ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးဘူး။
ဘယ်လို အုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။

နိဒါန်း

မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။ ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊ ဖြေလျော့သင့်တာ လျော့ လုပ်ခဲ့ကြတယ်။ ဒီမှာလည်း ကြွင်းကျန်ရစ်တဲ့ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်မယ်ဆိုပြီး လုပ်ခဲ့တာ တော်လှန်ရေးက ဆက်ပြီး ရှည်လာနေတယ်။ တည်ဆောက်ရေးက စရမလို၊ မစရမလိုနဲ့ ဖြစ်နေခဲ့ပြန်တယ်။

နိုင်ငံ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော်က ပြည်တွင်းစစ်။ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာလည်း အဓိကလုပ်ခဲ့ ရတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ။ ပြည်တွင်းငြိမ်းချမ်းရေးလို့ ခေါ်ရင်ရပါတယ်။ နောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ အစိုးရဖြစ်တည်ရေး။ ဒီရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် ပြည်သူ့ထောက်ခံ မှု လိုတယ်။ ဒါမှ တရားဝင်မှု ဒီဂရီဟာ တက်မှာဖြစ်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ဝိဝါဒ ကွဲကြတာ တစ်ခုရှိတယ်။ ဘယ်နည်းနဲ့ လွတ်လပ်ရေးကို ရအောင်လုပ် ကြမလဲဆိုတဲ့ ကိစ္စ။ စစ်ရေးနည်းလား၊ နိုင်ငံရေးနည်းလား။ တပ်ပေါင်းစုအသွင်နဲ့စုပေါင်းပြီး စစ်ရေးနည်းကို ရွေး ချယ်ခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးကာလမှာကြတော့ ဘယ်စနစ်၊ ဘယ်မူ၊ ဘယ်ဝါဒနဲ့သွားမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဝိဝါဒ ကွဲကြပြန်ရော။ ဒီလိုနဲ့ ဖဆပလလည်း ကွဲတယ်။ အိုင်ဒီယော်လိုဂျီ စွဲကိုင်ချက်တွေနဲ့ နိုင်ငံရေးသမားတွေက တပ် အတွင်းကို ကိုယ်တွေ ယုံကြည်တဲ့ ဝါဒတွေ သွတ်သွင်းကြတယ်။ နောက်တော့ တပ်ရင်းအလိုက်တောခိုသွားကြ တယ်။ တပ်မတော် ပြိုကွဲမှုကနေတစ်ဆင့် နိုင်ငံတော် ကစဉ်ကလျားဖြစ်မှုကို ဦးတည်ခဲ့တယ်။

၁၉၆၂ တော်လှန်ရေးကောင်စီတက်ပြီး ဘယ်စနစ်နဲ့သွားမလဲဆိုတာကို ကြံဆကြရင်း ဆိုရှယ်လစ်ကို ရွေးခဲ့ တယ်။ တကယ်တော့ ဦးနေဝင်းကိုယ်တိုင်က ဆိုရှယ်လစ်သမားမဟုတ်ဘူး။ ဆိုရှယ်လစ်ကို ယုံကြည်သက်ဝင် သူ မဟုတ်ခဲ့ဘူး။ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ပြီး လုပ်ကိုင်တတ်တဲ့ Pragmatic သမားတစ်ယောက်သာ ဖြစ်တယ်။ Realist သမား တစ်ယောက်သာဖြစ်တယ်။ ၁၉၇၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တရားဝင် ကြေ ညာပြီးတဲ့ အချိန်မှာ ဆိုရှယ်လစ် နည်းနာတွေကို အပီအပြင် အကောင်အထည်ဖော်ကြတယ်။

အထွေထွေစီးပွားရေး ချွတ်ခြုံကျမှုကို ၁၉၈၇ ငွေကြေး ဖျက်သိမ်းမှုက မီးမွှေးပေးလိုက်တယ်။ လူထုအုံကြွမှုကြီး အကြီးအကျယ်ဖြစ်တယ်။ သူဌေးရော၊ ခွေးရော လမ်းပေါ်ထွက်လာကြတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်း အလဲတွေ တော်တော်များများဟာ စီးပွားရေးရေချိန်အပေါ် အခြေခံပြီး ထွက်ပေါ်လာကြတာများတယ်။ ဆိုရှယ် လစ်စနစ် ကျဆုံးခြင်းက နိုင်ငံ့စီးပွားရေး ပျက်သုဉ်းခြင်းကို ဖြစ်စေခဲ့တယ်။ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခြင်းက အထွေထွေ လူထုအုံကြွမှုကို ပေါ်ပေါက်စေခဲ့တယ်။ အကြွင်းမဲ့ လူထုအုံကြွမှုက အစိုးရအပြောင်းအလဲကို ဖြစ်စေ ခဲ့တယ်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ လူထုက အစိုးရအပြောင်းအလဲဖြစ်ပြီးရော ဆိုပြီး ပါတီ အလံ တစ်ခုတည်းကို စုပြုံပြီး မဲပေးခဲ့တယ်။ ဒီပါတီက အောင်စုတင်လို့ခေါ်တဲ့ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ စုစည်းဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်တယ်။ အဲ့ဒီမှာ တောင်ပြိုကမ်းပြို ထောက်ခံမဲကို ရခဲ့ကြတယ်။

တကယ်တော့ နိုင်ငံရေးအာဏာကို မရခဲ့ကြဘူး။ ဒီလိုနဲ့ အာဏာသိမ်းအစိုးရနဲ့ အတိုက်အခံတို့ လွန်ဆွဲပွဲတွေ ဖြစ်လာကြတယ်။ စစ်အစိုးရက နိုင်ငံတော်ရဲ့ အခြေခံစီးပွားရေးတွေကို ဖွင့်ပေးပြီး အတိုက်အခံတို့ကို လူထုနဲ့ ကင်းကွာအောင် လုပ်ခဲ့တယ်။ တော်လှန်ရေးက ရှည်ကြာလာတဲ့ အခါ လူထုကိုယ်တိုင်က သွေးအေးသွားတယ်။ ဒီလိုနဲ့ နှစ်နှစ်ဆယ်ကျော် စစ်အစိုးရအောက်မှာ ရောက်ခဲ့ပြန်တယ်။

အချို့ကလည်း စစ်ရေးနည်းနဲ့တိုက်ဖို့အတွက် တောခိုကြတယ်။ နယ်စပ်ဒေသတွေကို ရောက်တယ်။ လူမျိုးစု လက်နက်ကိုင်တွေ နဲ့ ပေါင်းပြီး တော်လှန်ရေးကို ဆက်လုပ်ကြတယ်။ နိုင်ငံတကာအကူအညီတွေရယူပြီး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တွန်းအားပေးတဲ့ ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေလည်း ရှိကြတယ်။ ပြည် တွင်းမှာလည်း ကြိတ်ဝိုင်းတွေ ဖွဲ့ပြီး နိုင်သလောက် တော်လှန်ရေး လုပ်ခဲ့ကြတယ်။ ထောင်ကျတဲ့သူတွေလည်း ကျ။ အနှိပ်စက်ခံပြီး ဘဝနိဂုံးချုပ်သွားတဲ့ လူတွေလည်း ရှိတယ်။ တော်လှန်ရေးကို လက်လွှတ်လိုက်ပြီး နိုင်ငံရေး နဲ့ ဝေးဝေးနေတဲ့သူတွေလည်း ရှိတယ်။

၂၀၁၀ ရွေးကောက်ပွဲကို (မဲ မပေးကြေး) ဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့လုပ်တယ်။ ရွေးကောက်ပွဲက တရားဝင်ဖြစ်သွားတယ်။ အတိုက်အခံတို့ မအောင်မြင်လိုက်ဘူး။ ဒါပေမယ့် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၅ နေရာ ပြိုင်တဲ့နေရာမှာ ၄၃ နေရာ အနိုင်ရတယ်။ ၂၀၁၀ ရွေး ကောက်ပွဲကနေတက်လာတဲ့ အစိုးရသစ်ကို တရားဝင်မှု ပေးမယ်/မပေးဘူးလို့ ဒွိဟဖြစ်နေတဲ့ နိုင်ငံတွေ ပြတ် ပြတ်သားသား ဆုံးဖြတ်ရမယ့် အချက်တစ်ခုဖြစ်သွားခဲ့တယ်။ အတိုက်အခံတို့က လက်ရှိ နိုင်ငံရေး ရေစီးကို ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီ့နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရလည်း နိုင်ငံတကာအသိအမှတ်ပြုမှု နဲ့ တရားဝင်ဖြစ်မှု ပိုမြင့်လာတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံရေးပွင့်လင်းမှုကို စီးပွားရေး ပြုပြင်ပြောင်းလဲရေးထက် ပိုပြီး လုပ်ခဲ့တယ်။ စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှာ ကားကိစ္စ၊ လောင်စာဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ (တယ်လီဖုန်းဆက်သွယ်ရေး) စတဲ့ ကိစ္စရပ်တွေကို သိသိသာသာပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေမယ့် ကားကိစ္စနဲ့ ငွေကြေးကိစ္စတို့မှာ မူဝါဒ ပြဿနာ ထပ်တိုးတွေ ပေါ်ပေါက်လာတယ်။ ဥပမာ – ရန်ကုန်မြို့၌ အလွန်အမင်း ကားလမ်းကြပ်မှုကိစ္စနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကိစ္စ၊ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဒေါ်လာဈေး တစ်ဒေါ်လာ ၁၂၈၀ ကျပ်အထိ ဖြစ်လာတယ်။ ၂၀၁၀ ကစပြီး ၂၀၁၅ ခုနှစ်အထိ (၅ နှစ်အတွင်း) ၃၀ ရာခိုင်နှုန်း နီးပါး ငွေကြေး ဖောင်းပွလာတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ သိသိသာသာ မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်တွေ အများကြီး ရှိနေသေးပါတယ်။ ဒါပေမယ့် အကြီးမားဆုံးသော မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်ကတော့ ဗြူရိုကရေစီ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါ တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးနေဝင်း အစိုးရရဲ့ ဆိုရှယ်လစ် စနစ်ဆိုးကို အမွေရခဲ့တယ်။ ဦးသိန်းစိန် အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်ဘက်အရာရှိကြီးများရဲ့ခြစားမှု အမွေကို ရခဲ့တယ်။ စစ်ဘက်အရာရှိကြီး များရဲ့ ခြစားမှုဆိုတာ စီးပွားရေးမှာ ခရိုနီတွေနဲ့ စစ်ဘက်က ဘဏ္ဍာငွေရရှိရန် အလို့ငှာ လုပ်ဆောင်တဲ့ စစ်တပ် စီးပွားရေး လုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီတော့ သမိုင်းကို ကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ သမိုင်းအဖြစ်အပျက်တော်တော်များများကို ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ ပုံစံအမျိုးမျိုးဖြစ်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြုံတွေ့ရတယ်။ အထူးသဖြင့် ဦးသန်းရွှေဟာ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံတွေကို အဓိကထားပြီး တည်ဆောက်ခဲ့တယ်။ ဆက် လက်ပြီး အခြေခံအဆောက်အအုံတွေရဲ့ အဆင့်မှီမှုနဲ့ အရေအတွက်အားဖြင့် လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်ပါ တယ်။ ဒီလိုပဲ အခု အစိုးရအသစ်ဖြစ်လာမယ့် သူတွေမှာ တာဝန်ရှိတာက နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အပေါ်ထပ် အဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေကို အရေအတွက် အားဖြင့်ရော၊ အရေအသွေးအားဖြင့်ရော ဖြည့်ဆည်းဖို့ တာဝန်ရှိကြောင်း အသိပေးအပ်ပါသည်။

ဤစာတမ်း အပြည့်အစုံကို ဖတ်ရှုလိုပါက…

PDF Download လုပ်၍ ဆွဲချဖတ်ရှုနိုင်ပါသည်။ ….

ဤစာတမ်းကို ၂၀၁၄ ခုနှစ်တွင် ရေးသားပါသည်။

TU Logo Previous post နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း
Janaka Next post ရှင်ဇနကာဘိဝံသ