမူကြတဲ့ ဆုတံဆိပ်တွေ ဘွဲ့တံဆိပ်တွေရဲ့ သဘာဝကို အနည်းငယ် အစဆွဲထုတ်လိုက်ခြင်း သာဖြစ်ပါတယ်။

ဆုတံဆိပ်တွေရဲ့ သဘောသဘာဝ

လူသားကမ္ဘာကောင်းကျိုးအတွက် အထောက်အပံ့ဖြစ်စေတဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့ ဆုတံဆိပ်တီထွင်ထားမှုတွေလည်း ရှိသလို၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ ကိုယ့်ကို သစ္စာခံဖို့ ကိုယ့်လူ ကိုယ့်ဘက်သားဖြစ်ဖို့ (တနည်းအားဖြင့်) ခိုင်းကောင်းအောင် တမင်ရည်ရွယ်ဖန်တီးပြီး ပေးအပ်တဲ့ ဆုတံဆိပ်မျိုးတွေလည်း ရှိကြောင်း သိနားလည်စေဖို့ ဖြစ်ပါတယ်။

နောက်ဆုံး စကားဆက်အနေနဲ့ ပြောချင်တာက – –

  • ဖြစ်နိုင်ရင်
  • သိုသိုသိပ်သိပ်နေ
  • ဆုတံဆိပ် ဘွဲ့တံဆိပ် ငမ်းငမ်းတက် မလိုချင်နဲ့
  • အသုံးချခံဖြစ်လိမ့်မယ်။
  • အလွန်အမင်း ချီးမြှင့် မြှောက်စားခံရတာဟာ
  • ကျွန်အကြီးစား​ မွေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
  • ဖြစ်နိုင်ရင်
  • ကိုယ်လုပ်စရာရှိတာ
  • ကိုယ်လုပ်ချင်တာ
  • ကိုယ်လုပ်သင့်လုပ်ထိုက်တယ်လို့ ယုံကြည်တာကို
  • သိုသိုသိပ်သိပ်နဲ့
  • တစိုက်မတ်မတ် လုပ်နေပါ။
  • ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး
  • အသိအမှတ်ပြုခံရတာ ကောင်းပါတယ်။
  • သို့သော်လည်း
  • အသိအမှတ်ပြုခံရဖို့ တမင် အားမထုတ်နဲ့။
  • အဲဒါ မကောင်းဘူး။
  • မကောင်းပေမယ့်
  • မကောင်းတာကိုမှ ကြိုက်နေတဲ့သူတွေ အဖို့တော့
  • လုပ်ချင်ရာ လုပ်။
  • လူတိုင်းဟာ လွတ်လပ်တာကို မကြိုက်ဘူး။
  • လူတိုင်းဟာ လွတ်လပ်မှုကို သဘောမကျဘူး။

မင်းသေ့

နံနက် ၃း၂၁

၁၀၊ ဇန်နဝါရီ၊ ၂၀၂၂။

စာကြွင်း။  ။ ဒီနေရာမှာ တစ်ခု သတိချပ်စေချင်တာက၊ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ဘယ်လောက်ပဲ ရရ၊ အသုံးချခံ မဖြစ်သွားတဲ့ လူပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့တတွေဟာ ဆုတံဆိပ်တွေကို မငြင်းပယ် သလို၊ ဆုတံဆိပ်တွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို သာယာနေတဲ့သူတွေလည်း မဟုတ်ဘူး။ သူတို့ လုပ်စရာရှိတာကို ဆက်ပြီး လုပ်နေတဲ့သူတွေ ဖြစ်တယ်။ ဒီနေရာမှာ နောက်ထပ် ပြောချင်တာက၊ ပညာရပ်ဆိုင်ရာ အကျိုး နဲ့ လူသား အကျိုးကို ဆထက်တံပိုးလုပ်နိုင်ဖို့၊ ရန်ပုံငွေထောက်ပံ့တဲ့အနေနဲ့ ပေးတဲ့ ဆုတွေ၊ ဘွဲ့တွေ ရှိသလို တကယ် အရည် အချင်းရှိလို့၊ ပညာအားဖြင့် ပေးအပ်တဲ့ဘွဲ့တွေကတော့ လူ့အဖွဲ့အစည်းအကောင်းကျိုးအတွက် အထူးလိုအပ်တဲ့ အရာတွေလို့ သိစေအပ်တယ်။

Previous post စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ နောက်ကွယ်က စာပေတွန်းအားများ
Next post မြန်မာ့လူမှုကော်စေး